ကျွန်မ စာအုပ်ဖတ်ဖူးတယ်.. လာမလှည့်စားနဲ့
Vol. 64 Ch. 956
သူတို့ ရဲဌာနကို ရောက်တော့ စစ်ဆေးမေးမြန်းခန်းထဲ ဆောင်ကျဉ်းခံလိုက်ရသည်။
ကျိုးအိုက်မင် လင်းရီနှင့် အပေါင်းအပါတစ်သိုက်ကို ဝေ့ကြည့်လိုက်ပြီး “ ဆိုတော့ ပြောစမ်း… မင်းတို့ ဘာတွေလဲဖြစ်ကြတာ…”
“ ဟမ် … ဘာဖြစ်မှန်း ခင်များခုထိ မသိသေးဘူးပေါ့… သူတို့က ကျုပ်ကို အစေ့အတုတွေ လိမ်ရောင်းလိုက်တယ်…. မဟုတ်လည်း ရဲခေါ်တော့မလို့ပဲ…”
“ သောက်အဓိပ္ပာယ် မရှိတာ…. အဲ့ဆိုင်က ရောင်းတဲ့ ပစ္စည်းမှန်သမျှ အရည်အသွေး ပြည့်မှီပြီးသား… မင်းသူတို့ကို အတုရောင်းတယ်ပြောနေတာက အသရေဖျက်မှု မြောက်တယ်ကွ…” ကျိုးအိုက်မင် ချေပပြောဆိုလိုက်၏။
“ တကယ်လို့ သူတို့ရောင်းနေတာက ပစ္စည်းအမှန်တွေဆိုရင်တောင် ခင်များ အဲ့လိုတော့ မပြောသင့်ဘူးမလား…” လင်းရီ ပြုံးလိုက်ပြီး “ သူ့ဘက်က ကာပြီး ပြောပေးချင်တယ်ဆိုရင်တောင် လုပ်ထုံးလုပ်နည်းတွေတော့ လိုက်နာဦးမှပေါ့.. ခင်များရဲ့ လှည့်ကွက်က သာမန်လူတွေအပေါ်ပဲ အကျိုးရှိချင်ရှိမယ်… ဒါပေမယ့် ကျုပ်တို့ကို လှည့်စားနိုင်ဖို့တော့ လိုနေသေးတုန်းပဲ…”
လင်းရီ ယခုလို ပြောလာလိမ့်မည်လို့ ကျိုးအိုက်မင် မျှော်လင့်မထားခဲ့ချေ။ သို့သော်လည်း သူ၏ ခက်ထန်လေးနက်နေသည့် အမူအရာကို ဆက်လက် ဆင်မြန်းထားပြီး “ ငါ့ကို မထီမဲ့မြင် လာမလုပ်နဲ့.. ဒါ မင်းရဲ့ အိမ်မဟုတ်ဘူး… မင်းက ရွှမ်ဖဆိုင်မှာ ပြဿနာ ရှာဖို့ တစ်စုံတစ်ယောက်ကို အမိန့်ပေးခဲ့တယ်… ပြည့်သူ့လူခြုံရေး မူဝါဒတွေအရဆိုရင် မင်း ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးတင် မကဘူး.. တစ်ပတ်တိတိ အချုပ် ကျခံရမယ်… နောက် အရက်သောက်ပြီးတော့လည်း ကားကမောင်းသေး… အဲ့တာ ထပ်တိုးပြစ်မှုပဲကွ…”
