← Chapters

မျက်လုံးထဲက မိတ်ဆွေဟောင်းတစ်ယောက်

Vol. 73 Ch. 955

မျက်လုံးထဲက မိတ်ဆွေဟောင်းတစ်ယောက်

Vol. 73 Ch. 955

“မဟာဧကရာဇ်တဲ့လား”

ချင်မူ ရင်ထဲတွင် တုန်လှုပ်သွားပြီး အရှေ့သို့ လှမ်းကြည့်လိုက်သည့်အခါ အဖြူရောင်ဝတ်ရုံနှင့် ဧရာမဖန်ဆင်းရှင်ကြီးများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထိုနေရာတွင် ဧရာမကြာပွင့်သဏ္ဍာန် မြေပြင်တစ်ခု ရှိနေ၏။ မြေပြင်က အတိုင်းထက်အလွန် ကျယ်ဝန်းပြီး ချင်မူတို့နှင့် အသူရာချောက်တစ်ခု ခြားနေသည်။ ချောက်အတွင်းတွင် ချောက်၏ အောက်ခြေကို မမြင်ရစေသော ဟင်းလင်းပြင်တစ်ခု တည်ရှိနေသည်။

ဖန်ဆင်းရှင်အများစုက ဟင်းလင်းပြင်ထဲ၌ မျောလွင့်နေကြသည်။ သူတို့အောက်တွင် ဧရာမကြာပွင့်ကြီးများမှ တောက်ပထည်ဝါသော အလင်းရောင်များက အဖြူရောင်ဝတ်ရုံများအပေါ် ထင်ဟပ်ကာ တုနှိုင်းမဲ့အောင် စင်ကြယ်သန့်စင်နေစေသည်။

ဖန်ဆင်းရှင်တချို့သည် အသိစိတ်အလျဉ်၏ မြင်ယောင်ပုံဖော်ထားမှုကြောင့် ရွှေတောင်ပံများ ပေါက်နေရာ ချွန်ထက်သော ခြေသည်းများဖြင့် ငှက်ခေါင်းလူခန္ဓာအသွင် ရှိနေကြ၏။

တချို့က မီးဟုန်းဟုန်းတောက်နေသော နဂါးနှစ်ကောင်အပေါ် စီးနင်းထားကြသည်။

တချို့တွင်မူ ခန္ဓာကိုယ်ကို မြွေများသဖွယ် ရစ်ပတ်နေသော မြစ်ရှည်ကြီးများ ရှိကြသည်။

တချို့၏မျက်ခုံးနှစ်ဖက်ကြားမှ သံကြိုးတစ်ကြိုး တွဲလျားကျနေပြီး လေထဲတွင် လှုပ်ယမ်းနေသည်။

တချို့တွင်မူ မျက်ခုံးနှစ်ဖက်ကြားမှ ကြယ်တာရာများ စီးဖြာထွက်နေ၏။

သို့တိုင်အောင် အရာအားလုံး ငြိမ်သက်နေသည်။ ဖန်ဆင်းရှင်များသည် အသက်ရှင်နေတုန်းက ရှိခဲ့သော နောက်ဆုံးပုံစံအနေအထားအတိုင်း နေရာတွင် တောင့်တင်းနေကြ၏။

သူတို့က မျက်ခုံးနှစ်ဖက်အကြားရှိ မဟာကမ္ဘာဦးအစ မူလကျောက်တုံးများဖြင့် အင်အားအကြီးဆုံး သိုင်းကွက်များကို မြင်ယောင်ဖန်ဆင်းကာ တိုက်ခိုက်နေသည့် အနေအထားတွင် ဖြစ်ကြသည်။ သူတို့၏ပစ်မှတ်မှာ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားပြီး ကြောက်စရာကောင်းသော ဖန်ဆင်းရှင်၊ ရှုကျွင်း ပြောနေသည့် မဟာဧကရာဇ်ပင်။

ဤဖန်ဆင်းရှင်များသည် ကြယ်တာရာဂြိုဟ်များပမာ ကြီးမားလျှင် မဟာဧကရာဇ်ကား ကြယ်တာရာ၊ ဂြိုဟ်ထောင်ပေါင်းများစွာ လှည့်ပတ်ဝန်းရံနေသော အတောက်ပဆုံး နေလုံးကြီး ဖြစ်လိမ့်မည်။

