← Chapters

တစ်ခုနှစ်ခု သင်ပေးခြင်း

Vol. 008 Ch. 800

တစ်ခုနှစ်ခု သင်ပေးခြင်း

Vol. 008 Ch. 800

ကျောက်ရာကား ကျောက်မဟာ ပြည်ထောင် တစ်ခုလုံးတွင် အတော်ဆုံး နိုဘယ်အဖြစ် လွန်စွာ နာမည် ကျော်ကြားခဲ့ဖူးသည်။ သူက ရှီအဆင့်ကို တက်လှမ်းသည်မှာ မကြာသေးသော်လည်း ဘုရင်မင်းမြတ်၏ ဆက်ခံသူအဖြစ် သတ်မှတ် ခံထားရသည်။ သူ၏ပါရမီက ကျောက်မဟာ ပြည်ထောင်၏ လူငယ်မျိုးဆက်ကို စိုးမိုးနိုင်ပေသည်။

ရီဖူရှင်းကလည်း သူနှင့် တန်ခိုးဆင့်တူဖြစ်ရာ ကျောက်ရာက ရီဖူရှင်းနှင့် လက်ရည်စမ်း လိုခဲ့၏။ သို့သော်လည်း ကျောက်ရာနှင့် တန်ခိုးအဆင့်တူ ရီဖူရှင်းက ကျောက်ရာကို သူပြောသလို တစ်ကွက်နှစ်ကွက် သင်ပြ ပေးနိုင်ပါမည်လော။

ဖီးနစ်ငှက်များ တစ်ကောင်ပြီး တစ်ကောင် ရီဖူရှင်း၏ ကြယ်တာရာ အရံအတားသို့ ဆင်းသက် လာကြသည်။ ကြယ်အလင်းက တသိမ့်သိမ့် တုန်နေကာ အချိန်မရွေး ပြိုကျတော့မည်ကဲ့သို့ မြင်နေရသော်လည်း တည်ငြိမ်စွာပင် တားဆီးနေဆဲ ဖြစ်သည်။

“ကောင်းမွန်တဲ့ ခုခံမှုတစ်ခုပဲ…” လူအများအပြားက ချီးကျူးကြသည်။ မြေရိုင်းပြည်နယ်မှ အံ့ဖွယ်ထူးချွန်သော ပါရမီရှင်များအား ပြည်နယ်ကိုးခု ညီလာခံသို့ ခေါ်ဆောင်လာသော လူငယ် ခေါင်းဆောင်က မည်သို့ အားနည်း ပါမည်နည်း။

ကျောက်ရာက ဂရုစိုက်ဟန် မရပေ။ ကျယ်ပြန့်သော စင်မြင့်က လေထုများ ပိုမိုရုန့်ရင်း ကြမ်းတမ်းလာသည်။ များစွာသော ဖီးနစ်ငှက်များ ကျောက်ရာ၏ နောက်၌ ဖြစ်ပေါ်လာနေကာ လေထဲ ကခုန်ကြ၏။ မကြာမီ ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ပိုမိုကြီးမားသော ဖီးနစ်ကြီး ပေါ်လာကာ ကျောက်ရာအား ဗဟိုထား၍ တစ်ကိုယ်တည်း အဖြစ် ပြောင်းလဲသွားသည်။ ဖီးနစ်၏ မျက်လုံးများက နီရဲနေကာ ကျောက်ရာ၏ မျက်လုံးများအလား ထင်မှတ်ရသည်။ ဧရာမ တောင်ပံများက လှုပ်ယမ်း သွားသည်တွင် ရွှေအလင်းတန်းက လေဟာနယ်အာ ကွဲအက် သွားစေသည်။

ဘုန်း…

ဧရာမ ဖီးနစ်တောင်ပံက တုန်ခါသွားသည်တွင် ပိုမိုကြီးမားသော မုန်တိုင်းတစ်ခု ဖြစ်တည်လာ၏။ လေထဲတွင် ရွှေရောင် အလင်းတန်းများ ဖြစ်ပေါ်လာပြီး လေဟာနယ်ကို ဖြတ်တောက်ကာ ရီဖူရှင်းထံကို ကျဆင်းလာသည်။

