တည်းခိုခန်း
Vol. 108 Ch. 4.1130
ထျန်းယင်ထျန်းယန်တို့ အဘိုးကြီးနှစ်ယောက်သည် ကျွမ်းကျင်လွန်းသဖြင့် လုရွှမ်ကို ချက်ချင်း ဆွဲထုတ်လိုက်ကြသည်။
လုရွှမ်သည် သူ့ရင်ဘတ်ကို ဖိလျက် ပြင်းထန်စွာ အသက်ရှုနေကာ တစ်ဖက်လူရဲ့ မျက်နှာမှာလည်း နီမြန်းနေပြီး သူပို၍ပင် ရှက်လာသည်။ သူသည် စန်းချိုင်မြို့ တစ်ခုလုံးတွင် လူသိများသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ အထူးသဖြင့် သူသည် ငယ်စဉ်ကပင် နားမလည်နိုင်သော ပို့ဆောင်ခြင်း နည်းလမ်းများကို နားလည်ရန် နတ်ဘုရားလို လူများက သင်ကြားပေးခဲ့ပြီး စန်းချိုင်မြို့ တစ်ခုလုံးတွင် အတော်လေး ကျော်ကြားခဲ့လေသည်။
ဒါပေမဲ့ ဒီနေ့တော့ နတ်မီးနယ်ပယ်ရဲ့ ပထမအဆင့်မှာ ရှိတဲ့ လူငယ်တစ်ဦးကို အနိုင်ယူဖို့ ခက်ခဲမယ်တောင် မမျှော်လင့်ထားခဲ့ပေ။ သူက ပြင်းပြင်းထန်ထန် ဟစ်အော်လိုက်သည်။
"ကောင်လေး နောင်တစ်ချိန် ငါ့လက်ထဲ မရောက်လာစေနဲ့"
လုရွှမ် ကျယ်လောင် ကြမ်းတမ်းစွာ ပြန်လည် ပြောဆိုခြင်း မလုပ်ပေ။ အဲ့လိုလုပ်တာက သူ့စရိုက်မျိုး မဟုတ်။ ဆေးလုံးကို မျိုချပြီးနောက် လုရွှမ် ဖြည်းညှင်းစွာ အသက်ရှုသွင်းလိုက်၏။ လှည့်ကြည့်လိုက်ရာ ယွင်ရှီ မျက်လုံးများထဲက ထိတ်လန့်နေမှုများကို တွေ့လိုက်ရသည်။
ယခုအချိန်တွင် ယွင်ရှီ၏ မျက်လုံးထဲတွင် လုရွှမ်သည် တုနှိုင်းမရတဲ့ ဆရာကြီး တစ်ယောက်ရဲ့ အနီးကပ်တပည့် ဖြစ်နေပြီ။ ဒီလိုမျိုး ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်မျိုးကို သင်ပေးနိုင်တဲ့လူက မသေမျိုးနယ်ပယ် တက်လှမ်းထားသူသာ ဖြစ်ပေလိမ့်မည်။
သူမ စိတ်ထဲတွင် သိနေသော သက်ကြီးရွယ်အိုများကို ဂရုတစိုက် ရှာဖွေပြီး ခဏအကြာတွင် သူမ ခေါင်းကို ခါယမ်းလိုက်သည်။ တိုက်ကြီးတစ်ခုလုံးကို ပြောရမလို အနောက်ဖက် ဒေသကြီးမှာပဲ ပုန်းနေတဲ့ မရေမတွက်နိုင်တဲ့ သခင်တွေ ရှိနေပေမယ့် သူမက ဘယ်လိုလုပ် သိနိုင်မှာလဲ။
"သခင်လေးလုရွှမ် တောင်းပန်ပါတယ်...ရှင်နဲ့ သူ့ကို ရန်ငြိုးဖွဲ့စေတာ ဒီကလေးမလေးရဲ့ အပြစ်ပါ နောင်မှာ ရှင် ပိုသတိထားသင့်တယ်... သူက အရမ်းဒေါသကြီးပြီး အမြင်ကျဉ်းတယ်"
ယွင်ရှီ အော်ဟစ်လိုက်ပြီး သူမအသံမှာ နာကြည်းမှုနှင့် အကူအညီမဲ့မှုများ ပြည့်နှက်နေသည်။
"သူ? အဲဒီလူက ဘယ်သူလဲ"
"သူက ကျွန်မနဲ့ စေ့စပ်ထားတဲ့သူပါ... စန်းချိုင်မြို့မှာရှိတဲ့ စန်းချိုင်ကျောင်းတော်ရဲ့ သခင်လေးသုံးယောက်ထဲက တစ်ယောက်... သူက စန်းချိုင်ကျောင်းတော်ကို တည်ထောင်သူနဲ့ ပိုင်မိသားစုရဲ့ မျိုးဆက်လာသူ သခင်လေး ပိုင်ကွမ်းရှီပါ..."
