ဟောကိန်း
Vol. 009 Ch. 805
ရီဖူရှင်းက အဘိုးအိုအား ကြည့်ကာ ဆက်ပြောသည်။
“ပြည်နယ်ကိုးခုရဲ့ ပထမဓားဝင်္ကပါက ကျွန်တော့်ကို ဖိတ်ခေါ်တာနဲ့ ဘာများ ပတ်သက်နေပါသလဲ”
သင်္ချိုင်းကုန်းကျေးရွာက မည်သည့်အရာကို စောင့်ကြပ် နေသနည်း။ သူတို့က အမှန်တကယ်ကော ဓားဝင်္ကပါကို စောင့်ကြပ် နေကြသည်လား။ ပုံမှန်အားဖြင့် သူက အဘိုးအို ပြောသည်များ အားလုံးကို ယုံကြည်ခြင်း မရှိပေ။
“မရဏတောင်ထဲမှာ အထဲကို ကျူးကျော်ဝင်လာတဲ့ ဘယ်သူ့ကိုမဆို သတ်ဖြတ်နိုင်စွမ်း ရှိတဲ့ ဓားဝင်္ကပါတစ်ခု ရှိတယ်၊ ဓားဝင်္ကပါကို မဖျက်နိုင်ခဲ့ရင် သူက သေဆုံးရမှာပဲ”
အဘိုးအိုက ဆက်ပြောသည် “စစ်တုရင်ရှန့်ထိုက ဝင်္ကပါပညာမှာ ပြိုင်ဘက် ကင်းတယ်၊ သူက ဝင်္ကပါထဲမှာ ပိတ်မိနေတယ် ဆိုပေမဲ့ မရဏတောင်ရဲ့ လျှို့ဝှက်ချက် အချို့ကို သိသွားခဲ့ပြီးတော့ ပြင်ပလောကကို ပေါက်ကြား စေခဲ့တယ်၊ ဒါက ကျေးရွာရဲ့ ရှင်သန်ရပ်တည်မှုနဲ့ သက်ဆိုင်နေတယ်၊ ကျေးရွာက လူတွေက ပုံမှန်မဟုတ်ဘဲ အရည်အသွေး မြင့်မားကြတယ်၊ ဒါက ဘာကြောင့်လို့ မင်းထင်လဲ။”
“ကျွန်တော် မသိဘူး”
ရီဖူရှင်းက ခေါင်းယမ်းသည်။ ကြည့်ရသည်မှာ အဘိုးအိုက ပြည်နယ်ကိုးခု ညီလာခံသို့ တက်ရောက်ခဲ့သည် မှာလည်း ရည်ရွယ်ချက် တစ်ခု ရှိခဲ့ပေ၏။
သူကား စစ်တုရင်ကျေးရွာ၌ ဖြစ်ပျက်ခဲ့သည်များအား လက်တွေ့ ကြုံခဲ့ရပေသည်။ သတင်းများသာ အမှန်တကယ် ပျံ့နှံ့ခဲ့သည် ဆိုပါက လျူကျောင်းက လက်သည် တရားခံဖြစ်ပေမည်။ ထို့အပြင် ထိုနေ့တွင် လျူကျောင်းနှင့် ရှီဟွာတောင် ရှန့်ထိုတို့က အဘိုးအိုနှင့် ပတ်သက်၍ လူအများအား သိစေအောင် တမင် ထုတ်ဖော် ပြောကြားသည် ဟုလည်း သူခံစားရသည်။ သူတို့၏ရည်ရွယ်ချက်ကား ထင်ရှားလွန်းနေ၏။
ထို့အပြင် ကျေးရွာ ခေါင်းဆောင်၏ စိုးရိမ်မှုကလည်း နားလည် လက်ခံနိုင်စရာ အချက်ဖြစ်သည်။ သူတို့က မထွက်လာခဲ့လျှင်ပင် လျူကျောင်းက တခြားလူများနှင့် အနှေးနှင့်အမြန် ကျေးရွာသို့ ရောက်လာမည် ဖြစ်သည်။
ထို့ကြောင့် ကျေးရွာခေါင်းဆောင် အဘိုးအိုက ရာရာကို ခေါ်ကာ ပြည်နယ်ကိုးခု ညီလာခံသို့ တက်ရောက်လျက် အားလုံး၏ရှေ့မှ ကြိုတင် လှုပ်ရှားခဲ့သည်။