အားလုံး၏ စိတ်နှလုံးများ တုန်ခါသွားကြသည်။ ဘယ်လောက် ကြောက်စရာ ကောင်းလိုက်တဲ့ တိုက်ခိုက်မှုလဲ။ ရီဖူရှင်းကား မုန်တိုင်းအလယ်ကို ရောက်သွားကာ အချိန်တစ်ခုကြာလျှင် ထိုမုန်တိုင်းထဲ၌ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွား နိုင်ပေသည်။

ရီဖူရှင်းက ဖီးနစ်တစ်ဖြစ်လဲ ကျောက်ရာ၏ မျက်လုံးများကို ကြည့်သည်။

ထိုအခိုက်တွင် မမြင်ရသော စွမ်းအင်တစ်ခုက စင်မြင့်ထက်ကို ပျံ့လွင့်လာ၏။ မုန်တိုင်းထဲမှ ဧရာမဖီးနစ်ကြီးက အောက်ကို ကျဆင်းလာသည်တွင် လေဟာနယ်ကို တုန်ယင်သွားသည်။ သို့သော် ထိုအခိုက်တွင်ပင် လေဟာနယ်က အေးခဲသွား၏။

“ကောင်းကင် အေးခဲခြင်း…” ရီဖူရှင်းက စကားလုံးအချို့ ရေရွတ်လိုက်သည်။ သူ့အနီးမှ ကြောက်မက်ဖွယ် ဖီးနစ်ငှက်များ အားလုံး အေးခဲသွားကြ၏။ သို့သော်လည်း ဧရာမဖီးနစ်ကြီးမူကား သူ့ထံကို ဆင်းသက်လာဆဲ ဖြစ်သည်။ သည်တိုက်ပွဲကား လောကဓာတ်တို့၏တိုက်ပွဲ ဖြစ်ပေသည်။

အာကာသဓာတ်က ပြိုင်ဘက်ကင်း မဟုတ်ပေ။

သို့သော်လည်း ကျောက်ရာ တစ်ဖြစ်လဲ ဖီးနစ်၏ အမြန်နှုန်းကား ကြီးစွာ နှေးကွေး သွားခဲ့သည်။

“အာကာသလောကဓာတ်…” လူအများ၏ မျက်လုံးများက အရောင်လက် သွားကြသည်။ ရီဖူရှင်းကလည်း အာကာသဓာတ်ကို နားလည်ထားသည်။ သို့သော်လည်း ရာရာနှင့် ကွဲပြား ခြားနားသည်။ ရာရာက အာကာသ ထိန်းချုပ်စွမ်းရည် ဖြစ်ကာ ရီဖူရှင်းက အာကာသအေးခဲခြင်း ပညာဖြစ်သည်။ သို့သော်လည်း အခြေခံဓာတ်မူကား တူညီ၏။

မရေမတွက်နိုင်သော မျက်လုံးများက တိုက်ပွဲကွင်းပြင်ကို ကြည့်နေကြသည်။ ရီဖူရှင်းက ရှေ့ကို တက်သွားသည်တွင် အလင်းတန်း အဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ကို ဖြတ်သန်းလျက် ဖီးနစ်၏ရှေ့ကို ရောက်သွားသည်ကို မြင်ကြရသည်။ ကျောက်ရာရှေ့ကို ရောက်သည်တွင် ရီဖူရှင်းက လက်ဝါးဖြင့် တစ်ချက် ရိုက်လိုက်သည်။ လက်ဝါးက ဥက္ကာခဲအလားပင် ဖီးနစ် ခန္ဓာကိုယ်ပေါ်ကို ကျဆင်း လာခဲ့သည်။

