← Chapters

ဆုံးဖြတ်ချက်

Vol. 009 Ch. 806

ဆုံးဖြတ်ချက်

Vol. 009 Ch. 806

ကောင်းကင်ပြက္ခဒိန် ၁၀၀၁၁ခုနှစ်၏ နောက်ဆုံးနေ့တွင် ပြည်နယ်ကိုးခုမှ တန်ခိုးရှင် အများစုကား သူတို့၏ မိသားစုထံသို့ ပြန်ကြပေသည်။

သင်္ချိုင်းကုန်း ကျေးရွာကဲ့သို့သော လူသူ အရောက်အပေါက် နည်းသော နေရာ၌ပင် ညဘက် ရောက်သည့်အခါ နှစ်ကုန် ညစာစားပွဲများ ကျင်းပပြုလုပ်ကြ၏။

ရီဖူရှင်းတို့ကလည်း နှစ်ကုန်စုံညီပွဲအား သည်ကျေးရွာလေး၌ ပြုလုပ် ကြရတော့သည်။ ယခု တိတ်ဆိတ်နေသော ကျေးရွာကလေးကား များစွာသော ရွာသူ၊ ရွာသားများဖြင့် စည်ကားနေကာ မိသားစုတိုင်းက ညစာစားပွဲအတွက် ပြင်ဆင်နေကြသည်။

သည်ရွာ၏ မိသားစုတစ်ခု အတွင်း၌လည်း အသားကင်နံ့များ၊ အစားအသောက် အနံ့များ မွှေးကြိုင်စွာ ထွက်ပေါ် လာနေသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကလည်း တံခါးဝထံကို လျှောက်လာရင်းက ပြုံးလိုက်ကြသည်။

“မွှေးလိုက်တဲ့ ဟင်းနံ့တွေ”

ရီဖူရှင်းက ရာရာကို မေးလိုက်သည်။

“ရာရာ၊ ဦးလေးကျန်းနဲ့ ကျန်းအဒေါ်တို့က ဘာအစား အသောက်တွေ ပြင်ဆင် ထားကြလဲ”

ရာရာက ရီဖူရှင်းအား မျက်လုံးစွေ၍ ကြည့်သည်။

“သေလိုက်ပါလား”

ထို့နောက် ရာရာက ဟွာဂျီယူထံကို လျှောက်သွားကာ သူမ၏လက်အား ဆွဲကိုင်လျက် ပြောသည်။

“မမ၊ အမေနဲ့အဖေက မမအတွက် အရသာရှိတဲ့ အစား အသောက်တွေ အများကြီး ပြင်ဆင် ထားတယ်”

“အင်း၊ ဟင်းနံ့က အရမ်း စားကောင်းမယ့်ပုံပဲ”

ရွာကို ရောက်သည်မှာ ရက်အနည်းငယ် ကြာလာပြီးနောက် သူတို့ကလည်း ရွာမှ လူများအပြင် ရာရာ၏ မိဘများနှင့်လည်း ရင်းနှီး ကျွမ်းဝင်ခဲ့ကြပေသည်။

ရာရာနှင့် ဂျီယူတို့အကြား ဆက်ဆံရေးက ပိုမို ကောင်းမွန်လာခဲ့ကာ ညီအစ်မ အရင်းများကဲ့သို့ပင် ဖြစ်လာခဲ့ကြသည်။ ယခု သိသိသာသာပင် သူမက ရီဖူရှင်းနှင့် ယူချင်းတို့အား တိုက်ခိုက်လိုဟန် မရတော့ပေ။ တစ်ခါတစ်ရံ အငြင်းအခုံများကိုမူကား ရှောင်လွှဲမရပေ။

သူတို့ သုံးယောက်က အိမ်ထဲကို ဝင်လာကြသည်တွင် စားပွဲက ပြင်ဆင်ထားပြီး ဖြစ်သည်။ အသားအရေ ကြမ်းတမ်းသော လူကြီးတစ်ယောက်က သူတို့အား စောင့်ဆိုင်းနေစဉ် မိန်းမတစ်ယောက်က ပန်းကန် ခွက်ယောက်များအား ပြင်ဆင်ခြင်းဖြင့် အလုပ်များ နေပေသည်။

“ဦးလေးကျန်း”

ရီဖူရှင်းက ထိုင်နေသော လူကြီးအား လှမ်းနှုတ်ဆက်သည်။ ဟွာဂျီယူကလည်း နောက်ဖေးကို လှမ်းသွားကာ မိန်းမကြီးအား ပြောသည်။

