အချစ်ကြီးသော ညီမအစ်မနှစ်ယောက်
Vol. 73 Ch. 948
လော့ဝူရွှမ်၏ မျက်နှာတစ်ပြင်လုံး သွေးဆုပ်ဖြူလျော်သွားသည်။ သူ့မှာ မကြားသင့်သောအရာများ ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရချေသည်။
တစ်လျှောက်လုံး သူ၏မျက်လုံးများက သွေးအေးနေခဲ့သလို မျက်နှာထားကလည်း တင်းမာခက်ထန်နေခဲ့သည်။ သူသည် ပြုံးလေ့ပြုံးထ မရှိသလို ၊ အငြိုးအတေးကြီးသော ကလဲ့စားတစ်ခုအား ခေါင်းထဲ ထည့်ထားသကဲ့သို့ အမြဲလေးနက်နေခဲ့သည်။ သို့သော် ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်၏ စကားတို့မှ သတင်းက တုန်လှုပ်အံ့ဩဖွယ်ကောင်းလွန်းပေသည်။ သူ မထိတ်လန့်မိဘဲ မနေတော့ပေ။
‘ဒီမိန်းမနှစ်ယောက် နောက်မှာ ကောင်းကင်နတ်အရှင်နှစ်ယောက် ရှိနေတာလား... ဘယ်သူက ဟောင်နဲ့ ချီလဲ.... ဟောင်က ကောင်းကင်နတ်အရှင်ဟောင်လား... လူချောလေးဆိုတာ ကောင်းကင်နတ်အရှင်ယွီကို တကယ် ပြောချင်တာလား’
လော့ဝူရွှမ် ပြတ်ပြတ်သားသား ဆုံးဖြတ်၍ အဆောက်အအုံများ၏ အရိပ်အောက် ပြေးပုန်းလိုက်သည်။ သူက ဤအမျိုးသမီးနှစ်ယောက် မတွေ့ခင် အလျင်အမြန် ပုန်းသင့်ကြောင်း ချင်မူ့ကိုလည်း လက်ဟန်ခြေဟန်ပြကာ လှမ်းသတိပေးသည်။
ချင်မူမှာလည်း ကြားလိုက်ရသည့် သတင်းကြောင့် ကြောင်နေသည်။ လော့ဝူရွှမ်က ကပျာကယာ ပြေးထွက်လာပြီး သူ့ကို အရိပ်ထဲ ဆွဲသွင်း၏။ “သေချင်နေတာလားဟ... ဒီလျှို့ဝှက်ချက်တွေကို ငါတို့ ကြားသွားမှန်း သိသွားရင် သေချာပေါက် သေရလိမ့်မယ်... ရှေးဟောင်းနတ်ဘုရားတစ်ပါးဆို့ လျှို့ဝှက်ချက်အများကြီး သိထားလို့ စစ်မြေပြင်မှာ စစ်တိုက်နေတုန်း နောက်ကနေ အသတ်ခံခဲ့ရဖူးတယ်တဲ့”
သူနှင့် ချင်မူမှာ အရိပ်ထဲသို့ ပုန်း၍ ကြောက်လန့်တုန်လှုပ်နေကြသည်။
နဂါးဟန်ခေတ်၏ ပထမနှစ်တုန်းက ကောင်းကင်နတ်ဧကရီသည် ကောင်းကင်နတ်အရှင်ယွီကို ထောက်ပံ့ပေးခဲ့ကြောင်း သူ သိထားသည်။
ကောင်းကင်နတ်ဧကရီမှာ သူမ၏ညီမတော် အရှင်ယွမ်မူက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နှင့် ဖောက်ပြန်ခဲ့ပြီး ကောင်းကင်နတ်အရှင်ဟောင်ကိုပင် မွေးထားကြောင်း သိလိုက်သည့်အခါ အမျက်တချောင်းချောင်း ထွက်ခဲ့သည်။ ကောင်းကင်နတ်အရှင်ဟောင်ကလည်း ထူးချွန်ထက်မြက်ပြီး ဓာတ်ကြီးငါးပါးကောင်းကင်ရတနာကို ဖွင့်လှစ်ကာ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာခဲ့၏။ သို့သော် သူမသားတော်မှာမူ ထိုကဲ့သို့ အောင်မြင်မှုမျိုး မရခဲ့ပေ။
ကောင်းကင်နတ်ဧကရီသည် သူမ၏နေရာ တည်မြဲရေးအတွက် ကောင်းကင်နတ်အရှင်ယွီကို ထောက်ခံ၍ ကောင်းကင်နတ်အရှင်ဟောင်အား ဖိနှိပ်ခဲ့၏။
