← Chapters

အတိတ်

Vol. 10 Ch. 23

အတိတ်

Vol. 10 Ch. 23

ယာဥ်ပျံပေါ်ကို မက်ဒါနာပြန်ရောက်တော့ ညရှစ်နာရီထိုးနေပြီ။ မက်ဒါနာက ယာဥ်ပျံပေါ်ရောက်ပြီးတာနဲ့ သူနေခဲ့တဲ့ ဆေးကုသခန်းထဲကို ပြန်သွားလိုက်တယ်။ပြီးတဲ့နောက် ဓားကိုထိလိုက်ပြီးတော့ ပြုံးလိုက်လေရဲ့။

“အသင့်ဖြစ်ပြီ...” နောက်တော့ ကြီးမားတဲ့စွမ်းအင်တစ်ခုက သူ့ကိုလွှမ်းခြုံသွားပြီး ဖြည်းဖြည်းချင်းအိပ်ချင်လာပါတော့တယ်။

...

“သားရေ၊ ကျောင်းနောက်ကျတော့မယ်နော်။ ဖလော်အာ သားကိုစောင့်နေပြီ။”

အခန်းအပြင်ကနေ တံခါးခေါက်သံနဲ့မေမေသီတာရဲ့စကားသံကို ကြားလိုက်ရတဲ့အတွက် မက်ဒါနာက မျက်လုံးကိုဖွင့်လိုက်ပြီး ပြန်ဖြေလိုက်ပါတယ်။ ဒီလိုနေ့ရက်မျိုးတွေနဲ့ သူအသားကျပြီးသားလေ။

“ဟုတ်၊ အမေ။ သားနိုးပါပြီ။” အဲဒီနောက်တော့ မက်ဒါနာက အိပ်ရာကနေ ထလိုက်တယ်။ မျက်လုံးကို ပွတ်သပ်ရင်းနဲ့ ဖွင့်လိုက်မိတော့ သူ့ခန္ဓာကိုယ်က သံကုတင်ပေါ်ကနေ ဆင်းပြီးဖြစ်ပြီး မျက်နှာချင်းဆိုင်မှာ အဝတ်ဗီရိုရှိနေပါတယ်။ ဗီရိုမှန်မှာတော့ ရွှေရောင်နဲ့အနက်ရောင်ရောနေတဲ့ဆံပင်နဲ့အညိုရောင်မျက်လုံးတွေရှိတဲ့ မြန်မာအမေရိကန်ကပြားကောင်လေးရဲ့ပုံရိပ်က ထင်ဟပ်လို့နေပါတယ်။

မက်ဒါနာက သူ့မျက်နှာကိုယ်သူထိကြည့်တယ်။ သူအရေးကြီးတဲ့ အရာတစ်ခုခုကိုမေ့နေသလိုပါပဲ။ ပြီးတော့ တစ်စုံတစ်ခုက အကြီးကြီးလွဲတယ်။ ဒါပေမဲ့ စက္ကန့်အနည်းငယ်ကြာပြီး အိပ်ချင်စိတ်ပျောက်သွားပြီးတဲ့နောက်မှာတော့ သူ့ဘဝနဲ့သက်ဆိုင်တဲ့ အကြောင်းတွေက ခေါင်းထဲပြန်ဝင်လာလေရဲ့။

‘အာ... ငါ့နာမည်က မင်းလွင်၊ အထက်တန်းပထမနှစ်ကို ဖလောရီဒါက သာမန်အထက်တန်းကျောင်းတစ်ခုမှာတက်နေတာ။ ငါ့ဘဝက သာမန်လေးပဲ။’ မင်းလွင်က ဒီလိုတွေးလိုက်ရင်း ညဝတ်အင်္ကျီတွေကို ဆွဲချွတ်ပြီး ဗီရိုထဲကနေ အဝတ်သစ်နဲ့ရေချိုးခန်းသုံးပုဝါကို ဆွဲထုတ်လိုက်တယ်။

“ဖလောအာ ငါ့ကိုစောင့်နေပြီ။ အားနာဖို့ကောင်းလိုက်တာ။” မင်းလွင်က အဝတ်အစားတွေကိုယူ အခန်းတံခါးကိုဖွင့်ပြီး အော်ဟစ်နေတဲ့အမေ့ကို လစ်လျူရှုဖြတ်ကျော်ကာ ရေချိုးခန်းထဲ ပြေးဝင်သွားလေရဲ့။

...

