← Chapters

ရာရာ၏အကြံအစည်

Vol. 009 Ch. 803

ရာရာ၏အကြံအစည်

Vol. 009 Ch. 803

မရဏဓား၏ လွှမ်းမိုးမှုက ပြည်နယ်ကိုးခုအပေါ် သိပ်ကြီးမားခြင်း မရှိသည့်တိုင် အချိန် ကြာလာသည်နှင့်အမျှ ထိုသတင်းကို လူအများက ကြားသိလာရသည်။ စစ်တုရင်ရှန့်ထိုက မရဏတောင်တွင် ပိတ်မိနေသော သတင်းကလည်း လူအများကြား စတင်ပျံ့လွင့် လာတော့သည်။ မရဏတောင်ကား မရဏဓားသမား သေဆုံးရာ နေရာဖြစ်ကာ သူကား ရှားအင်ပါယာကပင် ပြည်နယ်ကိုးခု၏ အတော်ဆုံး ဓားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူဟု ပြောကြသည်။ ဤသို့ဖြင့် နောက်ထပ် ပုံပြင်တစ်ပုဒ်က လူထုအကြား စီးဆင်း လာခဲ့ပြန်၏။

ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၁၁ ခုနှစ်၊ နှစ်ကုန်ပိုင်းကို ရောက်လာပြီ ဖြစ်သည်။ အရှေ့ဘက်ပြည်နယ်၊ နွေဦးပြည်နယ်၊ ချီပြည်နယ်နှင့် ဖုန်းပြည်နယ်တို့အကြား ဆက်စပ်နေသော နေရာ၌ ကျယ်ပြန့်ကာ တောင်ကုန်း တောင်တန်းများဖြင့် ပြည့်နှက်နေသော၊ လူသူ အရောက်အပေါက် အလွန်နည်းပါးသော တစ်နေရာ ရှိပေသည်။

ပြည်နယ်လေးခု၏ နယ်စပ်မြေဖြစ်ရာ အုပ်ချုပ်မင်းမူသူ ကင်းမဲ့သော ထိုနေရာကား ပုံမှန်အားဖြင့် စွမ်းအားမြင့် တန်ခိုးရှင်များ သိပ်မရှိပေ။ သို့သော်လည်း တစ်ခါတစ်ရံ ဇာတ်မြှုပ်နေတတ်သော ထိပ်သီး တန်ခိုးရှင်များလည်း ထိုသို့သော နေရာမျိုးတွင် ရှိတတ်ပေသည်။ အရှေ့ဘက် ပြည်နယ်နှင့် ထိစပ်နေသော အခြမ်း၌ တောင်ကုန်း တောင်တန်းများဖြင့် ဝန်းရံထားသော ကျေးရွာတစ်ခု ရှိပေသည်။ ထိုနေရာ၌ပင် ပြင်ပလောကမှ လူများသိပ်မသိသော သင်္ချိုင်းကုန်း ကျေးရွာ တည်ရှိပေ၏။

သင်္ချိုင်းကုန်း ကျေးရွာကား သီးသန့်ဆန်ကာ ပြင်ပလောကနှင့် အဆက်အသွယ် သိပ်မရှိပေ။ တော်ဝင်မြေများတွင် လေ့ကျင့်ကြသော တန်ခိုးရှင်များပင် ထိုကျေးရွာကို ကြားဖူးခြင်း မရှိကြပေ။ ကျယ်ပြောလှသော ပြည်နယ်ကိုးခုထဲ၌ သင်္ချိုင်းကုန်း ကျေးရွာ၏တည်ရှိမှုက ဖုန်မှုန့်တစ်စနှင့် မခြားပေ။ ယခု သီးခြားဖြစ်နေသော ကျေးရွာကား မကြာမကြာ ဧည့်သည်များ အရောက်အပေါက် ရှိလာသည်။ ထိုဒေသ၌ သိသာ ထင်ရှားသော အဖြစ်အပျက်များ မရှိရာ ရောက်လာသော သူများကလည်း ခရီးသွားဟန်လွဲ ဖြတ်သန်း သွားခြင်းမျိုးသာ ဖြစ်ပေသည်။

