← Chapters

ဆရာကြီးများ ရောက်ရှိလာမှု

Vol. 64 Ch. 959

ဆရာကြီးများ ရောက်ရှိလာမှု

Vol. 64 Ch. 959

“ အစ်ကိုကြီးလင်း… ဒီကောင့်ကြည့်ရတာ တကယ်ဗျင်းမယ့်ပုံပဲ…” လျန်ကျင်းမင်မှ ပြောလိုက်၏။

“ ဒါပေါ့ကွ… ဒီကောင်က သူများကို မုန့်ညက်ညက်ကြေအောင် လုပ်လိုက်ပါတယ်ဆိုနေ…” ကောင်းကျုံးယွမ်လည်း ပြောလိုက်သည်။

“ မင်းတို့ကောင်တွေက ကမ္ဘာကြီးကို မမြင်ဖူးတဲ့ ပုံစံ လုပ်နေကြတာပဲကွ… နောက်ကျရင် ငါနဲ့သိတယ်လို့ သူများကို မပြောနဲ့…”

“ ဒါပေမယ့် လူတစ်ယောက်ကို မုန့်ညက်ညက်ကြေအောင် လုပ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ကျွန်တော်တို့မှ မမြင်ဖူးပဲကို အစ်ကိုကြီးကလဲ…”

“ မပူနဲ့... ငါ ဒီနေ့ မင်းတို့ကို ပြမယ်…”

ပြောပြီးနောက် လင်းရီ စွန်းရုံဟိုင်ထံ သွား၍ သကောင့်သား၏ ရင်ဘတ်ကို ဆောင့်ကန်လိုက်သည်။

စွန်းရုံဟိုင်လဲ ထိုသို့ ပြောပြောဆိုဆိုဖြင့် ရုတ်တရက်ရောက်ချလာပြီး ဆောင့်ကန်လာမည်ကို မျှော်လင့်မထားသောကြောင့် အငိုက်မိသွားခဲ့ကာ နောက်သို့ လွင့်ထွက်သွားခဲ့တော့၏။

စွန်းရုံဟိုင် အရှုံးမပေးသေး။ အံကြိတ်၍ ကုန်းရုန်းထသည်။ သို့သော် ရင်ဘက်ကြီး မီးမြိုက်နေသလို ခံစားနေရကာ ဝေဒနာက အသိစိတ်ကို ဖုံးလွှမ်းလုမတတ် ပြင်းထန်လာလေသည်။

လင်းရီ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဆံပင်မရှိသောကြောင့် ထိုလူကို အင်္ကျီဂုတ်မှ ကိုင်ဆွဲလိုက်၏။ ထို့နောက် ခေါင်းပြောင်ပြောင်အား ကြမ်းပြင်နှင့် တဖုန်းဖုန်း အားပါးတရ ဦးတိုက်ပေးလိုက်သည်။

သားကောင်ကြီး လည်လှီးနေသကဲ့သို့ သနားဖွယ် အော်ဟစ်သံကြီးက အချုပ်ခန်းထဲ ထွက်ပေါ်လို့လာလေသည်။ အပြင်မှ ကြားရသူများအဖို့တော့ စွန်းရုံဟိုင်မှ အပြီအပြင် ပညာပေးနေပြီဟု ထင်မှတ်နေခဲ့ကြ၏။

လင်းရီ ထိုသို့ လေးငါးချက်ခန့် ပြုလုပ်ပြီးနောက် စွန်းရုံဟိုင်မှာ သွေးအထွက်လွန်၍ နေရာမှာတင် မေ့မျောသွားခဲ့တော့သည်။

လင်းရီ အားရကျေနပ်စွာ ခေါင်းတစ်ညိမ့်ညိမ့်လုပ်လိုက်ပြီး “ မြင်ပြီလား… လူကို မုန့်ညက်ညက်ကြေအောင်လုပ်တယ်ဆိုတာ ဒီလို ပျော့ခွေသွားအောင် လုပ်တာကို ခေါ်တယ်… ကံကောင်းပြီး ဒီကောင် နိုးလာလို့ အတိတ်မေ့သွားခဲ့ရင် အချိုးတွေပြင်ပြီး လူကောင်းသူကောင်း ဖြစ်ရင်ဖြစ်သွားမှာပေါ့…”

