← Chapters

တီဗွီကနေ တခြားပစ္စည်းပုံစံတွေဝယ်လို့ရလား? ၂

Vol. 17 Ch. 242

တီဗွီကနေ တခြားပစ္စည်းပုံစံတွေဝယ်လို့ရလား? ၂

Vol. 17 Ch. 242

ဘာပဲဖြစ်ဖြစ် သတို့သမီးခန်းက တစ်ညကိုယွမ် ၃၅၀ ကျသည်။ သတို့သမီးခန်းကိုကြိုတင်ယူသည်နှင့် ယွမ် ၂၀၀ သုံးပြီးဖြစ်၍ အကျိုးအမြတ်ကိုအခမဲ့ယူနိုင်ပြီဖြစ်သည်။

ဝမ်ကူက မနက်စောစောနိုးလာပြီး အညောင်းဆန့်လိုက်၏။

သူဝတ္ထုစရေးကတည်းက စိတ်ရှိလက်ရှိမအိပ်ခဲ့ရ။ ပြီးခဲ့တဲ့တစ်လလုံး မနက် ၂ နာရီ ၃ နာရီမှသာအိပ်ရသည်။

မနေ့ညက လုံးဝနှစ်နှစ်ခြိုက်ခြိုက်အိပ်ခဲ့ရ၏။ သူပိုဝမ်းသာရသည်က အကျိုးအမြတ်အဖြစ်ရသောနံ့သာမှာ ၁၀ ကြိမ်မကသုံး၍ရသည်။ အဓိကအချက်မှာ နံ့သာဖြူနံ့သာမှုန့်ရသော တခြားခရီးသည်များဆီကလည်း နည်းနည်းထပ်ဝယ်၍ရခဲ့သေးသည်။

ဒါကိုသတိမထားမိသောခရီးသည်မှာ နောင်တရကောင်းရလိမ့်မည်။

သတို့သမီးခန်းမှထွက်လာပြီးနောက် မျက်နှာချင်းဆိုင်သတို့သမီးခန်းအပြင်တွင် ဝမ်ရန်နှင့်စုကျွမ်လမ်းလျှောက်နေသည်ကိုတွေ့ရသည်။ ခပ်မိုက်မိုက်ဦးထုပ်နှင့် မိန်းကလေးဆန်ဆန်ဝတ်စားထားပြီး မိတ်ကပ်ပါးပါးလိမ်းခြယ်ထားသောစုကျွမ်က သူ့ကိုလည်ပြန်ကြည့်မိစေ၏။

မိန်းမကောင်းလေးနှင့်တူပြီး လှလည်းလှသည်။ ဝမ်ရန်ကိုတကယ်မနာလိုဖြစ်မိသည်။ ဒီလိုမိန်းကလေးမျိုးကို သူဘယ်လိုလုပ်ရှာနိုင်တာလဲ?

“ဝမ်ကူ... မင်းလည်းနိုးနေပြီလား?” ဝမ်ရန်က ဝမ်ကူကိုမြင်ပြီး အပြုံးနှင့်နှုတ်ဆက်လိုက်သည်_ “မနေ့ညက အိပ်လို့ကောင်းတယ်မလား?”



“အင်း” ဝမ်ကူခေါင်းညိမ့်လိုက်သည်_ “အာနိသင်က အရမ်းထိရောက်တယ်... တကယ်လို့ နည်းနည်းလောက်ထပ်ဝယ်ပြီး ညတိုင်းထွန်းအိပ်မယ်ဆိုရင်ပေါ့... အိပ်မပျော်တာ အရမ်းဆိုးတယ်ကွ”

ဝမ်ရန်ကခေါင်းခါလိုက်ပြီး_ “ချင်းလင်စံအိမ်က အရမ်းကောင်းတာငါသိတယ်... သူတို့ပစ္စည်းတွေက အမြဲတမ်းရှားရှားပါးပါး... မဟုတ်ရင်လည်း အကန့်အသတ်နဲ့... ဝယ်ရတာ အရမ်းခက်တယ်”

ဝမ်ကူကမေးလိုက်သည်_ “စျေးထဲမှာ နံ့သာဖြူဝယ်ရတာမခက်လောက်ဘူးမလား?”

ဝမ်ရန်ကစလိုက်၏_ “စျေးကွက်ထဲမှာ နံ့သာဖြူတွေအများကြီးရှိပါတယ်... ဒါပေမဲ့ နံ့သာဖြူကအိပ်လို့ကောင်းတယ်လို့ သူများပြောတာကြားဖူးလို့လား? အရင်က ကျွမ်းကျင်ပါမောက္ခတစ်ဦးထုတ်ပြောဖူးတယ်ထင်တယ်... နံ့သာဖြူလည်းဟုတ်တယ် ဒါပေမဲ့ အရည်အသွေးလည်းလိုတယ် ဟုတ်တယ်မလား?”

