ကောင်းကင်ကမ္ဘာသုံးမျိုးကျင့်စဉ်
Vol. 73 Ch. 956
‘မဟာဧကရာဇ်တံဆိပ်တော်ကို ကောင်းကင်နတ်အရှင်ယွင်က ငါ့ဆီ ပေးခဲ့တာ... ဒီတံဆိပ်တော်နဲ့ ယဇ်ပလ္လင်အပြင် တာအိုဘိုးဘေးကြီးပြောပုံအရ ကောင်းကင်နတ်အရှင်ယွင်က ခိုင်ဧကရာဇ်အတွက်လည်း မဟာလေဟာနယ်ရဲ့မြေပုံ ပါတဲ့ စာလိပ်တစ်လိပ် ချန်ထားခဲ့သေးတယ်’
ချင်မူက ပိုပို၍အားကောင်းလာသော တံဆိပ်တော်ဆီသို့ မော့ကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။
ကောင်းကင်နတ်အရှင်ယွင် ချန်ခဲ့သော ပစ္စည်းများအရ ကောင်းကင်နတ်အရှင်ယွင်သည် အစောပိုင်းနဂါးဟန်ခေတ်ကတည်းက မဟာလေဟာနယ်အကြောင်း တော်တော်လေး သိခဲ့ပုံရ၏။ မဟာလေဟာနယ်နှင့် ပက်သက်၍ သူ သိထားသည်မှာ ယနေ့ခတ် ကောင်းကင်နတ်အရှင်ဆယ်ယောက်ထက်ပင် သာချေသည်။
ခိုင်ဧကရာဇ်သည် မဟာလေဟာနယ်၌ ရွှင်ပျော်ပျော်ကျေးရွာကို တည်ဆောက်ခဲ့သောကြောင့် အလွန်ရှာရခက်သည်ဟူသော ကောလဟာလများ ရှိ၏။ ကောင်းကင်နတ်အရှင်ဆယ်ယောက်က ရွှင်ပျော်ပျော်ကျေးရွာကို ရှာဖွေ၍ ပုန်းအောင်းနေသော အန္တရာယ်ဖြစ်သည့် ခိုင်ဧကရာဇ်ကို ဖယ်ရှားသုတ်သင်ရန် ကောင်းကင်နတ်ဘုံသားများအား အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့ဖူးသည်။
ရွှင်ပျော်ပျော်ကျေးရွာသာ မဟာလေဟာနယ်ထဲတွင် အမှန်တကယ် တည်ရှိလျှင် ကောင်းကင်နတ်အရှင်ယွင် ချန်ခဲ့သည့် မြေပုံက ခိုင်ဧကရာဇ်အတွက် အသုံးတည့်သွားခြင်းဖြစ်မည်။
‘ဒါဆိုရင် ကောင်းကင်နတ်အရှင်ယွင်ရဲ့ ရုပ်ခန္ဓာက ဘာလို့မဟာဧကရာဇ်ရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာ ပေါ်လာတာလဲ’
ချင်မူ စိတ်ရှုပ်ထွေးသွားသည်။ လော့ဝူရှန်နှင့် ယွဲ့ထင်းကဲကလည်း လေးထောင့်တံဆိပ်တော်ကို မော့ကြည့်ရင်း အံ့အားသင့်နေကြသည်။ ဤတံဆိပ်တော်သည် အဆင့်မြင့်အသိစိတ်အလျင်နယ်ပယ်ကို ချိုးဖျက်ကာ သူတို့ကို ဤဆန်းကြယ်မြေပြင်၏ စည်းမျဉ်းနိယာမများအတွင်းမှ လွတ်မြောက်လာစေခဲ့၏။ မယုံကြည်နိုင်ဖွယ်ရာ ကောင်းပေသည်။
သို့သော် ချင်မူနှင့် ရှုကျွင်းကတော့ မည်သို့ဖြစ်ပျက်နေသည်မှန်း သိကြသည်။ ဤတံဆိပ်တော်သည် မဟာဧကရာဇ်၏ တံဆိပ်တော်ဖြစ်သည့်အတွက် သူ၏စွမ်းအားကို ဤနေရာတွင် အသုံးချကာ အန္တရာယ်ကင်းသော ဧရိယာတစ်ခု ဖန်ဆင်းနိုင်၏။ တံဆိပ်တော်က အဆင့်မြင့်အသိစိတ်အလျင်ကို ချိုးဖျက်လိုက်ခြင်းမဟုတ်ပေ။ မဟာဧကရာဇ်က ချိုးဖျက်လိုက်ခြင်းဖြစ်၏။
ရုတ်တရက် ချင်မူက အကြံပြုသည်။ “ကောင်းကင်ဆရာသခင်ယွဲ့...ကောင်းကင်ဓားမလော့.... ကျွန်တော်တို့မှာ ဒီတံဆိပ်တော် ရှိနေပြီဆိုတော့ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ရဲ့ ဆန်းကြယ်နက်နဲမှုတွေကို လိုက်စူးစမ်းကြရင် မကောင်းဘူးလား”