“ ခင်များကျုပ်ကို ဘယ်လို အရေးယူမလဲ ကိစ္စမရှိဘူး…” လင်းရီ ပြုံးလျက် ပြောလိုက်ပြီး “ ဒါပေမယ့် တစ်ချို့ကိစ္စတွေက သေချာလေး ဉာဏ်နဲ့ ချင့်ချိန်ပြီးမှ လုပ်တာ ပိုကောင်းလိမ့်မယ်.. တကယ်လို့ ကျုပ် အထဲဝင်ရရင် ခင်များ အကျိုးဆက်တွေကို လက်ခံနိုင်စွမ်း ရှိမှာ မဟုတ်ဘူးနော…”
“ မင်းငါ့ကို ခြိမ်းခြောက်နေတာလား….” ကျိုးအိုက်မင်၏ ခက်ထန်နေသည့် အမူအရာမှာ ပို၍ပင် တင်းမာသွားပြီး “ ငါဒီနေရာမှာ ရှိနေတာ ဆယ်နှစ်ကျော်နေပြီ…. ငါ ကြောက်ရမယ့်ကောင်ရှိတယ်လို့ မင်းထင်နေတာလားပြောစမ်း…” ထို့နောက် စားပွဲကို ဖြန်းခနဲ ရိုက်လိုက်ပြီး “ ဒီမှာဟျောင့်… ငါမင်းကို ပြောလိုက်မယ်… တကယ်လို့ ငါက ကြောက်နေခဲ့ရင်လည်း ဒီယူနီဖောင်းကို ဝတ်ဖို့ မထိုက်တန်လို့ပဲကွ…”
“ အံ့ဩစရာပါပဲ…” လင်းရီ လက်ခုပ်လက်၀ါးတီးပြီး လက်မထောင်ပြလိုက်၏။
“ မင်းတို့ကောင်တွေ ကြည့်ရတာ တစ်ယောက်မှ ဝန်ခံမယ့် ပုံလဲ မပေါ်ပါဘူး… ငါဒီနေ့ပဲ မင်းတို့ကို ကိုင်တွယ်ပြမယ်…”
ပြောပြီးနောက် ကျိုးအိုက်မင် သူ၏ လက်အောက်ငယ်သားများကို ဆင့်ခေါ်လိုက်၏။
“ သူတို့ကို ခေါ်သွားလိုက်တော့.. ဒီရဲ့ မူးပြီး မောင်းတဲ့ကောင်ကိုတော့ ဘာဆက်လုပ်မလဲ ကောင်တီကပဲ စီရင်ဆုံးဖြတ်ပါလေ့စေ…”
“ ဟင် ဟမ် ခဏလေးနေပါဦး…. ရှင်ဖမ်းချင် သူတို့လေးယောက်ကို ဖမ်းလေ… ဘာလို့ ကျွန်မတို့ နှစ်ယောက်ကိုကောလဲ…” ဟော်ယွမ်ယွမ်မှ ပြောလိုက်ပြီး “ ဒီကိစ္စက ကျွန်မတို့နှစ်ယောက်နဲ့လည်း ဘာမှမဆိုင်ပဲနဲ့…”
“ ဘာလဲ… အခု ကြောက်နေကြပြီလား…” ကျိုးအိုက်မင် ပြောလိုက်ပြီး “ မင်းတို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား…. ဒုက္ခရောက်တဲ့အချိန်ကျ ဒီလိုမျိုး ကိုယ်လွတ်ရုန်းကြတဲ့သူကို ငါ တကယ်ကြီး အထင်မြင်သေးတယ်..”