မဟာဧကရာဇ်လည်း ငြိမ်သက်နေသည်။

သူက ကြာပွင့်သဏ္ဍာန်မြေပြင်အပေါ်၌ ရပ်နေပြီး သူ၏ခြေထောက်နှစ်ချောင်းလုံးသည် သူ့အား ထိုမြေပြင်နှင့် အသေဆက်ပေးထားသော သစ်မြစ်ကြီးပမာ ဖြစ်နေ၏။ အမြစ်များက ခြေထောက်အသားထဲမှ ထိုးထွက်လာပြီး မြေပြင်နှင့် ကုပ်တွယ်သွားသော အရွတ်အကြောများ ဖြစ်ပေသည်။

သူ့ဝတ်ရုံပေါ်ရှိ အတွန့်အခေါက်များသည် ထိုကြာပွင့်သဏ္ဍာန်မြေပြင်အပေါ်တွင် တောင်တန်းပမာ ထင်ရပြီး သူ့ခြေထောက်အပေါ်ရှိ ဒဏ်ရာများမှ စီးထွက်လာသော သွေးတို့ကား ချင်းချင်းနီနေသော မြစ်များပမာ ဖွဲ့တည်နေသည်။

သိသိသာသာပင် မဟာဧကရာဇ်ကျူယွီရှစ်သည် ဤကြာပွင့်သဏ္ဍာန်မြေပြင်နှင့် လိုလိုလားလား ပေါင်းစည်းထားခြင်း မဟုတ်ပေ။ ထိုအစား ဤဖန်ဆင်းရှင်တို့၏ ကောင်းကင်နတ်သိုင်းများက သူ့ကို ထွက်မပြေးနိုင်အောင် ချောင်ပိတ်ရင်း ထိုမြေပြင်နှင့် ပေါင်းစည်းစေခဲ့ခြင်း ဖြစ်၏။

မဟုတ်လျှင် သူ့အနေဖြင့် ဤကြာပွင့်သဏ္ဍာန်မြေပြင်နှင့်အတူ ပျံထွက်သွားနိုင်လိမ့်မည်။

ဤသည်မှာ မဟာဧကရာဇ်ကျူယွီရှစ်ကို ပစ်မှတ်ထားသော ထောင်ချောက်တစ်ခုသာ ဖြစ်ပေသည်။

‘ဖန်ဆင်းရှင်တွေနဲ့ မဟာဧကရာဇ်ရဲ့ ကောင်းကင်နတ်သိုင်းတွေက ဒီမြေပြင်ကို ဆန်းကြယ်နေစေတာပဲ’

ချင်မူ ရင်ထဲထိတ်သွားသည်။ မဟာလေဟာနယ် ဖန်ဆင်းရှင်တို့သည် မဟာဧကရာဇ်ကျူယွီရှစ် ဤနေရာသို့ ရောက်လာအောင် လှည့်စားခဲ့ပြီး သူနှင့် အဆုံးအထိ တိုက်ခိုက်ခဲ့လိမ့်မည်။

သို့သော် သူ့တွင် သံသယတချို့လည်း ရှိနေသည်။ ရှုကျွင်းပြောပုံအရ မဟာဧကရာဇ်ကျူယွီရှစ်က မယုံနိုင်လောက်အောင် သန်မာအားကောင်း၏။ ကမ္ဘာဦးခေတ်တွင် ပထမဦးဆုံး အဆင့်မြင့်သိုင်းပညာရှင်လည်းဖြစ်သည်။ ဤနေရာတွင် ဧရာမဖန်ဆင်းရှင်ကြီးများစွာ ရှိပါသော်လည်း မဟာဧကရာဇ်ကျူယွီရှစ်နှင့် ရင်ဆိုင်နိုင်လောက်မည့်ပုံမရပေ။

ချင်မူ ချက်ချင်း သတိထားမိလိုက်သည်။ မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြား၌ သူ၏အခွင့်အာဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုသော မဟာကမ္ဘာဦးအစ မူလကျောက်တုံးမရှိပေ။