ချင်မူ့အမြင်ရဆိုလျှင် ယွင်ချွီးရှို့သည် လူချောလေး ကောင်းကင်နတ်အရှင်ယွီနှင့် နောက်မီးလင်းသည်ဟု ပြောနေသူမှာ လျန်းဟွာဟွန် ဖြစ်သင့်သော်လည်း ယခုမူ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ယင်းက သူ မထင်မှတ်ထားသော အရာပင်။
ယွင်ချွီးရှို့က အရှင်မယွမ်မု ဖြစ်နေသည့်အချိန် လျန်းဟွာဟွန်က ကောင်းကင်နတ်ဧကရီ ဖြစ်နေသည်။
ချင်မူသည် ကောင်းကင်နတ်အရှင်ဟောင်၏ မယ်တော်နှင့် အီစီကလီလုပ်နေခြင်း ဖြစ်နေခဲ့၏။
‘အဲဒီနေ့ နဂါးသွဲ့ရေကန်မှာ ငါ ယွင်ချွီးနဲ့ တိုက်ခိုက်ပြီး သူ့ရဲ့ ပြိုင်ဘက်ကင်းသိုင်းကွက် ထုတ်သုံးရအောင် ဖိအားပေးခဲ့တယ်... သူက ကောင်းကင်နတ်ဧကရီအယောင် ဆောင်နေတာဆိုတော့ သူ ထုတ်လွှတ်ခဲ့တဲ့ ပြိုင်ဘက်ကင်းသိုင်းကွက်က အစစ်မဟုတ်ဘူးပေါ့’
ချင်မူ့နဖူးမှ ချွေးများကျလာသည်။ ဤသည်ကား ထောက်ချောက်ပင်။ ဧရာမထောင်ချောက်ကြီးပင် ဖြစ်သည်။
ယင်းက သူ၏ပြိုင်ဘက်ကင်းသိုင်းကွက်ဟု ထင်မှတ်ခဲ့သူတိုင်း အသေဆိုးနှင့် သေရလိမ့်မည်။
‘သလင်းကျောက်အခေါင်းထဲက အရှင်မယွမ်မုရဲ့ အလောင်းကို မြင်တာနဲ့ သူ ငါ့ကို ချက်ချင်း ကူညီခဲ့တဲ့အကြောင်းရင်းက အရှင်မယွမ်မု အသက်ပြန်ရှင်လာမှာ စိတ်ပူလို့မဟုတ်ဘဲ သူ့သရုပ်မှန်ပေါ်သွားမှာ စိုးလို့ ဖြစ်နေတာကိုး’
ချင်မူ့တစ်ကိုယ်လုံး ချွေးတို့ရွှဲနစ်နေသည်။ ဤအချိန်တွင် အရှင်မယွမ်မု၏ ဝိညာဉ်ကို သူ ဆင့်ခေါ်ရန် ကြိုးစားခဲ့လျှင် ယွင်ချွီးရှို့၏ ဝိညာဉ်ကို ဆင့်ခေါ်မိကာ သူမအား ဘူးပေါ်သလို ပေါ်သွားစေလိမ့်မည်။
ထို့အပြင် အရှင်မယွမ်မု အသက်ရှင်နေသေးကြောင်းလည်း ပေါ်သွားလိမ့်မည်။
‘ဒီမိန်းကလေးကတော့....’ ချင်မူ အံတင်းတင်းကြိတ်မိ၏။
နှစ်ယောက်သား အရိပ်များကို ဖြတ်၍ တိုးတိုးတိတ်တိတ် သွားနေကြသည်။ ဖန်ဆင်းရှင်မြို့တော်၏ အဆောက်အအုံများမှာ အတိုင်းထက်အလွန် ကြီးမားသောကြောင့် အပေါ်၌ တိုက်ခိုက်နေသော မိန်းကလေးနှစ်ယောက် သူတို့ကို ရှာမတွေ့အောင် ကူညီပေးလေသည်။
ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်၏ တိုက်ပွဲမှာ ကြောက်စရာကောင်း၏။ သူတို့၏ကောင်းကင်နတ်သိုင်းများကြောင့် မြင့်မားလှသည့် အဆောက်အအုံတစ်လုံးပြီးတစ်လုံး ပြိုကျကုန်ပြီး တောင်ကုန်းများ၊ ကျောက်တုံးကြီးများလည်း ကောင်းကင်ထက်မှ မိုးရွာကျသလို ပြိုကျလာသည်။ ချင်မူနှင့် လော့ဝူရွှမ်မှာ ခေါင်းကြိမ်းနေကြ၏။ ဤအဆောက်အအုံများသာ ကောင်းကင်နတ်အရှင်ဟွေ့၏အရာ သို့မဟုတ် နတ်ဘုရားသွေးစက်ကို ထိမှန်သွားလျှင် သူတို့အားလုံး အစပျောက်သွားလိမ့်မည်။
