ပြည်နယ်ကိုးခု၏ပထမဓား
Vol. 009 Ch. 802
အဘိုးအို၏မျက်လုံးက ရုတ်တရက် စူးရှ တောက်ပြောင်လာကာ လျူကျောင်းကို စိုက်ကြည့်သည်။ သို့သော် သူက ထူးမခြားနားစွာဖြင့် ပြောသည်… “မင်းက လျူကျောင်းလို့ ခေါ်တဲ့တစ်ယောက်လား…”
“အမှန်ပါပဲ…” လျူကျောင်းက ခေါင်းညိတ်သည်။ သူ့နောက်တွင် စစ်တုရင်ရှန့်ထို၏ တပည့် ကိုးယောက်က အဘိုးအိုအား သေသေချာချာ ကြည့်နေကြသည်။
“နတ်နဂါး ကစားကွက်ကို ဖြေရှင်းနိုင်ခဲ့တဲ့ နှစ်ယောက်က မင်းနဲ့ ရီဖူရှင်းပဲပေါ့…” အဘိုးအိုက ရီဖူရှင်းကို ကြည့်ကာ မေးသည်။ ဘယ်လောက် တိုက်ဆိုင် လိုက်သလဲ။
ရီဖူရှင်းကလည်း အနည်းငယ် အံ့အားသင့် ရသည်။ အဘိုးအိုက ထူးဆန်းပေသည်။ ရှန့်ထိုများပင် သည်အဘိုးအို ဘယ်က လာသည်ကို သိကြသည် မဟုတ်ပေ။ သို့သော် လျူကျောင်းက မည်သို့ သိသနည်း။
ထို့အပြင် အဘိုးအိုကလည်း သူနှင့် လျူကျောင်းကို သိနေသည်။
စစ်တုရင်ရှန့်ထိုနှင့် တစ်ခုခုများ ပတ်သက်နေသလား။
“ဟုတ်ပါတယ်…” လျူကျောင်းက ခေါင်းညိတ်သည်။
“စစ်တုရင်ရှန့်ထိုက သူ့ကို မဟုတ်ဘဲ မင်းကို ရွေးခဲ့တယ်ပေါ့...” အဘိုးအိုက ပြုံးသည်… “မင်းက စစ်တုရင် ရှန့်ထိုကို ကယ်ချင်တယ်ဆိုရင် မင်းဘာသာ ကြိုးစားသင့်တယ်… ငါက အဘိုးအို တစ်ယောက်ပဲ... ဘာမှ မကူညီနိုင်ဘူး...”
လျူကျောင်းက အဘိုးအိုကို ကြည့်သည်။ တခြား လူများကလည်း သူတို့ကို ကြည့်နေကြသည်။ သူတို့အကြား စကားများကို မည်သူမှ နားမလည်ကြပေ။
စစ်တုရင် ရှန့်ထိုကို ကယ်တင်မည်လား။ ကောလာဟလများအရ စစ်တုရင်ရှန့်ထိုက သေဆုံးခါနီး အချိန်ကို ရောက်နေပြီ မဟုတ်ပေဘူးလား။ လျူကျောင်းအား သူ၏ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သည်။
ဘာတွေ ဖြစ်ပျက် နေသနည်း။ စစ်တုရင်ရှန့်ထို၏ တပည့်ကိုးယောက်က လျူကျောင်း နောက်လိုက် ဖြစ်နေကြကာ မည်သို့သော လျှို့ဝှက်ချက်များ ရှိနေပါသနည်း။
သင်္ချိုင်းကုန်းကျေးရွာက မည်သည့် အရပ်တွင် တည်ရှိသနည်း။
သူတို့က ထိုကျေးရွာကို တစ်ခါမှ မကြားဖူးကြပေ။