ထိုနေရာတွင် ဆဋ္ဌဂံသဏ္ဍာန် ဒဏ်ရာတစ်ခုမှအပ တတိယမျက်လုံးလည်း မရှိဘဲ ဗလာကျင်းနေသည်။

ချင်မူ သူ့တတိယမျက်လုံးထဲရှိ မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို တမုဟုတ်ချင်း တွေးလိုက်မိကာ တုန်လှုပ်သွားသည်။ ထိုမဟာကမ္ဘာဦးအစ မူလကျောက်တုံးသည် မူလကျောက်တုံး၏ အပိုင်းအစတစ်ခု ဖြစ်၏။ သွေးသံချေးဇုန်စစ်ပွဲတွင် တစ်စုံတစ်ယောက်က မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို ဖျက်စီးခဲ့ကြောင်း အသိသာကြီးပင်။

‘မဟာကမ္ဘာဦးအစ မူလကျောက်တုံးမရှိတော့ မဟာဧကရာဇ်ရဲ့ စွမ်းအားက အားနည်းနေလိမ့်မယ်…. ဒါပေမဲ့ သူက အင်မတန် သန်မာအားကောင်းတဲ့လူဆိုတော့ အဲဒါကြောင့်တင် မဟုတ်နိုင်ဘူး… ရှုကျွင်းပြောပုံအရဆို သူက သမိုင်းတစ်လျှောက်လုံးမှာ အသန်မာဆုံးရုပ်ခန္ဓာ မဟုတ်လား… ဒီရုပ်ခန္ဓာကို သုံးရုံနဲ့တင် ဖန်ဆင်းရှင်တွေကို အနိုင်ယူနိုင်တယ်’

ချင်မူ တွေးနေမိသည်။ ‘ဒါဖြင့် ဖန်ဆင်းရှင်တွေ မဟာဧကရာဇ်ကျူယွီရှစ်ကို အနိုင်ယူနိုင်အောင် တစ်ယောက်ယောက်က ကူညီနေခဲ့လိမ့်မယ်… အဲဒီတစ်ယောက်က ဘယ်သူလဲ…. သူတို့ရည်ရွယ်ချက်က ဘာလဲ’

ချင်မူမှာ တွေးရင်း ဦးနှောက်ခြောက်လာ၏။ ‘ရှုကျွင်းက သွေးသံချေးဇုန်နဲ့ ကမ္ဘာဦးခေတ်ရဲ့ လျှို့ဝှက်ချက်တွေကို သိထားမှာပဲ… မဟာကမ္ဘာဦးအစ မူလကျောက်တုံး ဘာလို့ ပျက်စီးသွားမှန်း သူ သိပေမယ့် မပြောပြချင်ပုံရတယ်’

ရှုကျွင်းမှာ ငေးငေးကြောင်ကြောင် ဖြစ်နေသည်။ မဟာဧကရာဇ်သည် ဤဖန်ဆင်းရှင်များနှင့်အတူ ဤနေရာတွင် သေဆုံးခဲ့၏။ မဟာလေဟာနယ်၏ ဖန်ဆင်းရှင်များက သူ့ကို ဝန်းရံ၍ ပင်ပန်းပြီး သေအောင် ဖိအားပေးခဲ့ကြဟန်တူသည်။

ဤဖန်ဆင်းရှင်တို့၏ ကောင်းကင်နတ်သိုင်းများက စိတ်ကူးဖြင့် မှန်းမကြည့်နိုင်လောက်အောင် ထူးဆန်းလွန်းသဖြင့် ချင်မူတို့ ဤနေရာသို့ ရောက်လာသည့်အချိန်တွင် အဆန်းတကြယ်ဖြစ်ရပ်များစွာ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

သို့သော် အဖြေမရှိသော မေးခွန်းက မဟာဧကရာဇ်ကျူယွီရှစ်သည် ဤနေရာတွင် ဖန်ဆင်းရှင်များနှင့် အဘယ်သို့ပြု၍ တိုက်ခိုက်နေသနည်း။

“ဒီမှာပဲ”

ယွဲ့ထင်းကဲဖြစ်သော အလင်းစက်လေးက တဟားဟား ရယ်နေသည်။ “ငါ ကောင်းကင်နတ်အရှင်ရှုနဲ့ ကောင်းကင်နတ်အရှင်ဟွေ့ကို ဒီနေရာဆီ မျှားခေါ်လာပြီး သတ်ပစ်ခဲ့တာပဲ… ဟီးဟီး…”