“ညက ရုပ်ရှင်ကြည့်တာများပြီး အိပ်ရာထနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် ဖလောအာ။”

မနက်စာစားဖို့ ထမင်းဝိုင်းမှာ အတူထိုင်ဖြစ်ကြတော့မင်းလွင်က ဖလော်အာကို တောင်းပန်လိုက်ပါတယ်။ ဖလော်အာဆိုတာက ခန္ဓာကိုယ်ပိန်ပိန်သွယ်သွယ်၊ ဆံပင်ဂုတ်ဝဲလေးရှိတဲ့ လူမည်းကောင်မလေးပါ။ သူ့မျက်လုံးတွေက တောက်ပနေပြီး ဆံပင်ကိုသေချာဖယောင်းသွင်းထားတယ်။ အရမ်းအလှကြီးမဟုတ်ပေမဲ့ သန့်သန့်ရှင်းရှင်းနေတတ်ပြီး ယဥ်ယဥ်လေးနဲ့လှတဲ့မိန်းကလေးပါ။ ဒီမိန်းကလေးက မင်းလွင်နဲ့အတူတူ အမြဲလိုလို အတူရှိနေခဲ့တဲ့ ငယ်သူငယ်ချင်းပေါ့။

ဖလော်အာက နှုတ်ခမ်းဆူထားလိုက်ပြီး မင်းလွင်ဆီကနေ အကြည့်လွှဲလိုက်တယ်။ ပြီးတဲ့နောက်တော့ စိတ်ဆိုးနေတဲ့လေသံနဲ့ ​ပြောလိုက်ပါလေရော။

“အဖြစ်မရှိတဲ့ စူပါဟီးရိုးရုပ်ရှင်တွေပဲ ​ညလုံးပေါက်ကြည့်နေတာမဟုတ်လား၊ အရူးကောင်ရဲ့။”

ဖလော်အာစိတ်ဆိုးသွားတဲ့အတွက် စားပွဲဝိုင်းမှာ တိတ်တိတ်လေးထိုင်သတင်းစာဖတ်နေတဲ့ အဖေက ခိုးရယ်လိုက်တယ်။ နောက်တော့

“မင်းလွင်၊ မင်းက ဖလော်အာလိုမျိုး လိုလေသေးမရှိတဲ့ ကောင်မလေးအနားမှာနေခွင့်ရထားတာနော်။ ဒါကိုတန်ဖိုးထားပြီး ကောင်းအောင်နေ။”

မင်းလွင်က အဖေဖြစ်သူရဲ့မျက်နှာကို မော့ကြည့်လိုက်ပါတယ်။ သူမွေးကတည်းက အတူရှိလာတဲ့ လူတစ်ယောက်ဆိုပေမဲ့ ဖခင်ရဲ့မျက်နှာကို သူတစ်ခါမှ မမြင်ဖူးခဲ့သလိုမျိုး ခံစားရပါတယ်။ မီးသတ်သမားတစ်ယောက်ဖြစ်ပြီး နိုင်ငံဝန်ထမ်းကောင်းဆုရဖူးတယ်ဆိုတာကလွဲရင် သူ့အဖေနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေက သူ့အတွက်ဝေဝါးနေသလိုပဲ။

“မင်းလွင်၊ ဖလော်အာ... ကျောင်းမသွားခင်လေး မနက်စာမြန်မြန်စားလိုက်ဦး။”

မေမေသီတာက ဖလော်အာနဲ့မင်းလွင်အတွက် ကြက်ဥမွှေကြော်နဲ့ဝက်ပေါင်ခြောက်တချို့ကို ပန်းကန်ထဲထည့်ပေးလိုက်တယ်။ မင်းလွင်က အမေ့ကိုကျေးဇူးတင်လိုက်ပြီး စစားတယ်။ မျက်လုံးထောင့်ကနေ ဖလော်အာသူ့ကို မကြာခဏခိုးခိုးကြည့်နေတာ သတိထားမိပေမဲ့ နေ့တိုင်းဖြစ်နေကျဖြစ်တာမလို့ လစ်လျူရှုထားလိုက်ပါတယ်။

“သွားပါတော့မယ်။” မနက်စာစားပြီးနောက် မင်းလွင်က မိဘတွေကိုနှုတ်ဆက်ပြီး လွယ်အိတ်ကိုလွယ်ကာဖလော်အာနဲ့အတူ အိမ်အပြင်ကိုထွက်ပါတယ်။ သူတို့လမ်းပေါ်ကိုရောက်တာနဲ့ ဖလော်အာ​က စကားစလာပါတယ်။