ဤသည်ကိုလည်း ရဲမှူးကြီး ကျိုးအိုက်မင် မျှော်လင့်ထားပြီး ဖြစ်သည်။ ဤလူငယ်များက စစ်မှန်သည့် စွမ်းရည် သို့မဟုတ် နက်ရှိုင်းသည့် ရင်းနှီးမှုတို့ မရှိထားပဲ ဒုက္ခကြုံသည်နှင့် အခြေအနေမှ ရုန်းထွက်ဖို့ရာ ကြိုးစားကြပေလိမ့်မည်။
“ ဟမ့်… ရှင့်ရာထူးလောက်လေးနဲ့များ… ရှင့်ရဲ့ လေးစားမှုကိုလည်း ကျွန်မက လိုမနေပါဘူး…” ဟော်ယွမ်ယွမ်မှ အားနာနေခြင်း မရှိ ပြောချပစ်လိုက်ပြီး “ ဒါပေမယ့် ရှင်တကယ်ကြီး ကျွန်မတို့ နှစ်ယောက်ကိုပါ ဆွဲထည့်ချင်နေတယ်ဆိုရင်တော့ ဒီကိစ္စ ကောင်းကောင်းကြီး စကားပြောရတော့မယ်… သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် ကျွန်မတို့ နှစ်ယောက်က ဘာမှလည်း မလုပ်ထားဘူး…. ခု စခန်းထိလိုက်ပြီး ထွက်ဆိုပြီးပြီဆိုတော့ ပြန်လွှတ်သင့်ပြီ… တကယ်လို့ မလွှတ်ဘူးဆိုရင် ဒါ ဥပဒေကို ချိုးဖောက်တာပဲ…. အဲ့ဒီအတွက် အကျိုးဆက်ကလည်း ပြင်းထန်လိမ့်မယ်…. ကျွန်မ ဥပဒေအကြောင်း နားလည်ပြီးသား.. လာလှည့်ဖျားဖို့ မကြိုးစားနဲ့….”
ကျိုးအိုက်မင်၏ မျက်နှာမှာ နီတစ်ခါ ဖြူတစ်လှည့် ဖြစ်နေပြီး မည်သို့ထားရမှန်းမသိ ဖြစ်နေလေသည်။ ဤရာထူး၌ နှစ်ပေါင်းများစွာ အလုပ်လုပ်လာပြီးနောက် မည်သို့ ကိုင်တွယ်ရမလဲ ဆိုတာကို သူ သဘာဝအလျောက် သိ၏။ ဟော်ယွမ်ယွမ် ပြောသည့်အတိုင်း သူမတို့အား ထိန်းသိမ်းထားပိုင်ခွင့် သူ့တွင် ရှိမနေချေ။
“ မပူနဲ့.. ငါက အမြဲတမ်း မျှတပြီးသား…”
ကျိုးအိုက်မင် လက်ဝှေ့ယမ်းလိုက်ပြီး သူ့လက်အောက်ငယ်သားများအား ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့၏ ထွက်ဆိုချက်ကို ယူသွားရန် အချက်ပြလိုက်သည်။
“ ဟီးဟီး… ဘော့စ်… ကျွန်မတို့ အရင်သွားနှင့်ပြီနော်.. ဒီမှာ ပျော်ပျော်ကြီး နေရစ်ခဲ့ပေတော့….”
ဟော်ယွမ်ယွမ် အပြုံးလေးဖြင့် ပြောလိုက်သည်။
“ အင်း… ကျိုးဟိုင်ကို တစ်ခါတည်းပြန်နော်.. ဒီမှာမနေနဲ့တော့…” လင်းရီ ပြောလိုက်၏။
“ စိတ်ချ… ညကျရင် အစ်မကျီကို ကောင်းကောင်းစောင့်ရှောက်ထားလိုက်မယ် သိလား…”
လင်းရီ စိုးရိမ်ခြင်း အလျင်းကင်းစွာဖြင့် ခေါင်းညိမ့်လိုက်၏။