ဘုန်း…

ညည်းသံ တစ်ချက်နှင့်အတူ ဧရာမ ဖီးနစ်ပုံရိပ်ကား နောက်ကို လွင့်စဉ်သွားကာ စင်မြင့်ထက်ကို ကျဆင်းသည်။

“ဒီလိုစွမ်းအား…” လူအများအပြား၏ စိတ်နှလုံးများ ကြီးစွာ တုန်ယင်သွားသည်။

“ကြယ်တာရာ လောကဓာတ်နဲ့ ပေါင်းစပ်ထားတာ…” တစ်ယောက်က မှတ်ချက်ချသည်။ ရီဖူရှင်း၏လက်ဝါးက ရိုးရှင်းဟန် ရသော်လည်း သူ၏လက်ဝါး တစ်ချက်ကပင် ကြယ်တာရာ တစ်စင်းအလား ပြင်းထန် အားကောင်းပေသည်။ ဖီးနစ်က ကြီးမားသည့်တိုင် ထိုလက်ဝါး ရိုက်ချက်အား ခံနိုင်ရည် မရှိခဲ့ပေ။

လက်ဝါးတစ်ချက်က ကျောက်ရာအား လွင့်စဉ်စေသည်။

ထိုမြင်ကွင်းကို ကြည့်ကာ အားလုံးက တိတ်ဆိတ် သွားကြသည်။ အားလုံးက လေထဲတွင် ရပ်နေသော အဖြူရောင်ဝတ် လူငယ်ကို ကြည့်နေကြသည်။ အလွန်တရာမှ အားကောင်းလွန်း ပေ၏။

ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ မျက်လုံးများက အေးစက်နေသည်။

ရီဖူရှင်းကား လေထဲတွင်ပင် ငြိမ်သက်စွာ ရပ်ရင်းက ကျောက်ရာကို လေထဲမှ ကြည့်ကာ ပြောသည်… “ခိုင်မြဲမှုမရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက အသုံးမဝင်တဲ့ နည်းစနစ်တွေပဲ… နောက်ခါ ဒီလို နည်းစနစ်မျိုးနဲ့ တိုက်ခိုက်တာကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်တယ်...”

“ဘာ...” အားလုံးက ဆွံ့အ သွားကြသည်။ ရီဖူရှင်းက အမှန်ပင် ကျောက်ရာကို သင်ကြား ပေးနေသည်လား။

ကျောက်ရာ၏ မျက်နှာက နက်မှောင် သွားသည်။ သူတို့ နှစ်ယောက်လုံးက တန်ခိုး အဆင့်တူဖြစ်ရာ ရီဖူရှင်းက ထိုသို့ပြောသည်တွင် သူ့အား စော်ကားခြင်းနှင့် အတူတူဖြစ်သည်။

မင်းရဲ့ သင်ကြားပေးမှုကို ငါဘယ်တုန်းက လိုလို့လဲ… ရီဖူရှင်း…။

ဖီးနစ်အော်သံ တစ်သံနှင့်အတူ ကျောက်ရာက လေထဲကို ခုန်တက် သွားသည်တွင် သူ့ခန္ဓာကိုယ်က အလွန်တရာ လင်းလက်လာသည်။ မကြာမီ အဆုံးအစမဲ့သော မီးလျှံများ ထတောက်လာကာ ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းက အရာအားလုံးကို လောင်ကျွမ်းတော့မည့် အလား ဖြစ်ပေါ်လာ၏။ ထို့နောက်တွင် ကျောက်ရာက ကြီးမားသော စွမ်းအင်များအား စုစည်းကာ ရီဖူရှင်းထံသို့ ဆင်းသက် လာသည်။

ရီဖူရှင်းက လေထဲတွင်ပင် ရပ်ကာ ကျောက်ရာ ဆင်းသက်လာသည်ကို ကြည့်သည်။ လေထဲတွင် လျှပ်စီးများ တဖျတ်ဖျတ် လက်လာသည်။ ထိုအခိုက်တွင် လျှပ်စီးတန်းက လေထဲတွင် ပေါ်လာကာ ကျောက်ရာထံကို တိုးဝင်သွား၏။

