သင်္ချိုင်းကုန်းကျေးရွာ
Vol. 009 Ch. 801
ပြည်နယ်ကိုးခုမှ လူများ၏ မျက်လုံးများက မြေရိုင်းပြည်နယ်၏ လူငယ်ခေါင်းဆောင် ဖြစ်သော ရီဖူရှင်းထံကို ရောက်လာကြသည်။ ယခုတွင် သူက အမှန်တကယ် မြေရိုင်းပြည်နယ်၏ ခေါင်းဆောင် ဖြစ်သည်ဟု အားလုံးက ခံစားကြရသည်။ သူက ငယ်ရွယ်သေးသော်လည်း သူထုတ်ဖော် ပြသသော ဟိတ်ဟန်နှင့် အရှိန်အဝါက ခေါင်းဆောင်ရှန့်ထို တစ်ပါးနှင့် မခြားတော့။
ရီဖူရှင်းအပေါ် ကျောက်ရာ၏ တုပယှဉ်ပြိုင်လိုမှုက ကျောက်ခဲကို ကြက်ဥဖြင့် ပေါက်သည်နှင့် မခြားနားတော့ပေ။
ထိုမျှ ကြီးမာသော ကွာဟမှုတွင် ကျောက်ရာက မည်သို့ အန်တုနိုင်အံ့နည်း။
နှိမ့်ချခြင်း၊ သိုသိပ်ခြင်း၊ ယဉ်ကျေးခြင်းများ၏ အခြားတစ်ဖက်တွင် ရီဖူရှင်းသည်လည်း မောက်မာ ဝင့်ကြွားပေသည်။ တကယ့် ရီဖူရှင်းက မည်သို့ စိတ်နေသဘောထား ရှိသနည်း။
“သူ့သိုင်းပညာကလည်း အရမ်းကောင်းနေတာ မထင်မှတ် ထားစရာပဲ…” စစ်တုရင်ရှန့်ထို၏ နဝမတပည့်က ချီးကျူး၏။ သူက ရီဖူရှင်းကို စစ်တုရင်ကျေးရွာ၌ အနီးကပ် မြင်တွေ့ခွင့် ရခဲ့သည်။ ရီဖူရှင်းကား အံ့ဖွယ်ကောင်းသော ထိုးထွင်း နားလည်နိုင်စွမ်း၊ ခိုင်မာသော ဇွဲသတ္တိတို့ကို ပိုင်ဆိုင်၏။ သို့သော်လည်း ယနေ့တွင် ရီဖူရှင်း၏ တခြားတစ်ဖက်ခြမ်းကို မြင်တွေ့ခွင့် ရခဲ့သည်။ သူကား တော်ဝင်မြေ၏ အကြီးအမှူး ဖြစ်၏။ သူက အတွေ့အကြုံ နည်းသည့်တိုင် တောက်ပသော အနာဂတ် ရှိသည်။
စစ်တုရင် ရှန့်ထို၏ တပည့်များ အားလုံးမှာ အံ့အားသင့်သော အမူအရာများ ဖြစ်နေကြသည်။ ရန်ရှောင်ကပင် လီခိုင်ရှင်းအား တစ်ချက် လှမ်းကြည့်၏။ သူ့ဆရာ၏ ရွေးချယ်မှုက မည်မျှ တိကျသည်ကို သူမသိသော်လည်း သူ့ညီလီခိုင်ရှင်း၏ အနည်းငယ်မျှသော ဘက်လိုက်မှုကြောင့် မဟုတ်လျှင် လျူကျောင်းက စစ်တုရင် ကစားကွက်ကို ဖျက်နိုင်လိမ့်မည် မဟုတ်ခဲ့။ လျူကျောင်းက ကစားကွက်ကို မဖြေရှင်းနိုင်ခဲ့ပါလျှင် သူ၏ဆရာကလည်း လျူကျောင်းကို ရွေးချယ်ဖြစ်မည် မဟုတ်ပေ။ ယခုကား ထိုအရာများက အရေးမကြီးတော့ပေ။ လက်ရှိတွင် သူတို့၏ဆရာကို အချုပ်အနှောင်မှ လွတ်မြောက်အောင် ကြိုးစားရန် အရေးကြီးပေသည်။
“သူက တကယ်ပဲ အားကောင်းတယ်… ကျုပ်ရဲ့ အကဲဖြတ် စွမ်းရည်က မလွဲဘူး…” လျူကျောင်းက ပြုံးသည်။ သူက ရီဖူရှင်းအား သူ့လက်အောက်သို့ မသွတ်သွင်းနိုင်ခဲ့ခြင်း အပေါ်အားမလိုအားမရ ဖြစ်မိ၏။