“မင်းလွင်၊ မနေ့က ဘာကားကြည့်ဖြစ်ကြလဲ။”

“အင်း၊ Kamen Rider Zero Oneလေ။ ဂျပန်ဟီးရိုးကားမလို့ အမေရိကမှာဒီလောက်နာမည်မကြီးပေမဲ့ ​ခေတ်သစ်Kamen Rider စီးရီးတွေထဲမှာ အမိုက်ဆုံးဗီလိန်အဖွဲ့ရှိတဲ့ ဇာတ်လမ်းတွဲလေ။”

မင်းလွင်က ဟီးရိုးရုပ်ရှင်တွေအကြောင်းပြောရင်းနဲ့ တဖြည်းဖြည်းပျော်မွေ့လာတယ်။ ဖလော်အာက သူ့ကိုနားထောင်နေရင်းနဲ့ သိမ်သိမ်မွေ့မွေ့လေးပြုံးလိုက်တယ်။ မကြာခင်မှာပဲ သူတို့ကားမှတ်တိုင်နားရောက်ပြီး ကျောင်းကားရောက်လာတာကို စောင့်ကြတယ်။

“မင်းလွင်၊ ကျောင်းကပေးတဲ့ အနာဂတ်အတွက် ရည်မှန်းချက်ဆိုတဲ့ဖောင်ကို ဖြည့်ပြီးပြီလား။”

ဖလော်အာက မေးလိုက်တဲ့အတွက် မေးလွင်က ပြန်စဥ်းစားလိုက်ပါတယ်။ ဒီတော့မှ မနေ့က အတန်းပိုင်ပေးလိုက်တဲ့ ဖောင်ကိုသတိရသွားပြီး

“အင်း၊ စူပါဟီးရိုးဖြစ်ချင်တယ်လို့ ရေးဖြည့်လိုက်တယ်လေ။ ဒီနေ့ပြန်အပ်ရမှာမဟုတ်လား။”

မင်းလွင်ရဲ့သဘာဝမကျတဲ့ ရည်မှန်းချက်ကြောင့် ဖလော်အာက သက်ပြင်းချပြီး မင်းလွင်ကို နားရွက်လိမ်ဆွဲလိုက်ပါလေရော။ မင်းလွင်ရဲ့နားရွက်နီရဲလာပြီး မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ပြည့်လာပါလေရော။

“အား... ဖလော်အာ... နာတယ်ဟ။”

“မင်းလွင်... အပြင်လောကကြီးမှာက ရုပ်ရှင်တွေထဲကလို စွမ်းအားတွေနည်းပညာတွေဘာမှရှိတာမဟုတ်ဘူးလေ။ ဘာကိစ္စဒုက္ခခံပြီး အတည်ပေါက်တွေလုပ်နေရတာလေ။ စိတ်ကူးပဲယဥ်လေ... စိတ်ကူးပဲယဥ်...”

ဖလော်အာက ကရုဏာဒေါသနဲ့ပြောလိုက်ပြီးနောက် မင်းလွင်ကို လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ မင်းလွင်ရဲ့ခေါင်းထဲမှာ သံမှိုနဲ့ရိုက်သွင်းထားသလို မှတ်ဉာဏ်တစ်စက ထိုးထွက်လာပြီး ခေါင်းကိုက်လာတယ်။ ‘မင်းမှာ မြူတန့်စွမ်းအားနိုးထလာနိုင်ခြေမရှိတဲ့အတွက် လက်လျှော့လိုက်ပါတော့။ လူတွေကို ကာကွယ်ချင်ရင် ရဲတို့ဘာတို့လုပ်ပါလား။’

“မင်းလွင်... မင်းလွင်... အဆင်ပြေရဲ့လား။ ခေါင်းကိုက်ပြန်ပြီလား။”

ဖလော်အာက ကိုယ့်ခေါင်းကဆံပင်ကိုယ် ဆုပ်ကိုင်ထားတဲ့ မင်းလွင်ကို စိုးရိမ်တကြီးကြည့်ရင်း မေးပါတယ်။ ဖလော်အာရဲ့အသံကိုကြားမှ အဲဒီမှတ်ဉာဏ်တွေက ဖြည်းဖြည်းချင်းပြန့်ကျဲပျောက်ကွယ်သွားပြီးခေါင်းကိုက်သက်သာလာတယ်။