“ကောင်းကင်နတ်အရှင်ရှုနဲ့ ကောင်းကင်နတ်အရှင်ဟွေ့က ဒီနေရာမှာ ဘယ်လိုလုပ် သေနိုင်မှာတုန်းဗျ”

ချင်မူမှာ သဘောကျစွာ ရယ်လိုက်သော်လည်း ပတ်ဝန်းကျင်ကို အကဲခတ်ပြီးသည့်အခါ ရင်ထဲ ဒိန်းခနဲ ခုန်သွားသည်။ ကောင်းကင်နတ်အရှင်ဟွေ့ကို သူ အမှန်တကယ် မြင်လိုက်ရလေသည်။

ကောင်းကင်နတ်အရှင်ဟွေ့သည် သူတို့အရှေ့ရှိ ထူးဆန်းသော စစ်မြေပြင်၏ အထဲ၊ မဟာဧကရာဇ်ကျူယွီရှစ်၏ မျက်ခုံးနှစ်ဖက်ကြားမှ မလှမ်းမကမ်းတွင် ရှိနေ၏။ သူ့ကို ချင်မူ လူမမှားနိုင်ပေ။

သူနှင့် ကောင်းကင်နတ်အရှင်ဟွေ့က မိတ်ဟောင်းဆွေဟောင်းများ ဖြစ်သည်။ ကောင်းကင်နတ်အရှင်ဟွေ့သည် မီးသင်္ကေတများ ရေးဆွဲထားသော ဝတ်ရုံကိုသာ အမြဲဝတ်တတ်ပြီး သူ့ခေါင်းနောက်၌ အလွန်ထင်းနေသော မီးကွင်းများလည်း ဖွဲ့တည်လျက်ရှိ၏။

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟွေ့မှာ မဟာဧကရာဇ်ကျူယွီရှစ်နည်းတူ ထူးဆန်းသော ဟင်းလင်းပြင်အတွင်းတွင် ပိတ်မိနေကာ မလှုပ်ပေ။ သေနေသည့်အလား ထင်ရသည်။

သူသည် အတိုင်းထက်အလွန် သန်မာအားကောင်းသော ကောင်းကင်နတ်အရှင်တစ်ယောက် ဖြစ်သည့်အတွက် အလင်းစက်တစ်စက်အသွင် ပြောင်းလဲမခံထားရပေ။ သူ၏ခန္ဓာကိုယ်က လမ်းလျှောက်နေသော ကိုယ်ဟန်အနေအထားအတိုင်း ရှိ၏။

‘ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်တစ်ယောက်ကို ဒီနေရာက သတ်နိုင်မှာလား’

ချင်မူမှာ ရင်ထဲတွင် တုန်လှုပ်သွားပြီးနောက် ကောင်းကင်နတ်အရှင်ရှုအား အလျင်အမြန် လိုက်ရှာသည်။ သို့သော် သူမအား ရှာမတွေ့ပေ။

သူ အနည်းငယ် မှင်သက်သွားသည်။ ယွဲ့ထင်းကဲသည် ကောင်းကင်နတ်အရှင်နှစ်ယောက် သေသွားအောင် ထိုနေရာသို့ မျှားခေါ်သွားခဲ့သည်ဟု ပြောခဲ့၏။ သို့ဖြစ်လျှင် ကောင်းကင်နတ်အရှင်ဟွေ့ကိုသာ တွေ့ပြီး ကောင်းကင်နတ်အရှင်ရှုကို မမြင်ရသနည်း။

ထိုအချိန်တွင် ထူးဆန်းသောအရာတစ်ခုကို ချင်မူ သတိပြုမိလိုက်သည်။ ကောင်းကင်နတ်အရှင်ဟွေ့ကား လှုပ်နေလေသည်။

ကောင်းကင်နတ်အရှင်ဟွေ့က အလွန်နှေးကွေးစွာ လှုပ်ရှားနေ၍သာ ချင်မူတို့ သတိမထားမိခြင်း ဖြစ်သည်။

ယွဲ့ထင်းကဲနှင့် ကျန်ရှိသူများသည် အလင်းစက်များအသွင် ပြောင်းလဲခံထားရသော်လည်း ချင်မူ၏တတိယမျက်လုံးကတော့ မပြောင်းလဲခဲ့ပေ။ ၎င်းက ထူးဆန်းစွာ အမြင်အားကောင်းသခြင့် အသေးငယ်ဆုံး အပြောင်းအလဲအထိ ချင်မူ စောင့်ကြည့်နေနိုင်သည်။