“သင်္ချိုင်းကုန်းကျေးရွာက ပြင်ပလောကနဲ့ အဆက်အသွယ် သိပ်မရှိဘူး… နေရာကိုလည်း မသိကြရဘူး… ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာအောင် သင်္ချိုင်းကုန်း ကျေးရွာက မရဏတောင်ကုန်းရဲ့ တားမြစ်မြေ အပြင်ဘက်မှာ အမြဲတမ်းရှိခဲ့တယ်… စစ်တုရင်ရှန့်ထိုက မရဏတောင်ကုန်းရဲ့ တားမြစ်မြေကို သွားရောက်ခဲ့ပြီး အဲဒီမှာ ပိတ်မိနေခဲ့တယ်… လျူကျောင်းက စစ်တုရင်ရှန့်ထိုကို ဘယ်လို ကယ်တင်မလဲ... သေချာပေါက် လူကြီးမင်းရဲ့ အကူအညီ လိုတာပေါ့…” ထိုစဉ်မှာပင် ရှီဟွာတောင် ရှန့်ထိုက အဘိုးအိုအနီးကို ရောက်လာကာ ပြောသည်။
သူ၏စကားကို ကြားသည်တွင် အားလုံး၏ စိတ်နှလုံးများ တုန်ခါ သွားကြသည်။
မရဏတောင်ကုန်း…
အဘိုးအိုနှင့် ရာရာတို့က မရဏတောင်ကုန်း အပြင်ဘက်မှ လာကြသည် များလား။
မရဏတောင်ကုန်းကား အရှေ့ဘက် ပြည်နယ်၏တားမြစ်နယ်တစ်ခု ဖြစ်သည်။ ထိုနေရာတွင် မရေမတွက်နိုင်သော ဓားများနှင့် လူသေအလောင်းများ ရှိနေသည်။ နှစ်ပေါင်းများစွာ ကြာအောင် မရေမတွက်နိုင်သော လူများက မရဏတောင်ကုန်းကို သွားရောက် စူးစမ်းခဲ့ကြကာ အသက်ရှင်ရက် ပြန်ထွက် လာသူလည်း မရှိခဲ့ပေ။ တဖြည်းဖြည်းဖြင့် လူသူ အရောက်အပေါက် နည်းသွားသော ထိုဒေသက အရှေ့ဘက် ပြည်နယ်၏တားမြစ်နယ်တစ်ခု ဖြစ်လာခဲ့၏။
မရဏတောင်ကုန်းနှင့် ပတ်သက်၍ လောလာဟလများစွာ ရှိပေသည်။ ပြိုင်ဘက်ကင်းဓား ဖြစ်သော မရဏဓားက မရဏတောင်ကုန်း တစ်နေရာတွင် တည်ရှိသည်ဟု အချို့က ပြောကြသည်။ အချို့က ထိုနေရာတွင် လျှို့ဝှက်သော ပုဂ္ဂိုလ်ထူးတစ်ဦး ကျင့်ကြံနေသည်ဟု ပြောကြသည်။ သို့သော်လည်း ကောလာဟလကား ကောလာဟလသာ ဖြစ်ကာ မည်သူမှ ရေရေရာရာ မသိကြပေ။
သင်္ချိုင်းကုန်း ကျေးရွာ၏တာဝန်က မရဏတောင်ကုန်းကို စောင့်ကြပ်ရန် များလား။
ကောလာဟလများအရ မရဏတောင်ကုန်းကို သွားရောက်ရန် ထား၍ ရှာဖွေတွေ့ရှိရန်ပင် မလွယ်ဟု ပြောကြသည်။ တားမြစ်နယ် မရဏတောင်ကုန်းအား စောင့်ကြပ်သော သင်္ချိုင်းကုန်း ကျေးရွာမှ လူများ သည်နေရာကို ရောက်လာမည်ဟု မည်သူက တွေးထင်မိ မည်နည်း။
ရီဖူရှင်းကလည်း အံ့အားသင့်ရသည်။ သူက ပြည်နယ်ကိုးခု၏ တော်ဝင်မြေများကိုသာ ကြားဖူးကာ သင်္ချိုင်းကုန်း ကျေးရွာနှင့် မရဏ တောင်ကုန်းတို့အား တစ်ခါမှ မကြားဖူးပေ။ ထိုနေရာက ရှီဟွာတောင် ရှန့်ထိုပင် အလေးထားရသော နေရာဖြစ်သည်ဆိုလျှင် သာမန်တော့ မဟုတ်ပေ။
အဘိုးအိုက ရှီဟွာတောင် ရှန့်ထိုကို ကြည့်ကာ ပြောသည်… “ဒါက သူ့ကိစ္စပဲ…” သူက ရာရာကို ပြောသည်… “ရာရာ... သွားမယ်…”
“အင်း...” ရာရာက ခေါင်းညိတ်ကာ တစ်ဖန် ရီဖူရှင်းနှင့် ယူချင်းတို့အား ညစ်ကျယ်ကျယ် ကြည့်သည်။
