အရူး
Vol. 73 Ch. 953
သူတို့ သင်္ဘောအပေါ်တွင် ရှိတုန်းက ယွင်ချွီးရှို့သည် ကောင်းကင်ဆရာသခင်နှစ်ယောက်၊ ကောင်းကင်နတ်ဘုံ၏ နတ်စစ်သည်တော်အစောင့်များနှင့် ဂုဏ်အယူရဆုံးတပည့်များကို မဟာလေဟာနယ်သို့ ခေါ်ဆောင်သွားခဲ့ဖူးပြီး အထိအခိုက်၊ အသေအဆုံး များခဲ့ကြောင်း ပြောပြခဲ့၏။
နတ်စစ်သည်တော်အစောင့်များမှာ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး သူမတပည့်များလည်း တစ်ယောက်မှ အသက်မရှင်ခဲ့ပေ။ ကောင်းကင်ဆရာသခင်နှစ်ယောက်လည်း မဟာလေဟာနယ်တွင် သေဆုံးခဲ့ကြရသည်။
သူမ တစ်ခါပြောခဲ့ဖူးပုံအရ ကောင်းကင်ဆရာသခင်ယွဲ့ဆိုသည့် လူက မဟာလေဟာနယ်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့သော်လည်း အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ပေ။
သို့သော် ချင်မူက သူမကို ထိုးဖောက်မြင်နိုင်ခဲ့၏။
သူမက တစ်ကိုယ်တည်းအတွက် တစ်ဖွဲ့လုံးအား သတ်ပစ်ခဲ့သည်။
ဤစိတ်ကြီးသည့် တာအိုရသေ့ကြီး ယွဲ့ထင်းကဲက ယွင်ချွီးရှို့ ပြောနေသော ကောင်းကင်ဆရာသခင်ယွဲ့ ဖြစ်နေသည်ဆိုလျှင် ကောင်ကင်နတ်အရှင်တစ်ပါး၏ တိုက်ခိုက်မှုမှ မည်ကဲ့သို့ လွတ်မြောက်လာခဲ့သနည်း။
ဤနေရာသို့ မည်ကဲ့သို့ ရောက်လာခဲ့သနည်း။
‘ကောင်းကင်ဆရာသခင် ဖြစ်လာတဲ့ လူတိုင်းမှာ သူများနဲ့ မတူတဲ့ အစွမ်းအစတွေ ရှိကြတယ်... ယွဲ့ထင်းကဲမှာ ထွက်ပြေးဖို့ အစီအစဉ် ရှိကို ရှိရမယ်... ယွင်ချွီးရှို့ တစ်ခါပြောဖူးတယ်.... ကောင်းကင်ဆရာသခင်နှစ်ယောက်က ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တွေတဲ့’
ချင်မူ့နဖူးမှ ချွေးများ ထွက်လာသည်။ စောစောက သူ ကောင်းကင်နတ်အရှင်မူ ဖြစ်ကြောင်း ဖော်ပြခဲ့စဉ်တုန်းက ဤယွဲ့ထင်းကဲသည် သူ့ကို အရိုအသေပေးခဲ့၏။ အရိုအသေသာ မပေးဘဲ သတ်များသတ်ခဲ့လျှင်....
‘ငါ့ခန္ဓာကိုယ်တော့ အခုအချိန် အေးစက်သွားလောက်ပြီ ဟုတ်တယ်မလား’ သူ တိတ်တိတ်ကလေး တွေးမိသည်။
လော့ဝူရွှမ်လည်း မှင်သက်နေသဖြင့် အတော်လေးကြာမှ သတိပြန်ဝင်လာ၏။
ကောင်းကင်နတ်ဘုံ၏ အမြင့်ပိုင်းရှိ လူများသည် နာမည်အရင်း သုံးခဲပြီး ဘွဲ့နာမည် သို့မဟုတ် နာမည်ပြောင်များသာ သုံးကြသောကြောင့် သူလည်း ကောင်းကင်နတ်အရှင်ယွဲ့အကြောင်း အနည်းငယ်သာ သိ၏။ အဆင့်နိမ့်သူများသာ နာမည်အရင်း သုံးကြသည်။ ထို့ကြောင့် ကောင်းကင်ဆရာသခင်လေးဦး၏ နာမည်အရင်းအား သူ မသိခြင်းပင်။
ထို့အပြင် ယနေ့ ကောင်းကင်ဆရာသခင်လေးဦးတွင်လည်း ယွဲ့ထျန်းကဲမပါချေ။
ကောင်းကင်ဆရာသခင်လေးပါး၊ ကောင်းကင်နတ်မင်းလေးပါးနှင့် မဟာနတ်မင်းလေးပါးမှာ အမြဲပုံသေမရှိပေ။ သူတို့၏ရာထူးများက မြင့်မားသယောင် ထင်ရသော်လည်း ကောင်းကင်နတ်အရှင်ဆယ်ယောက်အတွက် နယ်ရုပ်လေးများသာ ဖြစ်သည်။ သေဆုံးသွားလျှင် အစားထိုး၍ရ၏။