“ကျန်းအဒေါ်၊ ဂျီယူ ကူညီပေးမယ်”

“မလုပ်နဲ့၊ မလုပ်နဲ့၊ ညစ်ပတ် နေပါ့မယ်”

ကျန်းအဒေါ်က ပြုံးလျက် ငြင်းဆန်သည်။ နတ်မိမယ်အလား မိန်းကလေးက ဤသို့ပန်းကန် ခွက်ယောက်များ ကိုင်သည်ကို သူမက မည်သို့ ကြည့်ရက် ပါမည်နည်း။

ဦးလေးကျန်းနှင့် ကျန်းအဒေါ်တို့ကား သာမန်လူများသာ ဖြစ်ကြသည်။ သူတို့ကလည်း တန်ခိုးကျင့်သည် ဆိုသည့်တိုင် သူတို့၏အဆင့်ကား အခြေခံမျှသာ ရှိသည်။ သူတို့ကား မှော်ထိန်းချုပ်သူများပင် မဟုတ်ရာ အသက်အရွယ် ကြီးရင့်ကြပေသည်။

ရာရာက ကျေးရွာတွင် နေထိုင်သည့်အပြင် အသက်ကလည်း ငယ်ရွယ်သေးရာ သူမ နားမလည်သည့် အရာများစွာ ရှိနေပေသေးသည်။ သို့သော်လည်း သာမန်လူများ ဖြစ်ကြသော ကျန်းဇနီးမောင်နှံက ရာရာကဲ့သို့သော ပါရမီရှင်ကို မည်သို့ မွေးထုတ်နိုင်စွမ်း ရှိပါမည်နည်း။

“ဦးလေးကျန်း၊ ခင်ဗျားရဲ့ အသားအရေတွေက ပိုပြီး နုလာတယ်”

“အဲဒါ မင်းပေးတဲ့ ဆေးလုံးကြောင့် ဖြစ်မယ်၊ ဆေးစွမ်းရည်က တော်တော် အားကောင်းတယ်၊ ငါ့ခန္ဓာ အစိတ်အပိုင်းတွေက ပိုပြီး နုပျိုအားကောင်း လာတယ်လို့ ခံစားရတယ်၊ မင်းကို တကယ်ပဲ ကျေးဇူးတင်တယ်”

ဦးလေးကျန်း၏မျက်နှာတွင် ပျော်ရွှင်သော အမူအရာအား မြင်ရသည်။ ဆေးလုံးကား ဖီးနစ်ထံမှ ရသည်။ ဆေးလုံးက အသက်ဓာတ် ပြည့်ဝစေကာ ခန္ဓာအတွင်းမှ အညစ်အကြေးများကို သန့်စင်ပေးသည်။ ဆေးက တန်ဖိုး သိပ်ကြီးခြင်း မရှိရာ ရီဖူရှင်းက ကျန်းဇနီး မောင်နှံတို့အား လက်ဆောင်အဖြစ် ပေးနိုင်ပေသည်။

ရီဖူရှင်းက ပြန်ပြောသည်။

“ရပါတယ် ဦးလေးကျန်း၊ ရာရာက ကျွန်တော့် ညီမလေးပဲကို”

ရာရာက ခါးထောက်ကာ ရီဖူရှင်းကို ပြန်ရန်တွေ့သည်။

“အဓိပ္ပာယ် မရှိတာ၊ ဘယ်သူက လက်ခံလို့လဲ”

ရီဖူရှင်းက သူမအား ပြုံးလျက် ကြည့်သည်။

“တော်တော်တောင် ကြာပြီ၊ အခုထိ ဝန်မခံသေးဘူးပေါ့”

ရာရာက တစ်ဖက်ကို လှည့်သွားသည်။

“မေ့သွားပြီ”

ဦးလေးကျန်းက ရာရာ၏ခေါင်းကို ဒေါက်ခနဲ ခေါက်ကာ ပြောသည်။

“ဒီကလေးမ”

“မင်းက ဖူရှင်းကို အစ်ကို တော်ရတာ ဘာများ နစ်နာသွားလဲ”

ရာရာက ရှုံ့မဲ့စွာ ပြောသည်။

“အဖေတောင်မှ သူ့ဘက်က ဖြစ်နေပြီ”

“မင်းအဖေ ပြောတာ မှန်တယ်၊ မင်းက ဖူရှင်းနဲ့သိရတာ ကံကောင်းတယ်”

