← Chapters

ထိတ်လန့်ဖို့ကောင်းတဲ့ အဆက်အသွယ်

Vol. 64 Ch. 960

ထိတ်လန့်ဖို့ကောင်းတဲ့ အဆက်အသွယ်

Vol. 64 Ch. 960

ချင်ကျိန်းမင်သည် လူ့အကြောင်း ပါးနပ်သူ တစ်ဦးဖြစ်၏။ အကယ်၍ သူကိုယ်တိုင် ဤနေရာသို့ ရောက်ရှိလာပါက တစ်ဖက်သူမှာ သူ့သားအား အထဲမှ ထုတ်ပေးမည်မှ မလွဲမသွေပင်။ သို့တိုင်အောင် ကြားဝံ့နာသာ အချိုသပ် စကားတစ်ချို့တော့ လောကဝတ်အရ ပြောကြားရန် လိုနေသေး၏။

“ အာဟား.. ခင်များက ယဉ်ကျေးလွန်းနေပါပြီ.. ဒါ ကျုပ်တို့ အမှားပါ… ခုပဲ သူတို့ကို လွှတ်ပေးလိုက်ပါ့မယ်…” လျိုယွင်ချိန် အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ကောင်းပြီလေ.. ဒါဆိုလည်း ရဲမှူးကြီးတို့ကို အလုပ်ရှုပ်စေမိပြီ…”

သုံးယောက်လုံး ကျန်သည့် စကားအပိုတစ်ခွန်းမျှ ထပ်မပြောတော့ပေ။ မိဘအနေနှင့် သူတို့ရင်ထဲ မိုးမီးလောင်နေသော်လည်း ဒေါသဆင်ရိုင်းအား အသိဉာဏ်ချွန်းဖြင့် အုပ်မိုးထားနိုင်နေဆဲပင်။ ထို့ကြောင့် ထွေထူး ချဲ့ကားမနေကြတော့ချေ။ မဟုတ်ပါက မနက်ဖြန် နေ့စဉ်ထုတ် သတင်းစာတိုက်မှ ခေါင်းကြီးပိုင်း သတင်းတစ်ပုဒ် အလကားရရှိသွားနိုင်လေသည်။

သူတို့အားလုံး၏ ကိုယ်စီ အတွေးတို့ကတော့ ရိုးရှင်း၏။ ဤကိစ္စအား တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းချင်နေသည်။ မဟုတ်ပါက အကယ်၍ လင်းရီ စိတ်တိုလာမည်ဆိုလျှင် နျူးကလီးယား ပေါက်ကွဲသကဲ့သို့ မည်သူကမျှ သူ့အားထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။

“ အဖေ..” အချုပ်ခန်းနံပါတ် 107 ကို ရောက်တော့ ချင်းဟန်မှ အသံပြုလိုက်၏။

“ ဟေ့ကောင်... ကြမ်းပြင်က ဘာလို့ သွေးတွေ အိုင်နေတာ…” ချင်ကျိန်းချင် မေးမြန်းလိုက်သည်။

“ ခုလေးတင် တေလေဂျပိုးတစ်ကောင် လင်းကြီးကို မုန့်ညက်ညက်ကြေအောင် လုပ်ချင်နေတာလေ… အဲ့တာနဲ့ ဒီလို အခြေအနေ ဖြစ်သွားခဲ့တာပဲ…”

“ ဒီကောင်တွေကတော့ တကယ့်ကို…..”

ချင်ကျိန်းချင်နှင့် ကျန်သူများ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်မိကြ၏။

သူတို့ ခန့်မှန်းချက်က သွေးထွက်အောင် မှန်ကန်နေခဲ့သည်။ အကယ်၍ အနည်းငယ် နောက်ကျသွားမည်ဆိုပါက လင်းရီ အခြားတစ်ယောက်ကို ယခုလို အခြေအနေမျိုးဖြစ်အောင် ထပ်မံ ရိုက်နှက်နေလောက်ပေသည်။

‘ ဟင်း…. ဒီကောင်လေးကတော့ တကယ့်ကို မဆင်မခြင် နိုင်တာပဲ….’

