ဓားအိမ်ထဲမှ ထွက်လာသော ကောင်းကင်ဓားမအား မည်သူယှဉ်နိုင်မည်နည်း
Vol. 73 Ch. 952
“ကောင်းကင်နတ်ဘုံ၊ တာအိုဂိုဏ်းရဲ့ ယွဲ့ထင်းကဲ၊ ကောင်းကင်နတ်အရှင်မူကို ဂါဝရပြုပါတယ်”
အနက်ရောင်ဝတ်ရုံနှင့် တာအိုရသေ့က စိတ်ဆတ်၏။ သူက အကြိမ်အနည်းငယ် ဒူးထောက်အရိုအသေပေးပြီးနောက် ဒေါကြီးမောကြီး ပြန်ထကာ မီးပုံဘေးသို့ ပြန်သွားသည်။ “ဒါပေမဲ့ မင်းက ကောင်းကင်နတ်အရှင်ဘွဲ့ ရထားတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်လေးတစ်ယောက်ပါပဲ... ငါက အဲဒီဘွဲ့ကို အရိုအသေပေးတာ ... မင်းကို အရိုအသေပေးတာ မဟုတ်ဘူး”
ချင်မူက စိတ်မကွက်ဘဲ ပြောသည်။ “ဒီတာအိုရသေ့က တော်တော် စိတ်ကြီးတာပဲ”
လော့ဝူရွှမ်မှာ မျက်မှောင်ကြုတ်သွားကာ တွေးနေသည်။ ‘ယွဲ့ထင်းကဲ၊ ယွဲ့ထင်းကဲ... တစ်နေရာရာမှာ ကြားခဲ့ဖူးသလိုပဲ’
တာအိုရသေ့ယွဲ့ထင်းကဲက မြိုရန်၊ ဆို့ရန်သာ စိတ်ဝင်စားသည်။ ချင်မူ့ကို တစ်ချက်နှစ်ချက် လှမ်းကြည့်တတ်ရုံမှအပ ဂရုမစိုက်ပေ။
ချင်မူ လက်ဝှေ့ယမ်းလိုက်သည့်အခါ စားပွဲသောက်ပွဲကြီး ပျောက်ကွယ်သွားသည်။ စားကောင်းသောက်ဖွယ်များ၊ မိန်းမလှလေးများနှင့် ဝိုင်အရက်များအားလုံးလည်း အသိစိတ်အလျဉ်အသွင်ဖြင့် ပျောက်ကွယ်ကုန်၏။
ချင်မူ လက်ခုပ်တီးလိုက်သည့်အခါ မိန်းမလှလေးများက ဘွားခနဲ လမ်းလျှောက်ထွက်လာသည်။ သူတို့သည် စားပွဲသောက်ပွဲတစ်ခုကို တည်ခင်းနေကြ၏။
“မာ ဟာ”
ရုတ်တရက် ဦးခေါင်းကြီးတစ်ခေါင်း ပေါ်လာသည်။ ၎င်းက ချင်မူ မြင်ယောင်ဖန်ဆင်းခဲ့သော နတ်နဂါးဖြစ်ပြီး စားသောက်ပွဲကြီးကို ကြည့်ကာ သွားရည်ယိုနေသည်။ အမြီးကိုလည်း တယမ်းယမ်း ခါနေသဖြင့် လေထဲတွင် အငွေ့များ တထောင်းထောင်း လာ၏။
ထင်ထားသည့်အတိုင်း ကောင်းကင်နတ်အရှင်ဟွေ့၏ အရာကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုတွင် ဤနတ်နဂါး မသေခဲ့ပေ။ ဤနေရာအထိပင် လိုက်လာနိုင်ခဲ့သေးသည်။
‘နတ်နဂါးကို ငါ မြင်ယောင်ခဲ့တုန်းက ဖက်တီးနဂါးကိုများ တွေးလိုက်မိလို့လား... ဘာလို့ ငါ မြင်ယောင်ဖန်ဆင်းထားတဲ့ နတ်နဂါးက အခုလို ပြုမူနေတာလဲ’
ချင်မူမှာ နဂါးကြောင့် စိတ်ညစ်သွား၍ တူကို ချကာ လက်ဝှေ့ယမ်းလိုက်သည်။ နတ်နဂါးမှာ အလွန်ပျော်သွားပြီး စားသောက်ပွဲအပေါ် ချက်ချင်း ခုန်တက်၍ ဝမ်းသာအားရ ကြိတ်တော့သည်။
လော့ဝူရွှမ်က တာအိုရသေ့ကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်နေသည်။ “ကောင်းကင်နတ်ဘုံ တာအိုဂိုဏ်းရဲ့ ယွဲ့ထင်းကဲ.... ဘယ်သူများပါလိမ့်”
နာမည်ကို ရင်းနှီးနေသဖြင့် အကြာကြီး စဉ်းစားနေသော်လည်း တွေးမရပေ။
