ကြီး ကြီး ကြီး
Vol. 73 Ch. 950
လော့ဝူရွှမ်မှာ ကံတရားကိုသာ ပုံအပ်လိုက်ပြီဖြစ်သည်။ ‘ထွက်ပြေးနိုင်သရွေ့တော့....’
သို့တိုင်အောင် ထိုမကောင်းဆိုးဝါးများက လျင်မြန်စွာ ဖွဲ့တည်လာကြပြီး ပျက်စီးသွားသည့် အဆောက်အအုံများလည်း ယခင်အတိုင်း ပြန်လည်ခမ်းနားလာ၏။ အရှေ့ရှိ လမ်းမှာ ပြန်လည်ပိတ်ဆို့ခံလိုက်ရကာ မကောင်းဆိုးဝါးများ ဝိုင်းအုံနေသဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ချေ အလွန်နည်းပါးသွားသည်။
ချင်မူ အံတင်းတင်းကြိတ်၍ ဒေါသများဖြင့် ရယ်လိုက်မိသည်။ “ဒီလိုမဖျက်စီးနိုင်တဲ့ မြို့မျိုး ပထမဆုံး မြင်ဖူးတာပဲ”
လော့ဝူရွှမ်မှာလည်း သိသိသာသာ သောကရောက်နေသည်။
ရုတ်တရက် သံစဉ်တစ်ခု ထွက်ပေါ်လာ၏။ အသွေးအသားသင်္ဘောကြီးသည် မရေမတွက်နိုင်သော ခြေထောက်များဖြင့် တရှိန်ထိုး ပြေးလာနေသည်။ ၎င်းအပေါ်၌ ပေါက်နေသော ကိုယ်တစ်ပိုင်း လူသားများက ပုလွေကဲ့သို့ တူရိယာအသေးစားများမှ နှဲကဲ့သို့ တူရိယာအကြီးစားအထိ တီးမှုတ်ရင်း သီဆိုနေကြသည်။ သီချင်းသံမှာ သာယာပျော်ရွှင်ကာ မြူးကြွနေ၏။
သင်္ဘောကြီးက ပါးစပ်ကြီးဖွင့်၍ မရေမတွက်နိုင်သော မကောင်းဆိုးဝါးများကို ဝါးမြိုကာ ကခုန်နေသည်။ ၎င်းသည် သူတို့ကို တကြွပ်ကြွပ် ဝါးစားနေ၏။
အချိန်မှီ မရှောင်လိုက်နိုင်သော မကောင်းဆိုးဝါးများမှာ လေပေါ် မြောက်တက်သွားပြီး ပျော့ပြဲသွားသည့်တိုင်အောင် တက်နင်းခံလိုက်ရသည်။
သင်္ဘောအနောက်တွင် ကောင်းကင်သို့ မျက်နှာမူနေသည့် ကလီစာများဖြင့် ဖွဲ့တည်နေသော ပိုက်ကြီးတစ်ချောင်း ရှိသည်။ သင်္ဘော အစာမခြေနိုင်သော အရာမှန်သမျှ မီးခိုးငွေ့များအဖြစ် ပြောင်းလဲခံလိုက်ရကာ ပိုက်မှတစ်ဆင့် မှုတ်ထုတ်ခံရ၏။ ထို့ကြောင့် “တူ တူ” ဆိုသော လေတိုးသံရှည် ထွက်ပေါ်နေခြင်းဖြစ်သည်။
သင်္ဘောက ချင်မူနှင့် လော့ဝူရွမ်ဆီ ပြေးဝင်လာသဖြင့် နှစ်ယောက်သား ကူကယ်ရာမဲ့နေကြသည်။ ဤသင်္ဘောသည် မရေမတွက်နိုင်သော ဝိညာဉ်များပေါင်းစုနေသည်နှင့် တူရာ အလွန်ထူးဆန်းလှ၏။