“ မစ္စတာချင်… ဘာမှစိတ်မပူနဲ့… ဒီကိစ္စက ခင်များသားနဲ့ ဘာမှမဆိုင်ဘူး.. ဒီတော့ သူ့မှာ ဘာအပြစ်မှမရှိဘူး..” လျိုယွင်ချိန် ထိုသို့ပြောပြီးနောက် နောက်ရှိ သူ့လက်အောက်ငယ်သားအား ကြည့်လိုက်ပြီး “ တံခါးဖွင့်လိုက်…”

“ ဟုတ် .. ဟုတ်ဆရာ…”

သံတံခါး ဖွင့်ပြီးနောက် လင်းရီနှင့် ကျန်သူများအားလုံး တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြလေသည်။

“ မစ္စတာချင်… ဒီကောင်လေးက ခင်များနဲ့ တစ်ခုခု ပတ်သက်နေလားမသိဘူး…” လျိုယွင်ချိန် လင်းရီကို တစ်ချက်ကြည့်ရင်း မဝံ့မရဲ မေးကြည့်လိုက်သည်။

“ ဘာဖြစ်လို့လဲ… ပြဿနာ ရှိနေလို့လား..”

“ ဒီလင်းရီကလွဲရင် ကျန်တဲ့လူတွေအကုန်လုံး ခံဝန်လက်မှတ်ထိုးပြီးတာနဲ့ ထွက်သွားလို့ရတယ်…” ပြောပြီးနောက် လျိုယွင်ချိန် လင်းရီကို ကြည့်လိုက်ပြီး “ ဒါပေမယ့် သူကျတော့ အရက်သောက်ပြီး ကားမောင်းခဲ့တာ… ဒါကြောင့်မို့ အထက်ကို သတင်းပို့ထားတယ်… တကယ်လို့ သူ့ကို အခု လွှတ်ပေးလိုက်မယ်ဆိုရင် ကိစ္စက နည်းနည်း ကိုင်တွယ်ရ ခက်ခဲတယ်လေ…”

“ ဟုတ်တယ် ဟုတ်တယ်… သူ့ကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး..” ယွီတဲ့ချန်လည်း စိုးရိမ်တကြီးဖြင့် ဝင်ပြောလိုက်၏။

အကယ်၍ လင်းရီ ထွက်လာပါက သူ သေမည်ဆိုတာကို ယွီတဲ့ချန် ကျိန်းသေပေါက် နားလည်ထားသည်။ အခွင့်အရေး ရှိလျှင်ပင် လွတ်မြောက်ဖို့ရာ မဖြစ်နိုင်ချေ။

“ အမှန်ပဲ… သူ့ကို လွှတ်ပေးလိုက်လို့ မရဘူး..” အချုပ်ခန်းထဲရှိ အခြားသူများလည်း ဝင်ပြောလိုက်ပြီး “ တကယ်လို့ အရက်သောက်ပြီး ကားမောင်းတဲ့ကောင်ကို လွှတ်ပေးရင် ကျုပ်တို့ကိုလည်း လွှတ်ပေးရမယ်…”

“ ခင်များတို့ မမျှမတ မလုပ်နဲ့နော်… ပြောတော့ ပြည်သူတွေကို အမှုထမ်းပေးနေတာတဲ့.. ကျုပ်ကတော့ လူချမ်းသာတွေကိုပဲ အမှုထမ်းပေးနေတာ မြင်နေရတယ်…”

“ သူက မူးပြီး မောင်းရုံတင် မကသေးဘူး.. အချုပ်ထဲမှာပါ သူများကို သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်ထားသေးတယ်နော်…အဲ့အတွက် သူ သေချာပေါက် တာဝန်ယူရမယ်…”

ထိုအသံဗလံများကိုကြားတော့ လျိုယွင်ချိန် အခက်တွေ့သွားခဲ့ပြီး “ မစ္စတာချင်း.. ခင်များ အဲ့တာသာကြည့်တော့…”

ချင်ကျိန်းချင်၏ အမူအရာမှာ တော်တော်လေးကို မကျေမနပ် ဖြစ်နေချေပြီ။ ဤမျှ ဒုံးဝေးသူများအား သူ မနှစ်သက်ပေ။ သူ့ဘက်က စကားအများကြီး ပြောပြီးသည့်တိုင်အောင် သကောင့်သားက ဘာလုပ်ရမည်မှန်း နားမလည်သေးဘူးဆိုပါက မကြာမီ သူ၏ အဆုံးသတ်ကို ကိုယ်တိုင်တွေ့ကြုံခိုင်းရုံသာ ရှိ၏။

“ မင်းတို့က မသွားစေချင်ဘူးဆိုလည်း ရတယ်လေ… အထဲပြန်ဝင်တာပေါ့.. ဘာပင်ပန်းတာမှတ်လို့…”

“ သူ ဘာကို တာဝန်ယူရမလဲ ငါစိတ်မဝင်စားဘူး.. ဒါပေမယ့် မင်းသူ့ကို လွှတ်ပေးလိုက်တာက ပိုကောင်းမယ်လို့ ထင်တယ်… မဟုတ်လို့ကတော့…………..”