ယနေ့ လော့ဝူရွှမ်၏ ရာထူးနှင့် ယခင်တုန်းက ရာထူးမှာ နိမ့်ကျသောကြောင့် ကောင်းကင်ဆရာသခင်ယွဲ့အား အမှတ်တမဲ့သာ မြင်ခဲ့ဖူးသည်။ ထို့အပြင် ယွဲ့ထင်းကဲ ‘သေဆုံး’ နေသည်မှာလည်း နှစ်တစ်သောင်းတိုင် ကြာခဲ့ပြီဖြစ်သည်။ ယနေ့ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်များမှာလည်း ယခင်လူများ မဟုတ်တော့ပေ။
ထို့အပြင် အတိတ်တုန်းက ယွဲ့ထင်းကဲသည် တင့်တယ်ကြော့ရှင်းသော လူတစ်ယောက် ဖြစ်၏။ ယခုတွင် သူ့ပုံစံက ရက်စက်ကြမ်းကြုတ်ပြီး စုတ်ပြတ်ပေတေနေရာ ယခင်နှင့် လားလားမျှ မတူပေ။ ထို့ကြောင့် လော့ဝူရွှမ် သူ့အား တန်းမမှတ်မိခြင်း ဖြစ်သည်။
လွန်ခဲ့သည့် နှစ်တစ်သောင်းက သေဆုံးသွားခဲ့သည့် ကောင်းကင်ဆရာသခင်သည် အဘယ်သို့ပြု၍ ဤနေရာ၌ ပြန်ပေါ်လာသနည်း။
“ကောင်းကင်ဆရာသခင်ယွဲ့၊ ကျွန်တော် ခင်ဗျားကို မေးစရာလေး နည်းနည်း ရှိတယ်”
ချင်မူက တာအိုရသေ့ကြီးဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်။ “ခင်ဗျား ဘယ်လို အသက်ရှင်ခဲ့တာလဲ မေးလို့ရမလား... ပြီးတော့ ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲက ဘယ်တစ်ယောက်က ခင်ဗျားတို့ကို ဦးဆောင်ပြီး မဟာလေဟာနယ်ထဲ ဝင်ခဲ့တာလဲ”
တာအိုရသေ့ယွဲ့ထင်းကဲက မတ်တပ်ထ၍ သူ့ကို ကြည့်ကာ ကင်ထားသော အသားပေါင်ခြောက်ကို ပခုံးအပေါ် တင်လျက် အပြင်ထွက်သွားသည်။ သူက ဒေါသတကြီး ပြောလေသည်။ “ငါ မင်းကို မသတ်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက မင်းက နဂါးဟန်ခေတ်ရဲ့ ကောင်းကင်နတ်အရှင်တစ်ယောက် ဖြစ်နေလို့ပဲ... လာစကားမများနဲ့”
ချင်မူက မြို့အပြင်သို့ လိုက်သွားပြီး သူ့ကို မေးနေသည်။ “ဖန်ဆင်းရှင်တွေ ဘယ်မှာလဲ... ကျွန်တော်တို့ သူတို့ကို ဘာလို့မမြင်ရတာလဲ.... ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုကို တွေ့ပြီးပြီလား... ရွှင်ပျော်ပျော်ကျေးရွာ ဘယ်မှာလဲ သိလား... ကောင်းကင်နတ်အရှင်ချင်နဲ့ ဒီနေရာမှာ တွေ့ခဲ့လား”
ယွဲ့ထင်းကဲသည် အရူးတစ်ယောက်သဖွယ် ထူးဆန်းစွာ ပြုံးလိုက်၏။ သူက ပြောသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ ... ကောင်းကင်နတ်အရှင်ရှုဟုတ်လား.. သူတို့က ငါ့ကို သတ်ဖို့ ဒီရောက်လာတာမလား... ဟုတ်တယ် အဲဒီလိုပဲ ဖြစ်ရမယ်... သူတို့က ငါ့သတ်ဖို့ ရောက်လာကြတာလေ... ငါ သူတို့ကို အဲဒီအန္တရာယ်များတဲ့ နေရာဆီ ခေါ်သွားတယ်.... ဟီးဟီး သူတို့ ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ဘဲ အဲဒီမှာ သေရလိမ့်မယ်... ငါကတော့ အန္တရာယ်ကင်းပြီ”