ထူးဆန်းစွာနှင့် ကျောက်တုံးအပိုင်းအစကြီးများသည် အောက်သို့မကျရောက်နိုင်ခင် လေလယ်တွင် ပြိုကွဲလွင့်ပျယ်ကာ ထူးဆန်းသော အသိစိတ်အလျဉ်တစ်မျိုးအဖြစ် ပြောင်းလဲသွားကြ၏။
ပျက်စီးသွားသည့် ထိုအဆောက်အအုံများမှာ မမြင်ရသော နတ်စွမ်းအားဖြင့် ပြန်တည်ဆောက်ခံနေရသကဲ့သို့ အသစ်ပြန်ဖြစ်လာကြသည်။
ဤသည်ကား ဖန်ဆင်းရှင်မြို့တော်၏ ဆန်းကြယ်သောအရာပင် ဖြ်စချေသည်။
ထိုအဆောက်အအုံအပိုင်းအစများအနေဖြင့် မြို့ပေါ် မဆင်းသက်နိုင်သော်လည်း အမျိုးသမီးနှစ်ယောက်၏ ကောင်းကင်နတ်သိုင်းများမှ လှိုင်းဂယက်များ ဖြာထွက်လာ၏။ သူတို့နှစ်ယောက်က ကောင်းကင်တံတားအဆင့်သာ ဖြစ်လောက်သော်လည်း သူတို့၏ တကယ့်အစွမ်းအစများနှင့် ချင်မူ့ထက်ပို၍ ရင်းနှီးသူ မရှိနိုင်တော့ပေ။
သင်္ဘောအပေါ်တွင် လျန်းဟွာဟွန်သည် သူ့ကို တိုက်ခိုက်ကာ သူ၏လက်လေးဖက်စလုံးအား ချိုးခြေပစ်ခဲ့သည်။ ယွင်ချွီးရှို့နှင့် သူ တိုက်ခိုက်ခဲ့စဉ်တုန်းကလည်း နှစ်ယောက်စလုံး ဒဏ်ရာအပြင်းအထန် ရခဲ့၏။
သူတို့၏အစွမ်းအစများက အစစ်အမှန်နတ်ဘုရားများအောက် မနိမ့်ကျသည့်အပြင် ပို၍ပင် သန်မာအားကောင်းသေးသည်။
သို့တိုင်အောင် သူတို့သည် သူတို့၏ပြိုင်ဘက်ကင်းသိုင်းကွက်အစစ်ကို မထုတ်ပြကြပေ။ တခြားသိုင်းကွက်များဖြင့်သာ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ရင်း မည်သည့်ကောင်းကင်နတ်အရှင်ဖြစ်ကြောင်း ဖော်ထုတ်ရန် ကြိုးစားနေကြ၏။
သရုပ်မှန် ပေါ်သွားသော မည်သူမဆို အရင်ဆုံး သေရလိမ့်မည်။
ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မုသည် ရှေးဟောင်းနတ်ဘုရားများ မဟုတ်ပါ၏လော။ သူတို့သည် ကောင်းကင်မဟာမိတ်အဖွဲ့တွင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နည်းတူ ကျော်ကြားသဖြင့် အခြားကောင်းကင်နတ်အရှင်များ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရရန် သေချာ၏။
ကောင်းကင်မဟာမိတ်အဖွဲ့ တည်ထောင်ခဲ့တုန်းက မူလရည်ရွယ်ချက်သည် သက်ရှိသတ္တဝါများအား အသက်ရှင်ပိုင်ခွင့်ပေးရန် ဖြစ်သည်။ သို့သော် နဂါးဟန်ခေတ်၏အလယ်၌ ကောင်းကင်နတ်အရှင်ယွင် ကောင်းကင်နတ်အရှင်ဟောင်နှင့် အခြားသူများကို ကောင်းကင်မဟာမိတ်အဖွဲ့သို့ ထည့်သွင်းခဲ့ပြီးနောက် မဟာမိတ်၏ ရည်ရွယ်ချက်သည် အုပ်ချုပ်ပိုင်ခွင့် ပြန်ရရှိရန် ရှေးဟောင်းနတ်ဘုရားများအား သတ်ရမည်ဟူ၍ ဖြစ်သွားခဲ့သည်။
သို့ဖြစ်၍ ကောင်းကင်မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ထားသော ရှေးဟောင်းနတ်ဘုရားများအနေဖြင့် သရုပ်မှန်ဖော်ပြ၍မဖြစ်ပေ။