လက်ရှိ သူတို့၏အစွမ်းအစအရ သင်္ဘောအား နည်းနည်းလေးမှ မခုခံနိုင်ပေ။ သင်္ဘောက သူတို့ကို စား၍ မီးခိုးငွေ့များအဖြစ် မှုတ်ထုတ်လိုက်လိမ့်မည်။
ချင်မူ အံတင်းတင်းကြိတ်၍ မလှမ်းမကမ်းရှိ ကောင်းကင်နတ်အရှင်ဟွေ့၏ အရာဆီသို့ လှမ်းကြည့်လိုက်သည်။ သူ ရုတ်ခြည်း စိတ်ပိုင်းဖြတ်လိုက်၏။
လော့ဝူရွှမ်က လာနေသော မကောင်းဆိုးဝါးကို သတ်ရန် ချီစွမ်းအင်ဖြင့် ကောင်းကင်ဓားမများ ဖွဲ့တည်နေစဉ် ချင်မူကြည့်နေသောဘက်သို့ လှမ်းကြည့်ကာ တုန်လှုပ်သွားသည်။ သူက အလျင်အမြန် ပြောလေသည်။ “လောကသခင်ခန္ဓာချင်၊ ဘာလုပ်မလို့လဲ”
ချင်မူ၏ချီစွမ်းအင်က သူ့ကိုယ်ထဲမှ ထွက်လာပြီး ဓားချွန်တစ်လက်အသွင် ပြောင်းကာ ကောင်းကင်နတ်အရှင်ဟွေ့၏ ဒဏ်ရာရထားသော နေရာဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
လော့ဝူရွှမ်မှာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး လှမ်းအော်လိုက်သည်။ “မြို့ထဲကလူတွေ၊ အခု ထွက်သွားကြတော့”
ချင်မူက လော့ဝူရွှမ်၏ မျက်ခုံးနှစ်ဖက်ကြားမှ ကမ္ဘာဦးသစ်ပင်အူတိုင်ကို ဆွဲထုတ်၍ မြေပြင်ပေါ် စိုက်ချလိုက်သည်။ အူတိုင်သည် အလုံးတုတ်လာ၏။
ချင်မူ လော့ဝူရွှမ်ကို ဆွဲချကာ ဝမ်းလျားမှောက်ခိုင်းသည်။ “ဝမ်းလျားမှောက်ပြီးရင် ချီစွမ်းအင်အကုန်လုံး သုံးပြီး ရုပ်ခန္ဓာကို ကာကွယ်”
လူနှစ်ယောက် ကမ္ဘာဦးသစ်ပင်အူတိုင်၏ အပေါ်တွင် ဝမ်းလျားမှောက်ထားကြသည်။ ဆန်းကြယ်သင်္ဘောကြီးကား သူတို့အရှေ့တည့်တည့်သို့ ရောက်လာနေပြီဖြစ်၏။ ထိုအခိုက်အတန့်တွင် ချင်မူ၏ချီစွမ်းအင်မှ ဖွဲ့တည်ထားသော ဓားပျံက ကောင်းကင်နတ်အရှင်ဟွေ့၏ ဒဏ်ရာဆီ စိုက်ထည့်လိုက်သည်။
“ကြီး ကြီး ကြီး”
ချင်မူက အော်ဟစ်နေသည်။ “ရှည် ရှည် ရှည်”
လော့ဝူရွှမ်မှာ ချီစွမ်းအင်အလုံးစုံဖြင့် သူ၏ရုပ်ခန္ဓာကို ကာကွယ်ထားသည်။ ချီစွမ်းအင် သူ့တစ်ကိုယ်လုံး၌ ပြည့်နှက်နေစဉ် သူ ခိုးကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ဟွေ့၏အရာက မယုံနိုင်လောက်အောင် တောက်ပလာသည်ကို မြင်လိုက်ရ၏။ အလင်းရောင်က သူ့မြင်ကွင်းတစ်ခုလုံး ပြည့်သွားပြီးနောက် မှောင်မည်းသွားသည်။