ယခု ကျေးရွာ အပြင်ဘက်သို့ ကောင်းကင်မှ လူတစ်စု ဆင်းသက် လာသည်။ ခေါင်းဆောင်ကား အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန် ချောမောခန့်ညား၏။ သူတို့ကား ရီဖူရှင်းတို့အုပ်စု ဖြစ်ကြသည်။ ထိုနေ့က ရှီဟွာတောင်မှ ထွက်ခွာ လာပြီးနောက် အဘိုးအိုက သူ့အတွက် မြေပုံတစ်ခုကို ပေးကာ ကျေးရွာကို လာရောက်မည်လား မေးခဲ့သည်။ ရီဖူရှင်းကလည်း မြေရိုင်းပြည်နယ်မှ လူအချို့ကို ပြန်သွားစေပြီး ကျူးကော့ချန်းဖန်နှင့် ကျန်ရစ်သော လူများအား ဦးဆောင်ကာ ကျေးရွာကို လာရောက်ခဲ့သည်။

“အရမ်း တိတ်ဆိတ်တာပဲ…” ရီဖူရှင်းက ရှေ့ကို ကြည့်သည်။ ကြီးကျယ် ခမ်းနားခြင်းများ အလျင်းကင်းမဲ့စွာဖြင့် ကျောက်တုံး အိမ်ကလေးများ ဟိုဟိုဒီဒီ ဆောက်လုပ် ထားသည်။ ရွာက သေးငယ်သည်တော့ မဟုတ်ပေ။ အိမ်ခြေ တစ်ထောင်ခန့်ရှိရာ မြို့ငယ်လေးအလား ထင်မှတ်ရသည်။ မြို့ပြများဖြင့်သာ ရင်းနှီး ကျွမ်းဝင်သော ရီဖူရှင်းကား ဤသို့သော မြင်ကွင်းမျိုးက သူ့အတွက် အနည်းငယ် စိမ်းပေသည်။

“သွားစို့…” ရီဖူရှင်းက ပြောသည်တွင် သူတို့အုပ်စုက လမ်းကျဉ်းလေး အတိုင်း လျှောက်လာကြသည်။ တစ်ခါတစ်ရံ အိမ်ကလေးများမှ စူးစမ်းသော အကြည့်များ သူတို့ထံကို ရောက်လာသည့်တိုင် ရီဖူရှင်းတို့အား ဘာမှ ပြောဆို မေးမြန်းခြင်း မပြုကြပေ။ သူတို့၏ သိပ်ထူးမခြားနားသော အမူအရာများအရ ရီဖူရှင်းတို့ ရောက်လာသည်ကို ကြိုတင် သိရှိထားဟန် ရသည်ဟု တွေးနိုင်သည်။

“လူတွေ ရောက်လာပြန်ပြီ .... ရွာမှာ ပြဿနာတွေ ဖြစ်မှာလား...” အိမ်တစ်လုံး အတွင်း၌ ထိုင်နေသော အဘိုးအို တစ်ယောက်က ရေရွတ်သည်။

ရီဖူရှင်းက သူ့အား လှမ်းကြည့်ကာ မေးသည်… “အဘ… ကျွန်တော်တို့က ကျေးရွာ ခေါင်းဆောင်နဲ့ တွေ့ချင်ပါတယ်… သူ့ကို ဘယ်မှာ ရှာလို့ ရနိုင်မလဲ…”

“ကျေးရွာ ခေါင်းဆောင်နဲ့ တွေ့ချင်တာ ဘာကိစ္စလဲ…” အဘိုးအိုက ရီဖူရှင်းကို မေးသည်။

“ကျေးရွာ ခေါင်းဆောင်က ကျွန်တော်တို့ကို ဖိတ်ထားလို့ပါ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။

“ဆရာရီ…” အဘိုးအိုက သူ့အား ကြိုတင် သိထားဟန်ဖြင့် မေးသည်။

“ဟုတ်ပါတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ကောင်းပြီ…” အဘိုးအိုက သူ၏မုတ်ဆိတ်ကို ပွတ်သပ်လိုက်ကာ ထရပ်သည်။ သူ၏ ပြိုင်းရိုင်းနေသော ခန္ဓာကိုယ်က ချက်ချင်း မတ်သွားကာ အကြည့်က စူးရှသွားပြီး အသက်ဓာတ်များ မြန်ဆန်စွာ ပြည့်ဝ လာခဲ့သည်။ ရီဖူရှင်းတို့ အဖွဲ့က အံ့အားသင့်ရသည်။ ကိုယ်ရောင် ကိုယ်ဝါကို ဖုံးကွယ် ထားနိုင်စွမ်းကား သာမန်မဟုတ်ပေ။ သာမန်လူ တစ်ယောက်က တန်ခိုးရှင်အသွင်သို့ ပြောင်းလဲ သွားခြင်းက ယုံကြည်ရ ခက်လွန်းသည်။