သူကပြောပြောဆိုဆို သူ့ဖုန်းကိုင်ကာ Weibo ဖွင့်လိုက်သည်။ သူ့အကောင့်ထဲဝင်ပြီး နံ့သာဖြူနံ့သာအာနိသင်အကြောင်းဗီဒီယိုတစ်ပုဒ်ပို့ရန်ပြင်လိုက်၏။

သို့သော် သူဖွင့်ဖွင့်ချင်း စံအိမ်၏နံ့သာဖြူနံံ့မှာ ရေပန်းစားခေါင်းစဉ်ဖြစ်နေကြောင်းတွေ့ရ၍ ကြောင်သွားသည်။

သူနောက်ကျသွားပြန်ပြီ။

“ဒီလူတွေကမြန်လိုက်တာ?” ဝမ်ရန်မအံ့သြဘဲမနေနိုင်တော့။ နောက်ဆုံး မတတ်သာဘဲ ဝမ်ကူကိုသာဖိတ်ခေါ်လိုက်သည်_ “မတွေ့တာကြာပြီကွာ... မနက်စာအတူတူသွားစားရအောင်... ဒါနဲ့ မင်းရေးနေတာ ဘာစာအုပ်လဲ? ငါဖတ်ကြည့်ပြီး မင်းကိုဆုကြေးပေးမယ်”

…

ရထားဘူတာရုံ၌_

မနက်အစောကြီး လူကြီးနှစ်ဦးမှာ ရထားပေါ်မှဆင်းပြီး စောင့်ဆိုင်းသည့်နေရာသို့လျှောက်သွားလိုက်သည်။

“လောင်ရန်... မင်းကိုလာကြိုဖို့ လူမခေါ်ဘူးလား?”

“လောင်လျို... သူ့ကိုဒုက္ခပေးစရာမလိုပါဘူးကွာ... ကားငှားသွားရအောင်”

ထိုလူကြီးနှစ်ဦးမှာ ပါမောက္ခရန်နှင့် လီခိုင်မှကြားခံဆက်သွယ်ပေးရန်ယုံကြည်အပ်နှံထားသော မင်မြို့တော်မှပါမောက္ခလျိုဖြစ်သည်။

ပါမောက္ခနှစ်ဦးနောက်တွင် လူငယ်နှစ်ဦးက လက်ဆွဲသေတ္တာများနှင့်လိုက်လာသည်။

သူတို့မှာ ပါမောက္ခနှစ်ဦး၏သုတေသနလက်ထောက်များဖြစ်သည်။



ပါမောက္ခရန်က စောင့်ဆိုင်းနေရာရောက်သောအခါ ကြပ်သိပ်နေသောလူတန်းကိုကြည့်ပြီး လန့်သွားသည်_ “လောင်လျို... ငါတို့ဘူတာမှားတာလား? ဒါစီရင်စုငယ်လေးရဲ့ဘူတာတဲ့လား?”

ပါမောက္ခလျိုကရှင်းပြလိုက်၏_ “မင်းကနေ့တိုင်း သုတေသနကိုပဲအာရုံစိုက်နေတာ... ချင်းလင်စံအိမ်အကြောင်းမှမသိဘဲ... ခရီးသည်တွေက မင်းထင်တာထက်များတယ်... သူတို့က မင်မြို့တော်မှာနာမည်ကြီး”

ခဏအကြာ သူတို့အလှည့်ရောက်လာ၍ ကားနှစ်စီးထဲဝင်လိုက်ကြသည်။

ပါမောက္ခရန်နှင့်ပါမောက္ခလျိုကားထဲရောက်ရောက်ချင်း ကားထဲမှသက်လတ်ပိုင်းအရွယ်ဒရိုင်ဘာကမေးလိုက်သည်_ “လူကြီးမင်းတို့နှစ်ယောက် ချင်းလင်စံအိမ်သွားမှာလား?”

ပါမောက္ခရန်က အံ့သြသွားပြီး_ “မင်းသိတယ်လား?”

ဒရိုင်ဘာကပြုံးပြီး ကားစက်နှိုးကာ_ “ခင်ဗျားတို့နှစ်ယောက်က ပေါ့ပေါ့ပါးပါးခရီးသွားပုံစံနဲ့ နောက်လိုက်လူငယ်တွေလည်းပါတယ်လေ... ချင်းလင်စံအိမ်လည်ဖို့ဖြစ်မှာပေါ့”

ပါမောက္ခလျိုကပြုံးပြုံးနှင့် မေးလိုက်သည်_ “တကယ်လို့ ချင်းလင်စံအိမ်သွားမှာမဟုတ်ဘူးဆိုရင်ရော?”