လော့ဝူရှန်က စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်သည်။ ”ကောင်းတာပေါ့.... အနည်းဆုံးတော့ ငါတို့ကောင်းကင်နတ်အရှင်ဟွေ့ကို ကယ်နိုင်တာပေါ့”
ချင်မူက ယွဲ့ထင်းကဲဆီသို့ လှည့်ကြည့်သည်။ ယွဲ့ထင်းကဲက ရူးချင်ယောင်ဆောင်မနေတော့သလို စိတ်ကြီးသောအမူအရာလည်း မရှိပေ။ ထိုအစား သနင်္ဂဗျူဟာစစ်သူကြီးတစ်ဦးအလား ဉာဏ်အမျှော်အမြင်ကြီးမားသော အငွေ့အသက်တို့ လွှမ်းမိုးနေ၏။ သူလည်း ခေါင်းညိတ်သည်။ “ကောင်းကင်နတ်အရှင်မူမှာ ဒီလိုရတနာရှိမှတော့ ငါတို့ ဒီမြေပြင်ရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေနိုင်ပါပြီ.... မင်းတို့အတွက် ဒီခရီးစဥ်မှာ ကာကွယ်ပေးဖို့လူ လိုတယ်... ငါ အဲ့ဒီလူ ဖြစ်ပေးဖို့ အဆင်သင့်ပဲ”
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်မိသည်။ ယွဲ့ထင်းကဲက မထင်မှတ်ဖွယ်ကောင်းစွာနှင့် အလွန်လေးနက်လာသဖြင့် ချင်မူမှာ ဤအပြောင်းအလဲနှင့် အသားကျရန် အခက်တွေ့နေလေသည်။
ဤတာအိုရသေ့ကြီးသည် တစ်ချက်တစ်ချက် စိတ်ထဖောက်ပြီး တစ်ချက်တစ်ချက် ရက်စက်ကြမ်းကြုတ်တတ်၏။ ယခုတွင် သူ၏စိတ်အလျဉ်က ရှင်းလင်းကြည်လင်ပြီး လေးနက်နေပုံရ၏။ အလွန်ဇဝေဇဝါဖြစ်စရာ ကောင်းလေသည်။ သူ မည်သည့်အချိန် ဘာစိတ်ကူးပေါက်မည်လဲ မည်သူမှမသိနိုင်ချေ။
ယွဲ့ထင်းကဲက တာအိုတရားပေါက်သွားသော ပညာရှင်တစ်ဦးပမာ မြေပြင်၌ ဝပ်စင်းအရိုအသေပေးသည်။ ထို့နောက် ပြုံးလိုက်သည်။ “တာအိုဂိုဏ်းရဲ့ ယွဲ့ထင်းကဲ ကောင်းကင်နတ်အရှင်မူကို ဂါ၀ရပြုပါတယ်... ငါ မဟာလေဟာနယ်ထဲ ၀င်ကတည်းက စိတ်ရူးဖောက်သွားခဲ့တယ်... ဒီနေ့ကတော့ စိတ်ကောင်းပြန်၀င်လာတဲ့ ရှားရှားပါးပါးနေ့ပါ.. ကောင်းကင်နတ်အရှင်၊ ဒီခရီးစဉ်အတွင်း ကိုယ့်ကိုယ်ကို အရှက်ခွဲခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်”
လော့ဝူရှန်က ခပ်တိုးတိုးပြောသည်။ “လောကသခင်ခန္ဓာချင်... ငါတို့ ဒီလူ့ကို ယုံလို့မရဘူးနော်”
ချင်မူက ပြုံးလိုက်သည်။ “အခု အားလုံး တစ်လှေတည်း စီးနေကြတာပဲလေ တစ်ယောက်နဲ့တစ်ယောက် ယုံသင့်တာပေါ့... ကောင်းကင်ဆရာသခင်ယွဲ့၊ ခင်ဗျားက ကောင်းကင်နတ်ဘုံရဲ့ သူတော်စင်တန်ခိုးရှင်မဟုတ်လား.... ကျွန်တော်တို့ ဒီအဆင့်မြင့်အသိစိတ်အလျဉ်နယ်ကို ဘယ်လိုလေ့လာသင့်တယ်ထင်လဲ”
ယွဲ့ထင်းကဲမှာ တိတ်ဆိတ်စွာ တွေးနေ၏။ သူ၏ချီစွမ်းအင်က မရေမတွက်နိုင်သော ကြယ်တာရာများအဖြစ် ဖွဲ့တည်လာပြီး ပေတစ်ထောင် ကျယ်ဝန်းသော ဧရာမစက်ဝန်းကြီးတစ်ဝန်းအဖြစ် စီရင်း ဖြည်းညင်းစွာ လှည့်ပတ်နေသည်။ သူက ပြောသည်။ “အဆင့်မြင့်အသိစိတ်အလျဉ်ရဲ့ အဓိကဧရိယာက အရှေ့မှာ ရှိတယ်... ကောင်းကင်နတ်အရှင်ဟွေ့တောင် ထွက်မလာနိုင်ဘဲ အထဲမှာ ပိတ်မိနေတဲ့နေရာပဲ.... ငါတို့ ဒီကြယ်စက်ကွင်းကို