လော့ဝူရွှမ်သည် ချင်မူ့အနောက် လိုက်လာပြီး နားတွင် ကပ်၍ ပြော၏။ “ဒီကောင်းကင်ဆရာသခင်ယွဲ့ ကြည့်ရတာ စိတ်မှန်တဲ့ ပုံမပေါ်ဘူး... ဒီမှာ နှစ်တစ်သောင်း ပိတ်မိနေလို့ ရူးသွားတာများလား”
ယွဲ့ထင်းကဲက သူ့ဆီသို့ ကြည့်၍ အေးစက်စက် ပြောသည်။ “လက်တစ်ဖက်နဲ့တစ်ယောက်၊ မင်း ငါ့ကို အထင်သေးတာ များသွားပြီ.. ငါက နှစ်တစ်သောင်းမပြောနဲ့၊ နှစ်တစ်သန်း ဒီမှာ ပိတ်မိနေရင်တောင် ရူးသွားမှာမဟုတ်ဘူး... အဲဒီကောင်းကင်နတ်အရှင်တွေကို မယုံတာတစ်ခုပဲ”
စောစောက သူသည် ကျပ်မပြည့်သည့် အရူးတစ်ယောက်နှင့် တူခဲ့သော်လည်း ယခုမူ ဆန့်ကျင်ဘက် ဖြစ်နေ၏။ သူက ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်ချင် ခိုင်ဧကရာဇ် ဖြစ်လာပြီး ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကို တည်ထောင်တော့ ကောင်းကင်နတ်အရှင်ဆယ်ယောက်က သူ့ကို ဝိုင်းဖိနှိပ်ခဲ့ကြတယ်... ငါက အဲဒီတုန်းက ကောင်းကင်ဆရာသခင်လေးဦးထဲက တစ်ယောက်ဆိုတော့ သူ့ကို ဆွဲချနိုင်မယ့် အစီအစဉ် ရေးဆွဲပေးခဲ့တာပဲ”
သူက အတိတ်ကို ပြန်တွေးရင်း သူ့ကိုယ်သူ ဂုဏ်ယူလာကာ ဆက်ပြော၏။ “ခိုင်ဧကရာဇ်က မဟာမိတ်အဖွဲ့ တည်ထောင်သူအကြီးအကဲငါးဦးထဲက တစ်ယောက်၊ ကောင်းကင်နတ်အရှင်ချင်လည်း မဟုတ်လား... ဘယ်သူက သူ့ကို ပေါ်ပေါ်ထင်ထင် လုပ်ကြံရဲပါ့မလဲ... ဒါ့အပြင် သူသာ သူ့လက်အောက်ငယ်သားတွေနဲ့ ကောင်းကင်နတ်ဘုံဆီ တက်လာရင် ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်မဟာမိတ်အဖွဲ့မှာ အင်အားအကြီးဆုံး အင်အားစုတစ်စုဖြစ်လာခဲ့မှာ... ဒါကြောင့် ငါတို့ သူ့ကို အဲဒီလိုခွင့်ပြုလို့မဖြစ်ဘူး... အဲဒါနဲ့ ငါလည်း အခွံခွာတဲ့နည်းလမ်းမျိုး သုံးခဲ့ရတာပေါ့ကွာ”
သူသည် အတိတ်ကို စိတ်လှုပ်တရှား ပြောပြနေ၏။ “နဂါးဟန်ကောင်းကင်နတ်ဘုံ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံနဲ့ ထိတွေ့ဆက်ဆံခဲ့တုန်းက နဂါးဟန်ကောင်းကင်နတ်ဘုံဟာ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ တိုးတက်မှုတွေကို ကြောက်လာတယ်... ခိုင်ဧကရာဇ်ရဲ့ လက်အောက်ငယ်သားတွေထဲမှာ အင်အားအကြီးဆုံးတစ်ယောက်က တိရီယွဲ့ပဲ... ကောင်းကင်ယင်သားတော်က သူ့ကို ဖျားယောင်းပေးခဲ့တယ်... ဒါ့အပြင် လီရုံလန်နဲ့ ချီရှားယွီရဲ့ အချစ်ဇာတ်လမ်းလည်း ငါ့စနက်ပဲ... ကောင်းကင်နတ်ဘုံက လူတွေက ခိုင်ဧကရာဇ်ရဲ့ လူတွေနဲ့ ရောပြီး သူ့ကောင်းကင်နတ်ဘုံ ပြိုကွဲသွားအောင် လုပ်ခဲ့တာ... အခြေအနေတွေ အဲဒီလိုဖြစ်သွားတဲ့အခါ ခိုင်ဧကရာဇ်ရဲ့အင်အားကို အမြစ်ကနေ တူးထုတ်ပစ်နိုင်သွားတယ်”