ဤနေ့တွင် မြေရိုင်းပြည်နယ်က လူအများ၏ စိတ်ဝင်စားမှုကို စုပြုံရရှိခဲ့သည်။ ဤမတိုင်ခင် ရီဖူရှင်းအပေါ် အထင်သေးသူများ အားလုံး တိတ်ဆိတ် သွားကြရသည်။
ရီဖူရှင်းက သူ၏နေရာတွင် ထိုင်လိုက်ကာ ပြောသည်… “ဒီနေ့ ရောက်လာသူတွေထဲက ဘယ်သူမဆို တန်ခိုးအဆင့်တူ အတွင်းဆိုရင် ကျုပ်က လက်ခံပြီး သင်ကြားပေးဖို့ အသင့်ပဲ…”
အားလုံးက သူ့ကို ကြည့်ကြသည်။ ကျောက်ရာကား ဥပမာ ဖြစ်သည်။ ပြည်နယ်ကိုးခုမှ ပါရမီရှင် အများအပြားက ကျောက်ရာထက် အားနည်းသည်ဟု မထင်ကြသော်လည်း ရီဖူရှင်းက ကျောက်ရာကို သည်အတိုင်း အနိုင်ယူခဲ့သည် မဟုတ်ပဲ။ တိုက်ပွဲကား တစ်ဖက်သတ်ဆန်လွန်း၏။ ကျောက်ရာ အတွက်မူကား အရှက်ရဖွယ် တိုက်ပွဲဖြစ်ကာ မည်သူက ဤသို့သော အခြေအနေအတွက် သွားရောက် စိန်ခေါ်လိုကြမည်နည်း။
“ဘယ်သူတွေ စမ်းကြည့်ချင်သေးလဲ…” ရှီဟွာတောင်ရှန့်ထိုက မေးသည်။ အားလုံးက တိတ်ဆိတ်နေသည်။ တော်ဝင်အလင်း နန်းတော်မှ လူများပင် တစ်ခွန်းမှ မဟကြပေ။
အာကာသဓာတ်အပြင် ရီဖူရှင်း၏ တခြား အဆင့်မြင့် လောကဓာတ်များ အောက်တွင် အလင်းဓာတ်ပင် အားနည်းရသည်။ သူ့အား တန်ခိုးအဆင့်တူအတွင်း အနိုင်ယူရန်မှာ ခက်ခဲပေမည်။
ကောင်းကင်ရှန့်ထိုက ရီဖူရှင်းကို ပြုံးလျက်ကြည့်သည်… “မြေရိုင်းပြည်နယ်က မကြာခင် အားကောင်း လာတော့မှာပဲ … ကျုပ်ကလည်း အာကာသဓာတ်ကို လေ့ကျင့်တယ် … တကယ်လို့ အခွင့်အရေး ကြုံလာခဲ့ရင် အကြံညဏ်တွေ တောင်းလို့ရတယ်… ကောင်းကင်ရှန့်ထိုက ရီဖူရှင်းကို ပြုံးလျက် ပြောသည်။ သူက ရီဖူရှင်းအား တပည့်အဖြစ် လက်ခံရန်ပင် ဆန္ဒရှိသည်။ သို့သော် ယူချင်းနှင့်စုချွဲတို့ပင် ရှန့်ထို၏တပည့်များ ဖြစ်လာရန် ငြင်းပယ်ခဲ့ကြရာ တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်သူ ရီဖူရှင်းက သည့်ထက် ပိုမို၍ မသင့်တော်ပေ။
“ကျွန်တော် မှတ်သား ထားပါ့မယ်…” ရီဖူရှင်းကလည်း ပြုံးလျက် ခေါင်းညိတ်သည်။
ကောင်းကင်ရှန့်ထိုက ရီဖူရှင်းအပေါ်၌ ကောင်းမွန်သော သဘောထားများ ရှိသည်ကို ပြည်နယ် ကိုးခုလုံးမှ လူများက မြင်ကြရသည်။
ကျိရှမ်းကမ်းပါးဘက်တွင် ခွန်ယို၏အကြည့်က တင်းမာ ခက်ထန်နေသည်။ အတိတ်တွင် ကျိရှမ်းကမ်းပါးက မြေရိုင်းပြည်နယ်ကို တစ်ခါမှ တန်းတူသည်ဟု မသတ်မှတ်ခဲ့ပေ။ ယခု မြေရိုင်းပြည်နယ်၏ တော်ဝင်ကျဲ နန်းတော်ကား ရီဖူရှင်း၏ ဦးဆောင်မှု အောက်တွင် ကြီးမားသော အလားအလာများအား မြင်လာရ၏။