နာရီတစ်လုံးအဖြစ် အသုံးပြုကြမယ်... ကြယ်တွေက စက်ကွင်းရဲ့ အလယ်ကို ဗဟိုပြုပြီး လည်တဲ့အခါ တစ်ပတ်အပြည့် လည်ပြီးရင် တစ်နေ့နဲ့ ညီမျှမယ်... ဒါဆို တံဆိပ်တော်ကို အကာအကွယ်အနေနဲ့ သုံးပြီး အဆင့်မြင့်အသိစိတ်အလျဉ်နယ်ထဲ ဝင်လို့ရပြီ... ကြယ်တွေရဲ့ လှည့်ပတ်နှုန်း မြန်တာမြင်ရင် အဆင့်မြင့်အသိစိတ်အလျဉ်နယ်ထဲမှာ ပိတ်မိသွားပြီး တံဆိပ်တော်က နယ်ပယ်ထဲကနေ ဖောက်မထွက်နိုင်တော့ဘူးလို့ ဆိုလိုတယ်... အဲဒီလိုဖြစ်လာတာနဲ့ ငါတို့ ဒီကနေ ချက်ချင်း ပြန်ဆုတ်ကြမယ်”
ချင်မူ ချီးကျူးလိုက်မိသည်။ “ကောင်းလိုက်တဲ့ အကြံ”
သူတို့အားလုံး ချက်ချင်း လှုပ်ရှားကြသည်။ ချင်မူက အသိစိတ်အလျဉ်ဖြင့် မဟာဧကရာဇ်၏ တံဆိပ်တော်ကို ထိန်းချုပ်ကာ သူတို့ခေါင်းပေါ်တွင် ပင့်မြှောက်ထား၏။ လူသုံးယောက်နှင့် နဂါးတစ်ကောင် ဟင်းလင်းပြင်ချောက်ကို ဂရုတစိုက် ဖြတ်သန်းရင်း ကြာပွင့်သဏ္ဍာန်မြေပြင်ဆီ တဖြည်းဖြည်း ချဉ်းကပ်သွားနေသည်။
ချင်မူက နောက်လှည့်ကြည့်သည်။ ပေတစ်ထောင် ကျယ်ဝန်းသော ကြယ်စက်ကွင်းကြီးက တောင်စောင်းနံရံ၌ မတ်မတ်ထောင်နေပြီး ကြယ်များသည် စက်ကွင်း၏အလယ်ကို ဗဟိုပြု၍ လည်နေကြောင်း မြင်တွေ့ရ၏။
အဆင့်မြင့်အသိစိတ်အလျဉ်နယ်တွင် အချိန်၏စီးဆင်းမှု မတူညီခြင်းမဟုတ်ဘဲ ... ဒြပ်ထုတို့၏အပြောင်းအလဲနှုန်းက မတူညီခြင်း ဖြစ်ပေသည်။ ဤနေရာရှိ အသိစိတ်အလျဉ်က အားကောင်းပြင်းထန်လွန်းသည့်အတွက် ဒြပ်ထုများအား မလှည့်ပတ်နိုင်အောင် ရပ်တန့်ထား၏။ ကောင်းကင်နတ်အရှင်ဟွေ့လို ဖြစ်တည်မှုတစ်ခုပင် ဤနေရာတွင် ပိတ်မိနေသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် မဟာဧကရာဇ်၏ တံဆိပ်တော်က သူတို့ကို ကာကွယ်ပေးထားသောကြောင့် ဤရပ်တန့်နေသော နေရာနှင့်အချိန်ကို ဖြတ်သွားနိုင်ခြင်း ဖြစ်သည်။
သူတို့ ကြာပွင့်သဏ္ဍာန်မြေပြင်အပေါ် ခြေချလိုက်သည့်အခါ မဟာဧကရာဇ်၏ ခြေထောက်နှစ်ဖက်မှ ဖောက်ထွက်နေသော ဧရာမအမြစ်ကြီးများကို မြင်ရသည်။ မြင်ကွင်းမှာ ကြောက်လန့်တုန်လှုပ်စရာကောင်း၏။ မဟာဧကရာဇ်၏ ရုပ်ခန္ဓာသည် ဧရာမကြီးမားလှသည့် ကမ္ဘာဦးသစ်ပင်ကြီးနှင့် ယှဉ်နိုင်ပေသည်။ အမြစ်များက ကြာပွင့်သဏ္ဍာန်မြေပြင်အတွင်းထဲ ထိုးစိုက်နေသဖြင့် တစ်စိတ်တစ်ပိုင်းက မြေပြင်ကို မို့မောက်လာစေကာ တောင်တန်းများ ဖြစ်ပေါ်လာစေခဲ့သည်။
မြေပြင်တစ်လျှောက် စီးဆင်းနေသော သွေးမြစ်ကြီး၏ အကျယ်နှင့် အရှည်ကလည်း အံ့အားသင့်ဖွယ်ရာဖြစ်၏။ သွေးမြစ်ထဲ၌ ထူးဆန်းပြီး ကြောက်စရဦကောင်းသော သတ္တဝါများစွာ ရှိကြသည်။ ၎င်းတို့က မဟာဧကရာဇ်၏ နတ်သွေးမှ ပေါက်ဖွားလာခြင်း ဖြစ်ဟန်တူသည်။
ကံကောင်းထောက်မ၍ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ထဲတွင် ဤသတ္တဝါများမှာ ငြိမ်သက်နေပြီး မလှုပ်ရှားနိုင်ကြပေ။