ကျန်းအဒေါ်ကလည်း ပြုံးသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က ရာရာအား မည်သို့ ဆက်ဆံသည်ကို သူတို့ ကောင်းကောင်း သိကြပေသည်။ ရာရာကား သူတို့၏ညီမလေးအလား ထင်မှတ် ရပေသည်။

သို့သော် ကလေးမကား သူမ၏အစ်ကိုအား အသိအမှတ်ပြုရန် ရင့်ကျက်ခြင်း မရှိပေ။

ရာရာ၏မျက်လုံးများက ပြူးကျယ် သွားသည်။ ဤအိမ်က ဘယ်သူ့အိမ်များလဲ။

ကျန်းအဒေါ်က …

“ဖူရှင်း၊ သမီးလေးကို စိတ်မဆိုးနဲ့၊ တစ်ရွာလုံးက သူ့ကို အလိုလိုက် ထားကြတော့ ဆိုးသွမ်းနေတာ”

“သေချာတာပေါ့၊ သူက ဒီလိုပုံစံနဲ့လည်း ချစ်စရာ ကောင်းတာပဲ”

ရီဖူရှင်းက စိတ်ထဲ မထားဟန်ဖြင့် ပြောသည်။ ထို့နောက် သူက မေးသည်။

“ကျန်းအဒေါ်၊ ကျေးရွာ ခေါင်းဆောင်နဲ့ ရွာသားတွေက ရာရာကို အရမ်း ချစ်ကြမှာပေါ့”

“သူတို့ အလိုလိုက်လို့ ဒီလောက် ဆိုးသွမ်းနေတာ၊ သူတို့တွေက သမီးလေးကို ရတနာလိုပဲ တဖွဖွထားကြတော့ အစွမ်းကုန် ဆိုးသွမ်းနေတာလေ”

ရီဖူရှင်းက ခေါင်းညိတ်သည်။

“ကလေးမက အရမ်း ဉာဏ်များတယ်၊ ဒီဆယ့်ငါးနှစ် အတွင်းမှာ သူမက ပြဿနာတွေ ဘယ်လောက်တောင် ရှာလိုက်မလဲ”

ရာရာက ဘေးမှ သဘောမကျစွာ ဝင်ပြောသည်။

“ရှင်ပဲ ပြဿနာ ရှာတဲ့လူ”

“ဒါက သဘာဝပါပဲ၊ ဒီကလေးမက ဉာဏ်များတယ်၊ ကျေးရွာ ခေါင်းဆောင်က သူ့ကို အမြဲတမ်း ဂရုစိုက်ပေးလို့သာပေါ့၊ ဒီနည်းနဲ့ သူက ကောင်းကောင်း နေနေရတာပါပဲ”

ကျန်းအဒေါ်၏အပြုံးက ရိုးသား သန့်စင်လွန်းသည်။ ရီဖူရှင်းကလည်း သူမကို ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်သည်။

ဦးလေးကျန်းက အားလုံးကို လက်ယပ် ခေါ်ကာ ပြောသည်။

“ဟင်းတွေ အေးကုန်တော့မယ်။ ဖူရှင်း၊ ဂျီယူ၊ လာစားကြ”

ရီဖူရှင်းကလည်း ခေါင်းညိတ်သည်။

“အင်း၊ စားရင်း ပြောကြတာပေါ့”

ညစားစားပွဲတွင် သူက မေးခွန်းအချို့အား တမင် မေးခဲ့သည်။ ကောင်းကင်က ပိုမို၍ မှောင်မဲလာသည်တွင် သူတို့က စားသောက်ပြီး အိမ်လေးထဲမှ ပြန်ထွက်လာခဲ့ကြသည်။

ရာရာက ရီဖူရှင်းတို့အား လိုက်ပို့သည်။

ဟွာဂျီယူက ပြုံးလျက်ပြောသည်။

“ရာရာ၊ ပြန်သွားတော့”

ရာရာက ခေါင်းညိတ်ကာ ပြန်ပြောသည်။

“မမတို့ ပြန်တာ ကြည့်နေမယ်”

“ကောင်းပြီ”

ဟွာဂျီယူနှင့် ရီဖူရှင်းတို့ကလည်း နောက်လှည့်ကာ ထွက်လာကြသည်။ ထိုအခိုက်တွင်ပင် တိုးညင်းသော အသံလေးတစ်သံ ထွက်လာသည်။

“အစ်ကိုကြီး”