ထိုအခိုက်အတန့်မှာပင် ကမ္ဘာဦးသစ်ပင်သည် ကြီးထွားသထက် ကြီးထွားလာပြီး သူတို့ကို တိမ်တိုက်များအထိ မြှောက်တင်သွားသည်။ ၎င်းကား တခဏအတွင်း မိုင်တစ်ရာကျော် ရှည်ထွက်လာ၏။
အားကောင်းလှသော အရှိန်က သူတို့အပေါ် ပင့်အားနှင့် ဖိအားသက်ရောက်လာစေသည်။ လော့ဝူရွှမ်မှာ သူ့သွေးများ အရေပြားအောက်၌ ခဲလာသလို ခံစားနေရပြီး သူ့မျက်လုံးမှာလည်း ဦးခေါင်းခွံထဲ နစ်ဝင်တော့မည့်အလား ဖြစ်နေသည်။ နှလုံးသားမှာ ပင့်အားကြောင့် နောက်ကျောရိုး၌ သွားကပ်၏။
ကြွက်သားများက ပြန့်နေအောင် ဖြန့်ခင်းခံထားရသော စက္ကူရွက်ပမာ ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် အရိုးများ တဖျောင်းဖျောင်း ကျိုး၍ အရေပြားစုတ်ပြဲလာသော အသံကိုလည်း ကြားနေရသည်။
‘ငါတို့တော့ သေပြီ လောကသခင်ခန္ဓာချင်ရေ.....’
သူ စိတ်မကောင်းဖြစ်နေသည်။ သူလို နတ်ကောင်ကင်ခန်းမအဆင့် ရုပ်ခန္ဓာတစ်ခုပင် ခံနိုင်ရည်မရှိလျှင် ချင်မူလည်း မည်သို့ခံနိုင်ပါမည်နည်း။
ဖိအားကြောင့် ချင်မူ့အရိုးများ ကျိုးသွားသည့်အချိန်တွင် အရေပြားမှာ ကမ္ဘာဦးသစ်ပင်အူတိုင်အပေါ် ကပ်သွားသည်တိုင်အောင် ဖိချခံလိုက်ရလိမ့်မည်။ သူ့အရေပြားမှာ ထိုမျှ ပြင်းထန်သော ဖိအားနှင့် ပင့်အားကို မခံနိုင်သဖြင့် ရုပ်ခန္ဓာပေါက်ကွဲသွားကာ ဖိဖိညက်ညက် ပြားကပ်နေလိမ့်မည်။ ဦးနှောက်စများလည်း ရစရာမရှိအောင် ပြန့်ကြဲနေမည်။
‘လောကသခင်ခန္ဓာချင်၊ မင်း ငါ့လက်တစ်ဖက်ကို ဖြတ်ခဲ့လို့ ငါ မင်းကို နှစ်ပေါင်းလေးသောင်းတိုင်တိုင် အငြိုးထားခဲ့ပေမယ့် မင်းက ငါ့အသက်ကို သုံးကြိမ် ကယ်ခဲ့တယ်’
လော့ဝူရွှမ်မှာ ဝမ်းနည်းလာသည်။ ‘ကံဆိုးစွာနဲ့ပဲ ငါ မင်းကို ကျေးဇူးပြန်မဆပ်နိုင်ခဲ့ဘူး... မင်းကို ဒီမှာ တိုက်ခိုက်ပြီး ငါ့ဓားမသိုင်းကွက်တွေ ပြချင်သေးတယ်’