ဤတာအိုရသေ့ကား ထူးဆန်း၏။ ကောင်းကင်နတ်ဘုံက သူတို့ကိုသာ မဟာလေဟာနယ်သို့ လွှတ်လိုက်ခြင်း ဖြစ်သည်။ သူတို့အပြင် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုသာ ရှိသည်။ သို့ဖြစ်ရာ ဤရသေ့သည် ဘယ်နေရာမှ ထွက်လာသနည်း။
အတိတ်တုန်းက ကောင်းကင်နတ်ဘုံမှ လွှတ်ခဲ့သော လူတစ်ယောက်ဆိုလျှင် ဤမျှအန္တရာယ်များသော နေရာတွင် မည်ကဲ့သို့ အသက်ရှင်ခဲ့သနည်း။
ရုတ်တရက် အသံတစ်သံ ထွက်လာသည်။ “ကောင်းကင်နတ်အရှင်မူဆိုတဲ့အတိုင်း.... အပူအပင်မရှိ အေးဆေးလိုက်တာ... သူ ဘယ်နေရာသွားသွား၊ မိန်းမလှလေးတွေ ဝိုင်းဝိုင်းလည်နေလို့ လူတွေ မနာလိုတောင် ဖြစ်ရသတဲ့”
ချင်မူ အသံလာရာသို့ လှမ်းကြည့်လိုက်သည့်အခါ သင်္ဘောနှင့်အတူ လိုက်ပါလာခဲ့သည့် နတ်ဘုရားတချို့အား တွေ့မြင်ရသည်။
မဟာလေဟာနယ်သို့ ခရီးစဉ်တွင် လူတစ်ဝက်ကျော် သေကြေပျက်စီးခဲ့၏။ လူအယောက် ၁၁၀ ကျော်က တကွဲတပြား လူစုကွဲသွားကြသည်။ နောက်ဆုံးမြို့မှာတုန်းကကောင်းကင်နတ်အရှင်ဟောင်၏ တပည့် ရှို့ယိုဖန်းနှင့် ပန်းချွင်ကျင့်အပါအဝင် အတော်များများ ထပ်သေခဲ့ကြသည်။
ယခုတွင် မဟာလေဟာနယ်အတွင်း၌ လူမည်မျှ ကျန်သေးကြောင်း ချင်မူ မသိပေ။
မဟာလေဟာနယ် မကောင်းဆိုးဝါးများ ပေါ်လာခြင်းမှာ ယခင်မြို့တစ်မြို့တည်းသာ မဟုတ်။ ကျန်မြို့များလည်း အလားတူသာ ဖြစ်သဖြင့် လူအနည်းစုသာ ကျန်ခဲ့လိမ့်မည်။
လော့ဝူရွှမ်က ထပ်ရပ်၍ သူတို့ဆီသို့ ကြည့်ကာ အလေးအနက် ပြောသည်။ “အားလုံးပဲ၊ ကောင်းကင်နတ်အရှင်မူရဲ့ ကောင်းမှုကုသိုလ်တွေက အနှိုင်းမဲ့ပါတယ်... သူက နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို သတ္တဝါတွေဆီ မျှဝေပေးခဲ့သူ မဟုတ်ပေလား... အခု ငါတို့အခြေအနေက သေမယ်၊ ရှင်မယ်တောင် မသေချာဘူး... အချင်းချင်း စည်းစည်းလုံးလုံးနဲ့ မဟာလေဟာနယ်ရဲ့ အန္တရာယ်တွေကို အတူတူ ရင်ဆိုင်ဖို့ လိုတယ်... အဲဒါမှ ငါတို့ ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုကို ရှာတွေ့ဖို့ မျှော်လင့်နိုင်မှာ... မင်းတို့အားလုံး ဘယ်လိုထင်ကြလဲ”
တစ်ယောက်က သူ့ကို ကြည့်၍ ခနဲ့သလို ရယ်သည်။ “ကောင်းကင်ဓားမလော့၊ ခင်ဗျားက ကောင်းကင်နတ်အရှင်မူရဲ့ ဘက်တော်သားလား”
လော့ဝူရွှမ်၏ မျက်ဝန်းအတွင်း၌ ဓားရောင်များ ကခုန်သွားပြီး သူက အေးစက်စက် နှာခေါင်းရှုံ့သည်။ “ငါ့နာမည်က ကောင်းကင်ဘုံတစ်ခွင် ကျော်ကြားတယ်... နံပါတ်တစ် ကောင်းကင်ဓားမဘွဲ့လည်း အပ်နှင်းခံထားရတဲ့ ကောင်.... ငါက ဘယ်တုန်းက မျက်နှာကြီးရာ ဟင်းဖတ်ပါဖူးလို့လဲ”