“နောက်က လိုက်ခဲ့ပါ ဆရာလေးရီ…” အဘိုးအိုက ပြောသည်။

လူအများအပြားက ရီဖူရှင်းတို့အဖွဲ့ကို လာရောက် စူးစမ်းသလို လာကြည့်ကြသည်။ လွန်ခဲ့သော လအနည်းငယ် ကတည်းက ရွာကို ဧည့်သည်အချို့ ရောက်လာမည်ဟု ကျေးရွာ ခေါင်းဆောင်က ပြောထားခဲ့သည်။ ယခု သူတို့ ရောက်လာကြချေပြီ။

သူတို့၏ရှေ့မှ ကွင်းပြင်တစ်ခု ရှိကာ ထိုနေရာမှ လူတစ်စု ရီဖူရှင်းတို့ထံသို့ ဦးတည်၍ လျှောက်လာကြသည်။ အသက် ဆယ့်ငါးနှစ်အရွယ်ခန့် ရှိသော မိန်းကလေး တစ်ယောက်ကား ရှေ့ဆုံးမှ ဝင့်ကြွားစွာ လျှောက်နေသည်။

ရီဖူရှင်းက ထိုမြင်ကွင်းကို ထူးဆန်းစွာ ကြည့်သည်။ သူတို့ထံ လျှောက်လာသူများမှာ ရိုးရှင်းသော ဝတ်စုံများကို ဝတ်ဆင်ထားကြကာ အချို့ဆိုလျှင် တိရစ္ဆာန်တို့၏ သားရေများကို ကိုယ်တွင် ပတ်ထားကြသည်။ ထိုအုပ်စုက ရီဖူရှင်းတို့ထံကို ရောက်လာသည်တွင် မသိမသာ ဝန်းရံလိုက်ကြသည်။

“ရာရာ… မင်းကို ဘယ်သူ အနိုင်ကျင့်တာလဲ…” သားမွေးထည် ဝတ်ထားသော လူငယ် တစ်ယောက်က ရီဖူရှင်းတို့ကို ကြည့်ကာ မေးသည်။

“သူ…” ရာရာက ယူချင်းကို လက်ညှိုးထိုးသလို ရီဖူရှင်းကိုလည်း ကြည့်ကာ ပြောသည်… “သူကလည်း သိပ်မထူးဘူး…”

ရီဖူရှင်းက မိန်းကလေးအား ကြည့်ကာ ဆွံ့အရသည်။ သူမက ပြန်လည်၍ တိုင်တော နေသည်လား။

သူတို့က စကားများ ရန်ဖြစ် လိုကြသည်လား။

သူမက သူမ၏ အပိုင်နယ်မြေကို ရောက်သည်တွင် ပြန်လည်၍ လက်စားချေလိုဟန် ရနေ၏။

“မင်းတို့နှစ်ယောက်… ထွက်လာခဲ့…” ရာရာ၏နောက်မှ သန်မာ ထွားကျိုင်းသော လူငယ်တစ်ယောက် ရှေ့ကို တက်လာသည်။ သူကား အပေါ်ပိုင်း ဗလာကျင်းထားကာ တောင့်တင်း သန်မာသော ကြွက်သား အဖုအထစ်များအား လူမြင်သာအောင် ပြထားသည်။

တစ်ဖက်လူထံမှ ရုန့်ရင်း ကြမ်းတမ်းသော ကိုယ်ရောင် ကိုယ်ဝါအား ရီဖူရှင်းက ခံစားမိသည်။ သည်ရွာကား သာမန်မဟုတ်ပေ။

ယန်ကျန်းက ရှေ့ကို တက်လာသည်။ သူ၏ ခန္ဓာကိုယ်မှလည်း ရုန့်ရင်း ကြမ်းတမ်းသော ကိုယ်ရောင် ကိုယ်ဝါက ရွှေရောင်အလင်းများ အဖြစ် ဖြာထွက်လာသည်။