ကောင်းကင်နတ်အရှင်ဟွေ့ကို ဝန်းရံနေသော မီးအမှတ်အသားများတွင် နှေးကွေးစွာ အစားထိုးခံနေရသည့် မီးသင်္ကေတများ ရှိနေကြောင်း သူ သတိထားမိ၏။

ဆိုလိုသည်ကား ကောင်းကင်နတ်အရှင်ဟွေ့သည် သူ၏အကာအကွယ်သင်္ကေတကို ပြောင်းလဲနေ၏။

သို့ဖြစ်လျှင် ဤနေရာ၌ ကောင်းကင်နတ်အရှင်ဟွေ့ မသေသေးပေ။

ချင်မူက တွက်ချက်ကြည့်နေသည်။ ကောင်းကင်နတ်အရှင်ဟွေ့ သင်္ကေတအမှတ်အသားများကို အစားထိုးနေသော နှုန်းထားအရ ကောင်းကင်နတ်သိုင်းကွက်တစ်ကွက် ပြီးမြောက်ရန် အနည်းဆုံး ၂၅၆ နှစ် ကြာလိမ့်မည်။

‘ကောင်းကင်နတ်အရှင်ဟွေ့က မဟာဧကရာဇ်ရဲ့ မျက်ခုံးနှစ်ဖက်ကြားဆီ ပျံသန်းနေတာပဲ…. အဲဒီနေရာမှာ စိတ်ဝင်စားစရာ တစ်ခုခု ရှိနေတာလား’

ချင်မူ ထိုအချက်ကို တွေးမိလိုက်သည်နှင့် အသိစိတ်အလျဉ်ကို စုစည်း၍ မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို အသုံးချလိုက်သည်။ ထို့နောက် ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်အားလုံး စေလွှတ်ကာ အဆင့်မြင့်အသိပညာသုံးခုကို ပုံဖော်လိုက်၏။

ဘုန်း

တတိယမျက်လုံးက ကြီးသထက် ကြီးလာကာ ကောင်းကင်နတ်အရှင်ဟွေ့၏အပေါ်ရှိ မီးသင်္ကေတအမှတ်အသားများအပါအဝင် အရာရာတိုင်းအား ရှင်းလင်းပြတ်သားစွာ မြင်လာရသည်။

သူက မဟာဧကရာဇ်ကျူယွီရှစ်၏ မျက်ခုံးနှစ်ဖက်ကြားရှိ အပေါက်ထဲသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် မဟာကမ္ဘာဦးအစ မူလကျောက်တုံးမရှိပေ။ ထိုအစား မီးတောက်မီးလျှံများ ဖိတ်လျှံကျနေသော ဆဋ္ဌဂံပုံသဏ္ဍာန် ဒဏ်ရာတစ်ခုသာ တွေ့ရသည်။

မီးတောက်မီးလျှံများသည် အလွန်သိပ်သည်းနေ၍ အထဲ၌ ထိုင်နေသော အရိပ်တစ်ခုကို ဝိုးတိုးဝါးတားသာ မြင်ရ၏။

ချင်မူ ရင်ထဲတွင် လှုပ်ရှားသွားပြီး ချီစွမ်းအင်ဖြင့် ရှုကျွင်းအသွင်ပြောင်းသွားသော အလင်းစက်ဆီသို့ လှမ်းကောက်လိုက်သည်။ ရှုကျွင်းမှာ ထိတ်လန့်သွား၏။ နောက်တခဏတွင် သူကား တတိယမျက်လုံးထဲသို့ အတင်းထည့်ခံလိုက်ရကာ မဟာကမ္ဘာဦးအစ မူလကျောက်တုံးထဲရှိ ယဇ်ပလ္လင်အပေါ် ပြန်ရောက်သွားတော့သည်။

“ရှုကျွင်း၊ ခင်ဗျားရဲ့ အသိစိတ်အလျဉ်အားလုံး ကျွန်တော့်ကို ချေးဦး… မဟာဧကရာဇ်ရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာ ဘယ်သူရှိနေတာလဲ ကြည့်ချင်လို့”