ချက်ချင်းဆိုသလို ပတ်ဝန်းကျင်မှာ အေးခဲဆိတ်သုဉ်းသွားခဲ့တော့၏။ ကြွက်နှင့် ပိုးဟပ်များပင် အသံမထွက်ရဲကြတော့ချေ။ သူတို့အားလုံး သွေးအိုင်ကြီးထဲ မေ့မြောနေသည့် စွန်းရုံဟိုင်ကို ကြောက်လန့်စွာ ကြည့်လိုက်မိကြသည်။

ယွီတဲ့ချန် အပါအဝင် လူတိုင်းနီးပါးက သေးထွက်လုမတတ် ကြောက်လန့်တုန်လှုပ်နေမိကြတော့၏။

ဒီ….ဒီလူက အရမ်း မဆင်မခြင်နိုင်တာပဲ… သူ လူသတ်မိမှာကို မကြောက်ဘူးလားတဲ့….

လင်းရီ အခန်းထဲ တစ်နေရာ ငြိမ်ကုပ်နေသည့် သုံးယောက်ကို ကြည့်လိုက်ပြီး “ မင်းတို့ကော လာချင်သေးလား… လူကောင်း သူကောင်းဖြစ်ချင်ရင် ငါပြုပြင်ပေးလို့ရတယ်နော်….”

“ မ…မလုပ်ပါနဲ့… ဒီတိုင်းလေးပဲ နေပါရစေ…“

“ အဲ့ဒါဆို သွား …. အိမ်သာသန့်ရှင်းရေး သွားလုပ်…”

“ ဟုတ် ဟုတ်… ခုပဲ လုပ်နေပါပြီ…”

ပြောပြီးနောက် သုံးယောက်သား အိမ်သာခန်းထဲဝင်၍ ကြမ်းတိုက်တုတ်ကို အသည်းအသန်လု၍ သန့်ရှင်းရေးလုပ်ကြတော့၏။

လင်းရီ နောက်သို့ လှည့်လာခဲ့ပြီး အကြည့်တစ်ချက်ဖြင့် ယွီတဲ့ချန်အား ခြောက်ခြားသွားစေသည်။

“ မင်း ငှားလိုက်တဲ့လူက အခြေအနေမဟန်တော့ဘူးနော..” လင်းရီ ပြုံးလျက် ဆိုလိုက်သည်။

ဤအပြုံးက ယွီတဲ့ချန်အတွက်တော့ ဘီလူးပြုံး၊ မကောင်းဆိုးဝါးတစ်ကောင်က ပြုံးလိုက်သည့် အပြုံးမျိုး ဖြစ်လို့နေသည်။

“ မင်း အခု လေယာဉ်လက်မှတ်ဖြတ်ပြီး ဒီနိုင်ငံကနေ အမြန်ဆုံးထွက်သွားလိုက်တာ ကောင်းမယ်… မဟုတ်လို့ကတော့ ငါအပြင်ရောက်တာနဲ့ မင်းဘဝ အဆုံးပဲ…”

ယွီတဲ့ချန် မသိလိုက်ပဲ နောက်သို့ သုံးလေးလှမ်းမျှ နောက်ဆုတ်မိသွားခဲ့သည်။ သူတို့ကြား သံတံတိုင်ကြီးအခိုင်အမာ ခြားထားနေသော်လည်း ယွီတဲ့ချန် အန္တရာယ်အသိကို ပြင်းထန်စွာ ခံစားနေရလေသည်။

“ မင်း… မင်း အကျဉ်းသားအချင်းချင်း ရိုက်တယ်… ငါပြောမယ်… အဲ့ဒါ ထပ်တိုး ပြစ်မှုပဲကွ…”

ထိုသို့ပြောပြီးနောက် ယွီတဲ့ချန် ဝရောသောပါး အသည်းအသန် ထွက်ပြေးသွားခဲ့တော့သည်။ သူ လင်းရီအနား တစ်စက္ကန့်လေးပင် မနေဝံ့တော့။