အဘိုးအိုက ပြောသည် “မရဏတောင်ကုန်းက ကျေးရွာရဲ့ နောက်ဘက်မှာ ရှိတယ်၊ တောင်အတွင်းပိုင်း မှာလည်း သဘာဝအရ ဖြစ်တည်နေတံ့ ဝင်္ကပါတွေရှိတယ်၊ ကျေးရွာက လူငယ်တွေက ငယ်ကတည်းက မရဏတောင် အနီးတစ်ဝိုက်မှာ လေ့ကျင့်နိုင်ကြတော့ သူတို့က မွေးကတည်းက လောကဓာတ်တွေနှင့် ရင်းနှီး ကျွမ်းဝင်ကြတယ်၊ ဒါကြောင့် ပုံမှန်အားဖြင့် လောကဓာတ်ကို နားလည် ဆင်ခြင်ရာမှာ သူတို့က ပြဿနာမရှိဘူး”
ရီဖူရှင်း၏ စိတ်နှလုံးက ပြင်းထန်စွာ လှုပ်ရှားသွားသည်။ မရဏတောင်က ထိုမျှ ထူးခြားသည်လား။
ထိုနေရာကား တော်ဝင်ကျဲနန်းတော်၏ ကျင့်ကြံရန် အထူးစီမံထားသော နေရာနှင့် ဆင်တူပေသည်။ လောကဓာတ်များ သဘာဝအလျောက် တည်နေသော ထိုနေရာက မည်သည့် တော်ဝင်မြေထက်မဆို သာလွန်မည်မှာ သေချာ၏။
“ကျူးကျော် ဝင်ရောက်တဲ့သူ ဘယ်သူမဆို အသတ်ခံရတာ လောက်အောင်ကို မရဏတောင်က ရက်စက် ကြမ်းကြုတ်လို့ ဘယ်သူမှ မသွားရဲကြဘူး၊ စစ်တုရင် ရှန့်ထိုကတော့ မသေတဲ့အပြင် လျှို့ဝှက်ချက် အချို့ကိုလည်း သိသွားခဲ့တယ်၊ မင်းက အခု နားလည်ပြီလား” အဘိုးအိုက ရီဖူရှင်းကို ကြည့်သည်။
အပြစ်ကင်းမဲ့သူကား သူပိုင်ဆိုင်သော ရတနာကြောင့် အပြစ် ရှိရပေသည်။
ဤသို့သော တန်ခိုးကျင့်ကြံခြင်းနေရာကား ရှန့်ထိုများကိုပင် ဆွဲဆောင်နိုင်ပေသည်။
အကယ်၍ သည်နေရာတွင် တော်ဝင်မြေတစ်ခုကို တည်ထောင်ခဲ့ပါက သေချာပေါက် အောင်မြင်ပေမည်။
စစ်တုရင် ရှန့်ထိုက လျူကျောင်းကိုသာ အဘယ်ကြောင့် ရွေးချယ်ခဲ့သည် ကိုလည်း ရီဖူရှင်းက နားလည်လိုက်သည်။ လျူကျောင်း၏နောက်ခံ အင်အားကား အလွန် အရေးပါပေသည်။
မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်၏ နန်းတော်သခင် ရီဖူရှင်းကား အမည်ခံ တော်ဝင်မြေကိုသာ ပိုင်ဆိုင်ရာ စစ်တုရင် ရှန့်ထို၏မျက်လုံးထဲတွင် တန်ဖိုး သိပ်မရှိပေ။
သည်ကိစ္စက စစ်တုရင်ရှန့်ထို၏ သေရေးရှင်ရေးနှင့် သက်ဆိုင်ရာ သူကလည်း လျူကျောင်းအပေါ် မျှော်လင့်ချက်များ စုပြုံထားရပေမည်။ စစ်တုရင်ရှန့်ထိုက လျူကျောင်းအား ဆက်ခံသူအဖြစ်ထက် အကျိုးတူ ပူးပေါင်းခြင်းဟုသာ သတ်မှတ် နိုင်ပေမည်။
ရီဖူရှင်းက ဘာမှ မပြောပေ။ အဘိုးအို ဆက်ပြောမည့် စကားများကိုသာ စောင့်ဆိုင်း နေသည်။