အဘိုးအိုက ယူချင်းကိုလည်း ကြည့်သည်… “မင်းက ရာရာကို အနိုင်ယူနိုင်တာ တကယ်ပဲ အံ့ဖွယ်ကောင်းတယ်… ကျေးရွာကို လာချင်တယ်ဆိုရင် မင်းတို့ကို အမြဲ ကြိုဆိုတယ်...” သူက ထိုသို့ ပြောပြီးသည်တွင် သူနှင့်ရာရာတို့က ဓားနှစ်လက်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့ တက်ရောက် ပျောက်ကွယ် သွားကြသည်။
တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏နားထဲကို စိတ်ဖြင့်ပြောသော အသံတစ်ခု ရောက်လာသည်တွင် သူ့အား ထိတ်လန့် စေခဲ့သည်။
“ကျွန်တော်လည်း နှုတ်ဆက်ပါတယ်…” ရီဖူရှင်းက ရှီဟွာတောင် ရှန့်ထိုကို နှုတ်ဆက်သည်။
ရှီဟွာတောင်ရှန့်ထိုက ရီဖူရှင်းကို ကြည့်ကာ ခေါင်းညိတ်သည်… “ဒီတစ်ခေါက် ပြည်နယ်ကိုးခု ညီလာခံမှာ မြေရိုင်းပြည်နယ်က အကောင်းဆုံးပဲ… တကယ်လို့ မင်းက ရှီဟွာတောင်မှာ လေ့ကျင့်ချင်တဲ့ ဆန္ဒရှိရင် ငါတို့က အမြဲ ကြိုဆိုတယ်…”
“ကျေးဇူးတင်ပါတယ်… စီနီယာ… ကျွန်တော် မှတ်သား ထားပါ့မယ်…” ရီဖူရှင်းကလည်း အနည်းငယ် ဦးညွှတ်ကာ မြေရိုင်းပြည်နယ်မှ တခြားလူများကို ခေါ်ဆောင်၍ ထွက်ခွာ သွားသည်။
ရီဖူရှင်းတို့ ထွက်ခွာ သွားပြီးနောက် လျူကျောင်းက ပြောသည်… “ဆရာ... စစ်တုရင် ရှန့်ထိုဆီက ရထားတဲ့သတင်းအရ သင်္ချိုင်းကုန်းကျေးရွာက ဆက်ခံသူ ရှာနေတာ ထင်တယ်…”
ရှီဟွာတောင် ရှန့်ထို၏ မျက်လုံးများက အရောင်လက် သွားသည်။ ကျေးရွာခေါင်းဆောင် အဘိုးအိုက ယူချင်းနှင့် ရီဖူရှင်းတို့အား ရွေးချယ် ဖိတ်ကြားခြင်းတွင် ထိုအချက်အား ထင်သာမြင်သာ ရှိစေသည်။
“သတင်းပို့လိုက်…” ရှီဟွာတေင်ရှန့်ထိုက ပြောကာ လှည့်ထွက် သွားသည်။
ရှီဟွာတောင်မှ အားလုံး ထွက်သွားပြီး နောက်ပိုင်းတွင် ဖီးနစ်ရထားလုံး တစ်စင်းက ကောင်းကင်မှ ကျဆင်းလာသည်။ ထို့နောက်တွင် အလင်းတန်း များစွာနှင့်တူ ရထားလုံးက တောင်ထိပ်ပေါ်ကို ဆင်းသက်လာ၏။ ရောက်လာသူကား ဆောလျင်စွာ ထွက်သွားသော ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ် ဖြစ်ပေသည်။
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ရထားလုံးပေါ်မှ ဆင်းလာသည်။ သူ့ဘေးတွင်ကား ရွှေဖီးနစ် စစ်သူရဲများ၊ ကျောက်ရာနှင့် တခြား သူ့မျိုးဆက်များ ပါဝင်ကြသည်။