“လူဝံ...” သန်မာသော လူငယ်က ယန်ကျန်းကို ကြည့်သည်။ သူ့နောက်တွင် ဧရာမကြီးမားသော အနက်ရောင် ပုံရိပ်တစ်ခု ပေါ်လာ၏။ ရုပ်လုံး ပေါ်လာသည်တွင် ထိုသတ္တဝါကြီးမှာ နွားသိုးကြီး တစ်ကောင် ဖြစ်နေသည်ကို မြင်ကြရ၏။ လေနှင့် လျှပ်စီးဓာတ်တို့ သူ့ကို စီးဆင်းနေကာ ပိုမို အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါနှင့်အတူ တစ်ဖက်လူက ယန်ကျန်းထံကို ပြေးဝင်လာသည်။ ဖုန်မှုန့်များ ပျံ့လွင့်ကြကာ မြေပြင်က တုန်ခါသည်။

ယန်ကျန်းကလည်း ရှေ့ကို တက်လာသည်။ သူတို့နှစ်ယောက် အကြားတွင် မှော်စွမ်းအင်များ သုံးစွဲခြင်း မရှိဘဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အား သက်သက်ဖြင့်သာ ရင်ဆိုင် တိုက်ခိုက်ကြသည်။

ဝုန်း…

နှစ်ယောက်သား ရင်ဆိုင်မိသည်တွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်သွားပြီး မြေပြင်က အက်ကွဲကြောင်းများ ဖြစ်သွားကာ အဝေးမှ အိမ်အချို့ ပြိုလဲသွားကြသည်။ ပတ်ဝန်းကျင်တွင် အရိုင်းဆန်သော လေလှိုင်းများ ဖြစ်ပေါ်လာသည်။ ယန်ကျန်းနှင့် သန်မာသော လူငယ်တို့က နောက်ကို အတော်ဝေးဝေး ဆုတ်သွားကြရကာ ဟန်ချက်အား ထိန်းလိုက် ကြသည်။

“အစ်ကိုနွားကြီး...” ရာရာက အော်လိုက်သည်။

“ငါ အဆင်ပြေတယ်…” သန်မာသော လူငယ်က ဟန်ချက်ကို ထိန်းရင်းက ခေါင်းယမ်းသည်။

ယန်ကျန်း၏ မျက်လုံးကို ရွှေရောင် အလင်းတစ်ချက် လက်သွားသည်။ တစ်ဖက်လူ၏ ခွန်အားကား သူ့ထက် အားမနည်းပေ။

ရီဖူရှင်းကလည်း အံ့အားသင့်ရသည်။ ယန်ကျန်းက ပြည်နယ်ကိုးခု ညီလာခံ၏ ထိပ်သီးဆယ်ယောက် စာရင်းသို့ မဝင်သည့်တိုင် သူ၏ခွန်အားနှင့် တိုက်ခိုက်ရေး ပညာက အားနည်းခြင်း မရှိပေ။ တစ်ဖက်လူ၏ ခွန်အားကလည်း အလွန် အားကောင်းသည်ဟု ဆိုနိုင်သည်။

သည်ရွာမှ လူငယ်တိုင်းက ဤသို့ အားကောင်းကြသည် များလား။ ထို့အပြင်… နွားကြီး… ဟူသော နာမည်ကလည်း...။

ရာရာ... မည်သို့သော နာမည်များ ဖြစ်သနည်း။ အဘယ် ထူးဆန်းပုဂ္ဂိုလ်က ထိုနာမည်များအား ပေးထားခဲ့သနည်း။

ကွင်းထဲတွင် ရီဖူရှင်းက စိတ်အာရုံ စူးစမ်း လေ့လာမှုများအား ခံစားမိရာ ကျေးရွာမှ​တခြား တန်ခိုးရှင်များကလည်း သူတို့အား စောင့်ကြည့် နေသည်ကို သိလိုက်သည်။

ရွာတွင် တန်ခိုးရှင်များ အများအပြား ရှိနေပေသည်။

“ကလေးမ… မင်းက မနိုင်ရင် တခြားလူတွေကို ပြန်တိုင်တော ရတယ်လို့ ဘယ်သူက သင်ပေးထားလဲ…” ရီဖူရှင်းက ရာရာကို ပြုံးလျက် ပြောသည်။