ချင်မူနှင့် လော့ဝူရွှမ်က ရှင်းလင်းနေသော ဤမြို့ကို ဖြတ်၍ အလျင်အမြန် သွားနေသည်။ နှစ်ယောက်သား အနည်းငယ် ကြောက်နေကြ၏။ ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်၏ ကောင်းကင်နတ်သိုင်းများက အင်အားကြီးမားလွန်းပေသည်။ သူတို့ကောင်းကင်နတ်သိုင်းများ အားကောင်းသည်ထက် အားကောင်းလာလျှင် ကောင်းကင်နတ်အရှင်ဟောင်၏ အရာ သို့မဟုတ် နတ်ဘုရားသွေးစက်ကို အသက်သွင်းမိမည်လား မည်သူသိနိုင်မည်နည်း။
ဓားတစ်လက်ဖြင့် သူတို့လည်ပင်းကို ထောက်ထားသဖြင့် မည်သည့်အချိန် သေရမည်မှန်း မသိသကဲ့သို့ပင်။
သူတို့လည်း ပေါ်သွား၍မဖြစ်။ ဤအမျိုးသမီးနှစ်ယောက် သူတို့ကို ရှာတွေ့သွားလျှင် သေချာပေါက် အသတ်ခံရလိမ့်မည်။
ဤအမျိုးသမီးနှစ်ယောက်သည် သူတို့၏လျှို့ဝှက်ချက်များအား လူသိခံမည်မဟုတ်ပေ။
ချင်မူပင် သေရလိမ့်မည်။ သူက သူတို့အတွက် အသုံးတည့်သေးသော်လည်း သေရေးရှင်ရေးနှင့် ပတ်သက်လာလျှင် အသုံးမည်မျှဝင်ဝင် အရေးပါတော့ပေ။
များများသိလေလေ၊ မြန်မြန်သေရလေ ဆိုသည့် စကားကို ယခုမှ ချင်မူ နားလည်တော့သည်။
“မာ ဟာ”
ရုတ်တရက် နတ်နဂါးတစ်ကောင်း၏ ခေါင်းက သူတို့အရှေ့တွင် ပေါ်လာသည်။ ၎င်းက ပြုံးရွှင်သွားပြီး ပါးစပ်ဟကာ နီရဲနေသော လျှာဖြင့် ချင်မူ့ကို လျက်တော့သည်။ “မာ ဟာ မာ ဟာ”
ချင်မူ့မျက်နှာ သွေးဆုပ်ဖြူလျော်သွားပြီး လော့ဝူရွှမ်၏ ခြေဖျားလက်ဖျားအား အေးစက်သွားသည်။
ဤနဂါးသည် တောင်ထိပ်ပေါ်မှာတုန်းက ချင်မူ ဖန်ဆင်းခဲ့သောအရာ ဖြစ်သည်။ သွားရေးလာရေးအတွက် သုံးရန် ပြင်ထားခဲ့သော်လည်း သူ့အစွမ်းအစများက မလုံလောက်သည့်အတွက် သူ မြင်ယောင်ခဲ့သော နတ်နဂါးမှာ မပျံသန်းနိုင်ခဲ့ပေ။ ထို့ကြောင့် စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။
နတ်နဂါးက သူတို့အနံ့ကို ခံ၍ ဤအထိ လိုက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အပေါ်တွင် တိုက်ခိုက်နေသော ကောင်းကင်နတ်သိုင်းအသံများ ရုတ်တရက် ရပ်သွားသည်။ တုန်ခါမှုများလည်း ရပ်တန့်သွား၏။ မြို့ကား ပြန်လည်တိတ်ဆိတ်သွားလေသည်။
ချင်မူနှင့် လော့ဝူရွှမ် နှစ်ယောက်သား ချွေးတဒီးဒီး ကျနေသည်။ ချင်မူက နဂါးလေးအား တိုးတိုးနေရန် လက်ဟန်ပြလိုက်သော်လည်း ၎င်းမှာ အဓိပ္ပါယ်ကို နားလည်ရန် တုံးအလွန်းနေသည်။
လူနှစ်ယောက်နှင့် နဂါးတစ်ကောင် မြို့အပြင်သို့ ခြေဖျားထောက်၍ တိတ်တိတ်ကလေး သွားနေသည်။
“ဪ ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်ဓားမလော့ကိုး”