ကျောက်ရာက မြန်ဆန်စွာ အောက်ကို ကျဆင်း လာသော်လည်း ကောင်းကင်အေးခဲ ဓာတ်က တစ်ဖန် ဖြစ်ပေါ်လာသည်တွင် သူကား ထပ်မံ၍ နှေးကွေး သွားပြန်၏။

လေထဲမှ လျှပ်စီးတန်းက ဧရာမ ဖီးနစ်ငှက် ကိုယ်ထည်သို့ ရောက်လာကာ ရစ်ပတ် သွားသည်။ ထို့နောက်တွင် မရေမတွက်နိုင်သော နွယ်ပင်များက ကျောက်ရာအား ရစ်ပတ်သွား၏။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးအားက ဖီးနစ် ခန္ဓာကိုယ်ထဲကို ဝင်လာကာ ပြင်းထန်စွာ တုန်ယင်စေသည်။

ရီဖူရှင်းက လက်ဆန့်တန်း သည်တွင် ခရမ်းရောင် ကျာပွတ်တစ်ချောင်း ပေါ်လာပြီး ဖီးနစ်၏ခေါင်းကို ရိုက်လိုက်သည်။

ကျာပွတ်က လျှပ်စီး အက်ကွဲသံများ ပေးကာ ဖီးနစ်ငှက်၏ ခေါင်းကို ကျဆင်း လာသည်တွင် ဧရာမဖီးနစ်ငှက်က ပြင်းထန်စွာ တုန်ခါ၏။ သူ၏စိတ်ဝိညာဉ်က ပြင်းထန်စွာ ထိခိုက် နာကျင်ရသည်မှာ သေချာသည်။

“တိုက်ခိုက်မှုတွေက အမြင် တစ်ခုတည်းမှာပဲ ရှိနေပြီးတော့ အားပျော့တယ်…” ရီဖူရှင်းက ရပ်ကာ သူ၏ပြိုင်ဘက်ကို သင်ပေးသည်။

ကျောက်ရာ၏ မျက်လုံးများက အလွန်အမင်း အေးစက်လာ၏။ သူ၏ ဖီးနစ်ခန္ဓာက ပိုမိုသော မီးတောက်များ လောင်ကျွမ်း လာဟန်ရကာ အဆုံးအစမဲ့သော ဧရာမဖီးနစ်ကြီး အဖြစ် အသွင်ပြောင်း သွားပြီး နွယ်ပင်များအား ကြေပျက်စေသည်။

ပရိသတ်များက ထိုမြင်ကွင်းကို ကြည့်ကာ မှက်တက် နေကြသည်။ သူကား ကျောက်ရာကို နွယ်ပင်များဖြင့် နှောင်ဖွဲ့ ထားနိုင်သည်။ ကျောက်ရာက အားနည်းသောကြောင့် ပေလော။

နောက်ထပ် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် သူတို့ရှေ့တွင် ရပ်နေသည်ကို ရိပ်မိလိုက်ကြသည်။ မြေရိုင်းပြည်နယ်မှ လူငယ်ခေါင်းဆောင်ကား သူတို့ ထင်မှတ် ထားသည်ထက် အားကောင်း ပေသည်။

ယူချင်း၊ ရီဝူချင်း၊ စုချွဲနှင့် တခြားလူများက မြေရိုင်းပြည်နယ်၏ တပည့်များ ဖြစ်နေကြချိန်တွင် ရီဖူရှင်းကား တော်ဝင်ကျဲ နန်းတော်၏ ခေါင်းဆောင်ဖြစ်သည်။ သူ့အား သိပ်ထူးခြားမည့်လူ မဟုတ်ဟု အားလုံးက ယူဆခဲ့ကြ၏။ တခြား တော်ဝင်မြေများကပင် သူ၏နန်းတော်မှ တပည့်များအား လုယက်လိုခဲ့ကြသည်။ ယူချင်းနှင့်စုချွဲတို့က ကမ်းလှမ်းမှုများအား ငြင်းပယ်ခဲ့ကြသည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ ဆက်ခံသူအဖြစ် လူသိများသော ကျောက်ရာပင် ရီဖူရှင်းရှေ့တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သည်။ လက်ရည်ကား အလွန်အမင်း ကွာဟသည်။