ရီဖူရှင်း၏ ခြေလှမ်းများက ရပ်တန့်သွားပြီး နောက်ကို ပြန်ကြည့်သည်။ ထိုအခိုက်တွင် ကလေးမက လျှပ်စီးအလား အိမ်ထဲကို ဝင်ရောက် ပျောက်ကွယ်သွားပြီး တံခါးကို ဒုန်းခနဲ ပိတ်လိုက်သည်ကို မြင်လိုက်ကြရသည်။

“ဒီကလေးမကလည်း ရှက်တတ်သေးတာပဲ”

ရီဖူရှင်းက ပြုံးလိုက်သည်။

“ငါ ကြားလိုက်တယ်”

ထို့နောက် သူတို့နှစ်ယောက်က လက်ချင်းချိတ်၍ ထိုနေရာမှ ထွက်လာကြသည်။

“ဘယ်လိုလဲ”

ဟွာဂျီယူက ရီဖူရှင်းအား စိတ်ဖြင့် လှမ်းမေးသည်။

“ဦးလေးကျန်းနဲ့ ကျန်းအဒေါ်တို့ ပြောစကားတွေက ရင်ဘတ်ထဲက လာတာ၊ သူတို့ လိမ်ညာနေတာ မရှိဘူး၊ ရာရာရဲ့ အပြုအမူတွေ အရလည်း ကျေးရွာ ခေါင်းဆောင်နဲ့ ရွာသားတွေမှာ ဆိုးဝါးတဲ့ အကြံအစည် ရှိနေတယ်လို့ မခံစားရဘူး”

ရီဖူရှင်းက ဆက်ပြောသည်။

“ငါနားမလည်တာ တစ်ခုရှိသေးတယ်၊ ရာရာကို သူတို့မွေးထားတာ မဟုတ်ဘူးဆိုတာ သေချာနေရက်နဲ့ ကျန်းအဒေါ်က ဘာလို့ သူမကိုယ်တိုင် မွေးထားတာလို့ ယုံကြည် နေရတာလဲ၊ ဒါက မဖြစ်နိုင်တာပဲကို”

လွတ်လပ်ခြင်း ကျင့်စဉ်ကား အလွန် ထူးဆန်းပေသည်။ သူတို့က တန်ခိုး အဆင့်နိမ့်ကြရာ ရီဖူရှင်းအား လိမ်ညာ၍ ရမည်မဟုတ်ပေ။ သူက ဦးလေးကျန်းနှင့် ကျန်းကတော်တို့အား မသိမသာအားဖြင့် အကဲခတ်ခဲ့ခြင်းမျှသာ ဖြစ်သည်။ သူက ဆုံးဖြတ်ချက် မပြုလုပ်မီ အချို့သော အကြောင်းအရာများအား ရှင်းလင်းစွာ နားလည်ရန် လိုအပ်ပေသည်။ ယခုကား သူက ပိုမို၍ပင် စိတ်ရှုပ်ထွေးရ၏။

ဟွာဂျီယူက ပြုံးလျက်ပင်…

“အားလုံးက ငါတို့ကို စောင့်နေကြတယ်၊ တွေးနေတာတွေကို ခဏရပ်ပြီး သွားရအောင်”

“ကောင်းပြီ”

သူတို့နှစ်ယောက်က သတ်မှတ်ထားသော နေရာသို့ ရောက်လာကြပြီ ဖြစ်သည်။ ရှေ့တွင်ကား လူတစ်စု ထိုင်နေကြ၏။ သူတို့ကား မြေရိုင်းပြည်နယ်မှ လူများဖြစ်ကြပေသည်။

သူတို့အားလုံး တန်ခိုးမကျင့်သည့် အချိန်အခါမျိုးကား အလွန်တရာ ရှားရှားပါးပါး ဖြစ်၏။ မည်သို့ဆိုစေ ဤသို့သော နေ့ရက်မျိုးကလည်း တစ်နှစ်မှ တစ်ခါကြုံရသည် မဟုတ်ပါလား။ ဤအချိန်တွင် အားလုံးက ဆုံတွေ့ကာ စားသောက် စကားပြောခြင်းကား ကောင်းမွန်သော ကိစ္စဖြစ်သည်။

သို့သော်လည်း အချို့ကား အတူတူ ရှိမနေပေ။ မည်သို့ဆိုစေ သူတို့က မိသားစုများနှင့် အလှမ်း ကွာဝေးသော ဒေသတွင် မဟုတ်ပါလား။

“သူတို့ လာပြီ”