မူလကတော့ ကျီချင်းရန် မထွက်ခွာခင် အနည်းငယ် တုံ့ဆိုင်းနေမိလေသည်။ သို့သော်လည်း တစ်ချက် သေချာပြန်တွေးကြည့်ပြီးနောက် ဤနေရာက လင်းရီအတွက် ခြိမ်းခြောက်မှု မရှိသည်ကို သတိထားမိလိုက်သည်။ သူ ဆန္ဒရှိသရွေ့ အချိန်မရွေး ထွက်လို့ရလေသည်။ ထို့ကြောင့် သူမ အထူးတလှယ်ကြီး စိတ်ပူပြနေ၍ အပိုစကားတို့ ပြောမနေတော့ချေ။
ကျီချင်းရန်တို့ ထွက်ခွာသွားပြီးနောက် ကျိုးအိုက်မင် လင်းရီနှင့် ကျန်သူများကို တစ်ဖန် ပြန်ဝေ့ကြည့်လိုက်ပြီး “ ငါမင်းတို့ကို နောက်ဆုံး အခွင့်အရေး တစ်ခု ပေးမယ်… တကယ်လို့ ခုချက်ချင်း မင်းတို့ အမှား ဝန်ခံမယ်ဆို ငါ့လက်ထဲတင် ကိစ္စပြီးတယ်… အေး ဒါပေမယ့် ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ နောက်ဆုံးရလဒ်က ဘယ်လို ဖြစ်လာမလဲ ငါလည်း မသေချာဘူး…”
“ ခင်များ စိတ်ပူပေးနေစရာ မလိုပါဘူး… ဒီတိုင်း ရဲရဲကြီးသာ ဆုံးဖြတ်ချက် ချလိုက်… တကယ်လို့ ကြောက်တယ်ဆိုရင်လည်း ကြောက်တယ် တည့်ပြောလိုက်…” လင်းရီ အမှုမထားသည့် အသွင်ဖြင့် ပြောလိုက်သည်။
“ ငမိုက်သားတွေ… ဒိီနေ့ ငါ ကျိုးအိုက်မင် ဘယ်လောက်ထိ အာဏာပါဝါကြီးလဲဆိုတာ မင်းတို့ နားလည်သွားစေရမယ်…” ကျိုးအိုက်မင် ထိုသို့ ကြိမ်းဝါးပြီးနောက် “ လာကြစမ်း.. ဒီကောင်တွေကို ခေါ်သွားပြီး ကောင်တီ အချုပ်ထဲ သွားပို့လိုက်…”
အဘယ်ကြောင့်ဆိုသော် မြို့က အသေးစိတ်ကျကျ စီရင်ဆုံးဖြတ်ပိုင်ခွင့် ဥပဒေအား မပိုင်ဆိုင်သောကြောင့် အကယ်၍ အမှုတစ်စုံတစ်ရာနှင့် တွေ့ကြုံပါက ကောင်တီဆီ လွှဲပြောင်းအပ်နှင်းပေးရလေသည်။
“ နားလည်ပါပြီ…”
ဤသို့ဖြင့် လင်းရီနှင့် ကျန်သူများအားလုံး ကောင်တီထံ လွှဲပြောင်းရန်အတွက် ခေါ်ဆောင်သွားခြင်း ခံလိုက်ရ၏။
ထိုအချိန်တွင်ပဲ ယွီတဲ့ချန် ရောက်လို့လာပြီး
“ အစ်ကိုကျိုး… သူတို့ ဝန်ခံလိုက်ပြီလားတဲ့…”
“ တော်တော် သွေးကြီးတဲ့ကောင်တွေ… မဟုတ်ရင် ငါ သူတို့ကို ကောင်တီဘက် လွှဲပေးလိုက်မယ်လို့ ထင်လား..” ကျိုးအိုက်မင် ပြောလိုက်ပြီး “ ဒါပေမယ့် အဲ့ဒါကလည်း ကောင်းပါတယ်… သူတို့ကို ကြမ်းကြုတ်တဲ့ အရသာက ဘာလဲဆိုတာ မြည်းစမ်းကြည့်ခိုင်းလို့ရတာပေါ့….နောက်ပြီး သူတို့ထဲ တစ်ယောက်က အရက်သောက်ပြီးတောင် ကားမောင်းလိုက်သေးတယ်… အမိန့်ကျလာရင် အဲ့ကောင် ငိုနိုင်မှာတောင် မဟုတ်ဘူး…”