လူငယ်နောက်တစ်ယောက်သည် တဟားဟား ရယ်၏။ “ကောင်းကင်ဓားမလော့၊ ကောင်းကင်နတ်အရှင်မူက အင်အားမကြီးပါဘူး.. ဖားတာ လူမှားနေမယ်... ကျုပ်တို့ ခရီးစဉ်က နာမည်အရတော့ ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုကို တွေ့ဖို့ပဲ.... ဒါပေမဲ့ တကယ့်လက်တွေ့မှာ ကျုပ်တို့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ကောင်းကင်နတ်အရှင်မူကို သုတ်သင်ဖို့ ဖြစ်တယ်... ကောင်းကင်ဓားမလော့၊ ခင်ဗျားက ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပါ... အခု သိသင့်နေပြီ”
အမျိုးသမီးတစ်ယောက်က အေးတိအေးစက် ဝင်ပြောသည်။ “ကောင်းကင်နတ်အရှင်တွေက ကောင်းကင်နတ်အရှင်မူကို လုပ်ကြံဖို့ ရှင့်ကို အမိန့်ပေးထားတာနော်... ရှင်က ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်နေတာလား”
လော့ဝူရွှမ်မှာ တွေဝေသွားပြီး ချင်မူ့ဆီသို့ ကြည့်သည်။
ချင်မူ့ကို မိန်းမလှလေးများက တစ်ဖက်တစ်ချက်စီတွင် ဝန်းရံထား၏။ သူက လော့ဝူရွှမ်ဆီသို့ ပြောသည်။ “စိတ်အေးအေးထားပါ ကောင်းကင်ဓားမလော့ရာ.. ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် သိပြီးပါပြီ... ခင်ဗျား ကျွန်တော့်ကို တကယ် သတ်ချင်တာမဟုတ်ဘဲ ဓားမသိုင်းနဲ့ ဓားသိုင်းချင်း ပြိုင်ချင်တာလည်း သိတယ်.. ခင်ဗျားအခြေအနေကို နားလည်ပါတယ်.. စိတ်နှလုံးမိစ္ဆာကို အမြစ်ဖြတ်ဖို့ လိုတာမဟုတ်လား”
လော့ဝူရွှမ်မှာ စိတ်သက်သာရာရသွားကာ ကျန်သုံးယောက်ဆီသို့ အလေးအနက် ပြောသည်။ “ငါ မင်းကို ကယ်ခဲ့တယ်... ငါ မရှိရင် မင်းတို့တော်တော်များများ သင်္ဘောပေါ်မှာ သေနေလောက်ပြီ... ဒါကြောင့် အလဲအလှယ်အနေနဲ့ မင်းတို့ ကောင်းကင်နတ်အရှင်မူအပေါ် သဘောမကျတာတွေ၊ ညှိုးထားတာတွေ၊ မကျေနပ်တာတွေ ဘေးချိတ်ထားဖို့ မျှော်လင့်တယ်”
“ကောင်းပါပြီရှင် ကောင်းပါပြီရှင်”
ထိုအမျိုးသမီးသည် စိတ်မရှည်တော့ဟန်ဖြင့် ပြော၏။ “ကောင်းကင်ဓားမလော့၊ ကျွန်မတို့ ရှင့်မျက်နှာကို ထောက်ထားနေရင် ကောင်းကင်နတ်ဘုံဆီ ပြန်မရတော့ဘူး... ရှင့်တာဝန်က ကျွန်မတို့ကို ကာကွယ်ဖို့ ဆိုတာလည်း မမေ့နဲ့... ကျွန်မတို့ကို ကယ်ပေးရမှာလည်း ရှင့်တာဝန်ပဲ... ရှင် တာဝန်ကို လူလို မကျေလို့ ကျွန်မတို့လူအယောက်သုံးရာမှာ တစ်ရာလောက်ပဲ ကျန်တော့တာလေ... ဒါကတင် ပြစ်မှုကြီးမြောက်နေပြီ”
“ကောင်းကင်ဓားမလော့၊ ကောင်းကင်နတ်ဘုံကြောင့်သာ ခင်ဗျား ဒီနေ့ ဒီလိုနေရာအထိ ရောက်လာတာ”