အဘိုးအိုက သူသိလိုသည့်ကိစ္စအား မပြောသေးပေ။ သည်ကိစ္စက သူနှင့် မည်သို့ သက်ဆိုင် နေသနည်း။
“မင်းက မရဏတောင်ကို ဝင်ပြီး မရဏ ဓားဝင်္ကပါကို အသက်သွင်း နိုင်မယ်လို့ ငါမျှော်လင့်တယ်၊ ဒီနည်းနဲ့ပဲ ပြည်နယ်ကိုးခုက လူတွေကို တားဆီးနိုင်မယ်၊ ဒါက ကျေးရွာရဲ့ အသက် ဆက်ရှင်သန်မှုနဲ့ သက်ဆိုင်နေတယ်၊ ဒါကြောင့် ကျုပ်က နန်းတော်သခင်ရီကို ကူညီပေးဖို့ တောင်းဆိုနေတာပါ”
အဘိုးအိုက စကား ပြောနေရင်းဖြင့်ပင် ထရပ်ကာ ရီဖူရှင်းအား အနည်းငယ် ဦးညွှတ် အရိုအသေပေးသည်။
“အဘ”
ရီဖူရှင်းက ထရပ်ကာ အဘိုးအိုအား တွဲထူလျက် ပြောသည် “ဓားဝင်္ကပါက ကျူးကျော်သူတွေတိုင်းကို သတ်ဖြတ်နိုင်တယ်၊ ကျုပ်က ဘယ်လိုဝင်ရမလဲ”
“ဒါကလည်း ကောင်းကင်ဘုံရဲ့ ဆန္ဒပဲ ထင်တယ်”
အဘိုးအိုက ရီဖူရှင်းကို ကြည့်သည် “မရဏတောင်ထက်က ဓားဝင်္ကပါဟာ အရမ်း ထူးဆန်းတယ်၊ သူ့စွမ်းအားက ကျူးကျော်သူရဲ့ စွမ်းအားကို ပုံတူပွားတယ်၊ ကျူးကျော်သူက စွမ်းအားမြင့်လေလေ ဝင်္ကပါရဲ့ စွမ်းအားကလည်း မြင့်လေလေပဲ၊ တကယ့် ပါရမီရှင်ကမှ ဝင်္ကပါကို ဖျက်နိုင်မယ်၊ ငါက ပြည်နယ်ကိုးခု ညီလာခံကို တက်ရောက်ခဲ့တာက ရာရာကို အနိုင်ယူနိုင်တဲ့ ပါရမီရှင်ကို ရှာဖွေပြီး သူ့ကို ဝင်္ကပါနဲ့ ရင်းနှီး ကျွမ်းဝင်စေမယ်၊ ပြီးမှ ဝင်္ကပါကို ကျော်ဖြတ်စေမယ်လို့ တွေးခဲ့တယ်၊ ဒါကြောင့် နန်းတော်သခင်ရီနဲ့ ယူချင်းကို ကျေးရွာသို့ ဖိတ်ခေါ်ခဲ့တာပဲ၊ ပြီးတော့ နန်းတော် သခင်ရီကလည်း နတ်နဂါး ကစားကွက်ကို ဖျက်ဖူးတယ်လေ”
ရီဖူရှင်း၏မျက်လုံးများ အရောင်လက် သွားသည်။ သူက အဘိုးအိုကို စိုက်ကြည့်ကာ ပြောလိုက်သည် “ဆိုလိုတာက နတ်နဂါးစစ်တုရင် ကစားကွက်က…”
“ငါထင်တာ မမှားဘူးဆိုရင်၊ နတ်နဂါးစစ်တုရင် ကစားကွက်က မရဏ ဓားဝင်္ကပါကို အခြေခံပြီး စစ်တုရင်ရှန့်ထိုက ပြန်တည်ဆောက် ထားတာပဲ၊ သူက ဒါကို ဖြိဖျက်နိုင်တဲ့သူကို ရှာဖွေနေတာ ဆိုတော့ ဒါက ဖြစ်နိုင်ချေများတယ်”
ရီဖူရှင်း အံ့အားသင့် သွားသည်။ ဤသို့ဆိုလျှင် သူကား အမှန်ပင် အသင့်တော်ဆုံးသောသူ ဖြစ်နေသည်။