လူအုပ်က ရီဖူရှင်းနှင့် ဟွာဂျီယူတို့ လျှောက်လာ သည်ကို မြင်ကြသည်။

သူတို့နှစ်ယောက်က ကျန်လူများနှင့်အတူ ထိုင်လိုက်ကြသည်။ အားလုံးက မီးပုံတစ်ခုအား ဝိုင်းဖွဲ့ ထိုင်နေကြခြင်း ဖြစ်သည်။ သူတို့ထံသို့ အသားကင်နှံ့က မွှေးကြိုင် သင်းပျံ့စွာ ပျံ့လွင့်လာ၏။ ကျွေ့ချိန်ချူထံမှ သေရက်နံ့များ ပျံ့လွင့်လာသည်။ သူကား မည်သည့် နေရာတွင်မဆို အကန့်အသတ်မဲ့သော သေရည်များအား ထောက်ပံ့ ပေးနိုင်ပေသည်။ သူ့တွင် မည်မျှ များပြားသော သေရည်များ စုဆောင်းထားသည်ကို ဘုရားမှသာ သိပေလိမ့်မည်။

ထိုအခိုက်တွင် စုချွဲက လက်တွင် ဓားမြှောင် တစ်လက်အား ကိုင်ဆောင်ကာ အသားများအား စတင်လှီးဖြတ်သည်။ ချက်ချင်းပင် မွှေးကြိုင်သော အသားကင်ရနံ့က ပိုမိုအားကောင်းစွာ ထွက်လာသည်။ ဘေးတွင် သိမ်းငှက်နက်က အတောင်ပံများကို တဖျတ်ဖျတ် ခတ်ကာ ခုန်ပေါက်၏။ ပါးစပ်မှလည်း လျှာရည်များ တသွင်သွင် စီးကျနေကာ အသားကင်များအား အသာငမ်းငမ်း ကြည့်နေသည်။

“ကဲ လာကြ၊ သောက်ရအောင်” ကျွေ့ချိန်ချူက သေရည်ခွက် အနည်းငယ်ကို ထုတ်ယူကာ တစ်ယောက်ချင်းစီအား သေရည်များ ထည့်ပေးသည်။ ထို့နောက် စုချွဲက သူ လှီးဖြတ်ထားသော အသားများအား ပန်းကန်များဖြင့် ထည့်ကာ ကမ်းပေးသည်။

နောက်ဆုံးတွင် သူတို့ကား နှစ်ကုန်စားပွဲ၏ ခံစားချက်မျိုးကို ရရှိခဲ့ကြသည်။

မည်သို့ဆိုစေ ဤ သူတို့အတွက် အစဉ်အလာတစ်ခု ပြီးမြောက်ခဲ့သည် ဆိုရပေမည်။

ရီဖူရှင်းက သူ၏သေရည်ခွက်ကို မြှောက်ကာ အားလုံးကို ပြောသည်။

“နန်းတော် ခေါင်းဆောင် နေရာကို လက်ခံပြီး နောက်ပိုင်း ကျုပ်က ရှီနန်းတော်မှာပဲ တစ်နှစ်လုံးလုံး လေ့ကျင့်နေခဲ့ရတယ်၊ အခု နှစ်ကုန်မှလည်း သေးငယ်တဲ့ ညစာစားပွဲ တစ်ခုကိုပဲ စီမံနိုင်တယ်၊ အကြီးအကဲများနဲ့ မိတ်ဆွေများ၊ အစ်ကို၊ အစ်မတို့ အားလုံးကို ကျုပ်က အများကြီး ပြောမနေတော့ပါဘူး၊ ကဲ သောက်ကြရအောင်”

သူက ထိုသို့ပြောပြီး သေရည်ခွက်အား မော့ချလိုက်သည်။ အားလုံးကလည်း ခွက်ကို မြှောက်ကာ သောက်လိုက် ကြသည်။

ကျူးကော့ချန်းဖန်က …

“တကယ်လို့ တန်ခိုးရှင်တွေက ပိုပြီး အဆင့် မြင့်တက်ချင်တယ် ဆိုရင် သူတို့က တစ်နေရာတည်းမှာပဲ စတည်းချနေလို့ မရဘူး၊ မင်းက တစ်ခုကို ရဖို့ တစ်ခုကို အဆုံးရှုံးခံရမှာပဲ၊ ဒါဆို ဘာလို့ သေးငယ်တယ်လို့ တွေးရမှာလဲ၊ အတိတ်က နန်းတော်ထက် အခု နန်းတော်ရဲ့ အငွေ့အသက်ကို ငါ ပိုသဘောကျတယ်၊ ဝမ်ရှင်း မင်းကရော ဘယ်လိုထင်လဲ”