“ လျို ယွင် ချိန်….. ခွေးမသား...”

ချင်ကျိန်းချင် စကားအဆုံးမသတ်နိုင်မီ ခက်ထန်သည့် အမိန့်သံ တစ်သံကို အနောက်မှ ကြားလိုက်ရ၏။

လူတိုင်း နောက်လှည့်ကြည့်လိုက်တော့ ရောက်လာခဲ့သူက ခေါင်းဆောင် ဖန်းရှောင်ရွှယ်ဖြစ်နေကြောင်း မြင်တွေ့လိုက်ရသည်။

ဖန်းရှောင်ရွှယ်အပြင် လူသုံးဦးလည်း သူနှင့်အတူ လိုက်ပါလာလျက်ရှိလေသည်။

တစ်ယောက်က ယူနီဖောင်းနှင့် ဖြစ်ပြီး အခြားတစ်ယောက်ကတော့ စစ်ဝတ်နှင့် ဖြစ်ကာ ကျန်တစ်ယောက်ကတော့ အမျိုးသမီး ဝတ်စုံပြည့်နှင့် ဖြစ်၏။

လျိုယွင်ချိန်၏ အာရုံက အမျိုးသားနှစ်ယောက်အပေါ်သို့ ကျရောက်သွားခဲ့သည်။

ယူနီဖောင်းနှင့်သူမှ ပခုံးတွင် ရဲအုပ်ကြီး တံဆိပ် တပ်ဆင်ထားပြီး ကျိုးဟိုင် တစ်ခုလုံးတွင် ထိုတံဆိပ် တပ်ဆင်ရန် အရည်အချင်း ပြည့်မှီသည့်သူက တစ်ဦးတည်းမျှသာ ရှိ၏။

( ခေါင်းဆောင်ချိန်..)

အခြား စစ်ဝတ်နှင့် အမျိုးသား၏ ပခုံးပေါ်တွင်တော့ ကြယ် .. ကြယ်နှစ်ပွင့်ရှိနေပြီး ……….

ထိုသူကား …. ဒုဗိုလ်မှူးကြီး…..

ထိုအကြောင်းတွေးမိသည်နှင့် လျိုယွင်ချိန် အတူလိုက်ပါလာသည့် ဘေးရှိ အမျိုးသမီးအား စေ့စေ့မကြည့်ဝံ့တော့ချေ။ ထိုသူတို့နှင့် တစ်တန်းတည်းယှဉ်၍ လမ်းလျှောက်နိုင်နေသည်ဆိုပါက သူမ၏ ရာထူးအဆင့်အတန်းသည်လည်း မြင့်မားမည်မှာ သေချာသလောက်ပင်။ အနည်းဆုံးတော့ သူ ယှဉ်ပြိုင်နိုင်သည့် အဆင့်တော့ဟုတ်မနေချေ။

ထိုအချိန်၌ လျိုယွင်ချိန်သာက ကျန်သူများလည်း အံ့အားသင့်နေခဲ့ကြ၏။

ချင်ကျိန်းချင်တို့ တစ်သိုက်လည်း တော်တော်လေး အံ့ဩဘနန်း ဖြစ်သွားခဲ့ကြသည်။

ချိန်ပင်းချန်နဲ့ မြို့တော်ဝန်လျန်တင်မကသေးဘူး… စစ်တပ် ဒုဗိုလ်ကြီးတစ်ယောက်လုံးပါ ရောက်လာနေတယ်…

လင်းရီရဲ့ အဆက်အသွယ်တွေက နည်းနည်းလေး ကြောက်ဖို့ ကောင်းမနေလွန်းဘူးလား…

ပြီးတော့ ဒီလို ပုဂ္ဂိုလ်တွေက အသေးမွှား ကိစ္စလေးနဲ့ လူကိုယ်တိုင် ရောက်လာဖို့အထိ ဆန္ဒရှိနေတယ်

“ ခေါင်းဆောင်ဖန်… ဘယ်ကနေ ဘယ်ကလို ကြွခဲ့တာလဲဗျ… “ လျိုယွင်ချိန် အသံတုန်တုန်ယင်ယင်ဖြင့် နှုတ်ခွန်းဆက်လိုက်၏။