ကျောက်ရာ ဖန်တီးသော ဧရာမဖီးနစ်ကြီးကား ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ နတ်မီးလျှံများက ကျောက်ရာ၏ မျက်လုံးများမှ တောက်ပနေကာ ရီဖူရှင်း၏ မျက်လုံးကို ပစ်မှတ်ထားသည်။ ကေင်းကင်က လောင်ကျွမ်းကာ ဖီးနစ်ပုံရိပ်များက ဆက်လက် ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်း သွားစေသည်။

“ကျောက်မဟာ ပြည်ထောင်ရဲ့ နာမည်ကျော် ရွှေဖီးနစ်ပညာရပ်ပဲ… ကျောက်ရာက ရီဖူရှင်းကို အနိုင်ယူဖို့ ရှိသမျှ စွမ်းရည်တွေကို ထုတ်သုံးပြီ...” လူအများအပြားက စိတ်လှုပ်ရှားစွာ ပြောကြသည်။ မြင်ကွင်းက လင်းလက် လွန်း၏။ ဖီးနစ်ပုံရိပ်များက ရီဖူရှင်းထံကို တိုက်ရိုက် ဆင်းသက် လာကြသည်။ သူ၏မျက်လုံးမှ နတ်မီးလျှံများ ထွက်လာကာ ရီဖူရှင်းထံကို တိုးဝင်သွားသည်။

ကျောက်ရာကား ဤသို့သော အရှက်ရဖွယ် ရှုံးနိမ့်မှုကို လက်မခံနိုင်ပေ။ သူကား တော်ဝင် ပြည်ထောင်၏ မင်းသားတစ်ပါး ဖြစ်ကာ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ ဆက်ခံသူလည်း ဖြစ်၏။ ဤသို့သော အရှုံးက သူ့အတွက် ကြီးမားသော အရှက်ရဖွယ်ကိစ္စ ဖြစ်သည်။

ရီဖူရှင်းက ကျောက်ရာကို ကြည့်သည်။ သူ၏မျက်လုံးက အလွန် ညို့မှိုင်းသွားပြီး ကျောက်ရာ၏ မျက်လုံးနှင့် ရင်ဆိုင်သည်။ ရီဖူရှင်း၏ မျက်လုံးများက ချောက်နက်ကြီးထဲမှ လေပွေအလားပင် နတ်မီးလျှံများကို ဝါးမျိုသွားသည်။

ထိုအခိုက်တွင် ကျောက်ရာက မှော်မျက်လုံး ကမ္ဘာထဲကို ကျဆင်း သွားသည်ကို သိလိုက်သည်။ သူက ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအားမုန်တိုင်း တစ်ခု သူ့ထံကို ရိုက်ခတ်လာသည်ဟု ခံစားလိုက်ရကာ ထူးဆန်းသော ကမ္ဘာထဲ၌ ရီဖူရှင်း၏ ပုံရိပ်ပေါ်လာသ်။ ကြောက်မက်ဖွယ် ခရမ်းရောင်လျှပ်စီးက သူထံကို ရိုက်နှက်လာသည်။ ထိုအခိုက်တွင်ပင် သူ၏ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာတော့သည်။

“မင်းက ရှီအဆင့်တက်တာ မကြာသေးတော့ စိတ်က သင့်တော်တဲ့ အနေအထားကို မရောက်သေးဘူး… ပါရမီက ကောင်းတယ်... ရင့်ကျက်တဲ့ အတွေးအခေါ်တွေ မရှိသေးဘူး… ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီးတော့ တစ်ဖက်သားအပေါ် မောက်မာ ဝင့်ကြွားတယ်… မင်းက ဒီထက် လေ့ကျင့်ဖို့ လိုသေးတယ်…” ရီဖူရှင်းက ပြောသည်။ ထိုစကားပြီးသည်တွင် ရီဖူရှင်းက ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဖီးနစ်ကြီး၏ ခေါင်းထက်ကို ရောက်လာကာ သူ၏လက်ညှိုးဖြင့် ထိုးနှက်လိုက်သည်။

