(မျိုးနွယ်များနှင့် အင်အားစုများ)
Vol. 6 Ch. 53
နာရီဝက်ခန့်ကြာပြီးနောက်
လပ်တစ်ယောက် စုံစမ်းရရှိထားသော လူးလူးဂြိုလ်အကြောင်း ဖတ်ရှု့လေ့လာလျက် ရှိလေသည်။
လူလူးဂြိုလ်သည် ကီလိုမီတာ သန်း(၆၀)ခန့် ကြီးမားသော အဝါရောင်ဂြိုလ်တစ်လုံး ဖြစ်လေသည်။ ထိုဂြိုလ်သည် ယခင်က လူရိုင်းများသာနေထိုင်ကြပြီး ဖွံ့ဖြိုးတိုးတက်မှု နည်းပါးလေသည်။ လွန်ခဲ့သော နှစ်(၇၀၀)ခန့်မှ ဂြိုလ်အနီးက ဖြတ်သွားသည့် စောင့်ရှောက်သူ သခင်တစ်ဦးက စတင်တွေ့ရှိသွားပြီး သူ၏ တပည့်များ၊ ဆွေမျိုးများအား ဂြိုလ်ပေါ်တွင် အခြေချနေထိုင်ရန် စေလွှတ်ခဲ့လေသည်။ ထိုမှ တဆင့် ကျင့်ကြံ သူများအများအပြား ဝင်ရောက်ပြောင်းရွေ့လာခဲ့ပြီး၊ နှစ်(၆၀၀)အကြာတွင် ဖွံ့ဖြိုးတိုးတက်သော ဂြိုလ် တစ်လုံး ဖြစ်လာခဲ့သည်။ သို့သော်လည်း ဂြိုလ်ပေါ်တွင် အင်တာနက်နှင့် လျှပ်စစ်မီးကတော့ သတ်မှတ် နေရာများတွင်သာ ရရှိနေတာဘဲ ဖြစ်သည်။
လူလူးဂြိုလ်သည် စီးပွားရေးဂြိုလ်တစ်ခုပင် ဖြစ်လေသည်။ သူ၏ တည်နေရာမှာ “ဂလက်စီများ အတွင်း အလယ်နားကျနေသောကြောင့် ဟိုဖက်ဒီဖက်မှ ကူးသန်းရောင်းဝယ်သူများ၊ ယာဉ်ပျံများ၊ ကျင့်ကြံ သူများဖြင့် စည်ကားနေတတ်လေ၏။
သို့ပေမဲ့ တစ်ခါတရံ ဆိုးဝါးသော မိုးကြိုးမုန်တိုင်းများ ပစ်ခတ်တိုက်ခတ်လေ့ရှိသောကြောင့် အဆောက်အဦးများ၊ ယာဉ်ပျံများပေါ်သို့ အလျင်အမြန် ပြောင်းရွေ့နိုင်ကြရန် စီမံထားရလေသည်။
လူလူးဂြိုလ်တွင် အဆိပ်အားလုံးကိုနိုင်သော သွေးခဲပန်းပွင့် ထွက်ပေါ်လာတတ်ပြီး တစ်ခြားတန်ဖိုး ကြီးဆေးပင်များလည်း ကျွန်းများပေါ်တွင် ပေါက်ရောက်သောကြောင့် ဆေးပင်နှင့် တခြားသတ္တုများ ရရှိ လေမလားဟူ၍ လူအများအပြား လက်တည့်စမ်းရှာဖွေကြလေသည်။ ကံဆိုသည်မှာ ပြော၍မရပေ။ ကံကောင်း၍ ဆေးပင်များရရှိကာ တစ်သက်လုံးထိုင်စားနိုင်သည်အထိ ကြွယ်ဝသွားကြပြီး တချို့မှာလည်း မကောင်းဆိုးဝါးနှင့် အဆင့်မြင့်သားရဲများကြောင့် သတင်းမရပဲ ပျောက်ဆုံးသွားရလေ့ရှိလေ၏။
ထို့ပြင် လူလူးဂြိုလ်၏ ငွေကြေးစနစ်မှာ လူရိုင်းများမှ စတင်ခဲ့သော ထူးဆန်းသည့်စနစ်ဖြစ်ပြီး၊ မည်သည့် ကုန်ပစ္စည်းမဆို ၅၀, ၁၀၀, ၁၅၀, ၂၀၀, ၂၅၀ , ၅၀၀ စသဖြင့် ဈေးနှုန်းသတ်မှတ်ချက်များ ဖြစ်လေသည်။ ဆိုလိုသည်မှာ ၁၉ , ၈၂ , ၆၈ စသည်ဖြင့် ကြားဂဏန်းများ လုံးဝမရှိခြင်း ဖြစ်လေသည်။
ငွေကြေးပုံစံမှာလည်း ထူးခြားလေသည်။
အလွန်ပါးလွှာသော ရွှေဖြူတစ်မျိုးကို အဖျားခပ်ကာ လေးထောင့်ပုံစံ တစ်ထွာပတ်လည် အပြားကြီးကို သုံးကြလေ၏။
ထိုအပြားကြီးမျာ ငွေစတစ်ထောင်ဖြစ်ပြီး ထိုအပြားကြီးတွင် လေးထောင့်ကွက် အပိုင်းလေးများကို ကျနော်တို့ ငွေဖြည့်ကတ်များဖြဲရန် လုပ်ထားသကဲ့သို့ ပြုလုပ်ထားလေသည်။