“ ငါ့မျက်စိရှေ့ကနေ ဖယ်စမ်း..”ဖန်းရှောင်ရွှယ် စိတ်မရှည်ဖြစ်စွာ ငေါက်ငမ်းလိုက်ပြီး လင်းရီရှေ့ ရိုကျိုးသည့် အမူအရာဖြင့် ရောက်သွားခဲ့ကာ ဖုန်များ ခါခပ်ပေးရင်း “ ဟာဗျာ… မစ္စတာလင်း.. ကျုပ် တကယ့်ကို တောင်းပန်ပါတယ်.. ဒါက နားလည်မှု လွဲသွားတာပါ… ကျေးဇူးပြုပြီး မစ္စတာလင်းရဲ့ အဆင့်အတန်းကို ကျုပ်တို့လို မနှိမ့်ချလိုက်ပါနဲ့…. “

လင်းရီ လျိုယွင်ချိန်နဲ့ ကျန်သူများကို လက်ညိုးထိုးလိုက်ပြီး “ တကယ်လို့ ငါသာ မင်းတို့အဆင့်ထိ နှိမ့်လိုက်မယ်ဆိုရင် အဲ့သုံးကောင် ခုချိန် ဆေးရုံကားစီးနေရလောက်ပြီ..”

“ ဟုတ်ပါတယ် ဟုတ်ပါတယ်.. သက်ညှာပေးတဲ့အတွက် ကျေးဇူးပါ မစ္စတာလင်း..” ဖန်းရှောင်ရွှယ်မှ လင်းရီကို ရိုကျိုးစွာ ပြောဆိုလိုက်ပြီး “ ဒီလိုဖြစ်သွားတာ ကျုပ်အမှားတွေပါပဲ… ဒီနေ့ ဖြစ်ခဲ့တာတွေ အတွက် ကျုပ် ဧည့်ခံပြီး တောင်းပန်ပါရစေ..”

“ မလိုဘူး…” လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး “ ဟော့ဒီသုံးကောင်ကိုသာ သေချာဂရုစိုက်လိုက်..”

ဖန်းရှောင်ရွှယ်၏ အဆင့်အတန်းဖြင့်ဆိုပါက လျန်ရူရွှယ်ဘေးရှိ လူများနှင့် တန်းတူ ထိုင်စားဖို့ရာ အဆင့်မမှီချေ။ အကယ်၍ ယခု အခွင့်အရေးမှ တစ်ဆင့် သူတို့ဘေးနား ထိုင်စားနိုင်မည်ဆိုပါက ဂုဏ်ယူဖွယ်ရာ ကိစ္စရပ်ကြီးပင်။

“ ဟုတ် ဟုတ် ကောင်းပါပြီ.. ကျုပ် သေချာကြီးကြပ်လိုက်ပါ့မယ်..”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး အုပ်စုသည်လည်း အပြင်သို့ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြ၏။

အပြင်ရောက်တော့ လင်းရီ လျန်ရူရွှယ်ကို ပြုံးပြလိုက်ပြီး “ ဘာလို့ ဒီရောက်လာခဲ့တာ… မင်းတော့ ငါ့ကို မျက်နှာ အရှက်ရအောင် လုပ်နေတာပဲကွ….”

“ နင်ဘာဖြစ်လို့ ဒီ ရောက်လာလဲဆိုတာ သိချင်လို့လေ…”

“ ငါ ဒီတိုင်း စစ်ဖန်းမြို့မှာ မြေတစ်ကွက်နဲ့ ငါးကန်တစ်ကန်ဝယ်ပြီး အပင်တစ်ချို့ စိုက်မလို့ကို ဟို မအေဘေးတွေက အစေ့အတုတွေ လိမ်ရောင်းလိုက်တယ်လေ… အဲ့တာနဲ့ ငါလည်း မကျေနပ်လို့ ပြန်ဖြေရှင်းရင်း ဒီရောက်လာခဲ့တာပဲ…”

“ ဟင်… နင်က အပင်စိုက်ပြီး ငါးမွေးနေတယ်…”

လျန်ရူရွှယ်နှင့် ကျန်သူများအားလုံး ပြောစရာစကား ကင်းမဲ့သွားကြတော့၏။

မင်းက ဘီလီယမ်နာကြီးလေ.. အဲ့တာ မင်းလုပ်နေသင့်တဲ့ အလုပ်လား….