“မရဏတောင်က အန္တရာယ်ကို ထားဦး၊ ပြည်နယ်ကိုးခုလုံးက လူတွေကို ကျုပ်က တားဆီးရမယ် ဆိုတော့ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ မတူဘူးလား” ရီဖူရှင်းက အဘိုးအိုကို ကြည့်ကာ ပြောသည်။
“မင်းက ဓားဝင်္ကပါနဲ့ ရင်းနှီး ကျွမ်းဝင်ပြီးပြီဆိုရင် ရာရာနဲ့ တခြားလူတွေကိုလည်း မင်းနဲ့အတူတူ လွှတ်ပေးမယ်၊ ဒါကြောင့် မင်းက စိတ်ချလို့ရတယ်၊ ဒီနေ့ ဒီမှာ ရောက်လာတဲ့သူတွေ အကုန်လုံးက ရွာရဲ့ အရေးကြီး လူတွေချည်းပဲ၊ သခင်ရီက ဘာမှ မပြောသရွေ့ မရဏဓားကို ဘယ်သူ အသက်သွင်း ထိန်းချုပ်လည်း ဘယ်သူမှ သိကြမှာ မဟုတ်ဘူး၊ ပြီးတော့ နန်းတော်သခင်ရီကို တော်ဝင်ကျဲ နန်းတော်သခင် အဖြစ် ဆက်ခံစေတုန်းက အင်ပါယာရှား ကိုယ်တိုင် သက်သေ တည်ခဲ့ပြီးတော့ နောက်ထပ် ရှန့်ထိုတိုက်ပွဲ မတိုင်ခင်အထိ နန်းတော်သခင်ရီကို ဘယ်သူမှ အသက် အန္တရာယ်မပြုရဲကြဘူး ဆိုတာလည်း ကျုပ် သိထားတယ်”
“ဒီကိစ္စက အရမ်း အရေးကြီးပြီးတော့ ကျေးရွာ အသက် ရှင်သန်ခြင်းနဲ့လည်း ပတ်သက်နေတယ်၊ တကယ်လို့ နန်းတော်သခင်ရီက ကူညီပေးမယ်ဆိုရင် ကျုပ်တို့ သင်္ချိုင်းကုန်း ကျေးရွာက အမြဲတမ်း ကျေးဇူးတင် နေမှာပါ”
ရီဖူရှင်းက အဘိုးအိုနှင့် တခြားလူများကို ကြည့်သည်။ ထိုစဉ်မှာပင် ကျူးကော့မင်းယွီက ပြောသည် “အဘပြောသလိုပဲ ဒီကိစ္စက အရေးကြီးလို့ ကျွန်မတို့ကို စဉ်းစားချိန် ပေးစေချင်ပါတယ်”
“အမြန် မလိုဘူး၊ ပြည်နယ်ကိုးခုက လူတွေကလည်း မြန်မြန်ဆန်ဆန် ရောက်လာမှာ မဟုတ်ဘူး၊ မင်းတို့ အားလုံးက ကျေးရွာမှာ အေးအေးဆေးဆေး လေ့ကျင့်နိုင်တယ်၊ တကယ်လို့ နန်းတော်သခင်ရီက သဘောတူရရင် ကျုပ်တို့က ဓားပန်းချီကို နန်းတော်သခင်ရီ နားလည် ဆင်ခြင်နိုင်ဖို့ ပေးအပ်မယ်”
“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ကလေး၊ နန်းတော်သခင်ရီနဲ့ သူ့လူတွေကို အနားယူဖို့ နေရာ ချထားပေးလိုက်။ ဒီရက်ပိုင်းတွေမှာ မင်းက နန်းတော်သခင်ရီကို ဧည့်ခံပေးရမယ်၊။ ပြဿနာတွေ မလုပ်နဲ့”အဘိုးအိုက ရာရာကို ပြောသည်။
ရာရာက ရီဖူရှင်းကို ကြည့်ကာ အနည်းငယ် မလိုလားသော မျက်လုံးများဖြင့် ကြည့်သည်။
“နန်းတော်သခင်ရီ၊ ဒီမိန်းကလေးက နည်းနည်း မသိတတ်ဘူး။ သူမကို ခွင့်လွတ်ပေးပါ” အဘိုးအိုက ပြောသည်။
“ပြဿနာ မရှိဘူး” ရီဖူရှင်းက ခေါင်းညိတ်သည်။