သူက ဂုဏ်ယူစွာ ဆက်ပြော၏။ “ခိုင်ဧကရာဇ်က ငါ့အစီအစဉ်ကို ဘာမှပြန်မလုပ်နိုင်တော့ နောက်ဆုံး ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ ပျက်စီးသွားတော့တာပဲ... ဒါပေမဲ့ သူက အခြေအနေမကောင်းတာ မြင်တော့ ပါးပါးနပ်နပ်နဲ့ ရွှင်ပျော်ပျော်ကျေးရွာကို တိတ်တိတ်လေး ဆောက်ပြီး ထွက်ပြေးနိုင်သွားခဲ့တယ်... ကောင်းကင်နတ်အရှင်ဆယ်ယောက်လည်း ရွှင်ပျော်ပျော်ကျေးရွာကို ရှာဖို့ ငါ့ကို လွှတ်လိုက်တာပေါ့.. အဲဒီကတည်းက ယုန်ကို ကိုက်တာနဲ့ ခွေးကို ပြုတ်ပစ်ဆိုတဲ့ သဘောတရားကို ငါ သဘောပေါက်လိုက်သင့်တာ”
သူက ခေါင်းငုံ့၍ သတိအနေအထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရင်း ရယ်လိုက်သည်။ “ငါ သူတို့ရဲ့ လျှို့ဝှက်ချက်တွေ အများကြီးသိထားတယ်... သူတို့က ငါ့ကို သတ်ချင်နေကြတာ သိလား... ရွှင်ပျော်ပျော်ကျေးရွာကို လိုက်ရှာခိုင်းလိုက်တာ ငါ့ကို သတ်ဖို့ ဆင်ခြေသက်သက်ပဲ”
ချင်မူနှင့် လော့ဝူရွှမ် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။ ဤကောင်းကင်ဆရာသခင်ကား အနည်းငယ် စိတ်ဖောက်သွားချေပြီ။
အရှင်ယွမ်မုက သူ့ကို သတ်ရန် အစီအစဉ်မရှိခဲ့ပေ။ ကောင်းကင်နတ်အရှင်ဆယ်ယောက်အနက်မှ တစ်ယောက်အနေဖြင့် သူမသည် သူမလူများကို ဦးဆောင်ကာ ရွှင်ပျော်ပျော်ကျေးရွာကို ရှာရန် မဟာလေဟာနယ်သို့ ရောက်လာခဲ့၏။ သို့သော် မဟာလေဟာနယ်၏ ဆန်းကြယ်မှုများဆီမှ လွတ်မြောက်ရန် သူမလူများအား သတ်ပစ်ခဲ့သည်။
ကောင်းကင်ဆရာသခင်ယွဲ့က ထိုအရာကို နားလည်သည့် လူတော်တစ်ယောက် ဖြစ်သော်လည်း ယခုတွင် ရူးနေသည်။
“နောက်ဆုံးတစ်ခေါက်တုန်းက သူတို့ ငါ့ကို မသတ်နိုင်ခဲ့လို့ ကောင်းကင်နတ်အရှင်သုံးယောက်ကို ထပ်လွှတ်လိုက်တာပေါ့လေ... ဟီးဟီး... ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုကတော့ ငါ့စကားယုံပြီး အန္တရာယ်များတဲ့ နေရာဆီ သွားပြီ... ဒါပေမဲ့ ဟော့ဒီမှာ တတိယမြောက် ကောင်းကင်နတ်အရှင်၊ ကောင်းကင်နတ်အရှင်မူ ကျန်နေသေးတယ်”
သူ့မျက်လုံးများသည် လူသတ်သော အရိပ်အယောင်များ ပြလာပြီး ချင်မူ့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။ ရုတ်တရက် ထိုအရိပ်အယောင်များ ပျောက်ကွယ်သွားကာ လမ်းထောင့်တစ်နေရာတွင် ပြေးပုန်းကာ ချင်မူ့ကို ချောင်းကြည့်နေသည်။ သူက အသားကင်ဆီသို့ ခပ်တိုးတိုး ပြောနေ၏။ “ငါတို့ ကောင်းကင်နတ်အရှင်မူကို အဲဒီနေရာဆီ ခေါ်သွားသင့်လား... မလုပ်သင့်ဘူး... သူက ရန်သူမဟုတ်လောက်ဘူး... ပြီးတော့ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို ငါတို့ဆီ မျှဝေပေးခဲ့တာ သူပဲ... မင်း မှန်တယ်... ငါတို့ သူ့ကို သတ်လို့မရပေမယ့် လက်တစ်ဖက်နဲ့တစ်ယောက်ကိုတော့ သတ်လို့ရတယ်”