လျန်ကျင်းမင်ကတော့ နားရွက်ကုတ်ရင်း ဆွံ့အနေသည့် ဟန်အမူအရာဖြင့် “ ဒီလိုအချိန်မျိုးမှာတောင် ဒီသောက်ရူးတွေက ဘာလို့ ငါတို့ကို သာမန်လူတွေလိုမျိုး ဆက်ဆံနေသေးတုန်းလဲ မသိတော့ဘူး… ဘယ်လို ချီးဦးနှောက်နဲ့ အိုင်ကျူတွေပါလိမ့်…”

“ ဘာပဲပြောပြော ငါတော့ ဒီလိုနေရာမျိုး တစ်သက်နဲ့တစ်ကိုယ် ရောက်လာလိမ့်မယ်တောင် ထင်မထားဘူး…”

“ ကဲပါ… ရောမ ရောက်တော့ ရောမလို ကျင့်ကြတာပေါ့… “ ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ခုနတုန်းက ဟို ခေါင်းတုံး ပိုကာတွေကို ကုတင်ဘေးနား ဝှက်လိုက်တာ ငါမြင်လိုက်တယ်.. အဲ့တာ ကစားရအောင်…”

“ အိုကေ…လုပ်လိုက်ကြစို့…”

တစ်ချိန်တည်းတွင် ယွီတဲ့ချန် လျိုယွင်ချိန်၏ ရုံးခန်းထဲသို့ ပြေးဝင်လာခဲ့လေသည်။

ထိုအခိုက်အတန့်တွင်တော့ လျိုယွင်ချိန်နှင့် ကျိုးအိုက်မင်တို့မှာ ရုံးခန်းထဲ ရေနွေးကြမ်းသောက်ရင်း ဆေးလိပ်ဖွာနေကြ၏။

ယွီတဲ့ချန် အမောတကောနှင့် ရောက်လာသည်ကို တွေ့တော့ ကျိုးအိုက်မင်မှ ပြင်းပြသည့် စူးစမ်းလိုစိတ်ဖြင့် “ အဲ့လောက်အမြန်ကြီး ပြန်လာတယ်လားဟ… မင်း အဲ့ကောင်ကို အရေခွံဆုပ်ပစ်လိုက်တာတော့ မဟုတ်ဘူးမလား…”

“ ကျိုး…. အစ်ကိုကျိုး… မကောင်းတော့ဘူး…” ယွီတဲ့ချန် အသက်လုရှူရင်း ပြောလိုက်ပြီး “ စွန်းရုံဟိုင်က လင်းရီကို မရိုက်နိုင်ရုံတင် မကသေးဘူး.. သူကိုယ်တိုင်ပဲ ပြန်အရိုက်ခံလိုက်ရတယ်.. ခု ကြမ်းပြင်ပေါ်မှာ သွေးတွေချည်းပဲ.. လူ သေလားရှင်လားတောင် ဝေခွဲလို့မရတော့ဘူး..”

ထိုသတင်းကြားတော့ နှစ်ယောက်လုံး တည်ငြိမ်စွာ ထိုင်မနေနိုင်ကြတော့ချေ။

“ ဟေ့ကောင်... ငါသိတဲ့ စွန်းရုံဟိုင်ဆိုတာ အင်မတန် ရက်စက်ပြီး အင်မတန် ကြမ်းတမ်းတဲ့ကောင်ပါကွ… အဲ့ဒါကို သူတကယ်ကြီး အမှောက်သိပ်ခံလိုက်ရတယ်လား…”

“ ကျုပ်တို့ လင်းရီရဲ့ တိုက်ခိုက်နိုင်စွမ်းကို အထင်သေးမိသွားတာ… သူက တကယ့်ကို သာမန်မဟုတ်ဘူး.. မြန်မြန် သွားပြီး လူကို ဆေးရုံကို ပို့မှဖြစ်မှာ…တကယ်လို့ နောက်ကျသွားရင် ဘာဖြစ်မလဲ ဘယ်သူမှ သိမှာမဟုတ်ဘူး…”

“ တစ်ချက်သွားကြည့်ကြစို့..”