ကမ္ဘာဦးသစ်ပင်၏အူတိုင်သည် ဆက်လက်ပြန့်ကားလာပြီး ဖန်ဆင်းတို့၏မြို့တော်ထဲ၌ ထောင်မတ်နေ၏။ ၎င်းက မိုင်ပေါင်းထောင်ချီ ရှည်ထွက်နေသဖြင့် မကြာခင် ကောင်းကင်ထဲရှိ ထိုလအား ထိပေတော့မည်။
များစွာမကြာလိုက်ဘဲ အူတိုင်ကား မိုင်တစ်သောင်း ရှည်သွားပြီး ပို၍ပင် ရှည်လာနေသေး၏။ မဟာလေဟာနယ်၏ လေထုဖိအားအပြင်သို့ပင် ထွက်သွားသည်။
ဤကမ္ဘာဦးသစ်ပင်အူတိုင်သည် သွေးလဆီ ရောက်သွားကာ ဘေးမှ ဖြတ်ကျော်သွား၏။
သွေးလကား မဟာလေဟာနယ်၏ ဖန်ဆင်းရှင်တစ်ယောက်၏ ဦးနှောက်ကြီး ဖြစ်လောက်သည်။ ထိုဖန်ဆင်းရှင်မှာ ဦးနှောက်ဖြတ်တောက်ခံရလျက် အသတ်ခံခဲ့ရခြင်း ဖြစ်မည်။ ထို့ကြောင့် သူ့ဦးနှောက်သည် မဟာလေဟာနယ်၏ ကောင်းကင်ထဲ၌ ပျံဝဲရင်း ထူးဆန်းသော သွေးလကြီးအဖြစ် ဖွဲ့တည်လာခဲ့၏။ ညတိုင်း ၎င်းက မြူးကြွသော ပုလွေသံစဉ်ကို တီးမှုတ်လေသည်။
ယခုတွင် ၎င်း၏မျက်လုံးများက ဘေးမှ ဖြတ်သွားသော တိုင်လုံးကြီးအား တအံ့တဩ စိုက်ကြည့်နေရင်း ပုလွေမှုတ်ရန်ပင် မေ့လျော့နေသည်။
အောက်တွင် ကောင်းကင်နတ်အရှင်ဟွေ့၏ အရာ ပေါက်ကွဲသွားပြီး တခဏအတွင်း အားလှိုင်းကြီးက မြို့တစ်လျှောက် ဖြာဆင်းကာ မည်သည့်အရာကိုဆို ဖျက်စီးပစ်လိုက်၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ဟွေ့၏ နတ်ဘုရားသွေးစက်နှင့် ၎င်းအတွင်းရှိ ဓားစွမ်းအင်မှာ လှုံ့ဆော်ခံလိုက်ရသဖြင့် မီးလုံးကြီးသည် မြို့တစ်မြို့လုံးကို လွှမ်းခြုံ၍ အပြင်သို့ ပြန့်ကားဖြာထွက်သွား၏။ မကြာခင် ၎င်း၏အကျယ်အဝန်းကား မိုင်တစ်သောင်းရှိသွားချေပြီ။ ၎င်း ဖြတ်သွားသည့်နေရာတိုင်းတွင် နေရာဟင်းလင်းပြင်မှာ ပြိုကွဲသွားပြီး တောင်တန်းများ ပြာကျသွား၏။ မြစ်ချောင်းပင်လယ်တို့လည်း ရေတစ်စက်မျှ မကျန်သည့်တိုင်အောင် အငွေ့ပျံသွားသည်။
နောက်ဆုံးတော့ ကောင်းကင်နတ်သိုင်းလှိုင်းက ငြိမ်သက်သွားပြီး ကမ္ဘာဦးသစ်ပင်အူတိုင်လည်း ကြီးထွားနေခြင်း ရပ်တန့်သွား၏။ လော့ဝူရွှမ်၏ မြင်ကွင်းမှာ ပြန်လည်ရှင်းလင်းလာကာ သူ့ခန္ဓာကိုယ်ထဲ၌ သွေးများ ပြန်စီးလာ၏။ ဒဏ်ရာအပြင်းအထန် ရထားသော်လည်း သူ အသက်ရှင်နေသေးသည်။