လက်ညှိုးက ခေါင်းကို ထွင်းဖောက်ကာ ကျောက်ရာထံကို ဝင်လာသည်။ ထိုအခိုက်တွင် ကျောက်ရာက သူ၏ဦးခေါင်း ပေါက်ကွဲ ထွက်လုမတတ် ခံစားချက်ကို ရသည်။ သူက နာကျင်စွာ တစ်ချက် အော်ဟစ်လိုက်ကာ ကောင်းကင်ထက်မှ အောက်ကို ကျဆင်းသည်။ ဖီးနစ်ငှက်က ပျောက်ကွယ်သွားပြီး သူက ခေါင်းကိုကိုင်ကာ ဒူးထောက်ကျ၏။ ပြင်းထန်စွာ နာကျင်မှုဒဏ်ကို အဆက်မပြတ် ခံစားနေရသည့် အလျောက် ခန္ဓာကလည်း တဆတ်ဆတ် တုန်ယင်နေသည်။

“တော်လောက်ပြီ…” အေးစက်သော အသံတစ်ခုအား ကြားရသည်။ ကျောက်မဟာ ပြည်ထောင်ဘုရင် မင်းမြတ်၏အသံက သူ၏ခေါင်းထဲကို တိုးဝင်သွားသည့် အခါတွင်မှ ကျောက်ရာက တည်ငြိမ်သွားသည်။ သူ၏မျက်နှာ ပြာနှမ်းနေကာ တစ်ကိုယ်လုံး​ ချွေးစေးများ ပြန်နေသည်။

ကျောက်ရာက လက်သီး တင်းတင်းဆုပ်ကာ လေထဲမှ ရီဖူရှင်းကို ကြည့်သည်။ သူ့တွင် ယခင်က ရှိသော မာနနှင့် သိက္ခာတရားများကား တစ်စစီ ကြေပျက်သွားပြီ ဖြစ်သည်။

လူအများအပြားက ကျောက်ရာကို ကရုဏာသက်စွာ ကြည့်ကြသည်။

ထို့နောက် သူတို့က ကွဲပြားခြားနားသော အမြင်ဖြင့် ရီဖူရှင်းကို ကြည့်ကြ၏။ မြေရိုင်းပြည်နယ်၏ နန်းတော်သခင်ငယ်ကား အလွန် ကြောက်မက်ဖွယ် ကောင်းပေသည်။

သည်နေ့တိုက်ပွဲက သူ့တစ်ဘဝစွာ အမှတ်တရ ဖြစ်ပေလိမ့်မည်။ ကျောက်ရာ၏ အိပ်မက်ဆိုးဟု ပြောပါက ပို၍ ​မှန်ပေမည်။

“နောက်ကို မင်းရဲ့စိတ်နဲ့နှလုံးကို တည်ငြိမ်အောင် လုပ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာလေး နည်းနည်းလျှော့…” ရီဖူရှင်းက ကျောက်ရာကို နောက်ဆုံး တစ်ခွန်းပြောကာ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ် ဘက်ကို လှည့်ပြောသည်… “ကျုပ်က အခွင့်ကျော်လွန်ပြီး ကျောက်ရာကို တစ်ခုနှစ်ခု သင်ပေးမိပါတယ်… ဒီအတွက် ဘုရင်မင်းမြတ်က ခွင့်လွှတ်ပေးပါ…”

ထို့နောက် ရီဖူရှင်က သူ၏နေရာကို ပြန်သွားပြီး ထိုင်ချလိုက်သည်။

***

All Chapters