လူငဘ်က ဆက်ပြောသည်။ “ဦးနှောက်လေးနဲ့တွေး.... ကျုပ်တို့ ကောင်းကင်နတ်အရှင်မူကို သတ်နိုင်အောင် ခင်ဗျားကူညီပေးရင် ပြန်ရောက်တာနဲ့ ချီးမြှောက်ခံရမှာပဲ... ခင်ဗျားရဲ့ လက်ရှိသိုင်းအဆင့်နဲ့ ခွန်အားအရဆို၊ ဝိညာဉ်အစောင့်တပ်ဖွဲ့ရဲ့ ဆရာတစ်ယောက်အနေနဲ့ပဲ မရှိသင့်တော့ဘူး... ခင်ဗျားက အချိန်မရွေး နယ်စပ်တပ်မှူးတစ်ယောက် ဖြစ်လာနိုင်တဲ့သူ... ခင်ဗျား ရာထူးမတိုးတဲ့ အကြောင်းရင်းကို တစ်ခါမှ မတွေးကြည့်ဖူးဘူးလား”
နောက်တစ်ယောက်က ရယ်သည်။ “ဘာကြောင့်လဲ သိလား... ခင်ဗျား ဘယ်သူ့ကိုမှ လိုက်မဖားဘူးလို့... ဒါက အခွင့်အရေးပဲ.. လူမှားပြီး မဖားမိစေနဲ့”
လော့ဝူရွှမ်က ရေပြင်ပမာ တည်ငြိမ်နေသည်။
ချင်မူက ထရပ်ပြီး သူ့ဘေးရှိ မိန်းကလေးများအား ဖယ်လိုက်သည်။ ထို့နောက် တပိုးတနင့် စားထားသဖြင့် ပြဲကားနေသော ဗိုက်လုံးလုံးကြီးဖြင့် နတ်နဂါးကို ပွတ်သပ်ပေးရင်း ပြော၏။ “ကောင်းကင်ဓားမလော့၊ ကျွန်တော့်အမြင်က ကျွန်တော်တို့ဓားတွေ ထပ်စမ်းစရာ မလိုတော့ဘူး ထင်တယ်”
လော့ဝူရွှမ်သည် ရဟန်းအိုကြီးတစ်ပါးကဲ့သို့ မျက်လွှာချကာ မေး၏။ “ဘာလို့ အဲဒီလိုပြောတာပါလဲ လောကသခင်ခန္ဓာချင်”
“ကျွန်တော်ကတော့ အံဝင်အောင် ကွေးမယ့်အစား အကျိုးပဲ ခံလိုက်မယ်”
ချင်မူ လက်ဝှေ့ယမ်းလိုက်သည့်အခါ စားသောက်ပွဲနှင့် မိန်းမလှများ ပျောက်ကွယ်သွားသည်။ သူတို့ အသိစိတ်အလျဉ်အဖြစ် ပြိုကွဲနေစဉ် သူက အေးအေးဆေးဆေး ပြောနေ၏။ “ကျွန်တော့်နေနဲ့ ခင်ဗျားကို လေးစားတယ်... ခင်ဗျားရဲ့ ဖြောင့်မတ်မှု၊ ရန်သူမိတ်ဆွေ ခွဲခြားတတ်မှုကိုလည်း လေးစားတယ်... ကျွန်တော့်ကို ပြန်တွေ့ဖို့ နှစ်ပေါင်းလေးသောင်းတောင် စောင့်နိုင်ခဲ့တဲ့ ခင်ဗျားရဲ့ ဇွဲလုံလကိုလည်း အထင်ကြီးမိတယ်... ဒါတောင် ခင်ဗျားက အကျိုးဆက်တွေကို ကြောက်ပြီး မဝံ့မရဲ ဖြစ်နေသေးတာ မြင်ရတော့ စိတ်မပျက်မိဘဲ မနေဘူး”
လော့ဝူရွှမ်၏မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ “ငါက ကြောက်ပြီး မဝံ့မရဲ ဖြစ်နေတယ်တဲ့လား”
“ကျွန်တော်က ကောင်ကင်နတ်အရှင်တစ်ယောက်.. ခင်ဗျားက ကျွန်တော့်ကို စိန်ခေါ်ရဲပေမယ့် အဲဒါက ကျွန်တော့်ရဲ့ အားနည်းချက်နဲ့ အသက်ငယ်သေးတာကို အထင်သေးထားလို့သာပဲ”
ချင်မူက ဆက်ပြောသည်။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်တွေရဲ့ တပည့်တွေနဲ့ ရင်ဆိုင်ရတော့ ခင်ဗျားဟာ ခေါင်းငုံ့ပြီ သူတို့ပြောသမျှ နားထောင်နေတယ်... အစော်ကားခံရတဲ့အချိန်မှာတောင် ပြန်မပြောရဲဘူး... ခင်ဗျားလို အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တဲ့လူက ကောင်းကင်ဓားမအသာထား ကျွန်တော်ဓားနဲ့တောင် မထိုက်တန်ဘူး...”