လော့ဝူရွှမ်သည် မြေထုထဲ ထိုးစိုက်နေသော ကမ္ဘာဦးသစ်ပင်အူတိုင်ကို ကြည့်ကာ တိတ်ဆိတ်နေ၏။ ရုတ်တရက် သူ မှင်သက်သွားသည်။
သွေးစက်များက ကမ္ဘာဦးသစ်ပင်အူတိုင်ထဲမှ စိမ့်ထွက်လာကာ နှလုံးတစ်လုံးအဖြစ် ဖွဲ့တည်သွားသည်။
နှလုံးမှ သွေးကြောများစွာ ထွက်လာပြီး အရပ်လေးမျက်နှာသို့ ဖြာနေသည်။ ထို့နောက် သေးငယ်သော အကြောမျှင်လေးများလည်း ပေါက်လာကာ လူသားခန္ဓာတစ်ခု တည်ဆောက်ပေးလိုက်သည်။
ထို့နောက် ဦးနှောက်တစ်ခု ထွက်လာပြီး ကလီစာများ၊ အရိုးစုလည်း ပေါ်လာ၏။
များစွာမကြာလိုက်ဘဲ လူသားခန္ဓာမှ အရေပြားနှင့် အမွှေးအမျှင်များ ပေါက်လာကာ ကိုယ်လုံးတီး ချင်မူနှင့် ချွတ်စွပ်တူနေသည်။
ချင်မူက လက်မြှောက်လိုက်သည် ကမ္ဘာဦးသစ်ပင်အူတိုင်အပေါ်၌ ကပ်နေသော အင်္ကျီက သူ့ဆီ ပျံသန်းလာသည်။ သူက အင်္ကျီပေါ်ရှိ အရိုးစများ၊ အသားစများကို ခါကာ ပြန်ဝင်လိုက်သည်။
“အမိကမ္ဘာမြေက ငါ့အပေါ် တကယ် ကောင်းတာပဲ”
ချင်မူ ပျော်ရွှင်နေစဉ် လော့ဝူရွှမ်မှာတော့ တိတ်ဆိတ်နေသည်။
“ငါ့ကို ချစ်လွန်းလို့ ဒီလိုအဖိုးထိုက်ရတနာကိုတောင် ပေးခဲ့တယ်… ဒီလိုကလေးလေးတွေ သူ့ဆီ ဘယ်လို ထပ်တောင်းရင် ကောင်းမလဲ…” ချင်မူက ပြောနေ၏။
လော့ဝူရွှမ် တွေးလိုက်မိသည်။ ‘ဒီကောင်ကတော့ ဒီလိုပြန်ရှင်လာတာတောင် ရွံစရာကောင်းနေတုန်းပဲ… နည်းနည်းလေးမှ မပြောင်းလဲသွားဘူး… ငါ သူ့ကို ချီးကျူးတာ မှားသွားတယ်’
ချင်မူက သူ့ကို ကြည့်သည်။ ကမ္ဘာဦးသစ်ပင်၏ အူတိုင်သည် မြေပြင်ဆီသို့ ပြန်ကျုံ့သွားပြီး သွေးလ၏အောက် ရောက်သည့်အခါတွင် ရပ်သွား၏။
လော့ဝူရွှမ် အူကြောင်ကြောင် ဖြစ်နေစဉ် ချင်မူက အူတိုင်အပေါ်မှ ခုန်ထွက်လိုက်သည်။ လော့ဝူရွှမ်လည်း သူ ဘာလုပ်နေမှန်း သိချင်၍ လိုက်သွားသည်။
“ကြီးလာစမ်း”
ချင်မူ အော်ဟစ်လိုက်သည့်အခါ အူတိုင်သည် လျင်မြန်စွာ ကြီးလာပြီး လကို အပြင်အာကာသသို့ တိုက်ထုတ်လိုက်သည်။
လမှာ စူးစူးဝါးဝါး အော်ဟစ်ရင်း အဝေးသို့ လွင့်ထွက်သွားတော့သည်။