ရာရာက ရီဖူရှင်းကို မုန်းတီးစွာ ကြည့်ကာ ယူချင်းကို လက်ညှိုးထိုးသည်… “ရှင်… ထွက်လာခဲ့…  နောက်တစ်ခေါက် တိုက်မယ်… ပြီးခဲ့တဲ့ တိုက်ပွဲကို ထည့်မတွက်ဘူး…”

ယူချင်းက ရာရာကို စိတ်ပျက်စွာ ကြည့်သည်။ သူ့ထံမှ အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါ ထွက်လာသည်တွင် ရှီစွမ်းအား၏ အငွေ့အသက်များက ရာရာ၏အမူအရာကို ပြောင်းလဲ သွားစေခဲ့သည်။

“မင်းက နောက်တစ်ခါ အရိုက်ခံရရင် ငိုနေမှာ စိုးတယ်…” ရီဖူရှင်းက ပြောသည်။ သည်ကလေးမကား အနည်းငယ် ထိန်းရခက်ပုံ ပေါ်သည်။

ပြည်နယ်ကိုးခု ညီလာခံအပြီး၌ မြေရိုင်းပြည်နယ်၏ ပြိုင်ပွဲဝင် အများစုက ယခင်ထက် ပိုမိုနက်ရှိုင်းစွာ ဉာဏ်အလင်းများ ရခဲ့ကြ၏။ ယူချင်းကား ရှီအဆင့်သို့ပင် တက်လှမ်းခဲ့သည်။

“ရှင်…” ရာရာက ရီဖူရှင်းကို ကြည့်ကာ အံကြိတ်သည်… “ဒါဆိုလည်း ရှင်နဲ့တိုက်မယ်…”

“မင်း ရှုံးရင်ရော…” ရီဖူရှင်းက ရာရာကို မေးသည်။ သည်မိန်းကလေးက အမှန်ပင် ခေါင်းမာသည်။ ကြည့်ရသည်မှာ သင်ခန်းစာ နည်းနည်းပေးရန် လိုအပ်ပုံပေါ်၏။

“ဒါဆို ကျေးရွာ ခေါင်းဆောင်ဆီကို ခေါ်သွားမယ်…” ရာရာက ပြောသည်။

“ဒီလောက်နဲ့ မရဘူး… မင်းရှုံးသွားရင် ငါ့ကို တွေ့တဲ့အခါတိုင်း အစ်ကိုကြီးလို့ ခေါ်ရမယ်…” ရီဖူရှင်းက ရယ်သည်။

ရာရာက ရီဖူရှင်းကို စိုက်ကြည့်သည်။

“မင်း မရဲဘူး ဆိုရင်လည်း မေ့လိုက်တော့…” ရီဖူရှင်းက ပြောသည်… “ငါတို့ကို ကျေးရွာ ခေါင်းဆောင်ဆီသို့ ခေါ်သွားပေးတော့…”

“ကောင်းပြီ… ရှင်ရှုံးရင် ကျွန်မရဲ့ အမိန့်တွေကို နာခံရမယ်…” ရာရာက အံကြိတ်ကာ ပြောသည်။ သူမက သည်လူ နှစ်ယောက်အား နှိပ်စက်ရမှ ကျေနပ်ပေမည်။

“သေချာတာပေါ့... ဒါက မင်းသဘောနဲ့နော်… ငါက ကလေးတွေကို အနိုင်စားတယ်လို့ မထင်နဲ့…” ရီဖူရှင်းက ရှေ့ကို ပြုံးလျက် ထွက်လာသည်။ သူက အမှန်တကယ် အားဖြင့် တိုက်ခိုက်ရန် ဆန္ဒမရှိပေ။ သို့သော် သည်ကလေးမကား စိတ်ဝင်စားဖွယ် ကောင်း၏။

ရာရာက ရီဖူရှင်းကို စိုက်ကြည့်သည်။ အားကောင်းသော စွမ်းအားတစ်ခု ကွဲအက် ထွက်လာကာ ကောင်းကင်နှင့် မြေပြင်အကြား အဆုံးမဲ့သော ဓားတစ်လက် ဖြစ်ပေါ်လာသည်ဟု ထင်ရ၏။ ထိုဓားက လောက၏အထက်ဆုံး ဓားတစ်လက်ဟုလည်း သူခံစားရသည်။ သူမ၏မျက်လုံးက ရီဖူရှင်းထံကို ရောက်လာသည်တွင် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာပြီး သွေးစွန်းဓားက သူ၏စိတ်ဝိညာဉ်ကို လာရောက် ဖြတ်တောက်သည်ဟု ထင်မှတ်ရသည်။