လော့ဝူရွှမ်၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားကာ ဓားမရောင်များ ပွင့်ထွက်လာတော့မည့်အထား ထင်ရ၏။
ချင်မူက ဆက်ပြောသည်။ “ကျွန်တော် မြင်ဖူးတဲ့ ဓားမနတ်ဘုရားက ကြမ်းတမ်းတယ်၊ ရဲရင့်တယ်... မကြောက်တတ်ဘူး.... ကောင်းကင်ဘုံနဲ့ အာဏာရှင်တွေကိုလည်း အာခံရဲတယ်... ရန်သူက အားကြီးလွန်းလို့ နောက်ဆုတ်တာမျိုး သူ မလုပ်ဘူး... အားနည်းသူကိုလည်း အနိုင်မကျင့်ဘူး... သူဟာ ဓားမနဲ့အတူ ကခုန်ပြီး ဘုရင့်ခေါင်းတွေကို ခုတ်ဖြတ်တယ်... အားနည်းလာတဲ့အခါ သူဟာ သိုသိုသိပ်သိပ်နဲ့ ဇာတ်မြုပ်ပြီး ဝက်ခုတ်သမားတစ်ယောက် ဖြစ်လာဖို့ပဲ ရွေးချယ်ခဲ့တယ်... အဲဒါကမှ ဓားမနတ်ဘုရားဆိုတာပဲ... ဒါပေမဲ့ ခင်ဗျားကတော့”
သူက ရယ်၍ ပြော၏။ “ခင်ဗျားက ဓားမသိုင်းကွက်တွေကို ကောင်းကောင်း လေ့ကျင့်ထားတဲ့ ဓားသမားတစ်ယောက်သက်သက်ပဲ... ကျဲ့ဟွလီထက်တောင် ဆိုးဝါးသေးတယ်.. ခင်ဗျားရင်ထဲက စိတ်နှလုံးမိစ္ဆာကို အနိုင်ယူပြီးပြီဆိုပေမယ့် ကျွန်တော့်အမြင်ရတော့ ခင်ဗျားရင်ထဲမှာ တခြားစိတ်နှလုံးမိစ္ဆာတွေ အများကြီး ရှိနေတုန်းပဲ”
လော့ဝူရွှမ်မှာ အမျက်တချောင်းချောင်း ထွက်လာပြီး သူ့အရှိန်အဝါသည် ကောင်းကင်ကို နှစ်ခြမ်းခွဲပစ်လိုက်၏။
“ချုံဧကရာဇ်လောကသခင်ခန္ဓာ၊ မင်းကများ ရာရာစစ ငါ့ကို အထင်သေးရဲတယ်ပေါ့”
လော့ဝူရွှမ် အတိုင်းထက်အလွန် ဒေါကန်နေသဖြင့် သူ၏ချီစွမ်းအင်သည် သွေးနှင့် အဆီအနှစ်တို့ဖြင့် ရောကာ သွေးရောင်ဓားအလင်းအဖြစ် အထက်ကောင်းကင်သို့ ထိုးတက်သွား၏။ ဓားမကား အနည်းငယ် ကိုက်တစ်သောင်း ရှည်ထွက်လာပြီးနောက် သူ၏သွေးအဆီအနှစ်တို့ကို စုစည်းရင်း တိုဝင်လာ၏။
တိုလာလေလေ၊ ဓားမကား မာကြောလာလေလေပင်။
“လောကသခင်ခန္ဓာချင်၊ မင်း အရင်တုန်းက မြင်ခဲ့ဖူးတဲ့ ဓားမသိုင်းကွက်က ငါ နတ်ဘုရားဖြစ်လာပြီးနောက် တီထွင်ခဲ့တဲ့ သိုင်းကွက်ပဲ.. သင်္ဘောပေါ်မှာ မင်း မြင်ခဲ့ရတဲ့တစ်ခုကတော့ ငါ ဒီနှစ်တွေထဲ တွေးခေါ်ဖန်တီးထားတဲ့ သိုင်းကွက်”
လော့ဝူရွှမ်၏ မျက်ဝန်းများ အေးစက်လာစဉ် သူ၏အဆီအနှစ်နှင့် သွေးများသည် ဓားမရှည်တစ်လက်အဖြစ် စုခဲသွား၏။ သူက တစ်ဖက်တည်းသော လက်ဖြင့် ဓားမကို ကိုင်ကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောသည်။ “လှေပေါ်က ငါက အခု ငါနဲ့ မတူတော့ဘူး.. လှေပေါ်က ဓားမသိုင်းကွက်နဲ့ အခု ဓားမသိုင်းကွက်လည်း မတူဘူး... ငါ့ရဲ့ ဓားမသိုင်းကွက်ကို မင်းဆီ ပြမယ်”