ရှီဟွာတောင် ရှန့်ထိုက ပြုံးသည်။ သူက အားလုံးကို ကြည့်ကာ ပြောသည်... “ဒီတစ်ခေါက် ပြည်နယ်ကိုးခု ညီလာခံမှာ မြေရိုင်းပြည်နယ်ရဲ့ အရည်အချင်းကို တွေ့မြင်ကြရပြီ ... နောင်အနာဂတ်မှာ မြေရိုင်းပြည်နယ်က သေချာပေါက် အင်အား ကြီးလာမှာပဲ… အခု ပြည်နယ်ညီလာခံလည်းပြီးပြီ... တကယ်လို့ တခြားတော်ဝင်မြေတွေက ရှီဟွာတောင်မှာ ဆက်ပြီး စတည်းချ တည်းခိုလိုတယ်ဆိုရင် ကျုပ်တို့က ကောင်းကောင်း ဧည့်ခံပါ့မယ်…”
“မလိုအပ်ဘူး … အခု အားလုံးပြီးပြီဆိုတော့ ကျုပ်တို့လည်း အိမ်ပြန်သင့်ပြီ…” ရှားကလန် အကြီးအကဲ တစ်ယောက်က ပြောသည်။
“ကျောက်မဟာ ပြည်ထောင်မှာလည်း တခြား ကိစ္စတွေရှိလို့ ပြန်တော့မယ်...” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ပြောသည်။ သည်နှစ်ညီလာခံတွင် ကျောက်မဟာ ပြည်ထောင်က အဆုံးစွန်သော အရှက်ကွဲမှုများကို ကြုံခဲ့ရ၏။ သူကား သည်နေရာတွင် သည့်ထက် ထပ်မနေလိုတော့။
“ဒီလိုဆိုရင်လည်း ကျုပ်က ခင်ဗျားတို့ကို အတင်း ဆွဲမထားတော့ပါဘူး… ဒီမှာ ကျန်နေခဲ့ချင်သူတွေ ကိုတော့ ကျုပ်က ကောင်းကောင်း ဧည့်ခံပါ့မယ်…” ရှီဟွာတောင် ရှန့်ထိုက ပြုံးလျက် ပြောသည်တွင် ပြည်နယ်ကိုးခုမှ လူများအားလုံးက စတင် ထွက်ခွာရန် ပြင်ဆင်ကြ၏။
ဧည့်ကြည့်စင်နောက်မှ ပရိသတ်ထုကြီး တစ်ခုလုံးက ဝမ်းနည်းသလို ခံစားကြရသည်။ အားလုံး ပြီးသွားပြီလား။ ပြည်နယ်ကိုးခု ညီလာခံက သူတို့အားလုံးကို အံ့မခန်း ခံစားချက်များကို ပေးစွမ်းခဲ့သည်။
“နှုတ်ဆက်ပါတယ်... ကျုပ်တို့ အတူပြန်ကြမလား... ” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က မှန်နန်းတော် သခင်မဘက်ကို လှည့်ကာ ပြောသည်။
“ဘုရင်မင်းမြတ်က ပြန်တော့မယ် ဆိုရင်လည်း ကိုယ့်ဘာသာ ပြန်ပါ…” မှန်နန်းတော် သခင်မက ခေါင်းယမ်းသည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က သူမအား အမြဲတမ်း စိတ်ဝင်စားသည်ကို သိသည်။ သို့သော် ထိုအရာက မဖြစ်နိုင်ပေ။
“ကောင်းပြီ … ကျုပ်က အားလပ်တဲ့ အချိန်ကျရင် မှန်နန်းတော်ကို လာပြီး လည်ပတ်ပါ့မယ်…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က လက်ဝှေ့ယမ်းကာ ပြောပြီး ကျောက်မဟာ ပြည်ထောင်မှ လူများနှင့်အတူ စတင် ထွက်ခွာကြသည်။