ချင်မူတို့ တောင်ထပ်များကို ဖြတ်ကျော်ပျံသန်းပြီး အောက်ငုံ့ကြည့်ကြသည်။ ဖန်ဆင်းရှင်တို့၏ ကောင်းကင်နတ်သိုင်းများက အလွန်လှပပြီး အရောင်အသွေးစုံလင်သော မြင်ကွင်းတစ်ခုကို ဖန်ဆင်းထား၏။ သူတို့ လှည့်လည်ပျံသန်းနေကြစဉ် လူ့ဘီလူးကြီးများ၏ ကမ္ဘာ၌ လျှောက်သွားနေရသကဲ့သို့ ခံစားရလေသည်။ အရာအားလုံးက ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလွန်းနေသည်။
“ဒီက ဘာကိုမှ မထိနဲ့”
ချင်မူက အလေးအနက် ပြောသည်။ “ဒီကအတော်များများက အသိစိတ်အလျဉ်နဲ့ ဖန်ဆင်းထားတာတွေ... ဖန်ဆင်းရှင်တွေရဲ့ အသိစိတ်အလျဉ် ပူးကပ်ခံရမှာ သတိထား... အဲဒီလိုဖြစ်သွားရင် ကိုယ့်ခန္ဓာကိုယ်က ကိုယ် ဟုတ်တော့မှာမဟုတ်ဘူး”
ရှုကျွင်းက ဟမ့်ခနဲ နှာခေါင်းရှုံ့၏။ ချင်မူက သူ့ကြောင့် ရခဲ့သည့် အတွေ့အကြုံကို မျှဝေနေခြင်း ဖြစ်သည်။ ယခင်က သူ ချင်မူ၏ရုပ်ခန္ဓာကို ကျူးကျော်ခဲ့သော်လည်း ချင်မူ၏ ထူးဆန်းသော မျက်လုံးကြောင့် အစီအစဉ် မအောင်မြင်ခဲ့ပေ။
ဤဖန်ဆင်းရှင်များသည် သေဆုံးနေပြီဖြစ်သော်လည်း အသိစိတ်အလျဉ်များ ကျန်ရှိနေသေး၏။ သူတို့၏ကောင်းကင်နတ်သိုင်းများကလည်း ထူးဆန်းချေရာ အသိစိတ်အလျဉ် သုံး၍ အသက်ပြန်ရှင်လာနိုင်မည်လား မည်သူမျှ မသိနိုင်ပေ။
လူသုံးယောက်နှင့် နဂါးတစ်ကောင် ကြာပွင့်မြေပြင်ထဲသို့ တစတစ ဝင်ရောက်လာရင်း မဟာဧကရာဇ်နှင့် နီးကပ်လာသည်။ ချင်မူ၊ ယွဲ့ထင်းကဲနှင့် ကျန်ရှိသူများက တောင်စောင်းနံရံပေါ်ရှိ ကြယ်စက်ကွင်းကို ကြည့်ရင်း ၎င်း၏ လည်ပတ်နှုန်းကို တွက်ချက်နေကြ၏။
လည်နှုန်းအပြောင်းအလဲ သိပ်မရှိသည်ကို မြင်မှ အားလုံး စိတ်သက်သာရာရသွားကြသည်။
တဖြည်းဖြည်း ကောင်းကင်နတ်အရှင်ဟွေ့နှင့် သူတို့ နီးကပ်လာကြ၏။ ချင်မူမှာ ရုတ်တရက် ရင်ထဲတွင် တင်းကြပ်သွားပြီး ကြယ်စက်ကွင်း၏ လည်ပတ်နှုန်း မြန်လာသည်ကို မြင်တွေ့လိုက်ရသည်။
စောစောက စက်ကွင်းတစ်ပတ်လည်ရန် တစ်ရက်ကြာသည်။ ယခုတွင် တခဏလေးအတွင်း အကြိမ်ပေါင်းများစွာ လည်နေချေပြီ။
ထူးထူးဆန်းဆန်း မည်သည်ကိုမှလည်း မခံစားရပေ။ သူတို့လမ်းလျှောက်နှုန်းကလည်း ပုံမှန်သာ ထင်ရသည်။ သို့သော် သူတို့အား လည်နေသော ကြယ်စက်ကွင်းဆီမှ ကြည့်လျှင် သူတို့၏ လမ်းလျှောက်နှုန်း အလွန်နှေးကွေးလာသည်ကို မြင်ရလိမ့်မည်။
“ဒီနေရာရဲ့ အဆင့်မြင့်အသိစိတ်အလျဉ်က အင်မတန် အားကောင်းတယ်..... မဟာဧကရာဇ်တံဆိပ်တော်ရဲ့ ခံနိုင်ရည်ထက်တောင် ကျော်သွားပြီ”
ယွဲ့ထင်းကဲလည်း ကြယ်စက်ကွင်းများ၏ လည်ပတ်နှုန်း မြန်လာသည်ကို သတိထားမိ၍ အလျင်အမြန် ပြောသည်။ “ငါတို့ မြန်မြန်လှည့်ပြန်သင့်တယ်... ပြန်လို့ရတုန်း ပြန်ကြစို့”