ချင်မူက ကမ္ဘာဦးအူတိုင်ကို ကောက်လိုက်ပြီး မီးလောင်နေသည့်အနံ့ ရလိုက်သည့်အခါ တုတ်ချောင်းကို ပျာပျာသလဲ ကြည့်လေသည်။ တုတ်၏နေရာတစ်နေရာမှာ မည်းခြစ်နေပြီး အသက်ရစ်ကွင်းများစွာ ပြတ်ကျထား၏။
ထို့အပြင် အူတိုင်ပေါ်၌ ဓားရာများလည်း ရှိသည်။ တချို့နေရာများတွင်ဆိုလျှင် ဓားစွမ်းအင်ဖြင့် တိုက်ခိုက်ခံထားရသကဲ့သို့ နှစ်ပိုင်းပင် ပြတ်နေသည်။
ချင်မူ သိသိသာသာ နာကျင်သွားတော့သည်။ “အမိကမ္ဘာမြေ ငါ့ကို ဒီလိုတုတ်ချောင်းမျိုး ထပ်ပေးပါ့မလား မသိဘူး”
သူက အဝေးသို့ လှမ်းကြည့်လိုက်ပြီး တောင်တန်းများ ပြန်လည်မြင့်တက်လာသည်ကို မြင်လိုက်ရသည်။ ခံ့ညားထည်ဝါသော တောင်တစ်လုံးပြီးတစ်လုံး မြေကြီးပေါ်မှ လျင်မြန်စွာ ထွက်ပေါ်လာကြပြီး မူလရှိခဲ့သော အမြင့်သို့ ရောက်ပေတော့မည်။
“ကောင်းကင်နတ်အရှင်တစ်ယောက်ရဲ့ ကောင်းကင်နတ်သိုင်းကတောင် ဒီနေရာကို မဖျက်စီးနိုင်ဘူးလား” ချင်မူမှာ ကြက်သေသေနေတော့သည်။
လော့ဝူရွှမ်က ပြောသည်။ “လောကသခင်ခန္ဓာချင်၊ ငါတို့ ဒီမြို့ပြန်ဖွဲ့တည်လာတာကို စောင့်နေရင် ထွက်ပြေးနိုင်မှာမဟုတ်ဘူး”
လူနှစ်ယောက် မြို့ပျက်ကို ဖြတ်၍ အရှေ့သို့ ပြေးသည်။ “အရှေ့မှာ မြို့ကြီးတစ်မြို့ မြင်လိုက်ရတယ်…. အဲဒီကို သွားရင် အစ်ကိုကြီးဝေစွေ့ဖုန်း ချန်ထားတဲ့ သဲလွန်စတွေများ တွေ့မလား မသိဘူး”
သူတို့ ထွက်သွားပြီးမကြာခင် မြေပြင်သည် ပြန်မြင့်တက်လာပြီး ပျက်စီးနေသော မြို့မှာ မပျက်စီးခဲ့သည့်အတိုင်း ဖွဲ့တည်နေ၏။ မကောင်းဆိုးဝါးများလည်း အလိုလိုပြန်လည်ဖွဲ့တည်လာသည်။ မည်သည့်အရာမှ မပြောင်းလဲခဲ့သည့်အလားပင်။
ပြောင်းလဲသွားသမျှမှာ ကောင်းကင်နတ်အရှင်ဟွေ့၏အရာနှင့် ကောင်းကင်နတ်အရှင်သွေး မရှိတော့ခြင်းနှင့် ပေါက်ကွဲမှုကြောင့် မြို့ထဲရှိ ကျန်ရှိသူများ သေဆုံးသွားခြင်း ဖြစ်သည်။
ချင်မူက ခံ့ညားထည်ဝါနေသည့် မြို့ကြီးဆီသို့ ပြန်လှည့်ကြည့်ပြီး မှင်သက်သွားကာ သူ့ဘာသာသူ တွေးမိသည်။ “မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်တွေ ဘယ်လိုအရာမျိုး ကြုံတွေ့ခဲ့ရတာလဲ… သူတို့ ဘယ်ရောက်သွားတာလဲ.. ငါတို့ သူတို့ကို ဘာလို့မမြင်ရတော့တာလဲ”