ချင်မူ့အသံ ရောက်လာသည့်အခါ ရှုကျွင်း တသိမ့်သိမ့် တုန်သွားသည်။ သူက အထိတ်တလန့် အော်လေသည်။ “သူ့မျက်ခုံးနှစ်ဖက်ကြားမှာ တစ်ယောက်ယောက် ရှိနေတာလား”

သူက ချက်ချင်း အသိစိတ်အလျဉ်များ ကူးပြောင်းပေးပို့ရင်း ချင်မူ့ဆီ ချေးပေးလိုက်သည်။ ချင်မူ၏အသိစိတ်အလျဉ်သည် ကြောက်ခမန်းလိလိ မြင့်တက်လာပြီး တတိယမျက်လုံး၏ မြင်နိုင်စွမ်းလည်း ပိုမိုအားကောင်းလာ၏။ မျက်လုံး၏စွမ်းအားသည် မိုင်တစ်သောင်းရှည်လျားသော အလင်းတန်းတစ်တန်းအသွင် ဖွဲ့တည်လိုက်ကာ မဟာဧကရာဇ်ကျူယွီရှစ်၏ မျက်ခုံးနှစ်ဖက်ကြားပေါ် ဖြာကျသွားသည်။

ထိုအလင်းတန်းက မီးအလွှာတစ်လွှာပြီး တစ်လွှာ ဖြတ်ကျော်ရင်း ထိုအရိပ်၏အရှေ့ မရောက်ခင် ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။

“ရှုကျွင်း၊ ကျွန်တော့်ကို အသိစိတ်အလျဉ် ထပ်ချေးဦး” ချင်မူမှာ မောပန်းလာသဖြင့် အလျင်အမြန် အော်လိုက်သည်။

ရှုကျွင်းမှာ တွန့်ဆုတ်နေသည်။ စောစော ချင်မူ့အား သူ ချေးလိုက်သော အသိစိတ်အလျဉ်မှာ သူ့စွမ်းအား၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ ချင်မူ့ကို သူ အပြည့်အဝ မယုံပေ။

“အခု မြန်မြန်ချေး.. ခင်ဗျားကို နားရွက်တစ်ဖက် ထွက်အောင် လုပ်ပေးမယ်” ချင်မူက ပြောသည်။

ရှုကျွင်းသည် အေးစက်စက် နှာခေါင်းရှုံ့၍ ပြော၏။ “နားရွက်နှစ်ဖက်”

“ပေးမယ်” ချင်မူ ချက်ချင်း သဘောတူလိုက်သည်။

ရှုကျွင်းက သူမြန်မြန်ဆန်ဆန် သဘောတူသည်ကို မြင်လျှင် နောင်တရသွားသည်။ “လျှာတောင်းခဲ့ရင် ဒီကောင် ပေးလောက်မှာ…’

ထိုသို့တွေးနေသော်လည်း သူ၏လက်ကျန်အသိစိတ်အလျဉ်ကို စုစည်း၍ ချင်မူ့ဆီ ချေးပေးလိုက်သည်။

ချင်မူ၏တတိယမျက်လုံးဆီမှ အလင်းတန်းသည် ပို၍ပင် အားကောင်းလာပြီး နောက်ဆုံးမီးတောက်ကို ထိုးဖောက်ကာ မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြား၌ ထိုင်နေသော လူရိပ်အပေါ် ဖြာကျသွား၏။

ရုတ်ခြည်းဆိုသလို ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားသည်။ အလင်းရောင်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး သူလည်း အလိုအလျောက် ရုပ်သိမ်းမိလိုက်သည်။

လိမ့်ဝင်လာသည့် အသိစိတ်အလျဉ်နှင့် ချီစွမ်းအင်စီးကြောင်းများက သူ့ဦးနှောက်ကို ရိုက်ခတ်ကာ မူးဝေသွားစေသည်။ သူ၏အဆီအနှစ်နှင့် သွေးများ ရပ်တန့်သွား၏။

ရှုကျွင်းက သူ့အသိစိတ်အလျဉ်ကို မြန်မြန်ဆန်ဆန် ပြန်ရုတ်သိမ်းသည်။ “ခွေးကောင်လေး၊ ငါ့ကို နားရွက်နှစ်ဖက်ပေးဖို့ မင်းကတိပေးထားတယ်နော်… ကတိဖျက်မယ် မကြံနဲ့… ဒါနဲ့ မင်း ဘာမြင်လိုက်လဲ”