သူ စကားပြောလိုက်သည့် အချိန်တိုလေးအတွင်း ကြယ်စက်ကွင်းက နှစ်ပတ်လည်သွားသဖြင့် အဆင့်မြင့်အသိစိတ်အလျဉ်နယ်၏ အပြင်၌ အချိန်နှစ်ရက်ကြာသွားပြီဟု ဆိုလိုသည်။
လော့ဝူရွှမ်က တွေဝေနေသော ချင်မူ့ဆီသို့ ကြည့်သည်။ ချင်မူက မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ကြည့်နေသည်။ အထဲတွင် ကောင်းကင်နတ်အရှင်ယွင်၏ ရုပ်ခန္ဓာ ကိန်းဝပ်နေ၏။ သိသိသာသာပင် ကောင်းကင်နတ်အရှင်ဟွေ့လည်း သတိထားမိသောကြောင့် ထိုနေရာသို့ ဇွဲကောင်းကောင်းဖြင့် သွားနေခြင်း ဖြစ်သည်။
ချင်မူအနေဖြင့် ကောင်းကင်နတ်အရှင်ဟွေ့ကို ကယ်တင်ရန် အစီအစဉ်မရှိပေ။ ယခင်တုန်းက ကောင်းကင်နတ်အရှင်ဟွေ့သည် ရိုးရှင်းပြီး တစွတ်ထိုးဆန်သော ဒဲ့သမား ဖြစ်ခဲ့သည်။ သို့သော် လက်ရှိကောင်းကင်နတ်အရှင်ဟွေ့က ယခင်ကောင်းကင်နတ်အရှင်ဟွေ့သာ ဖြစ်နေမည်ဟု မည်သူ အာမခံနိုင်မည်နည်း။
ချင်မူ၏ရည်ရွယ်ချက်က ကောင်းကင်နတ်အရှင်ယွင်၏ ရုပ်ခန္ဓာအနားသို့ ချဉ်းကပ်သွားရန် ဖြစ်သည်။
သူက ကောင်းကင်နတ်အရှင်ယွင်၏ ဝိညာဉ်ကို ဆင့်ခေါ်၍ တချို့ကိစ္စများနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ချင်သေးသည်။
သို့သော် သူတို့ ရှေ့ဆက်သွားလျှင် မဟာဧကရာဇ်တံဆိပ်တော်အနေဖြင့် ခံနိုင်တော့မည်မဟုတ်ပေ။ သူတို့လည်း ဤနေရာတွင် ပိတ်မိသွားနိုင်ခြေများသည်။
ဤအခိုက်အတန့်မှာပင် ရှုကျွင်း၏အသံက သူ့ခေါင်းထဲတွင် ထွက်ပေါ်လာသည်။ “ကောင်လေး၊ မင်း မဟာဧကရာဇ်တံဆိပ်တော်တစ်ခုတည်းနဲ့ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ကို မရင်ဆိုင်နိုင်ဘူး... ယဇ်ပလ္လင်လည်း လိုသေးတယ်”
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားကာ ယဇ်ပလ္လင်ကို အလျင်အမြန် ထုတ်လိုက်၏။
သို့သော် သူ ပလ္လင်ထုတ်နေစဉ် ကြယ်စက်ကွင်းက ဆယ်ကြိမ်ကျော် လှည့်ပတ်ပြီးသွားချေပြီ။ သူတို့အတွက် တခဏလေးသာ ရှိသေးသော်လည်း အပြင်ကမ္ဘာ၌ လဝက်ကြာနေပြီဖြစ်သည်။
ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ သူ့အသိစိတ်အလျဉ်က အနည်းငယ် တုန်ခါသွားကာ မေးလိုက်သည်။ “ရှုကျွင်း၊ ဘာဆက်လုပ်ရမှာလဲ”
“တံဆိပ်တော်ကို ပလ္လင်ပေါ်မှာ တင်လိုက်၊ အဆင့်မြင့်အသိပညာသုံးခုကို ထုတ်လွှတ်ပြီး မဟာဧကရာဇ်ရဲ့ အဆင့်မြင့်အသိစိတ်အလျဉ်ကို လှုပ်ရှားကြည့်”
ရှုကျွင်း၏အသံမှာ အလွန်လေးနက်နေသည်။ “ဒါပေမဲ့ မင်း သတိထားရမယ်”
ချင်မူ အနည်းငယ် မှင်သက်သွား၏။ “ဘာကို သတိထားရမှာလဲ”
ရှုကျွင်း အတန်ငယ် တွန့်ဆုတ်နေသည်။ ဤတစ်ကြိမ်တွင် ကြယ်စက်ကွင်းက ဆယ်ကြိမ်ကျော် ထပ်မံလည်ပတ်သွား၏။ သူတို့ ဤနေရာသို့ ဝင်လာသည့်အချိန်မှာ ယခုအချိန်ထိ တစ်လကျော် ကြာသွားချေပြီ။
“ဘာကို သတိထားရမှာလဲ” ချင်မူ အလောတကြီး ပြောလိုက်၏။