ရုတ်တရက် သူတို့အပေါ်ရှိ နန်းတော်ထဲမှ အမျိုးသမီးတစ်ယောက်၏ ရယ်သံ ကြားလိုက်ရသည်။ လူနှစ်ယောက်နှင့် နဂါးတစ်ကောင် ခေါင်းမော့ကြည့်လိုက်သည့်အခါ နန်းတော်၏အမိုးတွင် ထိုင်နေသော ယွင်ချွီးရှို့အား တွေ့လိုက်ရ၏။ ယွင်ချွီးရှို့က ခြေထောက်ကို အေးအေးအေးလူလူ လှုပ်ရမ်းရင်း ထိုင်နေသည်။
သူမ၏ပေါင်တံများမှာ အလွန်ဆွဲဆောင်မှု ရှိလှသည်။ အတော်လေးလှသော ကောက်ကြောင်းပင်။
ယွင်ချွီးရှို့က ရယ်သည်။ “ကောင်းကင်နတ်အရှင်နဲ့ ကောင်းကင်ဓားမက သိပ်လျှို့ဝှက်တာပဲနော်... ဘယ်ကို သွားနေကြတာလဲ”
ချင်မူ ချောင်းဟန့်လိုက်သည်။ သူ စကားမပြောနိုင်ခင် လျန်းဟွာဟွန်၏အသံက နောက်မှ ထွက်လာ၏။ သူမက အေးစက်စက် မေးလေသည်။ “ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်ဓားမ ဒီရောက်နေတာ ဘယ်လောက်ကြာပြီလဲ”
ယွင်ချွီးရှို့က တခစ်ခစ် ရယ်နေသည်။ “အဲဒါက အရေးပါလို့လား”
ချင်မူက ချောင်းဟန့်၍ ပြောလိုက်သည်။ “ကျွန်တော်တို့က ခုပဲ ရောက်လို့ ကောင်းကင်နတ်အရှင်ဟွေ့နဲ့ သွားတွေ့မယ် လုပ်နေတာပါ... သူလည်း မြို့ထဲမှာပဲ”
ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားသည်။ လျန်းဟွာဟွန်က ချက်ချင်း ပျံတက်၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ဤအခိုက်အတန့်တွင် အလင်းတန်းများစွာ ပျံသန်းရောက်ရှိလာကာ မြို့ထဲ၌ ဆင်းသက်သည်။
“ကောင်းကင်နတ်အရှင်ကျူရဲ့ တပည့်၊ ရွှယ့်ယွီချင်း ကောင်းကင်နတ်အရှင်မူကို အရိုအသေပေးပါတယ်”
“ကောင်းကင်နတ်အရှင်လန်ရဲ့ တပည့်၊ ဟွိုက်ယွီ ကောင်းကင်နတ်အရှင်မူကို အရိုအသေပေးပါတယ်”
“ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တပည့်၊ ပန်းချွင်ကျင့် ကောင်းကင်နတ်အရှင်မူကို အရိုအသေပေးပါတယ်”
“အရှေ့ကောင်းကင် အစိမ်းနတ်မင်းရဲ့ တပည့်၊ လော့ဖုန်းကျင့် ကောင်းကင်နတ်အရှင်မူကို အရိုအသေပေးပါတယ်”
....
အလင်းများ ဆင်းသက်လာသည်နှင့် နတ်ဘုရားတစ်ပါးပြီးတစ်ပါး ပေါ်ထွက်လာကာ ကျယ်လောင်ပြတ်သားသောအသံများ ထွက်ပေါ်လာ၏။ သူတို့သည် ရှေးအဆောက်အအုံများ၏အပေါ်တွင် ရပ်၍ သူ့ကို ငုံ့ကြည့်ရင်း စိတ်လှုပ်ရှားနေကြသည်။
“ကောင်းကင်နတ်အရှင်မူ၊ မင်း လက်ချက်နဲ့ ငါတို့ သေတော့မလို့ပဲ... ငါတို့ကို ဒီမှာ အသက်ရှင်ရက် တွေ့ရမယ်လို့ မင်း မထင်ထားဘူးမလား”
ရှို့ယိုဖန်းက ဟက်ခနဲ ရယ်သည်။ “ကောင်းကင်နတ်အရှင်မူ သေသွားရင် ငါတို့ ကောင်းကင်နတ်ဘုံဆီ ပြန်ပြီး ကောင်းကင်နတ်အရှင်မူဟာ ငါတို့ကို ကယ်တင်ဖို့ ကြိုးစားရင်း မဟာလေဟာနယ်မှာ သေဆုံးခဲ့ရတယ်လို့ ကြေညာမယ်... မင်း ကောင်းကင်နတ်အရှင်တစ်ယောက်အနေနဲ့ သိက္ခာရှိရှိ နာမည်ကျော်ကြားသွားလိမ့်မယ်... ဒါပေမဲ့ အဲဒါက မင်း သေပြီးမှပဲ”