တခြား တော်ဝင်မြေများကလည်း နှုတ်ဆက်ကာ နယ်ရပ်ကို ပြန်ကြသည်။
ထိုစဉ်မှာပင် လျူကျောင်းက လူအုပ်ထဲကို ကြည့်လိုက်ပြီး သူ၏အကြည့်က ရာရာထံကို ရောက်လာသည်။ သူက ရှီဟွာတောင် ရှန့်ထိုထံကို လျှောက်သွားကာ တစ်စုံတစ်ခုအား တီးတိုး ပြော၏။ ရှီဟွာတောင် ရှန့်ထို၏မျက်လုံးများက အရောင်တစ်ချက် လက်သွားကာ ရာရာကို လှမ်းကြည့်၏။
ယခု ရာရာက ကျေးရွာခေါင်းဆောင် အဘိုးအို၏ ဘေးနားကို ရောက်နေပြီ ဖြစ်ကာ အဘိုးအိုက လူအုပ်ကြားထဲ တိုးကာ ဝှေ့ကာဖြင့် မြေရိုင်းပြည်နယ် ဘက်ကို သွားနေသည်။
အဘိုးအိုက သူတို့ဘက်ကို လှမ်းလာသည်ကို မြင်လျှင် ရီဖူရှင်းက ထရပ်ပြီး ဖြစ်သည်။ အဘိုးအို၏ မျက်လုံးများက ရီဖူရှင်းနှင့် ယူချင်းတို့ထံသို့ ရောက်လာ၏။ သူက ပြည်နယ်ကိုးခု ညီလာခံတွင် ရာရာအား အနိုင်ယူနိုင်မည့်သူအား လာရောက် ရှာဖွေကာ ယူချင်းအား တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူတွေ့လိုသော သူကလည်း ယူချင်းဖြစ်၏။
သို့သော် ကျောက်ရာ၏ စိန်ခေါ်မှုတွင် သူက ရီဖူရှင်း၏ စွမ်းရည်များအား မြင်တွေ့ခဲ့သည်။ နန်းတော် သခင်ငယ်လေးက သူ၏စွမ်းရည် အကုန်အစင်ကို ထုတ်သုံးခြင်း မပြုခဲ့သော်လည်း သူ၏ စွမ်းရည်များက မသေးကြောင်း သိနိုင်သည်။
ဤသို့ဆိုလျှင် ယူချင်းလား … ရီဖူရှင်းလား....။
အဘိုးအို၏ဘေးမှ ရာရာက ယူချင်းအား ဒေါသတကြီး ကြည့်နေသည်။ သူမက ရှုံးနိမ့်ခဲ့ခြင်းအပေါ် ကျေနပ်သေးဟန် မတူပေ။
ယူချင်းက သူမကို ပြန်ကြည့်သည်… “ဘာလဲ…”
“ရှင် သတိထားနေ…” သူမက ယူချင်းကို ပြောသည်။
ယူချင်းကား ဆွံ့အရသည်။ သည်မိန်းကလေးကား ရူးသွပ်လွန်းပေသည်။
ရီဖူရှင်းကလည်း မှင်တက် သွားသည်။ သည်မိန်းကလေးက ခုထိ မကျေနပ်သေးသည်လား။
“ရှင်က ဘာကို ကြည့်တာလဲ…” သူမက ရီဖူရှင်းကို ခါးထောက်ကာ ကြည့်သည်။
ရီဖူရှင်းက မျက်လုံး ပြူးသွားကာ ပြုံးလျက်ပင် သူမထံသို့ လျှောက်သွားပြီး လက်ဆန့်တန်း လိုက်သည်။ ရာရာက သူ၏လက်ကို ကြည့်သည်တွင် လက်က သူမ၏ခေါင်းထက်ကို ရောက်လာသည်။ သူမ၏ ခန္ဓာကိုယ်က ရုတ်ခြည်းပင် အားကောင်းသော ဓားအရောင်အဝါများ ဖြစ်ပေါ်လာသည်။
မမြင်ရသော အားလှိုင်းက ရာရာကို သက်ဆင်းလာကာ ရီဖူရှင်း၏လက်က ရာရာ၏ခေါင်းကို ဖြည်းညင်းစွာ ရောက်လာပြီး ဆံပင်ကို ပွတ်သပ်သည်။ ပြုံးလျက်ပင် သူက ပြောသည်... “ဒီမိန်းကလေးက ဘယ်လိုလုပ် ဒေါသကြီး ရတာလဲ...”