ဝမ်ရှင်းက …

“အမှန်ပဲ၊ အတိတ်က နန်းတော်ကို တော်ဝင်မြေလို့ ပြောပေမဲ့ အနှစ်မပါ အခွံသတ်သတ်သာ ရှိတဲ့ တော်ဝင်မြေပဲ၊ အခု နန်းတော်က တကယ့် အရှိတရားနဲ့ ပိုနီးစပ်တယ်လို့ ခံစားရတယ်၊ လောကကြီးကို ပိုပြီး ခြေဆန့် နိုင်လာတယ်”

ဟောကိန်းတွင် ပျက်စီးခြင်း မရှိဘဲ အသစ် ဖြစ်တည်ခြင်း မရှိဟု ဆိုသည်။

ယခု လက်ရှိ နန်းတော် ခေါင်းဆောင်က မြေရိုင်းပြည်သားတို့အား လောက အပြင်ဘက်သို့ ခေါ်ဆောင် လာသည်။ သူတို့ကား ပိုမိုအားကောင်းသော အဆင့်အတန်း တစ်ခုသို့ ဦးတည် သွားနေသည် ဟုလည်း ခံစားရသည်။

“အခု ပြောရမှာ နည်းနည်း စောနေသေးတယ်” ရီဖူရှင်းက ပြုံးလျက် ခေါင်းယမ်းသည်။ ယခု သူတို့၏လက်ရှိ ရည်ရွယ်ချက်ကား တန်ခိုးကျင့်ကာ ရှန့်ထိုအဆင့်သို့ တက်လှမ်းရန်မှတပါး အခြားမရှိပေ။ ဤနည်းဖြင့်သာ သူတို့က တခြား တော်ဝင်မြေများနှင့် ရင်ပေါင်တန်း နိုင်ပေမည်။

ဓားသခင်က …

“ငါတို့ လျှောက်လှမ်းသမျှ ခြေလှမ်းတိုင်းကတော့ ခြေရာကျန်ရစ်မှာပဲ၊ ငါတို့က ဖြစ်စဉ်ကို မခံစားသည့်တိုင် ခြေလှမ်းတိုင်းက တန်ဖိုး ကြီးမားတယ်”

“ညီငယ်လေး၊ မြေရိုင်းပြည်နယ်တုန်းက ကော့တေးတပည့်တွေ ရှန့်ထိုဖြစ်မယ်လို့ စိတ်ကူးဖူးလား”

ရီဖူရှင်းက သူ၏အစ်ကိုကြီး၊ ကျူးကော့မင်းယွီ၊ ဂူတုံးလျို၊ ရွှီယီ၊ လျိုဖန်းနှင့် ယိရှောင်ရှီတို့ကို ကြည့်သည်။ ကျူးကော့ မိသားစုတွင် ကျန်ရစ်သော ပေ့ထင်ရှင်းအာမှ လွဲ၍ ကော့တေး တပည့်များ အားလုံး စုံညီစွာ ရှိနေကြသည်။

ရီဖူရှင်းက ခွက်ကို ချ၍ ပြောသည်။

“မှန်တယ်၊ အရင်တုန်းက အရှေ့မြေရိုင်း ဒေသမှာဆိုရင် ရှီအဆင့်က ဒဏ္ဍာရီထဲမှာပဲ ရှိတယ်”

ထို့နောက် သူက ခွက်ကို ထပ်မံ၍ မြှောက်ကာ ပြောသည်။

“အစ်ကိုကြီး၊ အစ်မ၂၊ အစ်ကို၃ … ကော့တေးအတွက် ချီးယား၊ ကော့တေး တပည့်တွေ အကုန်လုံးက ရှီနဲ့ရှန့်ထိုတွေ ဖြစ်ကြမယ်”

ကော့တေး တပည့်များ အားလုံး ခွက်ကို မြှောက်လိုက်ကြသည်။ သို့သော် ဂူတုံးလျိုက သေရည်ကို မသောက်ဘဲ ပြောသည်။

“ညီငယ်လေး၊ မင်းအပေါ် ဆရာရဲ့ မျှော်လင့်ချက်က ရှန့်ထိုလောက်ပဲ မဟုတ်ဘူး”

ရီဖူရှင်းက ခေါင်းညိတ်သည်။

“မှန်တယ်”

“ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး၊ ဒါက ကော့တေး တပည့်တွေ အကုန်လုံးပဲ”

“အမှန်ဆုံးပဲ”