တစ်စုံတစ်ခု ဖြစ်ပျက်သွားမည်ကို စိုးရိမ်သောကြောင့် နှစ်ယောက်လုံးမှ အချိန်ဆွဲ တုံ့ဆိုင်းမနေကြချေ။ သို့သော်လည်း သုံးယောက်သား ရုံးခန်းတံခါးဝမှ ထွက်ကာရှိသေး၊ လျိုယွင်ချိန် သူ၏ လက်အောက်ငယ်သားမှ အရေးကြီးကိစ္စ ဖြစ်ပျက်လာသည့်ပုံစံနှင့် အသည်းအသန် ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရ၏။

“ ဆရာ… တစ်ခုခုတော့ ဖြစ်နေပြီ… အပြင်မှာ Rolls Royce တွေကော ဘန်ထလေတွေကော အများကြီးပဲ.. ကျွန်တော်တို့ စခန်းပေါက်ဝကို ပိတ်လုပိတ်ခင်တောင် ဖြစ်နေပြီ…”

“ ဟမ်… ဘာတွေဖြစ်နေတာတုန်းဟ.. အဲ့ဒီ ကားအကောင်းစားကြီးတွေက ငါတို့ စခန်းပေါက်ဝကို ဘာလို့ ပိတ်နေကြတာ…”

“ ကျွန်တော်လည်း မသိဘူး… သူတို့ ဒီကို တစ်ခုခု လာလုပ်တာထင်တယ်…”

“ အချုပ်ထဲမှာ အမှုတစ်ခု ဖြစ်သွားတယ်… မင်းအဲ့တာကို တစ်ချက်သွား ဂရုစိုက်လိုက်… ငါ အပြင်ထွက်ကြည့်လိုက်ဦးမယ်…”

“ ဟုတ် ဆရာ..…”

အဓိက ဝင်ပေါက်ဝတွင်တော့ ချင်းဟန်၏ ဖခင်၊ ချင်ကျိန်းချင်သည် ကားထဲမှ အရင်ဆုံး ထွက်လာသည်။

ထို့နောက် လျန်ကျင်းမင်၏ ဖခင်၊ လျန်ကျိန်းတုန် နှင့် ကောင်းကျုံးယွမ်၏ ဖခင်၊ ကောင်းချင်းချန်တို့လည်း သူတို့ ကားကိုယ်စီထဲမှ ထွက်လာခဲ့ကြ၏။

ကောင်းကျုံးယွမ်မှ သူ ချင်းဟန်တို့နှင့် အတူဖမ်းခံထားရကြောင်း သူ့အဖေအား ပြောခဲ့သောကြောင့် ကောင်းချင်းချန် ချင်ကျိန်းချင်နှင့် လျန်ကျိန်းတုန်တို့အား ဆက်သွယ်ပြီးနောက် ယခုလို အတူရောက်ရှိလာကြခြင်းပင်။

“ ဒီကောင်စုတ်လေးတွေက ဘာမှသာ မလုပ်တတ်တာ စိတ်ပူရအောင်တော့ တော်တော်လုပ်တတ်ကြတဲ့ကောင်တွေ… နှစ်သစ်ကူးကြီးမှာ ဒီလို နေရာမျိုး ရောက်လာရတယ်လို့ကွာ…” ချင်ကျိန်းချင်မှ ပြောလိုက်သည်။

“ အဟုတ်ပဲ.. ငါလည်း ဖောက်သည်တွေနဲ့ မာကျောက်ကစားနေတာ သူဖုန်းခေါ်လို့ အရေးတကြီး ထွက်လာခဲ့ရတယ်…”

ပြောလိုက်သူကတော့ လျန်ကျိန်းတုန်ဖြစ်၏။ သူ၏ အရပ်အမောင်းက မမြင့်မား။ ၁.၇ မီတာမျှသာရှိသည်။ အနည်းငယ်လည်း ဝဖိုင့်ဖိုင့်နိုင်ပြီး ရုပ်ရည်သွင်ပြင်ကလည်း ခန့်ညားထည်ဝါသည့် အမျိုးအစားထဲ၌ ပါ၀င်မနေချေ။ သို့သော်လည်း သူ့အား တမူထူးခြားသွားစေသည်က သူ၏ ယုံကြည်လွှမ်းမိုးနိုင်သည့် မျက်နှာအမူအရာနှင့် ခံစားနိုင်သည့် ကြွယ်ဝမှု အရှိန်အဝါများပင်။

“ အဓိကကတော့ ဟိုကောင်တွေ ကျိုးကြောင်းမညီညွှတ်တာ… ငါတို့ကို ဒီအထိ လူကိုယ်တိုင် လာရအောင် လုပ်တယ်..”