“ အစ်ကိုကျိုး… ခင်များက အကောင်းဆုံးပဲ… တကယ်လို့ ကျုပ်သာဆိုရင် သေချာပေါက် သူတို့ကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး…”
“ အင်း.... ဒါပေမယ့် ဟိုကောင်… ခေါင်းဆောင်ပုံစံနဲ့ကောင်က တိုက်ရည်ခိုက်ရည်တော့ တော်တော်ရှိတယ်… တကယ် လို့ မင်းသာ သူနဲ့ ရန်ဖြစ်လိုက်မယ်ဆိုရင် အရိုက်ခံရမယ့် လူက သေချာပေါက် မင်းပဲ… အဲ့တာကြောင့်လည်း အဲ့ကောင် ဒီလောက်ထိ မောက်မာပြနေတာ…” ကျိုးအိုက်မင် ပြောပြီး ယွီတဲ့ချန်ကို အဓိပ္ပာယ်ပါစွာ ကြည့်၍ “ ဘာမှစိတ်မပူနဲ့… မင်းဆိုင်ထဲ ဆုံးရှုံးသွားတဲ့ တန်ဖိုးကို ရအောင် ပြန်လုပ်ပေးမယ်… မင်း မရှုံးစေရဘူးဆိုတာ ငါ အာမခံတယ်…”
ကျိုးအိုက်မင် ဤစကားများကို အထာပေးသည့် လေသံ ဟန်အမူအရာဖြင့် ပြောလိုက်ခြင်းပင်။ ယွီတဲ့ချန်သည်လည်း ပါးနပ်သူ ဖြစ်သည့် အလျောက် ကျိုးအိုက်မင် ဆိုလိုချင်သည့် သဘောကို အပြည့်အဝ နားလည်ပေသည်။
“ ကျေးဇူး အများကြီး တင်ပါတယ် အစ်ကိုကျိုး… ကျုပ်ကို အများကြီး ကူညီပေးထားတာတွေ အလကား မဖြစ်စေရပါဘူး..” ယွီတဲ့ချန်လည်း ပြုံးလျက် ပြန်ပြောလိုက်သည်။
“ ဒါနဲ့ ကောင်တီ အချုပ်ထဲမှာ အစ်ကိုကျိုးရဲ့ လွှမ်းမိုးမှုက ဘယ်လောက်ရှိလဲ မသိဘူး…”
“ မင်း ဘာလို့ မေးတာ…”
“ မရှက်တမ်း ဝန်ခံရရင် အဲ့ကလေး ကျုပ်ကို ဝက်ခေါင်းဖြစ်တဲ့အထိ ရိုက်သွားခဲ့ဖူးတယ်… ဒီတော့ အထဲမှာ သူ့ကို သင်ခန်းစာပေးပေးမယ့် လူတစ်ချို့လောက် ရှာချင်လို့..”
“ လွယ်ပါတယ်… အထဲမှာ ငါနဲ့ သိတဲ့လူတစ်ချို့ ရှိတယ်… ဒါပေမယ့် ဒါတော့ လိုတာပေါ့… မင်း နားလည်တယ်မလား…” ကျိုးအိုက်မင် လက်မနှင့် လက်ညိုးကို ပွတ်ချေပြလိုက်၏။
“ ဒါပေါ့ ဒါပေါ့… နားလည်ပါတယ်… လူတိုင်း ထိုက်ထိုက်တန်တန် ရစေရပါမယ်… ဘာပဲဆိုဆို သိုးမွေးကို သိုးကနေပဲ ရတာလေ… အဲ့ကောင်တွေဆီကနေ ပိုညစ်လိုက်ရင် ပြီးနေတာပဲ မဟုတ်ဘူးလား…”
“ ပြောတာကောင်းတယ်..”