ဟောင်ကျူဂီကလည်း ထောက်ခံသည်။

“လူတွေက သူတို့ကိုယ်သူတို့ပဲ ကန့်သတ်ကြတယ်၊ အချို့သော အရာတွေက ပုံပြင်ထဲမှာပဲ ရှိပြီးတော့ တကယ် ဖြစ်မလာနိုင်ဘူးလို့ ယုံကြည်ကြတဲ့အတွက် ကြိုးစား အားထုတ်မှု မရှိတဲ့အခါ တကယ်လည်း ဖြစ်မလာခဲ့ဘူး၊ ဒါကြောင့် လူတစ်ယောက်ရဲ့ အနာဂတ်ကို သူကိုယ်တိုင်ရဲ့ အသိအမြင်ကပဲ ဆုံးဖြတ်တယ်လို့ အဖေက အမြဲပြောခဲ့တယ်”

မြေရိုင်းပြည်နယ်က ရှန့်ထိုအဆင့်အား ဒဏ္ဍာရီသဖွယ် မှတ်ထင် ထားကြသည်။ သူတို့အတွက် ရှန့်ထိုအဆင့်ကား မျှော်မှန်း တမ်းတ မရနိုင်သော အဆင့်ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက သိပ်ဂရုမစိုက်ပေ။ သူက လက်ရှိတွင် ရုန်းကန် နေရသော်လည်း ရှန့်ထိုအဆင့်ကို မူကား တန်ခိုးကျင့်ခြင်း၏ လှေကားထစ်တစ်ခု သဖွယ်သာ သူက သတ်မှတ်သည်။

ဝမ်ရှင်းက လူငယ်များအား ကြည့်သည်။ သူတို့ကား ငယ်ရွယ်နုပျိုကြ သေးသော်လည်း သူတို့၏ အနာဂတ်များအား သူက မြင်ယောင်မိနေပြီ ဖြစ်သည်။ မြေရိုင်းပြည်နယ်ကား သည်လူငယ်များ လက်ထက်တွင် ကောင်းမွန်သော အနာဂတ်များအား ပိုင်ဆိုင်ပေမည်။

မည်သို့ဆိုစေ ယူချင်းကား ပြည်နယ်ကိုးခု ညီလာခံ၏ ပထမနေရာကိုပင် ရယူနိုင်ခဲ့သည် မဟုတ်ပါလား။

ယန်ဟောင်နှင့် ယန်ကျန်းတို့၏ အမြင်မူကား ကွာခြားပေသည်။ ယန်ဟောင်က ရီဖူရှင်းအား ကြည့်ကာ တွေးသည်။ ရှန့်ထိုလား။ ပုံမှန်အားဖြင့် ထိုမျှလောက်က ရီဖူရှင်း၏အနာဂတ် မဟုတ်ပေ။ သူကား နှင်းလူဝံ အင်ပါယာကိုယ်တိုင် ဒူးထောက်ရသော သမိုင်းနောက်ခံအား ပိုင်ဆိုင်သူ မဟုတ်ပါလား။

အမှောင်ထုက တဖြည်းဖြည်း ပိုမို သိပ်သည်းလာခဲ့သည်။ မီးတောက်များက သူတို့၏ မျက်နှာများအား ထင်ဟပ်နေကြကာ အားလုံးကလည်း အနည်းငယ် မူးယစ် ယီဝေနေကြပြီ ဖြစ်သည်။

သူတို့အား မူးယစ်ယီဝေ စေသည်မှာလည်း သူတို့၏ စိတ်ခံစားချက်များသာ ဖြစ်ပေလိမ့်မည်။ စကားများ ပြောရင်းဖြင့်ပင် သူတို့က နောက်ဆုံးတွင် အလျှိုလျှို ထပြန်ကြသည်။

နေမင်း၏ လင်းရောင်ခြည်က မနက်ခင်းကို ကြိုဆိုသည်တွင် ကောင်းကင် ပြက္ခဒိန်၏ ၁၀၀၁၂ခုနစ်ကို ရောက်လာပြီဟု သတ်မှတ် နိုင်ပေသည်။

နှစ်သစ်တွင်ကား ကျေးရွာကလေးက ယခင်အတိုင်း တိတ်ဆိတ်နေမြဲ ဖြစ်သည်။ သို့သော်လည်း ရက်များမကြာမီ ကျေးရွာသို့ လူများ တစ်စုပြီးတစ်စု ရောက်ရှိ လာခဲ့ကြတော့သည်။

သိသာစွာပင် ပြည်နယ်ကိုးခုမှ လူများက သတင်းများကို ကြားသိကာ သင်္ချိုင်းကုန်းကျေးရွာသို့ ရောက်လာကြခြင်း ဖြစ်ပေသည်။