ထိုကောင်းကင်နတ်အရှင်တပည့်သုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ အမျိုးသမီးက ပြောသည်။ “ကျွန်မတို့အလုပ်က ကောင်းကင်ဓားမလော့ လုပ်ပေးရင် ကျွန်မတို့ သက်သာတာပေါ့လေ... ဒါ့အပြင် ကောင်းကင်နတ်အရှင်မူက သိပ်အားမနည်းဘူး... သူတို့ကို သတ်ဖို့က ခက်မှာ”
လူငယ်က မလှမ်းမကမ်းတွင် အချိုးမပြေသော ပုံစံနှင့် တာအိုရသေ့တစ်ယောက်ကို မြင်လိုက်ရ၍ မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ပြောသည်။ “ဒီတာအိုရသေ့က ဘယ်သူလဲ... ဘာလို့ ဒီရောက်နေတာလဲ”
သုံးယောက်သား တာအိုရသေ့ကို အကဲခတ်ရင်း တစ်နေရာတွင် တွေ့ဖူးသလို ခံစားနေရသော်လည်း မမှတ်မိပေ။
လော့ဝူရွှမ်၏ အရှိန်အဝါက အပြည့်အဝ ထွက်ပေါ်လာပြီး ဓားမစွမ်းအားသည်လည်း အလားတူပင်။ သူက ပြောသည်။ “ငါ့ကို သင်ပြပေးပါ”
ဓားမရောင် မြင့်တက်သွားသည်နှင့် သွေးရောင်က ကောင်းကင်တစ်လျှောက် လွှမ်းခြုံသွားသည်။
ကောင်းကင်နတ်အရှင်သုံးယောက်၏ တပည့်တစ်ယောက် မတုံ့ပြန်နိုင်ခင် လော့ဝူရွှမ်၏ ကောင်းကင်ဓားမကား သူ့ကို နှစ်ပိုင်းခုတ်ပစ်ပြီးချေပြီ။
ကျန်နှစ်ယောက်မှာ အံ့ဩပြီး ဒေါသထွက်သွားသည်။ သူတို့က ပြိုင်တူ ဟိန်းဟောက်၍ သူ့ဆီ ပြေးဝင်လာကြ၏။ “ခင်ဗျား ပုန်ကန်နေတာလား လော့ဝူရွှမ်”
လော့ဝူရွှမ်က မကြားချင်ယောင်ဆောင်ကာ သူ၏ကိုယ်ပိုင်ဓားမသိုင်းကွက်နှင့် ဓားမလမ်းစဉ်ကို ထုတ်ဖော်ပြသနေသည်။
သူ၏ဓားမသိုင်းသည် တသမတ်တည်း ရှိ၏။ ဓားချက်တိုင်းက အလွန်တိကျပြီး ပါသည့်အားကလည်း တူညီသည်။ သူ၏ဓားချက်တိုင်း၊ လှုပ်ရှားမှုတိုင်းအား အကောင်းဆုံးလက်သမားတစ်ယောက်ဖြင့် တိုင်းတာထားသကဲ့သို့ ထင်ရသည်။
သို့သော် ဤအခိုက်အတန့်တွင် သူ၏ဓားမသိုင်းတွင် မနာခံလိုသည့်အလား အနှောင်အဖွဲ့ကင်းသော ရဲစွမ်းအားမာန်သို့ ကိန်းဝပ်နေသည်။
သူက ယခင်ဓားမသိုင်း၏ အချုပ်အနှောင်များမှ ရုန်းထွက်၍ ရင်ထဲရှိ စိတ်နှလုံးမိစ္ဆာကို သတ်ဖြတ်ရင်း သူ၏ကြောက်ရွံ့မှုတစ်ခုချင်းစီအား နင်းချေပစ်ကာ စစ်မှန်သန့်ရှင်းသော တာအိုတစ်ခုသာ ကျန်ရစ်ခဲ့စေသည်။