“ရှန့်ထိုက ကျုပ်ကိုခေါ်တာ ထူးထူးခြားခြား ကိစ္စရှိလို့လား…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ရှီဟွာတောင်ရှန့်ထို၊ မိုးစက်ရှန့်ထိုနှင့် လျူကျောင်းတို့ကို ကြည့်လျက် မေးသည်။
“သတင်းကောင်း ရှိတယ်... ထိုင်ပါဦး ဘုရင်မင်းမြတ်…” ရှီဟွာတောင် ရှန့်ထိုက လျှောက်လာကာ စစ်တုရင်ခုံ၏ တစ်ဖက်ခြမ်းတွင် ဝင်ထိုင်သည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကလည်း သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်၏။
သူက စစ်တုရင်ခုံကို ကြည့်ကာ မေးသည်… “ဘယ်လို သတင်ကောင်းလဲ…”
“မရဏဓားသမားကို ဘုရင်မင်းမြတ်က သိလိမ့်မယ်လို့ ကျုပ်ထင်တယ်...” ရှီဟွာတောင် ရှန့်ထိုက နယ်ရုပ်တစ်ခုကို ချကာ ပြောသည်။
“ပြည်နယ်ကိုးခုရဲ့ ပထမဓားလား…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က နယ်ရုပ်တစ်ခုကို ချကာ ပြန်ပြောသည်။ ထိုလူကား သမိုင်းဝင် ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်ပေသည်။ သူ၏ စွမ်းဆောင်ရည် အချို့ကို ကြားသိရခြင်းကပင် သူတို့၏သွေးများကို ဆူပွက်စေနိုင်သည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကား သူ့ကို အလွန် လေးစားပေသည်။
“အမှန်ပဲ... ရှန့်ထိုတွေကို ဓားတစ်လက်နဲ့ သတ်ဖြတ်နိုင်သူ… တော်ဝင်စစ်ပွဲမှာ ပြိုင်ဘက်ကင်း… ပြည်နယ်ကိုးခုရဲ့ ပထမဓားအဖြစ် အင်ပါယာ ရှားကိုယ်တိုင်က သတ်မှတ်ခဲ့သူ… တစ်ချိန်က အင်ပါယာရှားနဲ့ ရင်ပေါင်တန်းနိုင်ခဲ့သူ…” ရှီဟွာတောင်ရှန့်ထိုက ပြောသည်။ ထိုသမိုင်းဝင် ပုဂ္ဂိုလ်ကြား အင်ပါယာ( ရန်ဟောင်) အဆင့်နီးပါးကိုပင် ရောက်ရှိခဲ့သူ ဖြစ်သည်။
“ရှေးစာပေတွေအရ မရဏဓားသမားက ပြည်နယ်ကိုးခုမှာ အကောင်းဆုံးဆိုတဲ့ မရဏဝင်္ကပါကို တီထွင်ခဲ့တယ်တဲ့… အဲဒါက ရန်ဟောင်ကိုတောင် သတ်နိုင်စွမ်း ရှိတယ် ကြားတယ်...” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ဆက်ပြောသည်... “ဒီလိုလူက ဘယ်လို သေဆုံး သွားရတာလဲ… ဘာလို့ သူက မရဏတောင်ကို ဖန်တီးပြီး အဲဒီမှာ သူ့အလောင်းကို မြှုပ်နှံစေခဲ့တာလဲ…”
“တန်ခိုးကျင့်ခြင်းက ထူးဆန်း အံ့ဖွယ်တွေနဲ့ ပြည့်နှက်နေတာပဲ... ဘယ်သူ သိမှာလဲ...” ရှီဟွာတောင် ရှန့်ထိုက စကား လမ်းကြောင်းကို ရှောင်လွှဲလိုက်ဟန် ရသည်။