၅၀၀ ပြန်အမ်းမည့်သူမှာ အပြားကို ၂ပိုင်းဖြဲ၍ ၁ပိုင်းပေးလိုက်ရုံသာဖြစ်ပြီး။ ၂၅၀ သမားက ထိုအပိုင်း တစ်ဝက်ထပ်ဖြဲပေးရုံသာ ရှိလေသည်။ ထူးခြားသည့် ငွေကြေးယူနစ်ဖြစ်လေ၏။
ထို့ပြင် နယ်ခံလူရိုင်းများ၏ အတွေးအခေါ်နှင့် ဉာဏ်ရည်မှာလည်း အနည်းငယ်နိမ့်ကျပေသည်။ ထို့ကြောင့်ပင် စဉ်းစားတွေးခေါ်ရသော အလုပ်များနှင့် ဉာဏ်ပညာသုံးရသော အလုပ်များကို နယ်ခံဂြိုလ်သား များက မလုပ်ကိုင်ကြပေ။
ရော့ပတ္တမြား ရော့ နဂါး အရောင်းအဝယ်အလုပ်များနှင့် ငွေယူပြီး အလုပ်ကြမ်းလုပ်သူများသာ အများစုဖြစ်ကြလေသည်။ နယ်မြေဖန်တီးခဲ့သော မျိုးနွယ်စုမှာတော့ အစဉ်အဆက် ချမ်းသာလာခဲ့ပြီး လူလူးဂြိုလ်ပေါ်တွင်တော့ ဩဇာအာဏာကြီးများသူများ ဖြစ်လာခဲ့လေသည်။
ထိုမျိုးနွယ်စုအားလုံးကို ဖာလန်းမျိုးနွယ်စုက အုပ်ချုပ်ထားပြီး တခြားဂြိုလ်များနှင့် ချိတ်ဆက်ကာ ကူးသန်းရောင်းဝယ်မှု ပြုလုပ်ကြလေ၏။
လပ်လည်း လူလူးဂြိုလ်အကြောင်းဖတ်ရင်း ခေါင်းတညိတ်ညိတ်ဖြင့် ဖြစ်နေလေသည်။
လူလူးဂြိုလ်တွင် S4 အဆင့်၏ အထက်ဝိဉာဏ်ကြီးစိုးသူအဆင့် တစ်ဦးသာရှိလေပြီး ထိုသူမှာလည်း ဂြိုလ်စောင့်ရှောက်သူနှင့် ဆရာသခင်များက ဖွဲ့စည်းထားသော ဗာရာနန်းတော်မှ ကြီးကြပ်သူတစ်ဦးသာ ဖြစ်လေသည်။ ထို ဝိဉာဏ်ကြီးစိုးသူတစ်ဦးတည်း ရှိနေသော်လည်း မည်သူမှလည်း ပြဿနာမရှာရဲကြပေ။ သူ့၏နောက်မှ ဗာရာနန်းတော် အဖွဲ့အစည်းကို ကြောက်ရွံကြ၍ ဖြစ်၏။
စကြာဝဠာအတွင်း အမျိုးမျိုးသော စွမ်းအားကြီး မျိုးနွယ်များ၊ အဖွဲ့အစည်းများက နှစ်ပေါင်းများစွာ ကတည်းက တည်ရှိလာကြပြီး၊ ဂလက်စီများနှင့် ဂြိုလ်များကို ခွဲဝေအုပ်ချုပ်ကြလေသည်။
တစ်ချို့မျိုးနွယ်များက ဂုဏ်မောက်ကြသည်။ တစ်ချို့က ရက်စက်ကြသည်။ တစ်ချို့က ကြင်နာ သနားကြသည်။ မည်သို့ပင်ဆိုစေကာမူ မိမိ၏စွမ်းအားနှင့် အာဏာသာ အရေးကြီးဆုံး ဖြစ်လသည်။
မျိုးနွယ်ကြီးများမှ ထူးချွန်ထက်မြက်သူများသည်။ ဂလက်စီများ၊ ဂြိုလ်များကို အပိုင်စားရလေ တော့သည်။
အင်အားကြီးမျိုးနွယ်များ အချင်းချင်း ပြိုင်ဆိုင်မှုများရှိနေပြီး တစ်ယောက်နှင့်တစ်ယောက် နင်းချကာ ကျော်တက်ရန် ကြံစည်နေကြလေတော့သည်။
ထိုအဖွဲ့အစည်းများ၊ မျိုးနွယ်(၆)ခု၊ ဂိုဏ်း(၉)ခုဟူ၍ လက်ရှိ စကြာဝဠာအတွင်းတွင် တည်ရှိနေ လေသည်။ ထိုအဖွဲ့အစည်းများမှ သူများသည် လွန်စွာဩဇာရှိသူများဖြစ်ပြီး၊ ထိုသူများ၏ တပည့်တပန်း များကပင် သန်းကျော်ရှိနေလေသည်။
လပ်တစ်ယောက် တအံ့တဩ ရေရွတ်လိုက်လေသည်။
“အာ ငါမသိတာတွေ အများကြီးပါလား”
“အင်းလေ ငါလည်း စကြာဝဠာလုံခြုံရေးအဖွဲ့ထဲဝင်မှ ဒါကို သိခွင့်ရတာပဲ”
“သာမန်လူတွေဆို ဘာမှသိမှာမဟုတ်ဘူး”
“သာမန်ကမ္ဘာမှာနေတဲ့ လူတွေကတော့
ဒီအကြောင်းသိကြမှာ မဟုတ်ဘူး”
“S2 အဆင့်ရောက်မှသာ သိကြရတာပဲ စကြာဝဠာကြီးက အရမ်း အန္တရာယ်များတာပဲဟ”
ဟူ၍ ညီးတွားလိုက်တော့သတည်း။