လော့ဝူရွှမ်က တခြားအကြောင်းကို တွေးနေသည်။ “ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မု အသက်ရှင်နေသေးလောက်လား.. ကောင်းကင်နတ်ဘုံနဲ့ မဟာလေဟာနယ်က မတူညီတဲ့ ကမ္ဘာနှစ်ခုဆိုတော့ သူတို့ကိုယ်ပွားတွေ ဒီမှာသေရင် ကိုယ်အစစ်တွေ သိမှာမဟုတ်ဘူး… ဒါဖြင့် ငါ ကောင်းကင်နတ်ဘုံကနေ ထွက်သွားစရာမလိုတော့ဘူး”
ချင်မူက သူ့ကို ကြည့်၍ ပြောင်ပြောင်တင်းတင်း မေးလိုက်သည်။ “ကောင်းကင်ဓားမလော့၊ မဟာလေဟာနယ်ထဲ ဝင်လာခဲ့တဲ့ ကောင်းကင်နတ်အရှင်ရှုက သူတို့ထဲက တစ်ယောက်မှန်း သိလား”
လော့ဝူရွှမ် ကြက်သေသေသွားပြီး ကြက်သီးထသွားသည်။ သူက အားတင်းပြုံး၍ ပြောလေသည်။ “မဖြစ်နိုင်တာ… ဘယ်လိုလုပ် အဲဒီလောက်အထိ တိုက်ဆိုင်မှာတုန်း”
ထိုသို့ပြောလိုက်သော်လည်း သူ စိတ်မချသေးပေ။
ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မုသည် မည်သည့်ကောင်းကင်နတ်အရှင်များအဖြစ် မွေးဖွားလာခဲ့သနည်း။
နေထွက်လာသည်နှင့် မဟာလေဟာနယ်၏ မကောင်းဆိုးဝါးများမှာ ရေလှိုင်းဆုတ်ခွာသွားသကဲ့သို့ ပျောက်ကွယ်သွားကြသည်။ မည်းနက်နေသည့် ဝဲဂယက်နှစ်ခုသာ ကျန်ခဲ့ပြီး တစ်ခုစီသည် ချောက်နက်တစ်ခုနှင့် ဆက်နေ၏။
ချောက်ထဲမှ ပန်းတစ်ပွင့်ထွက်လာပြီး ပန်းဖူးက လည်လျက် ပွင့်အာကျလာသည်။ ယွင်ချွီးရှို့က ဝတ်ဆံပေါ်တွင် လှဲနေရင်း ယခုမှ နိုးထလာသည့် အိပ်ပျော်နေသော မင်းသမီးလို သမ်းဝေလိုက်သည်။
တစ်ဖက်ချောက်နက်ထဲမှလည်း ပန်းတစ်ပွင့် ထွက်လာပြီး ပွင့်လာသည့်အခါ လျန်းဟွာဟွန်သည် မတ်မတ်ထိုင်လျက် ယွင်ချွီးရှို့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။
“လင်ခိုးမ”
သူမက ငေါက်ခနဲ ထရပ်ပြီး လူသတ်လိုသည့် အငွေ့အသက်များ ထွက်လာသည်။ “ငါတို့ ရန်ကြွေးချေဖို့ အချိန်ကျပြီ… ဒီနေ့ နင် ဒီမှာ သေရမယ်”