ရီဖူရှင်း၏ မျက်လုံးများက ရုတ်တရက် ထက်ရှသွားကာ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေပြီး ကြောက်မက်ဖွယ် ဓားအသိအား ဝါးမျိုသည်။ ရာရာက လျှပ်တစ်ပြက် ပျောက်ကွယ် သွားသည်တွင် ရီဖူရှင်းက အားကောင်းသော အန္တရာယ် အငွေ့အသက်အား ခံစားရသည်။ အဆုံးမဲ့သော ဓားအသိက သူ့ထံသို့ ဆင်းသက်လာသော ခံစားချက်မျိုး ဖြစ်သည်။

အတွေး တစ်ချက်တွင် ကောင်းကင် အေးခဲဓာတ်က မွေးဖွားလာကာ ပတ်ဝန်းကျင် တစ်ခုလုံးအား နှေးကွေး သွားစေသည်။ ရာရာ၏ခန္ဓာက သူ့ရှေ့ကို ရောက်တရက် ရောက်လာကာ လက်ညှိုး တစ်ချောင်းက သူ့ထံကို ဦးတည်လာသည်။ ကောင်းကင်တစ်ခွင်မှ ဓားစွမ်းအင်များ အားလုံးကလည်း လောဟာနယ်ကို ဖြတ်သန်းလျက် ရောက်လာသည်ဟု ထင်မှတ်ရ၏။

သို့သော် လေဟာနယ်က အေးခဲသွားဟန် ရကာ အလွန် အားကောင်းသော ကြယ်တာရာ ဓာတ်က ရီဖူရှင်းအား ရစ်ပတ်သွားပြီး ဓားအသိ ကျဆင်း လာသည်တွင် အလင်းများ ဖြာထွက်သွား၏။ တစ်ချိန်တည်းမှာပင် ရာရာက သူမထံကို ဆင်းသက်လာသော ဖိအားကို ခံစားရကာ သူမအား လှုပ်ရှားနိုင်စွမ်း မဲ့စေသည်။

ရာရာ၏ မျက်လုံးထဲတွင် အလွန် ထက်ရှသော ဓားအသိတစ်ခု ဖြစ်လာသည်။ ချက်ချင်းပင် ဓားက အတားအဆီးများအား ဖောက်ထွင်းလျက် ရီဖူရှင်းထံကို တိုးဝင်လာသည်။

ကောင်းကင်နှင့်မြေပြင် အကြား၌ မရေမတွက်နိုင်သော ဓားများက ဓားဝင်္ကပါ အဖြစ် ဆင်းသက်လာကြ၏။

ထိုမြင်ကွင်းအား ကြည့်ကာ ရီဖူရှင်းက လက်နှစ်ဖက်လုံးအား ဆန့်တန်းလိုက်သည်။ သူ့အား ဗဟိုထား၍ ပိုမိုအားကောင်းသော စွမ်းအားတစ်ခု ဖြစ်တည်လာကာ ကြယ်တာရာ သီးသန့်နယ်အဖြစ် ပြောင်းလဲသွားသည်။ ဓားဝင်္ကပါက ကြယ်တာရာ အလင်းအရံအတားကို ကျဆင်း လာသည်တွင် ဖောက်ထွင်းနိုင်စွမ်း မရှိသည်ကို တွေ့ရသည်။ အတွင်း၌ ရွှေရောင်နှင့် ခရမ်းရောင်တို့ ယှက်သန်းနေသော လျှပ်စီးတန်း နွယ်ပင်များက လက်များအလား ရာရာထံကို တိုးဝင် သွားကြသည်။

ချက်ချင်းပင် ရာရာကား ထိန်းချုပ်ခံရသည်။ သူမထံမှ ပိုမို အားကောင်းသော ဓားအသ ိမွေးဖွားလာကာ နွယ်ပင်များအား ဖြတ်တောက်ရန် ကြိုးစားကြသည်။ သို့သော် လျှပ်စီးဓာတ်များက သူမအား အဆက်မပြတ် တိုက်ခိုက်ကာ သူမ၏ခွန်အားများအား ဖြည်းဖြည်းချင်း ကုန်ဆုံးစေပြီး လေထဲတွင်ပင် ရစ်ပတ် ချုပ်နှောင်ထား၏။