ဒရိုင်ဘာက ပြုံးလိုက်ပြီး_ “ဒါဆိုရင် ချင်းလင်စံအိမ်ကိုသွားလည်ဖို့ အကြံပေးချင်ပါတယ်ဗျ... အခုရုံချန်းစီရင်စုကိုရောက်နေတာလေ... ချင်းလင်စံအိမ်ကိုမရောက်ဖူးရင် ဒီကိုရောက်ခဲ့တယ်လို့ပြောလို့မရဘူးဗျ”

“ပြီးတော့ ချင်းလင်စံအိမ်က တကယ်ပျော်ဖို့ကောင်းတယ်... ကျွန်တော်လည်း မိန်းမနဲ့သမီးလေးကိုခေါ်ပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်သွားကြည့်ခဲ့တယ်... ယောက်ျားကြီးဖြစ်တဲ့ကျွန်တော်တောင် ပန်းပင်လယ်ရှုခင်းကြောင့် ညှို့ယူခံလိုက်ရတာ... ရွက်လွင့်ရတာလည်း အရမ်းပျော်ဖို့ကောင်းတယ်... ဒါပေမဲ့ ခင်ဗျားတို့အရွယ်လောက်ဆို မစီးတော့ပါဘူး”

“ဒီချင်းလင်စံအိမ်က တကယ်ကောင်းတဲ့ပုံပဲ” ပါမောက္ခရန်နှင့်ပါမောက္ခလျိုက တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။

သူတို့က အသက်ကြီးဉာဏ်စီးသူများဖြစ်၍ ချင်းလင်စံအိမ်ကို ဒရိုင်ဘာချီးကျူးပုံမှာ စိတ်ရင်းနှင့်ဖြစ်ကြောင်းသိကြ၏။

သို့သော် ဒရိုင်ဘာကဆက်ပြီး_ “ဒါပေမဲ့ ခင်ဗျားတို့နည်းနည်းနောက်ကျသွားပြီ... မနေ့ကသာလာခဲ့ရင် ချင်းလင်စံအိမ်က အရမ်းအသက်ဝင်နေမှာ... နောက်ပြီး အကျိုးအမြတ်တွေလည်းရတယ်... ကျောက်ကပ်အားဖြစ်စေတဲ့ဆေးဖက်ဝင်ဝိုင်ရယ် လိပ်ခေါင်းသက်သာတဲ့ဆေးဖက်ဝင်ဝိုင်ရယ် ပြီးတော့ အိပ်ပျော်စေတဲ့နံ့သာမှုန့်”

“တကယ်လို့ ခင်ဗျားတို့နှစ်ယောက်သာ အင်တာနက်ပေါ်ကသတင်းတွေသတိထားကြည့်ရင် ချင်းလင်စံအိမ်ရဲ့ဒီပစ္စည်းသုံးမျိုးက အရမ်းအာနိသင်ရှိတယ်ဆိုတာသိလိမ့်မယ်... ခရီးသည်တွေက အတည်ပြုထားကြပြီ... မနေ့ကကျွန်တော်ဆွဲပေးတဲ့ခရီးသည်တွေအများကြီး တော်တော်စိတ်လှုပ်ရှားနေကြတာ”

ဒရိုင်ဘာ၏အသံမှာ ဂုဏ်ယူသံစွက်နေသည်။

သူကချင်းလင်စံအိမ်ဝန်ထမ်းမဟုတ်သော်လည်း ချင်းလင်စံအိမ်နှင့်ပတ်သက်ရာပတ်သက်ကြောင်းလုပ်ငန်းမှ ဝင်ငွေရနေခြင်းဖြစ်၍ အိမ်ရှင်ကဲ့သို့စိတ်ထားရှိနေသည်။

“ငါလည်း ဆေးဖက်ဝင်ဝိုင်က လိပ်ခေါင်းကုနိုင်တဲ့အာနိသင်ရှိတယ်ဆိုတာ မယုံနိုင်ဘူးဖြစ်နေတယ်” ပါမောက္ခရန်က အပြုံးနှင့်ပြန်ပြောလိုက်၏။

ချင်းလင်ဆေးဖက်ဝင်ဝိုင်၏အာနိသင်ကိုသက်သေပြဖို့ သူလာခဲ့ပြီ။ ပထမက သူ့သိပ္ပံနည်းကျစူးစမ်းချင်စိတ်ကြောင့်။ ဒုတိယက ချင်းလင်စံအိမ်နှင့်အထင်လွဲမှုကို ပြီးပြတ်အောင်ဖြေရှင်းဖို့ပင်။

အွန်လိုင်းပေါ်မှတုံ့ပြန်ချက်များအရ ဆေးဖက်ဝင်ဝိုင်မှာ အလွန်ထိရောက်ပုံရှိသော်လည်း သူကိုယ်တိုင်သက်သေပြချင်သေးသည်။

ကားက မကြာခင်ချင်းလင်စံအိမ်သို့ ဆိုက်ရောက်လာ၏။

သူတို့နှစ်ဦးကားပေါ်မှဆင်းပြီးလျှင် ဒရိုင်ဘာက စေတနာနှင့်သတိပေးလိုက်သည်_ “အစ်ကိုကြီးတို့... စံအိမ်ဝင်ပေါက်မှာ ဓာတ်ပုံရိုက် ဗီဒီယိုရိုက်ဖို့မမေ့နဲ့နော်... ဒီဆိုင်းဘုတ်က ထိပ်တန်းတရုတ်သစ်မွှေးနဲ့လုပ်ထားတာ... ပြီးတော့ နိုင်ငံထဲမှာထိပ်တန်းဆရာချန်ဖုန်းဝူကရေးထားတာ... ယွမ်တစ်သန်းကျော်တန်တယ်... အမှတ်တရမဖြစ်ရင် နှမြောစရာနော်”

All Chapters