ပြောလိုက်သူကတော့ ကောင်းကျုံးယွမ်၏ ဖခင် ကောင်းချင်းချန်ပင်။ သူကတော့ ဤသုံးယောက်ထဲတွင် အရပ်မောင်း အကောင်းဆုံးဖြစ်လို့‌နေ၏။ နေလောင်ထားသည့် ခပ်ညိုညို အသားအရေနှင့် မျက်စိထောင့်စွန်းတို့တွင်လည်း အရေးအကြောင်းများ ရှိနေလေပြီ။ သူ၏ သွင်ပြင်က သုံးယောက်ထဲတွင် အရိုးရှင်းဆုံးဖြစ်နေပြီး သာမန်ဆန်သည့်လူနှင့် အတူဆုံးဖြစ်သည်။

“ ဒါပေမယ့် ဘာလို့ ငါတို့ချည်းပဲလဲ… လင်းရီ အဲ့ကောင်လေးကော ဘယ်မလဲ.. သူ သူ့မိသားစုကို ဒီမခေါ်လိုက်ဘူးလား…” လျန်ကျိန်းတုန်မှ မေးခွန်းထုတ်လိုက်၏။

“ အဲ့တာ ငါတို့အတွက် ပိုကောင်းသွားတာပေါ့…” ချင်ကျိန်းချင် ပြောလိုက်ပြီး “ သူ့အဆက်အသွယ်တွေနဲ့ဆို မလိုတဲ့ ဂယက်တွေ ထကုန်လိမ့်မယ်… ဒီကိစ္စ အကြီးကြီးဖြစ်သွားရင် မကောင်းဘူး.. ငါတို့ဘာသာပဲ ဖြေရှင်းလိုက်ကြတာပေါ့…”

၎င်းကိုကြားတော့ လျန်ကျိန်းတုန် ရယ်မောလိုက်ပြီး “ ငါတော့ အဲ့ကောင်လေးကို သောက်ရမ်း လေးစားသွားပြီ… ငါ့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ သားတော်မောင်ကို သူ့ဆီကနေ သင်ယူခိုင်းမလို့ပါဆိုနေ ခု သူက အချုပ်ကျနေတယ်….”

“ ကဲကဲ... လေကြောရှည်နေတာတွေ တော်လိုက်ကြရအောင်… အထဲဝင်ပြီး အမြန် တစ်ချက်သွားကြည့်ကြစို့…. မဟုတ်လို့ကတော့ အဲ့ကောင်လေးရဲ့ စိတ်ဓာတ်နဲ့ဆိုရင် နေရာတစ်ခုလုံး ပြောင်းပြန်လှန်ထားလောက်တယ်…” ကောင်းချင်းချန်မှ ပြောလိုက်သည်။

သို့နှင့် အနောက်တွင် ကိုယ်စီ သက်တော်စောင့်များ ခြံရံလျက် သုံးယောက်သား တစ်ယောက်ပြီးတစ်ယောက် အထဲသို့ ဝင်လာခဲ့ရာ တိုက်တိုက်ဆိုင်ဆိုင် အပြင်သို့ ထွက်လာသည့် လျိုယွင်ချိန်တို့ နှစ်ယောက်နှင့် သွားဆုံလေသည်။

“ မင်္ဂလာပါ… ခင်များတို့က…”

သူတို့ ချင်ကျိန်းချင်နှင့် ကျန်နှစ်ယောက်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုသူတို့၏ အထောက်အထားက မရိုးရှင်းဘူးဆိုတာ ကျိုးအိုက်မင်တို့ ချက်ချင်း သတိပြုမိလိုက်ကြ၏။