ဟွိုက်ယွီသည် နူးညံ့နွေးထွေးဟန်ရှိပြီး အပြုံးတစ်ခု ဆင်မြန်းထား၏။ “ကောင်းကင်နတ်အရှင်မူက ငါ့ဆရာ ကောင်းကင်နတ်အရှင်လန် မရှိတာကို အခွင့်ကောင်းယူပြီး လန်နတ်နန်းတော်က တပည့်တွေကို သတ်ဖြတ်ခဲ့တယ်... အဲဒီအချိန်တုန်းက ငါ မရှိခဲ့ဘူး... ငါသာ ရှိခဲ့ရင် ငါ့ညီအစ်ကိုတွေ အဲဒီလိုအသေဆိုးနဲ့ သေခဲ့ရမှာမဟုတ်ဘူး ... ဒီနေ့ကတော့ ကောင်းကင်နတ်အရှင်မူကို သတ်ပြီး ငါ့ညီအစ်ကိုတွေအတွက် ကလဲ့စားချေရမယ့်နေ့ပဲ.. ကောင်းကင်နတ်အရှင်၊ နောက်ဆုံးပြောချင်တဲ့ စကား ရှိလား”
ပန်းချွင်ကျင့်က ရယ်သည်။ “နောက်ဆုံးစကားက ဘာပဲဖြစ်ဖြစ် အသုံးမှမတည့်တာ... မဟာလေဟာနယ်မှာ ယိုတုရော၊ မင်တုရော မရှိဘူး... ကောင်းကင်နယ်စားမင်းရဲ့ တရားဥပဒေအောက်မှာလည်း မရှိသလို ကော်းကင်ယင်နတ်ဘုရားမလည်း ဒီကို မလာနိုင်ဘူး... ဒီမှာ သေရတာက မင်းရဲ့ဝိညာဉ် ပြိုကွဲသွားပြီး တကယ်သေရမှာလို့ ဆိုလိုတယ်”
ချင်မူ ပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်။ ရောက်လာခဲ့သည်မှာ အစစ်အမှန်နတ်ဘုရား ဆယ်ယောက်ကျော်သည်။ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တို့၏ တပည့်များကို သူ ထည့်မတွက်သော်လည်း ကောင်းကင်နတ်အရှင်တို့၏ တပည့်များက နယ်နယ်ရရ မဟုတ်ပေ။
အစစ်အမှန်နတ်ဘုရားဆယ်ယောက်ကျော်သည် သူတို့ကို ပြားပြားကပ်သွားအောင် ရိုက်နှက်နိုင်၏။
သူတို့အနေဖြင့် ဤခရီးစဉ်နှင့်အတူ လိုက်ပါလာသည့် အကြောင်းရင်းအား ဖုံးကွယ်ထားစရာမလိုတော့ပေ။ ချင်မူ့ကို သတ်၍ တာဝန်ပြီးဆုံးကြောင်း တင်ပြရုံသာ ကျန်တော့သည်။
အစောပိုင်းတုန်းက သူတို့မှာ မဟာလေဟာနယ်ကို အန္တရာယ်ကင်းကင်း ဖြတ်နိုင်ရန်သာ တွေးထားခဲ့ကြသည်။
ချင်မူက လော့ဝူရွှမ်ဆီသို့ ကြည့်ကာ ခပ်တိုးတိုး မေးသည်။ “ကောင်းကင်ဓားမလော့၊ ဒဏ်ရာတွေ သက်သာပြီလား”
လော့ဝူရွှမ် ချီတုံချတုံ ဖြစ်သွားသည်။ ချင်မူ့ရည်ရွယ်ချက်က သူ့ကို ရဲဘော်အဖြစ် အသုံးချကာ ကောင်းကင်နတ်အရှင်တို့၏ တပည့်များနှင့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တို့၏ တပည့်များအား သုတ်သင်ရန် ဖြစ်ကြောင်း အသိသာကြီးပင်။
ယခုတွင် ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မု၏ လျှို့ဝှက်ချက်ကိုလည်း သူ သိထားပြီဖြစ်ရာ မတိုက်ခိုက်လျှင် အသက်ရှင်ပိုင်ခွင့် ရှိတော့မည်မဟုတ်။
သို့သော် သူ၏ဒဏ်ရာများမှာ ပြင်းထန်လွန်းသည်။ သူ၏ကောင်းကင်နန်းဆောင်မှာ ယခုထိ မသက်သာသေးပေ။ ကမ္ဘာဦးသစ်ပင်၏ အူတိုင်ကို ဆွဲထုတ်ပြီး အပြင်းအထန် တိုက်ခိုက်လိုက်လျှင် ကောင်းကင်နန်းဆောင်သည် တခဏအတွင်း ပျက်စီးပြိုကွဲနိုင်ခြေများ၏။