“သွားရအောင်”
ရီဖူရှင်းက ပြောသည်တွင် ရာရာက ရှေ့မှ ဦးဆောင်သည်။ ရီဖူရှင်းက မသက်မသာ ပြုံးကာ ခေါင်းယမ်း နေစဉ်မှာပင် ဟွာဂျီယူက ရာရာ၏ဘေးနားကို ရောက်လာသည်။
ဟွာဂျီယူ၏အပြုံးကို မြင်သည်တွင် ရာရာက ရင်းနှီးသော ခံစားချက် တစ်ခုအား ရသည်။
“အဲဒီအကောင်က ကြောက်ဖို့ ကောင်းတယ်၊ သူ့ကို ဂရုစိုက်မနေနဲ့”
ဂျီယူက အသာအယာပြုံးကာ ပြောသည်။ ရာရာက အနည်းငယ် အံ့အားသင့် သွားဟန်ဖြင့် ခေါင်းညိတ်သည်။
“အဲဒီနေ့က ဖြစ်ခဲ့တာတွေ အတွက် တောင်းပန်ပါတယ် မမ”
“ပြိုင်ပွဲမှာ အနိုင်အရှုံးဆိုတာ ရှိမှာပဲ၊ ညီမလေးက ဘယ်လို လေ့ကျင့်တာလဲ နားမလည်ဘူး၊ ဒါပေမဲ့ အရမ်း အားကောင်းတယ်”
ရာရာက အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် ပြောသည် “ရာရာလည်း မသိဘူး”
ရှေ့ဆုံးက လမ်းလျှောက်ရင်းဖြင့် သူတို့နှစ်ယောက်က စတင်၍ တတွတ်တွတ် ပြောကြတော့သည်။ ရီဖူရှင်းက သူတို့နှစ်ယောက်အား ကြည့်ကာ ထိတ်လန့် သွားသည်။ သူမကား ဂျီယူကို မမဟု ခေါ်နေသည်။
သူက နားထင်ကို ထောက်ကာ တွေးသည်၊ သူက ဆွဲဆောင်မှု သိပ်မရှိသည် များလား။
သို့သော် သူမတို့နှစ်ယောက် ရင်းရင်းနှီးနှီး ပြောဆို နေကြသည်ကို မြင်လျှင် ရီဖူရှင်းက ပြုံးရသည်။ ရာရာက သူ့ကို သဘောမကျဟန်များ ရှိကာ သူ့အပေါ် ဆက်ဆံရေး ကောင်းများ မရှိသည့်တိုင် ရီဖူရှင်းက စိတ်မဆိုးပေ။ သူမက ပါရမီမြင့်လွန်း သောကြောင့် သူက ထိုသို့ သဘာထားခြင်း မဟုတ်ပေ။ ကောင်မလေးက ငယ်ရွယ်စဉ် ကတည်းကပင် ခက်ခဲ ကြမ်းတမ်းသော ဘဝအား ပိုင်ဆိုင်ခဲ့ရပုံ ပေါ်သည်။
သူက ထိုအကြောင်းအရာများကို ဂျီယူနှင့် ပြောဆိုခဲ့ရာ ဂျီယူကလည်း သိပေသည်။ သို့သော် ရာရာကိုယ်တိုင်မူကား သိမည်မထင်။
“မောင်ငယ်လေး၊ မင်းက ကျေးရွာခေါင်းဆောင်ပြောတာကို ယုံကြည်လား။” အနီးမှ ကျူးကော့မင်းယွီက ရီဖူရှင်းအား စိတ်ဖြင့် လှမ်းပြောသည်။
ရီဖူရှင်း၏အာရုံက အစ်မ၂ထံကို ရောက်သွားသည်။ ကျေးရွာ ခေါင်းဆောင်အား စဉ်းစားမည်ဟု အစ်မ၂က အဖြေပေးခဲ့သည်။ သူမက ကျေးရွာ ခေါင်းဆောင်၏စကားများ အားလုံးကို မယုံကြည်ပေ။
“အစ်မ၂၊ ကျွန်တော်တို့က အခုမှ တွေ့ကြတာ၊ သူပြောတာတွေ အကုန်လုံးကို ကျွန်တော်တို့က မယုံကြည်နိုင်ဘူး”