တစ်နေ့တွင် ရီဖူရှင်းက အိမ်ကလေး၏တံခါးဝတွင် ထိုင်ကာ နေပူဆာ လှုံနေသည်။

ဂျီယူနှင့် ရာရာတို့က သိပ်မဝေးသော နေရာတွင် ရှိနေပေသည်။ ထိုစဉ်မှာပင် လူတစ်စုက သူတို့ထံကို လျှောက်လာကြကာ ရှေ့ဆုံးမှ ဦးဆောင်လာသူကား ယင်ဖြစ်သည်။

ရီဖူရှင်းက ခေါင်းမော့ကာ သူတို့အား ကြည့်သည်။ ယင်က ရီဖူရှင်းထံကို လျှောက်လာရင်းက ရာရာကို လှမ်းခေါ်သည်။

“ရာရာ”

“အစ်ကိုယင်၊ ဘာလို့ ဒီကို ရောက်လာတာလဲ”

ယင်က ဘာမှ မပြောဘဲ ရီဖူရှင်းဘက်ကို လှည့်လာကာ…

“ဒီမှာနေတာ ကြာပြီ၊ ဘာမှ မလုပ်သေးဘူး၊ မင်း သဘောတူလား”

ပြီးခဲ့သော နေ့ရက်များတွင် ရီဖူရှင်းက သဘောတူခြင်းလည်း မရှိသလို ငြင်းပယ်ခြင်းလည်း မပြုရသေးပေ။

သူကား စောင့်ဆိုင်းနေသည်။

“ငါ မဆုံးဖြတ်ရသေးဘူး” ရီဖူရှင်းက ပျင်းရိစွာ ပြောသည်။

“မင်း မလုပ်ရဲဘူးဆိုလည်း သွားလို့ရတုန်း ထွက်သွားလိုက်တော့” ယင်က အေးစက်စွာ ပြောသည်။

ရီဖူရှင်းက ယင်ကို ကြည့်သည်။ သူက ကိစ္စရပ်များအား မည်မျှ သိထားသနည်း။

“ကျေးရွာ ခေါင်းဆောင်က မင်းကို တွေ့ချင်တယ်” တုံးတိတိပြောကာ ယင်က နောက်လှည့် ထွက်သွားသည်။

“သူက ဆက်ပြီး မစောင့်နိုင်တော့ဘူးပေါ့”

ရီဖူရှင်းက ထရပ်ကာ ရေရွတ်သည်။ ရာရာက သူ့ထံကို လျှောက်လာ၏။

“ရာရာ အဖော် လိုက်ပေးမယ်”

“ဒီမှာပဲ မင်းအစ်မနဲ့ ကျန်နေခဲ့”

ရီဖူရှင်းက သူမ၏ခေါင်းကို ပုတ်ကာ ထိုနေရာမှ ထွက်ခွာ လာခဲ့သည်။

ရီဖူရှင်း ထွက်သွားပြီး နောက်ပိုင်း ဝမ်ရှင်းနှင့် တခြား လူများကလည်း ရောက်လာကာ ရီဖူရှင်း အပြန်ကို စောင့်နေကြသညည်။

သိပ်မကြာခင် ရီဖူရှင်းက ပြန်ရောက် လာသည်။

“ဘယ်လိုလဲ”

ဝမ်ရှင်းက မေးသည်။ ကျေးရွာ ခေါင်းဆောင်က ရီဖူရှင်းကို အဘယ်ကြောင့် ခေါ်သနည်း။

ရီဖူရှင်းက ပြုံးလျက်ပြောသည်။

“ဒီကစားပွဲမှာ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကစားသမားလို့ ထင်တာ၊ အခုမှ တခြားလူရဲ့ ကစားကွက်မှာ နယ်ရုပ်ဖြစ်နေမှန်း သိတယ်”

ဝမ်ရှင်းက နားမလည်စွာ ကြည့်သည်။ ဟွာဂျီယူကလည်း လျှောက်လာကာ သူ့အားကြည့်သည်။

ဝမ်ရှင်းက…

“ဒါဆို မင်းက ဆုံးဖြတ်ပြီးပြီပေါ့”

ရီဖူရှင်းက ခေါင်းညိတ်ကာ…

“ကျွန်တော်က စစ်တုရင် နယ်ရုပ်တစ်ရုပ် ဆိုရင်တောင်မှ ကစားကွက် တစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့ နယ်ရုပ် ဖြစ်ရမယ်”

***

All Chapters