“အရင်ကလိုပဲ ငါ့ခေါင်းထဲမှာ ဘာမှန်းမသိတဲ့ ပုံရိပ်တွေ ပြည့်လာရုံပါ။”

“မင်းလွင်ကတော့လေ... ဟီးရိုးတွေအကြောင်း မကောင်းတာတစ်ခုခုပြောလိုက်တာနဲ့ ခေါင်းကိုက်တော့တာပဲ။ နင်က သူတို့ကို အဲဒီလောက်တောင် စွဲလမ်းနေတာလား။”

ဖလော်အာရဲ့စကားကို ကြားလိုက်ရပြီး မင်းလွင့်ပြုံးလိုက်မိတယ်။ အဲဒီနောက် ဖလော်အောရဲ့ခေါင်းကို ပုတ်ပေးနေရင်းကနေ ‘အဲဒီပုံရိပ်တွေက ငါကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတွေလည်း ဖြစ်ရင်ဖြစ်မှာပါ။’လို့ ​တွေးလိုက်တယ်။

သူတို့စကားပြောနေချိန်မှာပဲ ကျောင်းကားအဝါလေးကားမှတ်တိုင်မှာ ထိုးစိုက်လာတယ်။ သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးတဲ့နောက် ​ကားပေါ်ကို တက်တယ်။ ဖလော်အာက မင်းလွင်နောက်ကလိုက်လာပြီး မင်းလွင်ရဲ့အင်္ကျီလက်ကို ဆုပ်ကိုင်ရင်းပြောလိုက်လေရဲ့။

“ဒါပေမဲ့လေ... မင်းလွင်က ငါ့အတွက်စူပါဟီးရိုးဖြစ်နေပြီးသားပါနော်။ ဒါကြောင့်မလို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးမနေပါနဲ့တော့။”

မင်းလွင်ကတော့ ဖလော်အာရဲ့စကားလုံးချိုချိုတွေကြောင့် ရင်ထဲမှာနွေးထွေးသွားခဲ့တယ်။ ဖလော်အာရဲ့အတိတ်အကြောင်းကို တွေးလိုက်မိတဲ့နောက်မှာတော့ သူ့ရင်ထဲမှာရှိနေတဲ့ ဆုံးဖြတ်ချက်က ပိုပြီးခိုင်မာသွားတယ်။

“စိတ်မပူပါနဲ့ ဖလော်အာ၊ ငါက မင်းကိုအမြဲကာကွယ်ပေးနေမှာပါ။” မင်းလွင်သိရသလောက် ဖလော်အာရဲ့အဖေနဲ့မင်းလွင်ရဲ့အဖေက အထက်တန်းအတူတက်ခဲ့ကြတာ။ သူတို့တက်ခဲ့တဲ့ကျောင်းက လူမိုက်ပေါတဲ့ ကျောင်းဆိုးတစ်ကျောင်းဖြစ်ခဲ့ပြီး မင်းလွင်ရဲ့အဖေက အမြဲအနိုင်ကျင့်ခံရနေကျ။ ဒါပေမဲ့ ဖလော်အာရဲ့ဖခင် တစ်ကိုယ်တော်လူမိုက်ကြီးက မင်းလွင်အဖေကို ကာကွယ်ပေးခဲ့တယ်လေ။

သူတို့က သွေးသောက်ညီနောင်တွေဖြစ်လာကြပြီး မင်းလွင်ရဲ့အဖေ မီးသတ်သမားဖြစ်လာချိန်မှာ ဖလော်အာရဲ့အဖေက ဂန်းစတားလောကထဲရောက်သွားခဲ့တယ်။ အတော်လေးအောင်မြင်ပြီး ချမ်းသာခဲ့ပေမဲ့ တရားဥပဒေကနေ လွတ်လမ်းမရှိဆိုသလိုပဲ အဆုံးသတ်မှာ အဖမ်းခံလိုက်ရပြီး ထောင်တွင်းမှာပဲ ရန်သူ့ဂိုဏ်းသားတွေကြောင့် အသက်ပါသွားခဲ့တယ်လေ။

...