“မိန်းကလေး … မင်းရဲ့ တိုက်ခိုက်ရေး စွမ်းအားက အားကောင်းတယ် ဆိုပေမဲ့ မင်းက ရှီအဆင့်ကို မတက်သေးဘူး… မင်းနားလည်ထားတဲ့ လောကဓာတ်ကို အသုံးပြုရာမှာလည်း ငါ့လို မထိရောက်နိုင်ဘူး … ငါ့ကို အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး…” ရီဖူရှင်းက ရာရာကို ပြောသည်။ မိန်းကလေးကား ခေါင်းမာစွာပင် ရုန်းကန်နေဆဲ ဖြစ်သည်။

ဝုန်း…

ထိုအခိုက်တွင် မြေပြင်က တုန်ခါသွားပြီး ရုန့်ရမ်းကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ထွက်ပေါ်လာကာ ရာရာနှင့်အတူ လိုက်ပါလာသော သားမွှေးအင်္ကျီကို ဝတ်ဆင်ထားသော လူငယ်က ရီဖူရှင်းထံကို မြန်ဆန်စွာ ပြေးဝင်လာသည်။

မာန်သွင်းသံ တစ်ချက်နှင့်အတူ သူ့နောက်တွင် ဧရာမ ဟောသတ္တဝါဆန်း (Scopion) တစ်ကောင် ပေါ်လာသည်။

လေပြင်းများ တိုက်ခိုက်လာကာ ပတ်ဝန်းကျင်အား ရိုက်ခတ် သွားသည်။ ရီဖူရှင်းက သူ့အား လာရောက် ရိုက်ခတ်သော စိတ်ဝိညာဉ် အားလှိုင်းကို ခံစားမိသည်။ ကျယ်လောင်သော အသံနှင့်အတူ ကြယ်တာရာ အရံအတားက ကွဲအက် ကြေပျက်သွားပြီး လူတစ်ယောက်က ရီဖူရှင်း အရှေ့ကို လျှပ်စီးအလား ရောက်လာကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

ရီဖူရှင်းက သူ့ရှေ့သို့ ရောက်လာသူအား ကြည့်လိုက်သည်တွင် ကောင်းကင် အေးခဲဓာတ်က တစ်ဖန် အသက်ဝင်လာပြီး သူ၏အမြန်နှုန်းအား ကန့်သတ်စေ၏။ ထို့နောက် သူကလည်း လက်ကို မြှောက်လျက် ကြယ်တာရာ လက်ဝါးတစ်ချက်အား ရိုက်ထုတ် လိုက်သည်။

ဟော သတ္တဝါဆန်းက မာန်သွင်း အော်ဟစ်ကာ တစ်ဖက်လူ၏ စိတ်ဝိညာဉ်အား လှုပ်ယမ်းစေသည်။ အလွန် အားကောင်းသော လက်ဝါးက ရီဖူရှင်း၏ လက်ဝါးနှင့် ရင်ဆိုင်မိသည်တွင် ရီဖူရှင်းက နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရပြီး တစ်ဖက်လူကား အဝေးကို လွင့်စဉ်သွားသည်။ ရီဖူရှင်းက ရာရာအားသူနှင့်အတူ ခေါ်ဆောင်ကာ မူလနေရာသို့ ဆုတ်သွားသည်။

ရီဖူရှင်းက တစ်ဖက်လူအား သဘောကျစွာ ကြည့်သည်။ သည်လူကား မာန်သွင်းသံ တစ်ချက်ဖြင့် တောင်နှင့် ပင်လယ်တို့ကို ရွှေ့လျားနိုင်စွမ်း ရှိပြီး စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်သည်။ သည်ကဲ့သို့သော စွမ်းရည်ကား အလွန် ကြောက်မက်ဖွယ် ကောင်းပေသည်။

သေချာသည်က သင်္ချိုင်းကုန်း ကျေးရွာကား ထူးထွေ ဆန်းပြားသော နေရာတစ်ခုပင်။

***

All Chapters