မည်သို့ဆိုစေ ရာရာ၏ တည်ရှိမှုကလည်း လျှို့ဝှက်ချက် ဖြစ်ပေသည်။ ကျေးရွာ ခေါင်းဆောင် အဘိုးအိုက သူတို့အား ရာရာနှင့် ပတ်သက်၍ ဘာမှ မပြောခဲ့ပေ။
သို့သော်လည်း စစ်တုရင်ရှန့်ထိုနှင့် ပတ်သက်သည့် ကိစ္စများက မှန်ကန်ပေမည်။ စစ်တုရင်ရှန့်ထိုက သတင်းများအား ဖြန့်ခဲ့ရာ အနှေးနှင့်အမြန် ဤကျေးရွာက ရှုပ်ထွေးမှုများ ဖြစ်လာပေမည်။
“ဒါဆို ငါတို့ သူ့ကို ကတိပေးကြမလား”
ရီဖူရှင်းက ဝမ်ရှင်းဘက်ကို လှည့်ကာ စိတ်ဖြင့် လှမ်းပြောသည် “ဆရာဦးလေး၊ ကျွန်တော်တို့က နက္ခတ္တပညာနဲ့အရင် တွက်ကြည့်ကြမလား”
“သေချာတာပေါ့”
ဝမ်ရှင်းကလည်း သဘောတူသည်။ ဤသို့သော ကိစ္စရပ်များကို လုပ်သင့်မလုပ်သင့် တွက်ချက်ရန်ကား အချိန် သိပ်မကုန်ပေ။
ရာရာက ရီဖူရှင်းတို့အတွက် နေစရာများ စီစဉ်ပေးသည်။ ဤနည်းဖြင့် မြေရိုင်းပြည်နယ်မှ လူများ သင်္ချိုင်းကုန်း ကျေးရွာ၌ ယာယီ စတည်းချ နိုင်ပေမည်။
သူကိုယ်တိုင် အတွက်ဖြစ်စေ၊ ဂျီယူ၊ ဝူချင်းနှင့် တခြားလူများ အတွက်ဖြစ်စေ၊ သူတို့အားလုံးက လတ်တလောတွင် အားစိုက်လေ့ကျင့်ရန် လိုပေသည်။ ပြည်နယ်ကိုးခု ညီလာခံ အတွေ့အကြုံက သူတို့၏ နားလည်ဆင်ခြင်မှုကို ကြီးမားစွာ အကျိုး သက်ရောက်မှု ရှိခဲ့ပေသည်။
ညနေခင်း အချိန်အခါတွင် အနောက်ဘက် ကောင်းကင်၌ ပုစွန်ဆီရောင်များ သန်းလာခဲ့ကာ အနီစွေးစွေး ညနေ နေရောင်ကြောင့် ရွာကလေးမှာ ပိုမို၍ပင် အေးချမ်း ငြိမ်သက်သည်ဟု ထင်ရ၏။
ရွာအတွင်းမှ အိမ်ငယ်ကလေးတွင် ရီဖူရှင်းက ပက်လက်ကုလားထိုင် တစ်လုံး၌ လဲလျောင်း နေသည်။ ဂျီယူကလည်း သူ၏ဘေးတွင် တိတ်ဆိတ်စွာ လဲလျောင်းလျက် သဘာဝ အလှအပများအား ခံစားနေသည်။
“မိန်းမ၊ လောက အပြင်ဘက်ကို ထွက်ပြီး ဒီလို လေ့ကျင့်ပြီး နေထိုင်မယ်ဆိုရင် ဘယ်လိုလဲ”
“နင် ဘယ်သွားသွား ငါလိုက်မယ်”
“ကောင်းပြီ၊ ကလေးများများ …”
“မဟုတ်ဘူး၊ သုံးယောက်၊ လေးယောက်”
ဟွာဂျီယူက မျက်လုံးပြူး သွားသည်။ သူမက ရီဖူရှင်းအား စိုက်ကြည့်သည် “အိပ်မက် ဆက်မက်နေ၊ နှစ်ယောက် အများဆုံး”
“ဘယ်ဖြစ်ပါ့မလဲ၊ ငါက ဒီလောက် ပြည့်စုံတာ မင်းလည်း မြင်တာပဲ၊ ဒါကြောင့် ငါတို့က များများ ယူသင့်တယ်” ရီဖူရှင်းက အရွှန်းဖောက်သည်။