ဖခင်ထောင်ထဲမှာ သေဆုံးပြီးတဲ့နောက် ဖလော်အာကို ကြင်နာပေးမယ့်သူ မရှိတော့ပါဘူး။ အရင်က ငွေမည်းတွေကြောင့် ချမ်းသာခဲ့ပေမဲ့ တရားစရိတ်တွေနဲ့ဒဏ်ငွေတွေကြောင့် အားလုံးကိုဆုံးရှုံးခဲ့ပြီးနောက်မှာတော့ ဖလော်အာရဲ့မိခင်က ရူးသွပ်သွားပြီး ကလေးသူငယ်ပြုစုစောင့်ရှောက်ပိုင်ခွင့်ကို ဆုံးရှုံးသွားခဲ့တယ်။ ဒီလိုနဲ့တစ်ကောင်ကြွက်လူမိုက်ကြီးရဲ့သမီးဖလော်အာကို မင်းလွင်ရဲ့အဖေက အိမ်မှာခေါ်ထားဖို့ ဖြစ်လာခဲ့တာ။

“နင့်အဖေက လူမိုက်၊ လူမိုက်ရဲ့သမီးက လူမိုက်ပဲဖြစ်မှာ။ ငါတို့နင်နဲ့ပေါင်းရင် နင့်ဂိုဏ်းသားတွေလို့ လူတွေထင်နေလိမ့်မယ်။”

ဖလော်အာ မူလတန်းကတည်းက တခြားကလေးတွေရဲ့ဖယ်ကျဥ်ခြင်းကို ခံရတယ်။ ဒါပေမဲ့ မင်းလွင်က ဖလော်အာအနားမှာ အမြဲတမ်းရှိပေးနေခဲ့ပြီး အမြဲကာကွယ်ပေးနေခဲ့တာ။

“အတူကစားကြမလား....” အဲဒီတုန်းက အနိုင်ဝိုင်းကျင့်တဲ့ မိန်းကလေးတစ်သိုက်ကို မောင်းထုတ်ပြီးတဲ့နောက် မင်းလွင်လုပ်တဲ့ပထမဆုံးအရာက ဖလော်အာကို လက်ကမ်းပေးတာပဲ။ အဲဒီအချိန်ကနေစလို့မင်းလွင်ရဲ့လက်ကို ဖလော်အာက မလွှတ်တမ်းကိုင်ဆွဲထားခဲ့နေကျ။

ဒါပေမဲ့ သူတို့က ဆယ်ကျော်သက်ဆိုတဲ့ အရွယ်ကိုရောက်လာကြပြီလေ။ ပြောရရင် အရွယ်ရောက်လာတော့မှာ။ အရင်လို မင်းလွယ်လက်ကို အမြဲတမ်းဆုပ်ကိုင်ထားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

ငယ်သူငယ်ချင်းတစ်ယောက်အနေနဲ့ မင်းလွင်အနားမှာ တစ်သက်လုံးနေသွားလို့မရတာ ဖလော်အာသိပြီးသား။ ဒါပေမဲ့ သူ့နှလုံးသားက မင်းလွင်နားကနေ မထွက်ခွာချင်တာ အသိသာကြီးပါ။ ဒါကြောင့် ဖလောအာက သူ့ခံစားချက်တွေကို မင်းလွင်ကိုသိစေချင်တယ်။

...

“ဖလော်အာ... ကျောင်းကားပေါ်မှာ ဆက်ထိုင်နေရင် ကားသမားဦးလေးကြီးက ငါတို့ကိုကန်ချလိမ့်မယ်နော်။”

မင်းလွင်ရဲ့ခပ်နောက်နောက်စကားကြောင့် ဖလော်အာပြန်သတိဝင်လာတယ်။ ကားက ကျောင်းဝင်းထဲမှာ ရပ်ပြီးသားဖြစ်နေပြီ။ ဒါကြောင့် ဖလော်အာက မင်းလွင်ကို ရှက်ပြုံးပြုံးပြလိုက်တယ်။

“အင်း... သွားကြတာပေါ့။”

...

မင်းလွင်ကျောင်းအဝင်ဝကို ရောက်တယ်ဆိုရုံရှိသေးတယ်။ ကျောင်းသားတွေက တစ်ယောက်ပြီးတစ်ယောက် သူ့ကိုလာနှုတ်ဆက်ကြတယ်။ အကောင်းနှုတ်ဆက်ကြတာတော့မဟုတ်။

“ရို့... မင်းလွင်၊ ဒီနေ့နေသာတယ်နော်။”

ဘုန်း....

“ဒီနေ့လည်း နေသာတဲ့ပုံပဲနော်၊ သားကြီး။”

ဖြန်း....