ယွင်ချွီးရှို့က တခစ်ခစ် ရယ်သည်။ “နင်ကလေ အမြဲ စာအုပ်ကြီးအတိုင်းပဲ ပျော်စရာမကောင်းဘူး... ခဲအိုတော် ငါ့ရင်ခွင်ထဲ ရောက်လာတာလည်း အံ့ဩမရှိဘူး... နင်က ကောင်းကင်နတ်ဧကရီနေရာနဲ့ သင့်တော်ပေမယ့် ငါကတော့ ချစ်သူနေရာနဲ့ သင့်တော်တယ်”
လျန်းဟွာဟွန်မှာ အမျက်တစ်ချောင်းချောင်း ထွက်နေပြီး လှုပ်ရှားရန် ပြင်လိုက်သော်လည်း ယွင်ချွီးရှို့က မေးသည်။ “နင့်ရုပ်ခန္ဓာ ဘယ်မှာလဲ သိလား”
လျန်းဟွာဟွန် ရပ်၍ အေးစက်စက် ပြောသည်။ “နင်က ငါ့ရုပ်ခန္ဓာကို ယူသွားပြီး ကောင်းကင်နတ်အရှင်လင်နဲ့ မိတ်ဆွေဖွဲ့ထားတာလေ... ငါ့ရုပ်ခန္ဓာက ကောင်းကင်နတ်အရှင်လင်ရဲ့ တစ္ဆေသင်္ဘောအပေါ်မှာ မရှိလို့ ဘယ်မှာရှိမလဲ”
ယွင်ချွီးရှို့သည် အဝတ်အစားများကို သပ်သပ်ရပ်ရပ် လုပ်၍ တခစ်ခစ် ရယ်နေ၏။ “ပြန်လိုချင်လား”
လျန်းဟွာဟွန်၏အကြည့်က သူမမျက်နှာအပေါ် ကျရောက်လာကာ ရိုးသားခြင်းရှိမရှိ စစ်ဆေးနေသည်။
ယွင်ချွီးရှို့က ပြုံးသည်။ “အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်းကို တစ္ဆေသင်္ဘောဆီ ပို့ပြီးသွားပြီ... ဘယ်သူက နင့်ရုပ်ခန္ဓာကို ရှာဖို့ ကြိုးစားနေလဲ နင် နားလည်သင့်ပါတယ်... အမိကမ္ဘာမြေက သေသွားပေမယ့် အခုထိ မပျောက်ကွယ်သေးဘူး... ခဲအိုတော်က အဲဒီလောက် လွယ်လွယ်ကူကူ သေသွားမယ်လို့ ထင်လား”
လျန်းဟွာဟွန်၏ ကိုယ်လုံးသေးသေးလေးမှာ တုန်ရီသွားသည်။ သူမက အံတင်းတင်း ကြိတ်၍ မေးလေသည်။ “အဲဒီ တဏှာရူးက ငါ့ရုပ်ခန္ဓာကို ဘာလုပ်ချင်တာလဲ”
ယွင်ချွီးရှို့သည် ရယ်လိုက်၏။ “နင်နဲ့ အိပ်ဖို့တော့ ဘယ်ဟုတ်မလဲ... နင်နဲ့ငါက တစ်နေရာတည်းကနေ မွေးဖွားလာတဲ့ ညီအစ်မတွေ... ငါတို့တစ်ယောက်တည်း သူ့ကို မရင်ဆိုင်နိုင်ဘူး... ဒီတော့ နင်နဲ့ငါ အတူတူ ပူးပေါင်းကြတာ မကောင်းဘူးလား... နင့်ရုပ်ခန္ဓာ ပြန်ရအောင် ငါ ကူညီပေးမယ်... နင်က ငါ့ရုပ်ခန္ဓာကို ပြန်ယူပေး... ဘယ်လိုလဲ”
လျန်းဟွာဟွန်က တခဏ တွေးပြီးနောက် သွေးတိုးစမ်းသည်။ “နင့်ရုပ်ခန္ဓာက ဘယ်မှာလဲ”
ယွင်ချွီးရှို့က ပြုံး၍ ပြောလေသည်။ “ရန်သူတော်ကြီးချင်မူရဲ့လက်ထဲမှာ မဟုတ်လို့ ဘယ်မှာဖြစ်ပါ့မလဲ”