ဓားမ ပင့်မြှောက်လိုက်သည့်အခါ ဓားမရောင်က ကောင်းကင်ဘုံများ ဖွဲ့တည်ပေးလိုက်သည်။ တချို့တွင် တောက်ပလင်းလက်နေသော ကြယ်များ၊ တချို့တွင် ကောင်းကင်ပြာများ၊ တိမ်တိုက်ဖြူများ ရှိ၏။ တချို့၌ မိုးရွာနေကြပြီး တချို့နေရာတွင်မူ နေသာနေသည်။ တချို့ကောင်းကင်ဘုံများတွင် လေပြင်းမုန်တိုင်းတို့ တိုက်ခတ်နေကာ တချို့၌မူ လျှပ်စီးမိုးကြိုးများ ပစ်ချနေသည်။
ကောင်းကင်ဘုံတစ်ဘုံပြီး တစ်ဘုံ။
လော့ဝူရွှမ်သည် ကောင်းကင်နတ်ဘုံ၏ ဓားမနတ်ဘုရား၊ နံပါတ်တစ် ကောင်းကင်ဓားမ ဖြစ်၏။ သူ့ဓားတစ်ချက် ပင့်မြှောက်လိုက်တိုင်း အဆုံးမဲ့သော ကောင်းကင်ပြင်ကြီး ဖွဲ့တည်သွားတတ်ပြီး ထိုးစိုက်လိုက်သည့်အခါတိုင်း ခမ်းနားထည်ဝါသော တံတိုင်းကြီး ဖြစ်တည်လာတတ်သည်။ ခံ့ညားတင့်တယ်မှုနှင့်အတူ ပေါင်းစည်းလျက် နက်ရှိုင်းသိမ်မွေ့မှုကို ဖော်ကျူးနေချေသည်။
ယခင်တုန်းက သူသည် ဓားမလမ်းစဉ်၏ အခြေခံနိယာများကို လေ့လာရင်း အဆုံးစွန်သော သဘောတရားများအထိ ရယူခဲ့၏။ အစွမ်းထက်ခဲ့သော်လည်း ကြောက်စရာမကောင်းပေ။
ယနေ့တွင် သူသည် သိထားသောအရာတို့ကို စိတ်အခြေအနေနှင့် တစ်သားတည်း ဖြစ်စေရင်း သူ့ခန္ဓာကိုယ်၏ သွေး၊ အဆီအနှစ်တို့ဖြင့် ပေါင်းစည်းလိုက်သည်။
ဤလော့ဝူရွှမ်ကား လက်တစ်ဖက်သာ ရှိသော်လည်း ကြောက်စရာအကောင်းဆုံး ဖြစ်၏။
ကောင်းကင်နတ်အရှင်တပည့်နှစ်ယောက်က သူ့ဓားမကို အကောင်းဆုံး ခုခံနေကြပြီး သူတို့အနောက်၌ ကောင်းကင်နန်းဆောင်သုံးဆောင် ဖွဲ့တည်နေသည်။
လော့ဝူရွှမ်ကမူ ဒဏ်ရာများ အပြည့်အဝမပျောက်ကင်းသေး၍ အစစ်အမှန်နတ်ဘုရားအဆင့်သာ ရောက်သေးသော ကျင့်စဉ်စွမ်းအင်ဖြင့် တိုက်ခိုက်နေသည်။
ကောင်းကင်နတ်အရှင်များအတွက် လော့ဝူရွှမ်က လမ်းမှန်လျှောက်နေသူ မဟုတ်သလို၊ သူ ကျင့်ကြံထားသော ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကလည်း မိစ္ဆာဒိဌိ ဖြစ်သည်။
ဓားမလမ်းစဉ်က ခေတ်နှောင်းတာအိုဖြစ်ပြီး သူတို့ကျင့်ကြံထားသည်က ရှေးဟောင်းနတ်ဘုရားတို့ဆီမှ ခေတ်ဦးတာအိုများ မဟုတ်ပါလော။ ကွာခြားချက်က ရွှံ့နှင့် တိမ်ပင်။
သူတို့သည် သူတို့၏ကောင်းကင်နတ်အရှင်များ သင်ပေးထားသော ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များကို ကျင့်ကြံကာ လမ်းစဉ်အဆင့် ဝင်ရောက်ပြီး အကောင်းဆုံး ကောင်းကင်နတ်သိုင်းများ ရရှိခဲ့၏။ သူတို့အနေဖြင့် လော့ဝူရွှမ်လို လမ်းစဉ်မဝင်ရောက်သေးသော လမ်းမှားလူတစ်ယောက်ထက် သာသင့်သည်။