ချင်မူ သူ့စိတ်သူ တည်ငြိမ်အောင် ထိန်းကာ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “ကောင်းကင်နတ်အရှင်ယွင်… ကောင်းကင်နတ်အရှင်ယွင်ကို မြင်လိုက်ရတယ်”

ရှုကျွင်းမှာ မည်သူက ကောင်းကင်နတ်အရှင်ယွင်မှန်း မသိသော်လည်း ချင်မူ့အတွက်တော့ အံ့ဩတုန်လှုပ်ဖွယ်ရာ ဖြစ်သည်။ မဟာဧကရာဇ်ကျူယွီရှစ်၏ မျက်ခုံးနှစ်ဖက်ကြားတွင် သူ မြင်လိုက်ရသော လူရိပ်သည် ကောင်းကင်နတ်အရှင်ယွင် ဖြစ်၏။ မည်သည့်နည်းနှင့်မျှ မမှားနိုင်ပေ။

နဂါးသွဲ့ရေကန်တွေ့ဆုံပွဲမှာတုန်းက ကောင်းကင်နတ်အရှင်ယွင်ကို သူ မြင်ခဲ့ဖူးသည်။ ကောင်းကင်နတ်အရှင်ယွင်သည် အလွန်ချောမောခံ့ညားပြီး ပါရမီရှိသော လူငယ်တစ်ယောက် ဖြစ်၏။ မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြား၌ ထိုင်နေသော လူမှာ တည်ကြည်လေးနက်သော မျက်နှာဖြင့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်ပါသော်လည်း ငယ်ရွယ်စဉ်တုန်းက ချောမောခံ့ညားခဲ့မှုကို မြင်ရနိုင်သေးသည်။

ကောင်းကင်နတ်အရှင်ယွင် ဖြစ်နေသည်မှာ ယုံမှားစရာမရှိပေ။

သူ ဇဝေဇဝါ ဖြစ်နေသေးသည်။ ‘ကောင်းကင်နတ်အရှင်ယွင်ရဲ့ ရုပ်ခန္ဓာက ဘာလို့ ဒီရောက်နေတာလဲ… ဟုတ်သား… ကောင်းကင်နတ်အရှင်ယွင်က မဟာဧကရာဇ် ကျူယွီရှစ်ရဲ့ တော်ဝင်တံဆိပ်တော် ခတ်နှိပ်ထားတဲ့ ယဇ်ပလ္လင်တစ်ခုကို ချန်ထားခဲ့တာပဲ’

ချင်မူ တံဆိပ်တော်ကို ထုတ်လိုက်သည့်အခါ တံဆိပ်သည် သူ၏တတိယမျက်လုံးအတွင်းမှ ပျံထွက်လာ၏။ တံဆိပ်တော်က ဤနေရာ၏စွမ်းအားနှင့် တမုဟုတ်ချင်း ဆက်သွယ်မှု တည်ဆောက်လိုက်ကာ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ထုတ်လွှတ်လိုက်တော့သည်။

ဘုန်း

ကြာပွင့်သဏ္ဍာန်မြေပြင်အထက်၌ ကောင်းကင်အလင်းတန်းများစွာ ဖြာထွက်လာပြီး တော်ဝင်တံဆိပ်တော်ဆီသို့ ပြေးဝင်လာကြသည်။ အားကောင်းပြင်းထန်လှသည့် စွမ်းအင်လှိုင်းတို့က တံဆိပ်တော်၏ ပတ်ပတ်လည်ရှိ နေရာဟင်းလင်းပြင်ကို လှုပ်ခါလာစေသဖြင့် ချင်မူသည် အလင်းစက်ဖြစ်မှ နဂိုအတိုင်း ပြန်ဖြစ်လာ၏။

ကျန်ရှိသူများလည်း လျင်မြန်စွာ နဂိုအတိုင်းပြန်ဖြစ်လာကာ မျောလွင့်နေသော တံဆိပ်တော်ဆီသို့ သံသယများဖြင့် လှမ်းကြည့်ကြသည်။

All Chapters