“မဟာဧကရာဇ်ကို သတိထားရမှာ”
ရှုကျွင်းက တွန့်ဆုတ်မနေတော့ဘဲ ပြောသည်။ “မဟာဧကရာဇ်က တကယ်သေသွားပြီလို့ မင်းထင်လား... ငါတော့ မထင်ဘူး... ငါတောင် အသက်ရှင်နေသေးရင် မဟာဧကရာဇ်လည်း အသက်ရှင်နိုင်မယ့်နည်းလမ်းတွေ ရှိထားမှာပဲ.... မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်တွေက မဟာဧကရာဇ်ကို ဘာကြောင့် တိုက်ခိုက်နေမှန်း ငါ မသိပေမယ့် မဟာဧကရာဇ်က မဟာလေဟာနယ်ကို ဖျက်စီးဖို့ တာဝန်ရှိတယ်... သူက သေနေပြီထင်ရပေမယ့် တကယ်တော့ ပြန်ရှင်နိုင်မယ့် အခွင့်အရေးကို စောင့်နေတာ... မင်း မဟာဧကရာဇ်ရဲ့ အဆင့်မြင့်အသိစိတ်အလျဉ်ကို လှုပ်ရှားလိုက်ရင် သူက ဒီအခြေအနေကို အခွင့်အကောင်းယူပြီး မင်းရဲ့ရုပ်ခန္ဓာကို ခိုးယူလိမ့်မယ်... မင်းရဲ့ခန္ဓာကိုယ်နဲ့ ပြန်မွေးဖွားလာလိမ့်မယ်”
ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ နောက်ထပ် ဆယ်ရက် ကုန်သွားချေပြီ။
ရှုကျွင်းပြောသော သတင်းက အမှန်တကယ် တုန်လှုပ်စရာကောင်း၏။ မဟာဧကရာဇ်က မဟာလေဟာနယ်ကို ဖျက်စီး၍ မရေမတွက်နိုင်သော ဖန်ဆင်းရှင်များကို သတ်ဖြတ်ခဲ့သည်ဟု သူ သံသယဝင်ခဲ့ဖူးသည်။ သို့သော် မဟာလေဟာနယ်ကို ဖျက်စီးခဲ့သည့်လူ၏ မျက်နှာကို သူ မမြင်ခဲ့ရသော်လည်း ရှုကျွင်းကတော့ မြင်ခဲ့ရသည်။
ထိုလူက မဟာဧကရာဇ်ဖြစ်သည်ဟု ရှုကျွင်း ယခု ဝန်ခံနေသော်လည်း ချင်မူ အံ့ဩတုန်လှုပ်မိသေး၏။
“ငါ မင်းကို ကောင်းကင်ကမ္ဘာသုံးမျိုးကျင့်စဉ် သင်ပေးမယ်... မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ် မင်းရဲ့အသိစိတ်အလျဉ်ကို မဖျက်စီးအောင် တားပေးနိုင်ပါ့မလားတော့ မသေချာဘူး”
ရှုကျွင်း၏အသိစိတ်အလျဉ်သည် အလုံးအရင်းဖြင့် ဝင်ရောက်လာကာ အသိစိတ်အလျဉ်ကျင့်စဉ်ကို ချင်မူ၏ခေါင်းထဲသို့ ပေးပို့နေ၏။ သူက ပြောသည်။ “ငါက အဆင့်မြင့်အသိပညာသုံးခုကို ကျင့်ကြံထားပြီးပြီ.... ရှေးကမ္ဘာဦးခေတ်မှာ ဒါကို ထိပ်တန်းအသိစိတ်အလျဉ်ကျင့်စဉ်တစ်ခုလို့ ခေါ်တယ်... ဒါပေမဲ့ အစွမ်းထက်ဆုံးကျင့်စဉ်ကတော့ မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ပဲ... ကောင်းကင်ကမ္ဘာသုံးမျိုးကျင့်စဉ်က သူ့အသိစိတ်အလျဉ် မင်းကိုယ်ထဲ ကျူးကျော်မလာအောင် တားပေးနိုင်မလားတော့ မသေချာဘူး.... မင်း ငါ့ကျင့်စဉ်ကို အပြောင်းအလဲတချို့လုပ်ပြီး မင်းရဲ့အသိအမြင်နဲ့ ပေါင်းစည်းကြည့်သင့်တယ်... ဒီအပိုင်းမှာ မင်း အတော်လေး ကျွမ်းပါတယ်”
ချင်မူက ရရှိလိုက်သော ကောင်းကင်ကမ္ဘာသုံးမျိုးကျင့်စဉ်ကို အလျင်အမြန် အစီအစဉ်ချလိုက်သည်။ သူ၏အသိအမြင်ဖြင့် ပြုပြင်ပြောင်းလဲပြီးနောက် ကောင်းကင်ကမ္ဘာသုံးမျိုးကျင့်စဉ်ကို မူလဝိညာဉ်သုံးသွယ်၊ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နှင့် ကောင်းကင်နတ်ဘုံ၏ ရှေးဟောင်းနတ်ဘုရား မဟာတာအိုသင်္ကေတများဖြင့် ပေါင်းစည်းလိုက်၏။