လော့ဝူရွှမ်မှာ ကြောက်လန့်လာပြီး ချင်မူ့ကို တောင်းပန်တော့သည်။ “လောကသခင်ခန္ဓာချင်၊ ဒီကောင်းကင်ဆရာသခင်ယွဲ့က စိတ်မမှန်ဘူး ထင်တယ်နော်.... ငါတို့ ထွက်သွားကြမလား”
ချင်မူ တွန့်ဆုတ်နေစဉ် ယွဲ့ထင်းကဲသည် အသားပေါင်ကို ဆက်ပြောနေ၏။ “ဒါပေမဲ့ ဒီသူခိုးရုပ်နဲ့ ကောင်းကင်နတ်အရှင်မူက လူကောင်းဟုတ်ပုံမရဘူး... ငါတို့ ကောင်းကင်နတ်အရှင်နှစ်ယောက်ကို ဒုက္ခပေးပြီးပြီပဲ.... နောက်တစ်ယောက်ကို ထပ်ပေးလိုက်လို့လည်း မထူးတော့ဘူးမဟုတ်လား”
ချင်မူ မတွန့်ဆုတ်တော့ဘဲ လော့ဝူရွှမ်ကို ကပျာကယာ ပြောလိုက်သည်။ “သူက တကယ် ရူးနေတာပဲ.... အခု ထွက်သွားကြရအောင်”
ယွဲ့ထင်းကဲသည် စောစောကကဲ့သို့ လူသတ်လိုသော အရိပ်အယောင်တစ်စိုးတစိမှ မရှိဘဲ သူတော်စင်အကြီးအကဲတစ်ယောက်ပမာ လမ်းလျှောက်လာကာ ရယ်နေ၏။ “ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ချင်နဲ့ ရွှင်ပျော်ပျော်ကျေးရွာ ဘာဖြစ်သွားလဲ သိချင်လား... သိချင်ရင် နောက်က လိုက်ခဲ့”
ချင်မူ မျက်တောင်ပုတ်ခတ်သွား၏။
လော့ဝူရွှမ်က ခေါင်းယမ်းပြသည်။ “လောကသခင်ခန္ဓာချင်၊ သူ ငါတို့ကို လိမ်နေတာ... သူနဲ့ လိုက်သွားလို့ မဖြစ်ဘူး”
ချင်မူက အံတင်းတင်းကြိတ်၍ ယွဲ့ထင်းကဲနောက်မှ လိုက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ထိုမြို့မှ မိုင်ရာဂဏန်းမျှ အကွာတွင် လျန်းဟွာဟွန်က နတ်ဘုရားငယ်တစ်ယောက်နှင့် တိုက်ခိုက်နေ၏။ ထိုနတ်ဘုရားငယ်သည် နယ်နယ်ရရ မဟုတ်ပေ။ သူ့အနောက်၌ လွင့်မျောနေသော ကောင်းကင်နန်းတော်လေးခုက သူ၏မှော်စွမ်းအင်ကို ပြိုင်ဘက်ကင်းနေစေသည်.
သို့သော် လျန်းဟွာဟွန်သည် ကောင်းကင်တံတားအဆင့် ကောင်းကင်နတ်သိုင်းပညာရှင် ဖြစ်ပါသော်လည်း အသာစီးရနေ၏။
နှစ်ယောက်သား ရင်သပ်ရှုမောဖွယ်ရာ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများဖြင့် တိုက်ခိုက်နေကြသည်။
မကြာမီ အရာအားလုံး ငြိမ်သက်သွားပြီး နှစ်ယောက်စလုံး ပြန်လည်ဆင်းသက်လာကြသည်။
နတ်ဘုရားငယ်မှာ ရင်ဘတ်ကို ဆုပ်ကိုင်၍ အက်ကွဲသောအသံဖြင့် မေး၏။ “ညီမတော်လျန်း၊ ဘာကြောင့်လဲ”
လျန်းဟွာဟွန်က သူမ၏ကောင်းကင်နတ်သိုင်းကို သူ့ခန္ဓာကိုယ်ထဲသို့ တွန်းထုတ်လိုက်သည်။ ထိုကောင်းကင်နတ်သိုင်းမှာ သူ၏အဆီအနှစ်နှင့် သွေးများကို အဆက်မပြတ် စုပ်ယူနေသော ချောက်နက်တစ်ခုသဖွယ် ထူးဆန်းသော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်၏။ များစွာမကြာလိုက်ဘဲ သူ့မှာ မီးခြစ်ဆံတစ်ချောင်းလို ပိန်ကပ်သွားတော့သည်။
ထိုမျှသာမက သူ၏ကောင်းကင်ရတနာခုနစ်ခုလည်း ထိုချောက်နက်ထဲသို့ တစ်ခုပြီးတစ်ခု ပြိုကျကုန်သည်။