သူ၏ကောင်းကင်ဓားမလည်း ပျက်စီးသွားလိမ့်မည်။ ဤအစစ်အမှန်နတ်ဘုရားများအရှေ့တွင် သူ့မှာ ကူကယ်ရာမဲ့နေတော့သည်။
လျန်းဟွာဟွန်က ပျံသန်းလာပြီး သူတို့အရှေ့ရှိ နန်းတော်အမိုးထက် ဆင်းသက်ကာ ပြောသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ မြို့ထဲ ရောက်နေတာမဟုတ်ဘူး.... သူ့အရာ ထင်ကျန်ခဲ့တာ... သူကြည့်ရတာ ဒီမှာ ကြောက်စရာရန်သူတွေနဲ့ ကြုံတွေ့ခဲ့ရလို့ မဟာတာအိုထုတ်သုံးခဲ့ရပုံပဲ”
ယွင်ချွီးရှို့ အံ့အားသင့်သွားသည်။ မဟာလေဟာနယ်တွင် ကောင်းကင်နတ်အရှင်ဟွေ့လို ဖြစ်တည်မှုတစ်ခုကို ယှဉ်နိုင်သူ ရှိနေသည်လေား။ သူမက တခစ်ခစ် ရယ်လေသည်။ “အဲဒါဆို ကောင်းကင်နတ်အရှင်မူက မျှော်လင့်ချက်မရှိတဲ့ အခြေအနေမှာ ပိတ်မိသွားတာပေါ့.. ကောင်းကင်နတ်အရှင်ဟွေ့လည်း မရှိမှတော့ ကောင်းကင်နတ်အရှင်မူကို မသတ်အောင် တားပေးမယ့်သူလည်း မရှိတော့ဘူးထင်ပါရဲ့နော်”
သူမက သက်ပြင်းချကာ နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “ကောင်းကင်နတ်အရှင်၊ ငါ တောင်းပန်ပါတယ်... ဒီအခြေအနေကို ငါ ရင်ဆိုင်ရရင်လည်း အခုလို ကူကယ်ရာမဲ့နေမှာပဲ”
ဤအခိုက်အတန့်တွင် နေလုံးကြီးသည် အနောက်အရပ်၌ မေးတင်၍ တောင်စွယ်များအကြား နစ်မြုပ်သွားသည်။ ကောင်းကင်မှာ တစတစ မှောင်မည်းလာ၏။ ရုတ်တရက် မီးအိမ်များက တောက်ပလင်းထိန်လာကာ တစ်မြို့လုံးအား ထွန်းလင်းပေးလိုက်သည်။
ဟိန်းဟောက်သံများ အဝေးမှ ထွက်လာ၏။
ချင်မူမှာ ရင်ထဲ လှုပ်ခတ်သွားပြီး အော်ဟစ်လိုက်သည်။ “ငါ သိသွားပြီ”
အားလုံးက နတ်လက်နက်များ ထုတ်၍ ကောင်းကင်နတ်သိုင်းများ ပြင်ကာ သူတို့ကို သတ်မည်လုပ်နေကြသဖြင့် သူ့စကားအား စိတ်မဝင်စားပေ။
ယွင်ချွီးရှို့က ပြုံးသည်။ “ကောင်းကင်နတ်အရှင်၊ ဘာကို သိသွားတာလဲ”
ချင်မူ ဣန္ဒြေပြန်ဆည်လိုက်၏။ “မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်တွေက မြို့တံတိုင်းတွေကို ဘာလို့ ဒီလောက်အမြင့်ကြီး ဆောက်ထားပြီး ဘာကို ကြောက်နေတာလဲ သိပြီ”
အားလုံး အနည်းငယ် မှင်သက်သွားကြသည်။ လျန်းဟွာဟွန်က မျက်မှောင်ကြုတ်၍ ကင်းစောင့်မျှော်စင်တစ်ခုဆီ ပျံသန်းကာ အရပ်လေးမျက်နှာကို ကြည့်ရှုလိုက်၏။
ဟိန်းဟောက်သံများက မြို့အပြင်ရှိ အမှောင်ထုထဲမှ လာနေပြီး တစတစ နီးကပ်လာသည်။