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ လေသံက ရုတ်တရက် လေးနက်သွားသည်... “သတင်းကောင်းက ဘာလဲဆိုတာ မပြောရသေးဘူး…”
“စစ်တုရင်ရှန့်ထိုက ဘယ်မှာလဲ ဆိုတာ ဘုရင်မင်းမြတ် သိလိမ့်မယ်…”
“မှန်တယ်... မရဏတောင်ကုန်းမှာ…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ခေါင်းငုံ့ကာ နောက်ထပ် တစ်ရုပ် ချသည်။
“စစ်တုရင်ရှန့်ထိုက မရဏတောင်ကုန်းမှာ ပိတ်မိနေတယ်… ဒါပေမဲ့ သူတို့က ဆက်ခံသူ ရွေးချယ်ဖို့ ကြံနေကြတယ်… ဒါက ဘာကို ဆိုလိုတယ် ဆိုတာ ခင်ဗျား သိမှာပဲ… အခု လျူကျောင်းက တစ်ခု သိထားတယ်…” ရှီဟွာတောင် ရှန့်ထိုက လျူကျောင်းကို ကြည့်ကာ ပြောသည်... “အခု သင်္ချိုင်းကုန်း ကျေးရွာကလူတွေ ပြင်ပလောကကို ရောက်လာကြတယ်… ရည်ရွယ်ချက်ကို ခင်ဗျား သိသင့်တယ်…”
“နှစ်တွေ ဒီလောက်ကြာပြီ... မရဏ တောင်ကုန်းက မရဏဓားသမားရဲ့ လျှို့ဝှက်ချက်တွေကို သိုမှီးထားတယ် ဆိုတာ မှန်ပါ့မလား…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ပြောသည်။
“သင်္ချိုင်းကုန်း ကျေးရွာက လူတွေ အသိဆုံး ဖြစ်လိမ့်မယ်…” ရှီဟွာတောင်ရှန့်ထိုက ပြောသည်… “ကျေးရွာ ခေါင်းဆောင်က ထိပ်သီးပါရမီရှင်တွေကို ခေါ်နေတာက ရိုးရှင်းတယ်လို့ ကျုပ်မထင်ဘူး… သူတို့က မြေရိုင်း ပြည်နယ်ကို ဖိတ်ခေါ်ခဲ့တယ်...”
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ မျက်နှာက တင်းမာသွားသည်။ သူက မြေရိုင်းပြည်နယ်ကို သဘောမကျရာ မရဏဓားသမား၏အမွေကို သူတို့ ရရှိသွားမည်အား မလိုလားပေ။
“ပြည်နယ်ကိုးခုက ဒီသတင်းကို မကြာခင် ရကြမှာပဲ… ဘယ်လိုပဲ ဖြစ်ပါစေ... တကယ်လို့ မရဏဓားသမားရဲ့ အမွေသာ တကယ် ရှိခဲ့တယ်ဆိုရင် ဒါကို အရှေ့ဘက် ပြည်နယ်ကပဲ ရစေချင်တယ်…”
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က လျူကျောင်းကို ကြည့်ကာ ငေါ့တော့တော့ ပြောသည်… “ရှန့်ထိုက လူတောင် ရွေးထားပြီးပြီပဲကို…”
“လျူကျောင်းက ပါရမီမြင့်လူငယ်ပဲ… သူက ရှီဟွာတောင်ရဲ့ အတော်ဆုံး တပည့်လည်း ဖြစ်တယ်... သူက ဘုရင်မင်းမြတ် ထင်တာထက် တော်တယ်...” ရှီဟွာတောင် ရှန့်ထိုက ဆက်ပြောသည်… “ဘုရင်မင်းမြတ်က လျူကျောင်းကို သမက် မတော်ချင်ဘူးလား…”
သူတို့ဘေးတွင် ကျောက်စီရီ၏ မျက်နှာက ရှက်သွေးများ ဖြာသွားကာ လျူကျောင်းအား ခိုးကြည့်သည်။
***