ရာရာ၏ အကြည့်က အေးခဲသွားသည်။
“မင်းက ဘာကို ကြည့်နေတာလဲ… တစ်ခုခု ပြောချင်လို့လား…” ရီဖူရှင်းက သူမ၏နဖူးကို လက်ညှိုးဖြင့် ထောက်ကာ ပြောလိုက်သည်တွင် အလွန် အားကောင်းသော စွမ်းအားများ သူမထံမှ မွေးဖွားလာ၏။
“ရာရာ… ပြဿနာမရှာနဲ့…” အဘိုးအိုက ပြောသည်။ နောက်ဆုံးတွင် ရာရာက သူမ၏ စွမ်းအားများကို ပြန်လည် ထိန်းသိမ်း လိုက်သည်။ သို့သော်လည်း ရီဖူရှင်းကိုမူကား ဒေါသတကြီး ကြည့်နေဆဲ ဖြစ်သည်။
သည်လူ... မည်သို့ သူမ၏ခေါင်းကို ပွတ်သပ်ရဲရ သနည်း။
ထို့နောက် နဖူးကို လက်ဖြင့် တောက်သည်။
အတင့်ရဲ လွန်းပေသည်။
ရီဖူရှင်းက ပြုံးလိုက်ကာ အဘိုးအိုအား မေးသည်… “ကျွန်တော်က ဘာကူညီရမလဲ…”
“အင်း...” အဘိုးအိုက ခေါင်းညိတ်သည်… “ငါတို့ ကျေးရွာကို လာလည်ဖို့ မင်းတို့အားလုံးကို ဖိတ်ခေါ်တယ်...”
ယူချင်းနှင့် ရီဖူရှင်းတို့က အတူတူ ဆိုမှတော့ သူကလည်း အတူတူ ဖိတ်ခေါ်ရပေမည်။
“ကျေးရွာ...” ရီဖူရှင်းက အံ့အားသင့် သွားသည်… “ဘယ်နေရာမှာလဲ...”
“မင်း ရောက်တဲ့အခါ သိလိမ့်မယ်…” အဘိုးအိုက ပြောသည်။ ရီဖူရှင်းက ထူးဆန်းစွာ ကြည့်သည်။ အဘိုးအို ပြောသော ကျေးရွာက သာမန်တော့ ဟုတ်မည် မထင်။
“ကျုပ်တို့ လည်ပတ် လိုပါတယ်… အဘက ကျုပ်တို့ကို ခေါ်နိုင်ပါ့မလား…” အသံတစ်သံကို ကြားရသည်။ အားလုံးက လှမ်းကြည့်သည်တွင် လျူကျောင်း ဖြစ်နေသည်ကို တွေ့ရ၏။
လျူကျောင်းက ပြုံးလျက် ရီဖူရှင်းကို ခေါင်းတစ်ချက် ညိတ်ပြကာ အဘိုးအိုကို ကြည့်သည်။
“မင်းက ဘာလို့ ကျေးရွာကို လာချင်ရတာလဲ...” အဘိုးအိုက မေးသည်။
“တစ်ခါက လူတစ်ယောက် ခရီးတစ်ခုကို ထွက်ပြီး ထူးဆန်းတဲ့နေရာ တစ်ခုမှာ ပိတ်မိနေတယ်… အဘက ဒီအတွက် ကူညီနိုင်ပါ့မလား…”လျူကျောင်းက ထပ်ပြောသည်။
“မသွားသင့်တဲ့နေရာကို သွားပြီး ဖြစ်လာတဲ့ ပြဿနာကို ကျုပ်က မကူညီနိုင်ဘူး…” အဘိုးအိုက တုံးတိတိပြောကာ လျူကျောင်းကို ကြည့်သည်။
“အဘက သင်္ချိုင်းကုန်းကျေးရွာရဲ့ ခေါင်းဆောင် ဖြစ်မှတော့ သေချာပေါက် ကူညီနိုင်တာပေါ့…” လျူကျောင်းက ပြုံးလျက် ပြန်ပြောသည်။
***