“ အင်း… ငါ မင်းတို့ မြို့ပေါ်က အချိန်ပြည့် ရုံးခန်းထဲ ရှိနေရတဲ့ လူတွေရဲ့ ဘဝကို ကြည့်ပြီး မောလွန်းလို့ပါကွာ… လူ့သက်တမ်းက ကုန်တာ အရမ်းမြန်တယ်… ဒါကြောင့် တိတ်ဆိတ်တဲ့ ရွာလေးမှာ ခဏနေပြီး ကိုယ့်ကိုယ်ကို ပြန်ရှာဖွေမလို့…”

ချိန်ပင်းချန် မနေနိုင်ပဲ ရယ်မောမိလိုက်သည်။

ကျိုးဟိုင်တစ်ခုလုံးတွင် မစ္စတာလင်း တစ်ဦးတည်းကသာ မြို့တော်ဝန်လျန်အား ထိုသို့ ပြောဝံ့လောက်၏။

လျန်ရူရွှယ် လင်းရီကို စိတ်တိုစွာ ကြည့်လိုက်၏။ အကယ်၍ အပြင်လူများ ရှိနေသောကြောင့်သာ မဟုတ်ပါက သူမ ခြေကန်ချက်များ တဝကြီး ကျွေးပြီးလေပြီ။

“ စိုက်ကြည့်မနေနဲ့… ကျိုးဟိုင်ပြန်ပြီး ထမင်းသွားစားကြစို့… ငါဗိုက်ဆာနေပြီ…”

လင်းရီ၏ ဤထမင်းဝိုင်းက ချင်ကျိန်းချင်နှင့် ကျန်သူများအတွက် အထူး ရည်ရွယ်ထားခြင်းပင်။

ထိုသုံးယောက်လုံးက ကျိုးဟိုင်၏ ပိရပစ်ထိပ်ဆုံးရှိ တိုင်ကွန်းကြီးများဖြစ်ပြီး လျန်ရူရွှယ်သည်လည်း စီးပွားရေးကဏ္ဍ တိုးတက်ရေးကို တာဝန်ယူထားရသူ တစ်ဦးပင်။ သူတို့ ထမင်းစားရင်း ဆွေးနွေးနိုင်သည့် ကိစ္စတို့က လုံးဝ သေးမွှားမည်တော့ မဟုတ်ချေ။ ဤသည်ကလည်း သူတို့သုံးယောက်လုံး ဆာလောင်မွတ်သပ်နေသည့် အခွင့်အရေးကြီးလည်း ဖြစ်၏။

ဆိုရိုးများအတိုင်း လူတစ်ဦးက အခြေအနေနှင့် အချိန်အခါပေါ် မူတည်၍ လိုက်လျောညီထွေရှိစွာ ပြုမူ ဆောင်ရွက်တတ်ရသည်။ ဤခေတ်တွင် တစ်စုံတစ်ယောက် ကြီးပွားချမ်းသာချင်သည်ဆိုပါက ထိုသူ မည်မျှ ပါးနပ်လဲ ဆိုသည်နှင့် ခေတ်ရေစီးကြောင်းအပေါ် မည်မျှလိုက်ပါ ထိန်းချုပ်နိုင်စွမ်း ရှိလဲ ဆိုသည့်အပေါ်တွင် မူတည်နေလေသည်။

အထက်ကြီးပိုင်းများမှ အလားအလာရှိသည့် နယ်ပယ်များ၌သာ ရင်းနှီးမြုပ်နှံရန် လိုလားပြီး တိုးတက်ရန် အလားအလာမရှိသည်များကိုတော့ ရှောင်ရှားလိုကြ၏။ အကယ်၍ သူတို့ လျန်ရူရွှယ်ထံမှ သတင်းအချက်အလက် တစ်ချို့ ရရှိနိုင်မည် ဆိုပါက သူတို့မိသားစု စီးပွားရေး လုပ်ငန်းများတွင် များစွာ အထောက်အကူ ဖြစ်ပေါ်စေမည်မှာ မလွဲမ‌သွေပင်။ ထိုအချက်ကိုလည်း သုံးယောက်လုံးမှ ကောင်းစွာ သတိပြုမိကြ၏။

ချင်ကျိန်းချင်၊ လျန်ကျိန်းတုန်နှင့် ကောင်းချင်းချန်တို့ လင်းရီအား မသိမသာ တစ်ချက် ကြည့်လိုက်ကြသည်။

အင်း....လင်းရီက အရမ်း ထက်မြက်တယ်.. ဒါ တကယ်ကြီး သူတို့ကို အကြီးစား ကူညီပေးလိုက်တာပဲ…

တကယ်လို့များ သူတို့ရဲ့ စိတ်ပျက်ဖို့ကောင်းတဲ့ သားတော်မောင်တွေသာ လင်းရီရဲ့ အရည်အချင်းတစ်ဝက်လောက်လေးပဲ ဖြစ်ဖြစ် သင်ယူနိုင်မယ်ဆိုရင်တော့ဖြင့် ……….

စာစဉ် (၆၄) ပြီး၏။

All Chapters