ကောင်းကင်နတ်ဘုံတွင် ယိုတု၏မဟာတာအိုနှင့် ယိုတုကောင်းကင်နတ်သိုင်းများကို တတ်ကျွမ်းသော သိုင်းပညာရှင်များစွာ ရှိသည်။ ကောင်းကင်ယင်သားတော်လည်း မင်တုကို တည်ထောင်နိုင်သည်အထိ ကျွမ်းကျင်၏။ သို့သော် ကောင်းကင်နတ်ဘုံမှာ အဆုံးသတ်မြို့ပျက်အကြောင်း သိပ်မသိပေ။
အဆုံးသတ်မြို့ပျက်ကောင်းကင်နတ်သိုင်းများက ကောင်းကင်နတ်ဘုံအတွက် ပဟေဠိပမာ ဖြစ်၏။ အဆုံးသတ်မြို့ပျက်၏ ကောင်းကင်နတ်သိုင်းများအသာထား၊ အတော်များများမှာ အဆုံးသတ်မြို့ပျက်အကြောင်း မသိကြပေ။
ဤနတ်ဘုရားငယ်သည် ချင်မူ တိုက်ခိုက်ခဲ့ဖူးသော အန်းချင်းယွီထက်ပင် များစွာ သန်မာအားကောင်း၏။ သို့သော် အဆုံးသတ်မြို့ပျက်၏ ကောင်းကင်နတ်သိုင်းများနှင့် ရင်ဆိုင်ရသည့်အခါ သူ့မှာ ကူကယ်ရာမဲ့သွားသည်။
မည်သို့မည်ဖုံဖြစ်သွားမှန်းပင် သူ နားမလည်လိုက်ပေ။ သူနှင့် လျန်းဟွာဟွန်က ကောင်းကင်နတ်အရှင်ဟောင်၏ တပည့်များဖြစ်သဖြင့် သူမအား သူ မကြာခဏ ကြည့်ရှုဂရုစိုက်ပေးခဲ့ရဿည်။
ထို့ကြောင့် လျန်းဟွာဟွန်က သူ့ကို သေစေသည်အထိ တိုက်ခိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဘာကြောင့်ဆိုတာ မရှိဘူး၊ အစ်ကိုတော်လျောင်”
လျန်းဟွာဟွန်က တိုးညှင်းစွာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ ရှင် အရင်တွေ့သွားမှာ မလိုလားတာတစ်ခုပါပဲ”
အစ်ကိုတောင်လျောင်မှာ ညည်းညူလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ချောက်နက်က ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာကို မြိုချပြီး၍ သေခြင်းရှင်ခြင်းကောင်းကင်ရတနာနှင့် ကောင်းကင်တံတားကောင်းကင်ရတနာအား မြိုချပေတော့မည်။
များမကြာခင် သူ့အဆီအနှစ်နှင့် သွေးများမှာ တစ်စက်မကျန် စုပ်ယူခံလိုက်ရကာ သူ့ခန္ဓာကိုယ်သည် အရိုးပေါ်အရေတင်နေသော အရိုးစုတစ်စု ဖြစ်လာ၏။
“ရှင် သူ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး”
လျန်းဟွာဟွန်က ရှင်းပြသည်။ “ရှင်က သူ့ကို အနိုင်ယူနိုင်တဲ့အတွက် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နည်းလမ်းတွေကို ထုတ်သုံးလိမ့်မယ်.... ဒါပေမဲ့ ရှင် ထုတ်သုံးရင်တောင် သူ့ကို သတ်နိုင်လောက်မှာမဟုတ်ဘူး... သူက ရှင့်သိုင်းကွက်တွေကို ထိုးဖောက်မြင်ပြီး သူ့ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို မွမ်းမံသွားနိုင်လိမ့်မယ်”
အစ်ကိုတော်လျောင်၏ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာနှင့် ကောင်းကင်တံတားကောင်းကင်ရတနာသည် အသူရာချောက်နက်ထဲသို့ ပြိုကျသွား၏။ ချောက်နက်က သူ၏ကောင်းကင်နန်းဆောင်ဆီသို့ ဆက်လက်ဝါးမြိုကာ တောင်ကောင်းကင်မုခ်ဝထံ ရောက်သွားသည်။