"လတ်စသတ်တော့ အဲ့လိုကိုး?"
လုရွှမ် ခေါင်းညိတ်သည်။ အခြားမှတ်ချက်များ မရှိလာခဲ့ချေ။ ယွင်ရှီက အနည်းငယ် စိုးရိမ်တကြီးဖြင့် ကြည့်နေပြီး။
"သခင်လေးလုရွှမ် စိတ်မပူပါနဲ့... ကျွန်မသူ့ကို ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်ရင် သူရှင့်ကို အရှက်ရစေမှာ မဟုတ်ပါဘူး"
လုရွှမ် ရယ်ပြီး "ဒါဆို သူကနားထောင်မယ်လို့ မင်းထင်လား"
ယွင်ရှီလည်း ခေါင်းခါလိုက်ကာ "သူဘယ်တော့မှ နားထောင်မှာ မဟုတ်ဘူး သူ့အမြင်အရတော့ သူက စန်းချိုင်မြို့တစ်ခုလုံးရဲ့ ဂုဏ်ယူဝံ့ကြွားတဲ့ သားတော်ပဲ... အခု ရှင်သူ့ကို အရှက်ရသွားစေတော့ သူက ရှင့်ကို သတ်ချင်မှာ သေချာတယ်"
"ကိစ္စမရှိပါဘူး လုပ်ပါစေ နတ်သမီး ကျေးဇူးပြုပြီး စီစဉ်ပေးပါဦး... ငါ့မီးတောက်က လက်ရှိအဆင့်မှာ ရှိနေတာ ကြာပြီ"
"ဟုတ်ပြီ မနက်ဖြန်မှာ ပြင်ဆင်ပေးပါ့မယ်... သခင်လေးလုရွှမ် ဒီမှာနေဖို့ နေရာရှိလား ကျွန်မတို့ စီစဉ်ပေးလို့ ရပါတယ်"
"မလိုပါဘူး မနက်ဖြန်မနက် လာခဲ့မယ်"
လုရွှမ် ပြောပြီးတာနဲ့ လူကြီးနှစ်ယောက်ကို ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားခဲ့သည်။ ယွင်ရှီ သက်ပြင်းချလိုက်ပြီး ထျန်းယင်နဲ့ ထျန်းယန်တို့ အဘိုးကြီးနှစ်ယောက်ကို ကြည့်ကာ ဆိုလိုက်လေသည်။
"လူကြီးနှစ်ယောက်... ကျွန်မတို့တကယ် အောင်မြင်နိုင်မယ်လို့ ထင်လား? အခုအချိန်မှာ ပိုင်မိသားစုရဲ့ စွမ်းအားတွေက ပိုကြီးလာပြီ... မကြာခင်မှာ စန်းချိုင်ကျောင်းတော် တစ်ခုလုံးက သူတို့နယ်မြေ ဖြစ်လာတော့မှာ!"
ကောင်းကင်လက်နက်ကို သန့်စင်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။
အဘိုးကြီး နှစ်ယောက်ဖြစ်သော ထျန်းယင်နဲ့ ထျန်းယန်တို့သည် ယွင်ရှီ၏ စီစဉ်ပုံကို သိသော်လည်း အောင်မြင်မှုနှုန်းမှာ နည်းပါးလွန်းလှသည်။ ကောင်းကင်လက်နက်ကို သန့်စင်ပေးနိုင်သော်လည်း ၎င်းကို အောင်မြင်စွာ သန့်စင်နိုင်မလား ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လုရွှမ် အခြားခြံဝင်းထဲမှ ထွက်လာတော့ အပြင်ဘက်တွင် နေသာနေပြီ။ လှမ်းမြင်နေရသော နေရာ၌ ကျင့်ကြံသူများက ငှက်ကြီးစီးလျကိ၊ အချို့သော လူများကလည်း လေသင်္ဘောများ စီးလျက် ဤနေရာသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
"ကျစ်.... စန်းချိုင်ကျောင်းတော်က ကျောင်းသားတွေကို ထပ်ပြီး ခေါ်ယူနေတယ်တဲ့.... ဟားဟား... ငါ ဒီတစ်ကြိမ်တော့ ပါသွားမှာ သေချာပါတယ်"