မည်သည့်သာမန်လူကမျှ ရဲစခန်း လာရသည်ကို စိတ်အေး သက်သာ ရှိနေလိမ့်မည် မဟုတ်ချေ။

ထိုသို့သော သူများက ဤနေရာသို့ ဘာလာလုပ်မှန်း သူတို့ မသိသော်လည်း အပြင်၌ ရပ်ထားသည့် ကားအကောင်းစားကြီးများက ၎င်းတို့၏ အထောက်အထားကို တစ်မျိုးတစ်ဖုံဖြင့် ကိုယ်စားပြုနေလေသည်။

“ မင်္ဂလာပါ ရဲမှူးကြီး… ငါက ဟန်ဟိုင်အုပ်စုရဲ့ ဥက္ကဌ ချင်ကျိန်းချင်… မင်း အခုတင် အချုပ်ထဲထည့်လိုက်တဲ့ ချင်းဟန်က ငါ့သားလေ…”

“ ငါက လျန်ကျိန်းတုန်… ရှင်းဟွာလေကြောင်းလိုင်းရဲ့ ဥက္ကဌ… လျန်ကျင်းမင်ဆိုတာ ငါ့သားပဲ..”

“ ငါက ကောင်းချင်းချန် … လုံထန် စက်မှုလုပ်ငန်းက… သူတို့နဲ့ အတူ အဖမ်းခံထားရတဲ့ ကောင်းကျုံးယွမ်ရဲ့ အဖေပဲ…”

သုံးဦးလုံး၏ အထောက်အထားများကို သိရှိလိုက်ရပြီးနောက် လျိုယွင်ချိန်နှင့် ယွီတဲ့ချန်တို့၏ နောက်ကျောများ ချွေးအေးတို့ဖြင့် စေးကပ်သွားခဲ့သည်။

ဒီလူတွေ အားလုံးက ကျိုးဟိုင်ရဲ့ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်တွေလေ… တစ်ဦးချင်းစီရဲ့ အထောက်အထားကလည်း ထူးကဲသာလွန်နေတယ်… အဲ့တာကို တကယ်ကြီး သုံးယောက်လုံးရဲ့ ဆက်ခံသူတွေကို ငါတို့ ဖမ်းလာခဲ့မိတယ်…

ငိုးမ ငါဘယ်လိုတောင် မိုက်မဲတဲ့ ပြစ်မှုမျိုးကို ကျူးလွန်မိခဲ့တာတုန်းကွ...

ယွီတဲ့ချန်ကတော့ နေရာ၌ပင် အရူးတစ်ပိုင်း ဖြစ်လုနီးပါး ခံစားနေမိတော့သည်။

ဤလူသုံးယောက်၏ လွှမ်းမိုးမှုဖြင့် ဆိုပါက မည်သည့်တစ်ဦးတစ်ယောက်ကမဆို သူ့အား လက်ဖြင့် အသာလေး တောက်ချလိုက်၍ ရ၏။

သို့သော် သူတကယ်ကြီး ၎င်းတို့၏ သားများကို အပြစ်ပြုမိခဲ့လေသည်။ ထို့ပြင် တစ်ယောက်မက၊ သုံးယောက်ကြီးများပင်။

‘ ငါ…ငါ ဒါပြီးရင် အသက် ဆက်ရှင်နိုင်ပါ့ဦးမလား..’

“အာ.… ကြည့်ရတာ တစ်ခုခု နားလည်မှု လွဲနေလို့နဲ့တူတယ်… ကျေးဇူးပြုပြီး ဘာမှစိတ်မပူပါနဲ့ဗျ ကျုပ် ခင်များတို့ကို အထဲခေါ်သွားပေးပါ့မယ်… သူတို့အထဲမှာ အဆင်ပြေပြေ ရှိနေပါတယ်…”

“ ရတယ်… ရဲမှူးကြီး သင့်တော်သလိုသာ စီစဉ်… ငါတို့က ကျိုးကြောင်းညီညွှတ်တဲ့လူတွေ…”ချင်ကျိန်းချင် တည်ငြိမ်သည့် အမူအရာဖြင့် ပြောလိုက်သည်။

All Chapters