ကျိုးအိုက်မင် သူ၏ လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ပြီး “ အချိန်ကျတော့မယ်… မင်း သူ့ကို သင်ခန်းစာပေးမယ့်လူ လိုချင်နေတာမလား.. ငါနဲ့ လိုက်ခဲ့… ငါကူပြီး ကြည့်စီစဉ်ပေးမယ်…”
“ ကောင်းပြီ…”
ဆွေးနွေးပြီးနောက် နှစ်ယောက်မှာ ကားထဲဝင်၍ ကောင်တီ အချုပ်ရှိရာနေရာသို့ ဦးတည်လိုက်ကြ၏။
ထိုအချိန်တွင်တော့ နှစ်ယောက်လုံးမှာ တော်တော်လေး ပျော်ရွှင်နေခဲ့ကြသည်။
ကျိုးအိုက်မင်ကလည်း သူ ယွီတဲ့ချန်ကို အများအပြား ကူညီပေးထားသောကြောင့် တစ်ဖက်သူမှာ အနာဂတ်၌ သူ၏ ကျေးဇူးတင်မှုအား ပြန်လည်ပြသမည်မှာ မလွဲဧကန်ပင်။
အိတ်ထဲပါလာမည့် ပမာဏကတော့ သေချာပေါက် သူ့အား စိတ်ကျေနပ်မှု ရှိစေမည်မှာ ကျိန်းသေသောကြောင့် ကျိုးအိုက်မင် ထွေထူးစိတ်ပူမနေတော့ချေ။
သို့သော်လည်း ယွီတဲ့ချန်၏ တွက်ချက်မှုများက ပို၍ပင် အမြတ်ကြီးနေတော့သည်။
ယခု သူ လင်းရီအား အချုပ်ထဲ ပို့ပြီး ဖြစ်သောကြောင့် ယခင် တစ်ခေါက် အဖြစ်အတွက် လက်စားပြန်ချေသည်ဟု သတ်မှတ်၍ရ၏။ ထို့ပြင် လင်းရီလက်ထဲရှိ ငါးကန်ကိုလည်း အရယူနိုင်ဦးပေမည်။ ဤသည်က ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ခြင်း ဖြစ်၏။
အခြေအနေနှင့် ရင်ဆိုင်လာရချိန်တွင် ကာယခွန်အား တစ်ခုတည်းက အမှန်ပင် မလုံလောက်ချေ။ တစ်စုံတစ်ယောက်၏ ဉာဏအားကိုလည်း လွှာ၍ အသုံးချတတ်ရန် လိုအပ်သေးလေသည်။
သို့သော်လည်း ထိုအခိုက် သူတို့နှစ်ဦးလုံး၏ ဦးခေါင်းထိပ်တွင် လျှပ်စီးတလက်လက်နှင့် တိမ်မည်းကြီးများ ဝန်းရံဖြစ်ပေါ်နေသည်ကိုတော့ နှစ်ယောက်လုံးက မြင်နိုင်စွမ်း မရှိခဲ့ကြချေ။
လက်ရှိ သူတို့ဖမ်းပြီး အချုပ်ထဲ ခေါ်သွားနေသည့် လူလေးဦးထဲ မည်သည့် တစ်ယောက်ကမဆို ကျိုးဟိုင်အတွင်း ဂယက်အကြီးကြီးရိုက်ပြီး မုန်တိုင်းထန်သွားစေနိုင်ရုံမျှမက သူတို့ လက်ကျန် ဘဝတစ်လျှောက်လုံး နောင်တအကြီးကြီး ရအောင် တတ်နိုင်စွမ်း ရှိသူများပင်။ ယခုတွင်တော့ ထိုသူက လေးယောက်လုံးကို တစ်ပြိုင်နက်တည်း အချုပ်ထဲ သွင်း၍ လူငှားရိုက်နှက်ရန် ကြံစည်နေသည်။ မြေကြီး လက်နှင့် ပုတ်လျှင်ပင် လွဲကောင်း လွဲနိုင်သော်လည်း နောင် ဖြစ်လာမည့် အကျိုးဆက်တို့က ဧရာမ ပြင်းထန်လိမ့်မည်မှာတော့ မုချမလွဲပင်။