သို့သော် နှစ်ယောက်တစ်ယောက် ဖြစ်နေသည့်တိုင်အောင် သူတို့မှာ ရုန်းကန်နေရသေးသည်။
တိုက်ပွဲသည် လျင်မြန်စွာ စတင်ခဲ့ပြီး လျင်မြန်စွာ အဆုံးသတ်သွား၏။
ဓားမရောင်မှ သွေးအလင်းရောင် ပေါ်ထွက်လာသည်။
လော့ဝူရွှမ်က ဓားမကို အောက်သို့ ခုတ်၍ လူငယ်နတ်ဘုရားအား သတ်ပစ်လိုက်သည်။
အမျိုးသမီးမှာ တုန်လှုပ်သွားပြီး ထွက်ပြေးရန် လေပေါ် ပျံတက်လိုက်၏။ လော့ဝူရွှမ်က မာန်သွင်း၍ သူမဆီ ပိုင်းချလိုက်သည်။ သူမခေါင်းက မြေပြင်ပေါ် ဘုတ်ခနဲ ကျလာပြီး ခန္ဓာကိုယ်မှာတော့ မြို့အပြင်သို့ လွင့်ထွက်သွားလေသည်။
လော့ဝူရွှမ် ဓားမကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည့်အခါ သူ၏အဆီအနှစ်နှင့် သွေးများကလည်း သူ့ခန္ဓာကိုယ်ထဲ ပြန်ရောက်လာသည်။ သူက ချင်မူ့ဆီသို့ လှည့်ကြည့်ပြီး သူ့မျက်လုံးများ၏ အလင်းရောင်က ဓားမရောင်နှစ်ချက်ပမာ ချင်မူ့ဆီ ပြေးဝင်လာသည်။
“ငါ့ဓားမသိုင်းက ဘယ်လိုလဲ လောကသခင်ခန္ဓာချင်... မင်းကို စိန်ခေါ်ဖို့ အရည်အချင်း ပြည့်မှီပြီလား”
သူ့အရှိန်အဝါနှင့် ဓားသိုင်း ပြောင်းလဲသွားသည်ကို မြင်လျှင် ချင်မူမှာ ဝမ်းသာအားရ မပြုံးမိဘဲ မနေတော့ပေ။ သူက ပြောသည်။ “ပြည့်မှီတာပေါ့ဗျာ... ထိုင်ပါဦး ကောင်းကင်ဓားမလော့ရဲ့”
လော့ဝူရွှမ်က ခြေလှမ်းကြဲကြဲများဖြင့် လျှောက်လာသည်။ သူ့အဝတ်စများသည် လေတွင် လှုပ်ခတ်နေပြီး သူ့အရှိန်အဝါကြောင့် ဓားမစွမ်းအင်များ တစ်ခုနှင်တစ်ခု ဝင်တိုက်နေ၏။
ချင်မူ့အရှေ့၌ ထိုင်လိုက်သည့်အချိန်တွင် သူ့အရှိန်အဝါသည် ပုံမှန်ပြန်ဖြစ်သွား၏။
မလှမ်းမကမ်းတွင် ထောင့်မကျိုးသော တာအိုရသေ့က လှည့်လာကာ ချီးကျူးသည်။ “လက်တစ်ဖက်နဲ့ တစ်ယောက်၊ မင်း ဓားမသိုင်းက မဆိုးဘူး”
လော့ဝူရွှမ်၏အကြည့် သူ့ဆီ ရောက်သွားသည်။ ရုတ်တရက် သူ ထိုရသေ့အား မည်သည့်နေရာတွင် မြင်ခဲ့ဖူးမှန်း ဒက်ခနဲ သဘောပေါက်သွား၏။ “ခင်ဗျားက ကောင်းကင်ဆရာသခင်ယွဲ့ကိုး”
ချင်မူ မှင်သက်သွားကာ မေးလိုက်သည်။ “ကောင်းကင်ဆရာသခင်ယွဲ့၊ ဘယ်ကောင်းကင်ဆရာသခင်ယွဲ့လဲ”
ရုတ်တရက် သူလည်း လှေပေါ်မှာတုန်းက ယွင်ချွီးရှို့ပြောပြခဲ့သော အကြောင်းကို ပြန်တွေးလိုက်မိသည်။