နတ်မီးနယ်ပယ်၌ ရှိကြသော လူငယ်တစ်စုသည် လေထဲတွင် ပျံဝဲနေသော လူများကို ကြည့်ကာ ရင်ခုန်စိတ်လှုပ် ရှားနေလေသည်။ လုရွှမ်ကတော့ တည်းခိုခန်းတစ်ခုအား ကျပန်းရွေးချယ်ပြီး တစ်ညတာအိပ်ရန် ပြင်ဆင်ခဲ့သော်လည်း တည်းခိုခန်းများ အားလုံးက အပြည့်အ၀ ကြိုတင်စာရင်း သွင်းထားကြောင်း သူသဘောပေါက်ခဲ့သည်။
ကျင့်ကြံသူများအတွက် မည်သည့်နေရာမဆို တစ်ညတာ အသုံးပြုနိုင်သော်လည်း လေ့ကျင့်လိုပါက သဘာဝအတိုင်း အမိုးအကာ ရှိထားတာက အကောင်းဆုံး ဖြစ်သည်။
"သူငယ်ချင်း... စိတ်မကောင်းပါဘူး အခန်းတွေက အပြည့်ကြိုတင် စာရင်းသွင်းပြီးသွားပြီ... ကျေးဇူးပြုပြီး တခြားတည်းခိုခန်းကို ရှာလို့ရမလား"
စားပွဲထိုး၏ တောင်းပန်မှုကို မျက်နှာမူကာ လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ ဤတည်းခိုခန်းများသည် အမှန်တကယ် ကောင်းမွန်သော်လည်း တစ်ဦးစီတိုင်းသည် အထူးဝိညာဥ်စွမ်းအင် စုစည်းမှု အခင်းအကျင်းကို တည်ဆောက်ထားသောကြောင့် တည်းခိုခန်းထဲ၌ လေ့ကျင့်မှု အရှိန်သည် သဘာဝအတိုင်း အနည်းငယ် ပိုမြန်ပါသည်။
သူထွက်သွားခါနီးမှာ ကြောက်လန့်တကြား အသံတစ်သံ ထွက်ပေါ်လာ၏။
"ဒီကညီအစ်ကို... မင်း စိတ်မရှိဘူးဆိုရင် ငါနဲ့ တစ်ခန်းတည်း နေလို့ရပါတယ်"
ဤဖိတ်ကြားချက်ကို လုရွှမ်အား နောက်သို့ လှည့်ကြည့်လိုက်စေသည်။ တစ်ဖက်လူက နတ်မီးနယ်ပယ် ပထမအဆင့်တွင် ရှိသော လူငယ် ဖြစ်ပေ၏။ သူ့မျက်နှာက အနည်းငယ် စိမ်းနေပြီး ကျင့်ကြံမှု အဆင့်က မမြင့်ပေမယ့် သူ့အခြေခံအုတ်မြစ်က ခိုင်ခံ့လှသည်။
"ညီအစ်ကို... မင်းအသက်ကို ကယ်တင်ဖို့ စန်းချိုင်ကျောင်းတော်ကို လာခဲ့တာမလား... စန်းချိုင်ကျောင်းတော် ဝင်ခွင့်အတွက်က အများကြီး ကုန်ကျတယ်"
လုရွှမ် ဤပြဿနာကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ သူ့သိုလှောင်လက်စွပ်ထဲတွင် အနီရောင်သလင်းကျောက် ခြောက်သန်းခန့် ရှိသောကြောင့် ကုန်ကျစရိတ်အတွက် စိတ်ပူစရာ မလိုပေ။
ထူးဆန်းသော မီးအဆင့်ကို မြှင့်တင်ဖို့ ပေးလိုက်သော အနီရောင်သလင်းကျောက် တစ်သိန်းကို လုံးဝ ထည့်မစဉ်းစားပေ။ ဒါကြောင့် ဒီစားသောက်ဆိုင်နဲ့ တည်းခိုခန်းများ အတွက် ကုန်ကျစရိတ် အနည်းငယ်ကို သူက ဘယ်လိုလုပ် ဂရုစိုက်ကြပါ့မလဲ။
ဒါပေမဲ့ ကျောင်းတော်ကို လာလေ့လာကြတဲ့ ကျောင်းသားတွေ အတွက်ကတော့ တစ်ညကို အနီရောင် သလင်းကျောက် ၃၀၀ ဆိုတာက အရမ်းဈေးကြီးနေပါပြီ။ လူငယ် မျက်နှာပေါ်မှ မျှော်လင့်ချက်ကို မြင်လိုက်ရတော့ လုရွှမ် ငြင်းလို့မကောင်းမှန်း သိလိုက်သည်။ ဒီလူငယ်က ပိုက်ဆံ ပြတ်နေတာ ထင်ရှားပေ၏။
"ကောင်းပြီ ကျေးဇူးအများကြီးတင်ပါတယ် လုရွှမ်ပါ...!"