ထိုအချိန်အတောအတွင်း တောင်စောင်းနံရံထက်ရှိ ကြယ်များက ၁၇၀ ကြိမ် လှည့်ပတ်ပြီးသွား၍ နှစ်ဝက်ကြာသွားချေပြီ။
ချင်မူ့နူဖူးမှ ချွေးများကျလာသည်။ သူ စိတ်ကို ငြိမ်အောင် ထိန်း၍ ပြုပြင်ထားသော ကောင်းကင်ကမ္ဘာသုံးမျိုးကျင့်စဉ်ကို ထုတ်လွှတ်ကာ သူ၏တတိယမျက်လုံးအတွင်း၌ ကောင်းကင်ကမ္ဘာစည်းတံဆိပ်များ ဖွဲ့တည်လာစေသည်။ ပထမကောင်းကင်ကမ္ဘာစည်းတံဆိပ်သည် မျက်ခုံးဖြူ၊ မုတ်ဆိတ်ဖြူများနှင့် ကောင်းကင်နယ်စားမင်းအသွင် ပြောင်းလဲသွား၏။ စည်းတံဆိပ်အသွင်က ကတော့သဏ္ဍာန်ဖြစ်လေသည်။ ဒုတိယကောင်ကင်ကမ္ဘာစည်းတံဆိပ်က ကျွဲခေါင်း၊ လူကိုယ်ဖြင့် မြေအောက်ဘုံအရှင်သခင်အသွင် ဖွဲ့တည်သွားသည်။ ၎င်းလည်း ကတော့သဏ္ဍာန်စည်းတံဆိပ် ဖြစ်သည်။
တတိယကောင်းကင်ကမ္ဘာစည်းတံဆိပ်က ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်အသွင် ရှိသည်။ ၎င်းလည်း ကတော့သဏ္ဍာန်စည်းတံဆိပ်ပင်။
တံဆိပ်သုံးခု ဖွဲ့တည်လာသည်နှင့် ချင်မူက အဆင့်မြင့်အသိပညာသုံးခုကို ပြတ်ပြတ်သားသား ထုတ်လွှတ်လိုက်၏။ အသိစိတ်အလျဉ်က ကောင်းကင်နတ်အရှင်ယွင် ချန်ထားခဲ့သော ယဇ်ပလ္လင်အတွင်းသို့ ဝင်ရောက်သွားသည်။
ယဇ်ပလ္လင်အပေါ်ရှိ မဟာဧကရာဇ်တံဆိပ်တော်ဆီမှ အလင်းရောင်တစ်ရောင်က ရုတ်တရက် ဖြာထွက်တောက်ပလာသည်။ သူတို့အရှေ့ရှိ မဟာဧကရာဇ်၏ ရုပ်ခန္ဓာအတွင်းတွင်း အသိစိတ်အလျဉ်သည် တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်မီးလျှံများပမာ အော်မြည်လာ၏။ ခမ်းနားထည်ဝါသော အရောင်အဝါက ဇာမဏီငှက်၏ ရောင်စုံတောင်ပံများသဖွယ် ဖြန့်ကျက်လျက် ယဇ်ပလ္လင်ဆီသို့ ပြေးဝင်သွားသည်။
ယဇ်ပလ္လင်၏အလယ်မှ အလင်းတန်းတစ်တန်းက ကောင်းကင်ထက်ရှိ မဟာဧကရာဇ်တံဆိပ်တော်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
ဝှမ်
မဟာဧကရာဇ်တံဆိပ်တော်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး နှင်းကဲ့သို့ ဖြူဆွတ်နေသော အလင်းတန်းများက စက်ကွင်းတစ်ခု ဖွဲ့တည်ကာ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ ထို့နောက် ဒုတိယအလင်းတန်းများ ထွက်ပေါ်လာပြီး အလားတူ ဖြာထွက်သွား၏။ ထို့နောက် တတိယအလင်းတန်းများ....။
အလင်းကွင်းများ တစ်ကွင်းပြီးတစ်ကွင်း ဖြာထွက်ရင်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ကို ဖိနှိပ်နေချေပြီ။
ယွဲ့ထင်းကဲနှင့် လော့ဝူရွှမ်က တောင်စောင်းနံရံအပေါ်ရှိ ကြယ်များဆီသို့ ကပျာကယာ လှမ်းကြည့်ပြီး ဝမ်းသာသွားကြသည်။ “ကြယ်တွေရဲ့ လည်ပတ်နှုန်း ပုံမှန်း ပြန်ဖြစ်သွားပြီ... ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့အကြံက အလုပ်ဖြစ်တယ်... ကောင်းကင်နတ်အရှင်မူ”