အရိုးသာ ကျန်တော့သော သူ၏ရုပ်ခန္ဓာမှာလည်း အတွင်းထဲ၌ လှိုက်၍ ပျက်စီးလာသည်။
“မူကို သတ်မယ့်သိုင်းကွက်ထဲမှာ ၁၈ ကွက်ပဲ ကျန်တယ်... သူ တစ်ကွက်ကို ထိုးဖောက်မြင်သွားတိုင်း သူ့ကို သတ်နိုင်မယ့် တစ်ကွက်လျော့သွားပြီ ဆိုလိုတယ်... ရှင့်ရဲ့ အစွမ်းအစတွေက အားနည်းလွန်းတယ်... တုံးလည်း တုံးအကြတယ်... ဒီတော့ ရှင်တို့တွေ မူကို သတ်မယ့်သိုင်းကွက်တွေနဲ့ သူ ပိုသန်မာအားကောင်းလာတာ လုပ်ပေးနေတာ စောင့်မယ့်အစား ကျွန်မပဲ သိမ်းထားလိုက်မယ်”
လျန်းဟွာဟွန်က ခပ်တိုးတိုး ပြောနေ၏။ “ကျွန်မရဲ့ မဟာသိုင်းကွက်ကိုမှ ထုတ်မသုံးရင် သူ့ကို မဖယ်ရှားနိုင်ဘူး... ဒါကြောင့် မူကို သတ်မယ့်နည်းလမ်းတွေ ပေါက်ကြားသွားမှာ ကျွန်မ လက်မခံနိုင်တဲ့အတွက် ရှင်တို့အားလုံးကို သတ်ပစ်ရလိမ့်မယ်.... ဒီအဖြေကို လက်ခံနိုင်ရဲ့လား အစ်ကိုတော်လျောင်”
အစ်ကိုတော်လျောင်၏ ကောင်းကင်နန်းဆောင်မှာ ဝုန်းခနဲ မြည်ဟည်းကာ ခန်းမဆောင်များ အသူရာချောက်နက်ထဲသို့ ပြိုကျသွား၏။ သူ၏မူလဝိညာဉ်မှာလည်း မလွတ်မြောက်နိုင်သောကြောင့် ရုပ်ခန္ဓာနှင့်အတူ ချောက်ထဲ ကျသွားတော့သည်။
အဆုံးသတ်တွင် သူသည် အစအနပင် မကျန်ဘဲ ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားချေပြီ။ သူ၏ဝိညာဉ်ပင် မည်သည့်အပိုင်းအစမှမကျန်၊ အနက်ရောင်ဝိညာဉ်မှုန်များပင် မဖြစ်ဘဲ ပျောက်ကွယ်သွား၏။
သူကား ချောက်နက်၏ စုပ်ယူခြင်း ခံခဲ့ရချေပြီ။
ထို့နောက် အသူရာချောက်နက် ကောင်းကင်နတ်သိုင်းသည် လျန်းဟွာဟွန်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ပျံသန်းလာ၏။
ထို့နောက် သူမ၏မျက်ခုံးနှစ်ဖက်ကြား၌ အနီရောင်အရာတစ်ခု ပေါ်လာကာ ပျောက်ကွယ်သွားသည်။
သူမ ကြေးမုံတစ်ချပ် ထုတ်လိုက်သည့်အခါ ကြေးမုံအပေါ်တွင် အစက်ငါးစက် ရှိသည်။ လေးစက်က ရွေ့လျားနေ၏။
ဤကြေးမုံသည် ဤခရီးနှင့်အတူ လိုက်ပါသွားမည့် တပည့်ဆယ့်ကိုးယောက်အတွက် ကောင်းကင်နတ်အရှင်ဟောင် သွန်းလုပ်ပေးခဲ့သော အဖိုးထိုက်ရတနာတစ်ပါး ဖြစ်၏။ ဝိညာဉ်ကြေးမုံဟု ခေါ်ပြီး ကြေးမုံကို သုံးလျှင် အနီရောင်အစက်များမှတစ်ဆင့် တစ်ယောက်ကိုတစ်ယောက် လျင်မြန်စွာ ရှာတွေ့နိုင်သည်။ ထိုနည်းဖြင့် အတူတူပူးပေါင်းကာ ချင်မူ့ကို သတ်နိုင်၏။
ဤကြေးမုံက သူ့တပည့်များ ဆောဆောလျင်လျင် သေဆုံးရစေမည့် တရားခံ ဖြစ်လာလိမ့်မည်ဟု ကောင်းကင်နတ်အရှင်ဟောင် မထင်မှတ်ထားရုံသာ ရှိသည်။
“ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ဆယ့်ရှစ်ယောက်ထဲမှာ ငါးယောက်က ငါ့လက်ချက်နဲ့ သေဆုံးသွားပြီ… လေးယောက်ကျန်တယ်…. ဒီလေးယောက်ကို ဖယ်ရှားပြီးရင် ငါ ကောင်းကင်နတ်အရှင်မူကို ရှင်းနိုင်မယ်”