ဟွာဂျီယူကလည်း ပြုံးလျက် ခေါင်းညိတ်သည် “နည်းနည်းတော့ မှန်တယ်၊ အမ်”
“မင်းက သဘောတူမှတော့ ငါတို့ ကလေးသွားယူ ကြတော့မယ်လေ” ရီဖူရှင်းက ဘေးမှ မိန်းမလှလေးအား ချစ်ခင်နှစ်လိုစွာ ကြည့်သည်။ နေရောင်အောက်တွင် သူ၏မိန်းမကား အလွန်တရာ လှပလွန်း နေပါသည်တကား။
“နင်၊ ဘာကို စဉ်းစားနေတာလဲ”
ဟွာဂျီယူ၏မျက်နှာက နီရဲသွားသည်။ သည်နှာဘူးကောင်၊ ညအချိန်အခါပင် မရောက်သေးပေ။
“မင်း ဘာပြောတာလဲ”
ရီဖူရှင်း၏လက်က သူမထံကို ပျံဝဲလာသည်တွင် ဟွာဂျီယူက ကိုယ်ကိုယိမ်း၍ ရှောင်ဖယ်သည်။
“မမ”
ထိုအခိုက်တွင် အသံတစ်သံကို ကြားလိုက်ရ၏။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့ လှည့်ကြည့်သည်တွင် မိန်းကလေးငယ် တစ်ယောက် လှမ်းလာသည်ကို မြင်ကြရသည်။ သူမကား ရာရာ ဖြစ်သည်။
“မမ၊ သွားစားရအောင်”
“လာပြီ”
ဟွာဂျီယူက ပြုံးလျက် ထရပ်သည်။ ရီဖူရှင်းကလည်း ဟွာဂျီယူ၏ လက်ကိုဆွဲကာ ရာရာထံကို လှမ်းသွား လိုက်သည်။
ရာရာက ရီဖူရှင်းအား ကြည့်ကာ တီးတိုးပြောသည် “အရူး”
“ငါ…”
ရီဖူရှင်း ဆွံ့အရသည်။
ထရပ်ကာ ရီဖူရှင်းက သူတို့နှင့် လိုက်သွားခါနီး၌ပင် သူ့အား ခေါ်လိုက်သံကို ရီဖူရှင်းက ကြားလိုက်ရသည်။
“နန်းတော်သခင်”
“ဘာလဲ ဆရာဦးလေး”
ရီဖူရှင်းက နောက်လှည့်ကာ အနီးသို့ ရောက်လာသော ဝမ်ရှင်းအား ပြန်မေးသည်။
“ဟောကိန်းက သိပ်မကောင်းဘူး”
ဟောကိန်းက အကောင်းထက် အဆိုးများနေပေသည်။
ရီဖူရှင်းက ခေါင်းကိုက် သွားသည်။ သူ၏နားထင်အား ထောက်လိုက်ရင်းဖြင့် သူက အနည်းငယ် စဉ်းစားလိုက်သည်။
“ဒါပေမဲ့ ကြီးမားတဲ့ အခွင့်အလမ်း အချို့လည်း ရှိတယ်” ဝမ်ရှင်းက ထပ်ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက မည်သို့ ရွေးချယ် ရမည်နည်း။
“တခြား ဟောကိန်းတွေ ရှိသေးလား”
ဝမ်ရှင်းက အတန်ကြာ တုံ့ဆိုင်းနေပြီးမှ …
“တကယ်လို့ ငါတို့ ထွက်သွားရင် သူမရဲ့ ကံကြမ္မာက အဆိုးဆုံး အခြေအနေမှာ ရှိတယ်၊ အဲဒါက သေခြင်းတရားပဲ၊ တကယ်လို့ ငါတို့က တောင်ပေါ်ကို တက်ရင် အခွင့်အရေး ရှိသေးတယ် ”
ရီဖူရှင်း၏အတွေးများ ရှုပ်ထွေး သွားရသည်။ ပြဿနာကား မသေးပေ။
***