နှုတ်ဆက်သံနဲ့အတူ နောက်ကနေလိုက်လာတဲ့ တဘုန်းဘုန်းအသံတွေက မင်းလွင်ရဲ့ကျောကုန်းကို လက်သီးဆုပ်နဲ့ထုတဲ့အသံတို့၊ ပခုံးကိုလက်ဝါးနဲ့ရိုက်တဲ့အသံတွေပါ။

“မင်း... မင်းလွင်၊ အဆင်ပြေရဲ့လား။” ဖလော်အာကစိုးရိမ်တဲ့လေသံနဲ့ မေးလိုက်တော့ မင်းလွင်က ပြန်ပြုံးပြလိုက်တယ်။

“သူတို့က နည်းနည်းနှုတ်ဆက်ကြမ်းကြရုံတင်ပါ၊ ဖလော်အာရဲ့။”

မင်းလွင်က အခက်တွေ့နေတဲ့ မျက်နှာနဲ့ ပြန်ဖြေလိုက်ပါတယ်။ ခဏနေတော့ ရင်းနှီးနေတဲ့ မျက်နှာနဲ့ လူတစ်ယောက် ကျောင်းဝင်ပေါက်ကနေ ဝင်လာပါတယ်။ ဆံပင်အညိုရောင်ရှိပြီး ကျောင်းဝတ်စုံကို ကြယ်သီးအပြည့်မတပ်၊ နေမပူဘဲ နေကာမျက်နှာကို စတိုင်ထုတ်တပ်ထားတဲ့ ရွယ်တူကောင်လေးပါ။

“ရို့... မင်းလွင်၊ မနက်ခင်းနှုတ်ဆက်တဲ့ ထုံးတမ်းကို အသက်ရှင်လျက် ဖြတ်ကျော်နိုင်တာတွေ့လို့ ဝမ်းသာပါတယ်။ မင်းအဆုတ်ကွာသွားရင် ဆေးရုံလိုက်ပို့ဖို့ ငါ့ဦးလေးကားကိုတောင် ငှားလာတာ နှမျောစရာပဲကွ။”

အဲဒီကောင်လေးက လက်ထဲက ပေါ်ရှေးကားသော့ကို လက်ချောင်းမှာချိတ် လှည့်ကစားရင်း မင်းလွင်ကိုကြွားတယ်။ ဖလော်အာကတော့ အဲဲဒီငကြွားကို ပုံမှန်အတိုင်းပဲ နှုတ်ဆက်ပါတယ်။

“မင်္ဂလာနံနက်ခင်းပါ တင်မီ။”

“မင်္ဂလာနံနက်ခင်းပါ၊ အလှလေးဖလော်အာ။ ဒီနေ့ ကိုယ်နဲ့အပြင်ထွက်မလည်ချင်ဘူးလား။”

တင်မီက ဖလော်အာကို ချိန်းတွေ့ဖို့ ကြောင်းလမ်းလိုက်ပေမဲ့ ဖလော်အာက တင်မီကို အမှိုက်သရိုက်ဆိုတဲ့ပုံစံမျိုးနဲ့ ကြည့်လိုက်တဲ့အတွက် တင်မီက နောက်ကို နည်းနည်းဆုတ်လိုက်တယ်။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ မင်းက ငါ့ကောင်ကြီးမင်းလွင်အတွက်ပါ။” တင်မီက အလျှော့ပေးလိုက်မှ ဖလော်အာရဲ့ထရိုက်တော့မယ့်မျက်နှာက ပြေလျော့သွားတယ်။ မင်းလွင်ကတော့ ခေါင်းကုပ်လိုက်ပြီးတော့

“ဒါနဲ့၊ ဘာလို့အတန်းထဲကကောင်တွေက ငါ့ကိုလာပြီး တဘုန်းဘုန်းနဲ့ရိုက်နေကြတာလဲ။”

မင်းလွင်က တကယ့်ကိုနားမလည်တာ။ တင်မီကတော့ မင်းလွင်မှဟုတ်ပါတယ်နော်ဆိုတဲ့ပုံစံနဲ့ မင်းလွင်ကိုကြည့်လိုက်ပြီး အဖြေပေးပါတယ်။

“မင်းက ကျောင်းရဲ့အလှဆုံးမိန်းကလေး ငါးယောက်ထဲက နံပါတ်သုံးဖြစ်တဲ့ ဖလော်အာနဲ့ တစ်အိမ်ထဲမှာအတူနေပြီး ကျောင်းသွားကျောင်းပြန်လည်းအတူတူ၊ကန့်တင်းမှာ နေ့လယ်စာစားလည်း အတူတူပဲလေ။ ဒီတော့ ယောက်ျားသားတွေရဲ့မနာလိုမှုက မင်းအပေါ်ပုံကျလာတော့တာ။”