ယွဲ့ထင်းကဲ ချင်မူ့ဘက် လှည့်လိုက်သည့်အခါ ချင်မူသည် မျက်လုံးသုံးလုံး ပွင့်လျက်သားဖြင့် နေရာတွင် ရပ်တန့်နေကြောင်း မြင်လိုက်ရ၏။ မလှုပ်တော့ပေ။ သူ့နဖူးမှ သွေးကြောများ ထောင်နေပြီး ပဲသီးစေ့လောက် ရှိသော ချွေးပေါက်များလည်း စီးကျနေသည်။
ယွဲ့ထင်းကဲနှင့် လော့ဝူရွှမ် တုန်လှုပ်သွားသည်။ ချင်မူ တစ်ခုခုဖြစ်နေချေပြီ။
“တစ်ခုခုက သူ့မျက်ခုံးနှစ်ဖက်ကြားကို ကျူးကျော်ဖို့ ကြိုးစားနေတယ်”
ယွဲ့ထင်းကဲသည် ဧကရာဇ်ပလ္လင် မဟာပြီးမြောက်အဆင့် ဖြစ်တည်မှုမဟုတ်ပါလော။ ထို့ကြောင့် တစ်ခုခုလွဲနေသည်ကို ချက်ချင်း မြင်သွား၍ အလေးအနက် ပြောလိုက်သည်။ “လက်တစ်ဖက်နဲ့တစ်ယောက် သူ့ကို ကူညီပေးလိုက်ဦး”
လော့ဝူရွှမ်က လက်တစ်ဖက်နှင့်တစ်ယောက်ဟု အခေါ်ခံရသည်ကို သဘောမကျသဖြင့် ဟမ့်ခနဲ နှာခေါင်းရှုံ့သည်။
နှစ်ယောက်သား ချီစွမ်းအင်ထုတ်လွှတ်၍ ကျင့်စဉ်စွမ်းအင်များ လှုံ့ဆော်ကာ ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရန် ကြိုးစားနေကြသည်။
သူတို့၏မှော်စွမ်းအင်နှင့် အသိစိတ်အလျဉ်သည် ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွား၏။ အံ့အားသင့်ဖွယ်ရာမြင်ကွင်းတစ်ခုက သူတို့ကို ဆီးကြိုနေသည်။ အရှိန်အဝါကြီးမားသည့် အသွင်ဖြင့် မဟာဧကရာဇ်တစ်ပါးသည် နေရာဟင်းလင်းပြင်၏အလယ်၌ မတ်မတ်ရပ်လျက် ကြယ်တာရာများကို ဖြိုခွဲဖျက်စီးရင်း ကောင်းကင်နယ်စားမင်းအား သတ်ပစ်လိုက်၏။ သူကား နွားခေါင်းလူကိုယ်နှင့် မြေအောက်ဘုံအရှင်သခင်ဆီ သွားပေတော့မည်။
နောက်တခဏတွင် မဟာဧကရာဇ်ကြီးက မြေအောက်ဘုံအရှင်သခင်ကို နှစ်ခြမ်းဆွဲဖြဲလိုက်သဖြင့် နွားခေါင်းကြီး ပြတ်ကျလာ၏။
ယွဲ့ထင်းကဲ အရှေ့သို့ လှမ်းကြည့်လိုက်ရာ ဧရာမခန္ဓာကိုယ်ကြီးဖြင့် ရှေးဟောင်းနတ်ဧကရာဇ်၏ ပုံရိပ်အား မြင်တွေ့လိုက်ရသည်။ ယင်းက တတိယစည်းဖြစ်၏။ သူ့အနောက်တွင် ချင်မူ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနှင့် ဝိညာဉ်သန္ဓေသား ရှိနေသည်။
“မကောင်းတော့ဘူး”
ယွဲ့ထင်းကဲနှင့် လော့ဝူရွှမ်က ပြိုင်ဘက်ကင်းသော ခွန်အားဖြင့် ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ကို လှုံ့ဆော်လျက် ချင်မူ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာဆီ ကမန်းကတန်း ပြေးသွား၏။ သူတို့ ချင်မူ့ဝိညာဉ်သန္ဓေသားဘေး ရောက်သည့်အခါ တစ်ယောက်က ထိုက်ကျိစက်ဝန်း၏ ဘယ်ဘက်၌ ရပ်သည်။ တစ်ယောက်က ညာဘက်၌ ရပ်သည်။ နှစ်ယောက်သား ခေါင်းမော့ကြည့်လိုက်သည့်အခါ ရှေးဟောင်းနတ်ဧကရာဇ်စည်းတံဆိပ်မှာ မဟာဧကရာဇ်၏ တိုက်ခိုက်မှုများအောက်တွင် အန္တရာယ်များနေကြောင်း မြင်တွေ့လိုက်ရ၏။