လူငယ်က သက်ပြင်းတစ်ချက်ချကာ "ဖန်းလင်!"
စားပွဲထိုး: "ကောင်းလိုက်တာ... သခင်လေးဖန်း မင်းမှာ သူငယ်ချင်း ရှိသွားပြီဆိုတော့ အခန်းငှားခကို နောက်ခုနစ်ရက်လောက် ပေးနိုင်သွားပြီပေါ့"
လုရွှမ်မှာ ဤကဲ့သို့သော သာမန်ဘဝ အတွေ့အကြုံမျိုး မရှိခဲ့သည်မှာ ကြာချေပြီ။ ဒါကြောင့် ခဏတာမျှ လွမ်းဆွတ်သွားသလို ခံစားခဲ့ရသည်။ ငယ်ငယ်တုန်းကတော့ မျက်စိတစ်မှိတ်အတွင်းမှာ ဒီလိုမျိုး အရှက်ကွဲခဲ့ရဖူးလေသည်။
လုရွှမ် အနီရောင် သလင်းကျောက် ၁၀,၀၀၀ ကို တိုက်ရိုက်ထုတ်ယူပြီး စားပွဲထိုးဆီ ကမ်းပေးလိုက်သည်။
"ငါနဲ့ သူ့အတွက်... များရင် ပြန်ပေး... လိုရင် ငါတို့ ဖြည့်ပေးမယ်"
စားပွဲထိုး၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး သူ့မျက်နှာမှာ အပြုံးတစ်ခုကလည်း တောက်ပလာသည်။
"ဒါဆို လုံလောက်ပါပြီ... ကျေးဇူးပြုပြီး လူကြီးမင်းတို့ အနားယူကြပါ"
သူက ကောင်တာဆီ ဝမ်းသာအားရ အနီရောင် သလင်းကျောက်ကို ပို့လိုက်သည်။ အနီရောင်သလင်းကျောက် တစ်ထောင်သည် စွမ်းအင်သလင်းကျောက် စုစုပေါင်း ဆယ်သန်းဖြစ်သည်။ မြေကမ္ဘာမှာတောင် ကျင့်ကြံသူတွေ အသုံးမပြုတဲ့ သလင်းကျောက်တွေ ရှိပါသေးသည်။
မြေကမ္ဘာရဲ့ အဆင့်အတန်းကို ကြည့်လျှင် တစ်သောင်းကမ္ဘာလို မဟုတ်ဘဲ မသေမျိုးနယ်ပယ်သို့ တက်သွားသော သခင်များစွာရှိသည်။ မျှော်စင်နယ်ပယ်တွေကလည်း နေရာတိုင်းတွင် ရှိသည်။
နတ်မီးနယ်ပယ် အစွမ်းသတ္တိကတော့ မြင့်သည်မဟုတ်၊ နိမ့်သည်လည်း မဟုတ်ပေ။ ကျင့်ကြံမှုကို ဆက်ပြီး တိုးတက်ချင်တယ် ဆိုရင်တော့ ကြိုးစားအားထုတ်ဖို့ လိုအပ်ပြီး ဒီအဆင့်မှာ အရင်းအမြစ် လိုအပ်ချက်ဟာ ကြီးမားတဲ့ အတိုင်းအတာ တစ်ခုအထိ ရောက်နေပါပြီ။
အနာဂတ် အလားအလာကို ပိုမိုကျယ်ပြန့်စေလိုလျှင် ဤအဆင့်တွင် နတ်မီးနယ်ပယ် အဆင့်၆ နှင့် အဆင့်၇ ဖောက်ထွင်း ဝင်ရောက်လိုပါက ဤအဆင့်တွင် အရင်းအမြစ်များနှင့် ကင်းလွတ်နေလို့ မဖြစ်ချေ။ ကောင်းကင်ဘုံက တားမြစ်နယ်မြေတောင်မှ အရင်းအမြစ်တွေ လိုအပ်လေသည်။
ဖြည်းဖြည်းချင်း စုပုံနေတော့ နောက်ဆုံး အဆင်းရဲဆုံးအဆင့်က နတ်မီးနယ်ပယ် ဖြစ်သွားခဲ့သည်။ လုရွှမ်ကတော့ မတော်တဆမှု တစ်ခုဖြစ်တိုင်း ဘယ်သောအခါမှ သလင်းကျောက်တွေ ပြတ်တောက်မှု မရှိခဲ့ပေ။