လျန်းဟွာဟွန်က ပြုံး၍ ဝိညာဉ်ကြေးမုံကို ဆုပ်ကိုင်ရင်း အနီရောင်အစက်တစ်စက်ဆီသို့ ပျံသန်းသွားသည်။ ‘ကျန်တဲ့ကိုးယောက်က လမ်းမှာ သေသူကသေ၊ မဟာလေဟာနယ်ရဲ့ အန္တရာယ်တွေကြောင့် သေသူက သေကုန်ပြီ… ကောင်းကင်နတ်အရှင်မူက တစ်ယောက်ယောက်ကို သတ်ခဲ့ပြီးပြီလား… မူကို သတ်မယ့်သိုင်းကွက် ၁၈ ကွက်ထဲက ဘယ်လောက်ကျန်သေးလဲ မသိတာတစ်ခုပဲ… ဒါပေမဲ့ သူ့ကို သတ်ဖို့ သိုင်းကွက်များများ သုံးရမယ်”
များစွာမကြာလိုက်ဘဲ သူမသည် အနီရောင်အစက်တစ်စက်သို့ လိုက်မှီသွားပြီး လွင်ပြင်ထက်၌ ပြေးနေသော မိန်းကလေးတစ်ယောက်အား မြင်လိုက်ရ၏။ သူမလည်း ကြေးမုံတစ်ချပ် ကိုင်ထားလေသည်။
“အစ်မတော်လီ” လျန်းဟွာဟွန်က လှမ်းအော်သည်။
အမျိုးသမီး၏မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားကာ မြန်မြန်အရှိန်တင်၍ ထွက်ပြေးတော့သည်။ သူမက အေးစက်စက်ပြော၏။ “လျန်းဟွာဟွန်၊ နင် ဝိညာဉ်ကြေးမုံပေါ်က အနီရောင်အစက်တစ်စက်နဲ့ သွားတွေ့ပြီးကတည်းက အဲဒီအစက်ပျောက်သွားတယ်… နင် အဲဒီတပည့်ကို သတ်ပြီးလို့ အခု ငါ့ကို သတ်ဖို့ လာတာမဟုတ်လား”
လျန်းဟွာဟွန်၏ အမူအရာအနည်းငယ် ပြောင်းလဲသွား၏။ သူမက နောက်မှလိုက်ဖမ်းရင်း ပြောသည်။ “အစ်မတော်က သိသွားမှတော့ အစ်မတော်ကို အသက်ရှင်လျက် ထားဖို့ အကြောင်းရင်းတစ်ခုတောင် လျော့သွားသေးတာပေါ့… ထွက်ပြေးမနေနဲ့တော့ အစ်မတော်…. ကံကြမ္မာက သတ်မှတ်ပြီးသွားပြီ”
အစ်မတော်လီသည် နတ်ဘုရားတစ်ပါး ဖြစ်ပါသော်လည်း သူမနှင့် မတိုက်ခိုက်ရဲသဖြင့် ထွက်ပြေးဖို့သာ ရွေးချယ်လိုက်၏။
လျန်းဟွာဟွန်က လက်ချောင်းတစ်ချောင်း ဆန့်ထုတ်လိုက်ရာ သူမရှေ့တွင် အနက်ရောင်ဝဲတစ်ဝဲ ပေါ်လာသည်။ သူမက ဝဲထဲ ခုန်ဝင်ကာ ပျောက်ကွယ်သွား၏။
အစ်မတော်လီ ထွက်ပြေးနေစဉ် သူမဘေး၌ အနက်ရောင်ဝဲတစ်ဝဲ ဖျတ်ခနဲ ပေါ်လာသည်။ သူမ ရပ်တော့မည့်အချိန် ထိုဝဲကား သူမကို ဝါးမြိုလိုက်ချေပြီ။
သားရဲကြီးနှစ်ကောင် သူသေကိုယ်သေ တိုက်ခိုက်နေသကဲ့သို့ ဝဲသည် ပြင်းပြင်းထန်ထန် တုန်ခါနေ၏။
များမကြာခင် အစ်မတော်လီက ခုန်ထွက်လာကာ ထွက်ပြေးသည်။ သို့သော် သူမခန္ဓာကိုယ်မှာ ပေါ့သထက် ပေါ့လာပြီးနောက် အရိုးပေါ်အရေတင်လာ၏။
သူ၏ရုပ်ခန္ဓာမှာ အသွေးအသား၊ အရိုး၊ ကောင်းကင်ရတနာများ၊ ကောင်းကင်နန်းဆောင်နှင့် မူလဝိညာဉ် စုပ်ယူဝါးမြိုခံလိုက်ရသဖြင့် ဟောင်းလောင်းဖြစ်သွားတော့သည်။
လျန်းဟွာဟွန်သည် ဝဲထဲမှ ထွက်လာပြီး ဝိညာဉ်ကြေးမုံဆီသို့ ကြည့်၏။ သူမက ဝိညာဉ်ကြေးမုံမှ ပြနေသော လမ်းကြောင်းအတိုင်း လိုက်သွားရင်း ခပ်တိုးတိုး ရေရွတ်နေသည်။ “သုံးယောက် ကျန်တယ်….”