“.....” တင်မီက ခပ်နောက်နောက်ကောင်ဆိုပေမဲ့ သူပြောတဲ့စကားက ဖြစ်နိုင်ခြေရှိတယ်လို့ မင်းလွင်မှတ်လိုက်တယ်။ ဒါပေမဲ့ တင်မီက မယ်လီဆိုတဲ့ အရပ်မြင့်မြင့်ဒေါင်ကောင်းကောင်းနဲ့အလှပဂေးလေး ဘေးကနေ ဖြတ်သွားတာမြင်တော့ ဖလော်အာနဲ့မင်းလွင်ကို နှုတ်ဆက်လိုက်ပြီး မယ်လီနောက်ကို ပြေးလိုက်လေရဲ့။

“ဖလော်အာက မင်းအတွက်ဖြစ်နေပြီဆိုပေမဲ့ နံပါတ်လေးဖြစ်တဲ့ မယ်လီကတော့ ငါ့အတွက်ဖြစ်စေရမယ်ကွ။ သူ့ကိုချိန်းတွေ့ခွင့်တောင်းလိုက်ဦးမယ်၊ ဘွိုင့်...”

ဖလော်အာကတော့ မင်းလွင်ကို ကြည့်လိုက်ပြီး တောင်းပန်ပါတယ်။ “ကျွန်မကြောင့် ဒုက္ခခံနေရတဲ့အတွက် စိတ်မကောင်းပါဘူး၊ မင်းလွင်။”

“ရပါတယ်၊ အရမ်းကြီးတော့ မနာပါဘူး။” မင်းလွင်က အခုလိုပြောလိုက်ပေမဲ့ နောက်ထပ်ခေါင်းထပ်ကိုက်လာပြန်တယ်။ ပြီးတော့ သူကြားဖူးတယ်လို့ ခံစားရပေမဲ့ တစ်ခါမှမသိဖူးတဲ့လူတစ်ယောက်ရဲ့စကားတွေကို နားကနေ ကြားယောင်လာပါတယ်။ ‘ကျွန်တော် မင်းသမီးလေးကို မကာကွယ်နိုင်ခဲ့တာကြောင့် ဒီလိုတွေဖြစ်လာခဲ့တာ။’

“မင်းလွင်... မင်းလွင်... အဆင်ပြေရဲ့လား။ ထပ်ပြိးခေါင်းကိုက်ပြန်ပြီလား။ ဒီနေ့အတန်းမတက်သေးဘဲ ကျောင်းဆေးခန်းမှာ နားနေလိုက်ပါလား။”

ဖလော်အာက မူးမေ့လဲတော့မလိုဖြစ်နေတဲ့ မင်းလွင်ရဲ့ပခုံးကို ဖမ်းကိုင်ထားလိုက်ရင်း ပြောလိုက်တယ်။ ဒါပေမဲ့ မင်းလွင်က ဖလော်အာရဲ့မျက်နှာကိုကြည့်လိုက်ပြီး သူ့စိတ်ထဲမှာ သိသင့်တယ်လို့ထင်ပေမဲ့ မှတ်မိမနေတဲ့ အရာတစ်ခုကိုမေးလိုက်ပါတယ်။

“ဖလော်အာ၊ ကြောင်တောင်တောင်နိုင်တဲ့ မေးခွန်းဆိုပေမဲ့ နင်ငါ့ကို အရင်က မင်းသမီးလေးလို့ ခေါ်ဖူးလား။”

ဖလော်အာက ခေါင်းကိုစောင်းငဲ့လိုက်ပါတယ်။ ပြီးတော့မှ ပြုံးလိုက်ပြီး ပြန်ဖြေတယ်။ “အဲဒီလိုတော့ တစ်ခါမှမခေါ်ဖူးပေမဲ့ မင်းလွင်သာ စိတ်ကျေနပ်မယ်ဆိုရင် မင်းသားလေးလို့ခေါ်ပေးမယ်လေ။”

ကလင်... ကလင်... ကလင်....

ဖလော်အာစကားဆုံးတဲ့အချိန်မှာပဲ ကျောင်းတက်ပြီဖြစ်ကြောင်း ခေါင်းလောင်းမြည်လာပါတယ်။

...