“ပန်းချွင်ကျင့်၊ စောစောက မင်း ဒီမှာ ယိုတုရော၊ မင်တုရော မရှိဘူးလို့ ပြောလိုက်တာမလား... ကောင်းကင်နယ်စားမင်းရော၊ ကောင်းကင်ယင်နတ်ဘုရားမရော ဒီနေရာအပေါ် မအုပ်စိုးနိုင်ဘူးလို့လည်း ပြောခဲ့တယ်နော်.. ဒါဆို ဒီမှာ သေခဲ့ရတဲ့လူတွေအတွက် ဝိညာဉ်တွေ ဘယ်ရောက်သွားမလဲ”
ချင်မူက မျက်ဝန်းများ လင်းလက်နေပြီး အလေးအနက် ပြောသည်။ “လူသေတွေရဲ့ ဝိညာဉ်တွေဟာ မဟာလေဟာနယ်ထဲမှာပဲ ရှိနေရတယ်”
ယွင်ချွီးရှို့မှာ ဝင်ပြောလေသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒီစကားပြောလိုက်ရုံနဲ့ အသတ်မခံရတော့ဘူး ထင်နေလား”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်က အသက်ချမ်းသာပေးဖို့ ပြောနေတာမဟုတ်ဘူး... ခင်ဗျားတို့ကို ကယ်နေတာ... ဒီနေရာက မဟာလေဟာနယ်မဟုတ်လား”
အားလုံး နားမလည်ကြပေ။
ချင်မူက အေးစက်စက် ပြောသည်။ “ဒီနေရာမှာ ဖန်ဆင်းရှင်တွေရဲ့ အသိစိတ်အလျဉ်တွေ ပြည့်နှက်နေတယ်... ဒီမှာ သေဆုံးခဲ့ရတဲ့သူတွေဟာ မဟာလေဟာနယ်ထဲမှာပဲ လျှောက်သွားကြတယ်... အဲဒီလိုပူဆွေးသောကတွေ ပွင့်ထွက်လာတော့ ဖန်ဆင်းရှင်တွေရဲ့အသိစိတ်အလျဉ်တွေက သူတို့ကို ဘာတွေအဖြစ် ပြောင်းလဲပေးလိုက်မယ် ထင်လဲ... ယိုတုမှာ သေဆုံးသူတွေရဲ့ ပူဆွေးသောကတွေဟာ မကောင်းဆိုးဝါးတွေ ဖြစ်လာလို့ မိစ္ဆာနတ်ဘုရားတွေ ၊ ကောင်းကင်နတ်ဆိုးတွေတောင် ပေါက်ဖွားလာကြတယ်... မိစ္ဆာနတ်ဆိုးအမျိုးမျိုး ဖြစ်လာကြတယ်.... ဒါပေမဲ့ ယိုတုက မြေအောက်ဘုံအရှင်သခင်ရဲ့ အာဏာစက်အောက်မှာမလို့ အဲဒီမိစ္ဆာနတ်ဆိုးတွေ ပြဿနာများများစားစား မရှာနိုင်ကြဘူး”
အားလုံး ရင်ထဲ ထိတ်သွားကြသည်။ ယွင်ချွီးရှို့သည် မျှော်စင်တစ်ခုစီသို့ ကပျာကယာ ပျံသန်းသွားပြီး မြို့ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည့်အခါ သူမ၏ခန္ဓာကိုယ်လေး အေးခဲတောင့်တင်းသွားတော့သည်။
“ဒီမှာ မြေအောက်ဘုံအရှင်သခင် မရှိဘူးဆိုတော့ ဖွဲ့တည်လာတဲ့အရာတွေဟာ မိစ္ဆာနတ်ဘုရားတွေထက် ပိုရက်စက်ကြမ်းကြုတ်ပြီး အင်အားကြီးမားလိမ့်မယ်... မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်တွေကို သူတို့ကို ဟန့်တားဖို့ ဒီတံတိုင်းတွေ တည်ဆောက်ထားတာပဲ”
ချင်မူက သက်ပြင်းချ၍ ပြောလိုက်သည်။ “ငါက မင်းကို ကယ်ဖို့ ကြိုးစားနေတာပါ.... ဒါပေမဲ့ မင်းတို့ကတော့ ငါ့အသက်ကိုပဲ ယူချင်နေကြတယ်.... ငါတို့ ထွက်မပြေးနိုင်တော့ဘူး ထင်ပါရဲ့”
ပန်းယွင်ကျင့်၊ ဟွိုက်ယွီနှင့် ကျန်ရှိသူများမှာ မယုံကြပေ။ အားလုံး မျှော်စင်များဆီ ပျံသန်းသွားကာ အပြင်သို့ ကြည့်ကြ၏။ အမှောင်ထဲတွင် ရက်စက်ကြမ်းကြုတ်မည့်ပုံရသော ဧရာမအရိပ်ကြီးများ ရှိနေသည်။ သူတို့၏မျက်နှာများ သွေးမဆုပ်မဖြူလျော်ဘဲ မနေတော့ပေ။