ကျောင်းတိုင်းရဲ့ပထမဆုံးစာသင်ချိန်က အတန်းပိုင်ရဲ့စာသင်ချိန်ပါ။ အတန်းပိုင်ချိန်လို့လည်း ခေါ်ကြတယ်လေ။ မင်းလွင်တို့ရဲ့အတန်းပိုင်က ထိပ်ပြောင်ပြောင်ပင်စင်ယူခါနီး ဆရာကြီးဟဲမင်းဝေးပါ။ သူက ဂန္တဝင်စာပေဆရာဖြစ်ပြီး သဘောကောင်းပေမဲ့ စည်းကမ်းကြီးတယ်။ အခုတော့ စာသင်ပြီးတာနဲ့ ကျောင်းသားတွေရဲ့ရည်မှန်းချက်ဖောင်တွေကို ယူစစ်နေတာ။

“မင်းတို့ထဲမှာ ရည်မှန်းချက်အတော်ကြီးတဲ့သူတွေရှိတာ တွေ့ရတယ်။ မင်းတို့အတန်းခေါင်းဆောင်မယ်လီက မရင်းတပ်ဖွဲ့ထဲဝင်ဖို့ ကြိုးစားမယ်လို့ရေးထားတယ်။ တချို့ကလည်း ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေဖြစ်ချင်ကြပုံပဲ။ ငါ့အတန်းထဲ နေကာမျက်မှန်နဲ့ ဝင်ဝင်လာတဲ့ ငနှဲကောင်တင်မီတောင် စူပါမော်ဒယ်ဖြစ်ချင်တယ်ဆိုပဲ။ မင်းတို့လူငယ်တွေ ရည်မှန်းချက်ရှိတာ ကောင်းပါတယ်။”

ဆရာကြီးက ဖောင်တွေကို သေသေချာချာစီလိုက်ပြီး အခန်းထဲက ထွက်သွားဖို့ပြင်တယ်။ ဒါပေမဲ့ သက်ပြင်းချလိုက်ပြီး မင်းလွင်ကိုကြည့်တယ်။

“မင်းလွင်... မင်းကတော့ ဆရာ့ရုံးခန်းထဲ ခဏလိုက်ခဲ့ကွာ။”

...

“မင်းလွင်၊ အဆင်​ပြေရဲ့လား။ နင်တော်တော်ပင်ပန်းနေသလိုပဲ။ ဆရာဟဲမင်းဝေးက နင့်ကို တော်တော်ဆူလိုက်တာလား။”

ဆရာရုံးခန်းထဲကနေပြန်လာပြီး ဒုတိယအချိန်အမီ အခန်းမှာပြန်ဝင်ထိုင်တဲ့ မင်းလွင်ကို ဖလော်အာက တီးတိုးမေးလိုက်တယ်။ သင်္ချာဆရာက အတန်းထဲရောက်နေပြီး စာသင်နေပြီလေ။

မင်းလွင်ကတော့ သက်ပြင်းချလိုက်ပါတယ်။ “ဒါကတော့ ထုံးစံအတိုင်းပါပဲ။ ဆရာဟဲမင်းဝေးက ငါရေးထားတဲ့စာကို ကော်ရပ်ရှင်ပန်နဲ့ဖျက်ပြီး အသစ်ပြန်ရေးခိုင်းလိုက်တယ်လေ။ အဓိပ္ပါယ်မရှိတာတွေရေးဖို့ပါ မှာလိုက်သေးတယ်။”

“နင့်ကို မိဘခေါ်ဖို့မလုပ်တာ တော်သေးတာပေါ့။ ငါတို့အတန်းပိုင်ဆရာက ရည်မှန်းချက်နဲ့ပတ်သက်ရင် စပ်စပ်ထိမခံဘူးလေ။” ဖလော်အာက ပြောလိုက်တော့ မင်းလွင်က စိတ်ဝင်တစားနဲ့မေးလိုက်တယ်။

“ဒါနဲ့ နင်ကရော ဘာရေးလိုက်တာလဲ။”

“​ဘက်ပေါင်းစုံက ပြီးပြည့်စုံတဲ့ အိမ်ရှင်မဖြစ်ချင်တယ်လို့လေ။ မိန်းကလေးတစ်ယောက်က အိမ်ရှင်မဖြစ်ချင်တာ ထူးဆန်းတဲ့ ရည်မှန်းချက်မဟုတ်ဘူးလေ။”

“....”

All Chapters