ပထမဆုံးမွေးမြူရေးခြံဆောက်လုပ်ခြင်း! မွေးမြူရေးခြံရဲ့အစီအစဉ်သစ်!
Vol. 17 Ch. 247
ချင်လင်က သူ့ဇာတ်ကောင်အဆင့်တက်ကြောင်း အသိပေးစာရသည်နှင့် အဆင့်မြင့်အချက်အလက်ကိုတန်းကြည့်လိုက်သည်။
ဒီတစ်ကြိမ်တွင် သစ်ရောင်းနေရင်း အဆင့်တက်သွားခြင်းဖြစ်၏။
တစ်နည်းဆိုရရင် ဇာတ်ကောင်အဆင့်တက်ခြင်းမှာ အပင်စိုက်ခြင်း၊ သီးနှံရိတ်သိမ်းခြင်းဖြင့်သာ အဆင့်တက်သည်မဟုတ်။ ငါးမျှားခြင်း၊ တောင်တန်းထွက်ကုန်စုဆောင်းခြင်း၊ သစ်ခုတ်ခြင်းဖြင့်လည်းတက်နိုင်သည်။
သူက အဆင့်မြင့်အချက်အလက်ကိုဖတ်ကြည့်လိုက်၏။ ဒီအဆင့်နဲ့ဆို နောက်ထပ်ပွင့်လာမည့်အရာတွေရှိမည်။
အရင်ဆုံး အဆင့် ၁ မြေကွက် ၁၂ ကွက်ကိုဖွင့်လိုက်သည်။ အဆင့် ၂ မြေကွက် ၆ ကွက်၊ အဆင့် ၃ မြေကွက်တစ်ကွက်နှင့် လယ်ကွင်းတစ်ကွင်းလည်း အဆင့်တက်သွား၏။
သို့သော် လက်ရှိချင်လင်၏အာရုံမှာ ထိုမြေကွက်များတွင်မဟုတ်ဘဲ အချက်အလက်သာဖြစ်သည်။ (မွေးမြူရေးခြံပွင့်သွားပြီ)
စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲတွင် မွေးမြူရေးအပိုင်းမှာမပါမဖြစ်ပင်။ ထူးဆန်းသောမွေးမြူရေးတိရစ္ဆာန်အမျိုးအစားများစွာရှိပြီး တိရစ္ဆာန်ပြိုင်ပွဲများရှိသည်။ ထိုပြိုင်ပွဲများမှ ထူးဆန်းသောဆုများရနိုင်၏။
အပြေးပြိုင်ပွဲမှာ တစ်ခုအပါအဝင်ဖြစ်သည်။
ချင်လင်က ဂိမ်းဇာတ်ကောင်အား မွေးမြူရေးခြံနေရာဆီဦးတည်သွားစေလိုက်၏။ ဂိမ်းပုံစံအဟောင်းထဲတွင် မွေးမြူရေးခြံထဲ၌ ကြက်ခြံ၊ မြင်းခြံ၊ နွားခြံကဲ့သို့ မွေးမြူရေးအဆောက်အဦးများရှိသည်။

သူ့မှာရွှေပြားလုံလုံလောက်လောက်ရှိရင် ငွေသုံးပြီး ကြက်ခြံ၊ နွားခြံဝယ်နိုင်သည်။
ဂိမ်းပုံစံအသစ်မှာ ပုံစံအဟောင်းများနှင့် နည်းနည်းကွာ၏။ ဂိမ်းဇာတ်ကောင်အဆင့်မမြင့်သေးလျှင် မွေးမြူရေးခြံကိုသော့ခတ်ထားပြီး စောင့်ဆိုင်းနေရသည့်အခြေအနေဖြစ်သည်။
(မွေးမြူရေးခြံဖွင့်ဖို့ ရွှေပြားသုံးချင်ပါသလား?)
ကြည့်။ ပုံစံအသစ်က မပြီးနိုင်ဘူး။ မွေးမြူရေးခြံဖွင့်ဖို့တောင် ရွှေပြားလိုသေးသတဲ့။
ဂိမ်းစီစဉ်တဲ့ကောင်ကို ခွေးတိရစ္ဆာန်ကောင်လို့သာ ပြောချပစ်တော့သည်။
ကံကောင်းလို့ သစ်ခုတ်ထားတာနဲ့၊ သတ္တုတွင်းတူးထားတာနဲ့၊ မြေကွက်မှာစိုက်ထားတဲ့သီးနှံတချို့နဲ့ပေါင်းပြီး ဂိမ်းရွှေပြားက အလုံအလောက်ရှိနေလို့သာပေါ့။
ခဏအကြာ မွေးမြူရေးခြံပွင့်သွားပြီး ဂိမ်းဇာတ်ကောင်မှာ မွေးမြူရေးခြံထဲ အောင်အောင်မြင်မြင်ဝင်နိုင်သွားသည်။ သို့သော် မွေးမြူရေးခြံက အလွတ်ဖြစ်နေ၏။
(လက်ရှိမွေးမြူရေးခြံက အဆင့် ၁ ပါ။ ကြက်ခြံတစ်ခြံနှင့်ဘဲခြံတစ်ခြံဆောက်နိုင်ပါသည်!)
ချင်လင်က နောက်ထပ်စာတစ်စောင်ရလိုက်သည်။
တစ်နည်းပြောရရင် ဒီမွေးမြူရေးခြံအဆောက်အဦးက မြေကွက်တွေလိုပဲ တစ်ကြိမ်မှာတစ်ဆင့်သာတက်မည်ပေါ့။ အဆောက်အဦသစ်များဖွင့်ရဦးမည်။ နောက်ပြီး သက်ဆိုင်တိရစ္ဆာန်ကိုမွေးမြူဖို့အတွက် သက်ဆိုင်သည့်အဆောင်အဦးကိုသာ အသုံးပြုနိုင်မည်။
ဂိမ်းပုံစံသစ်က တခြားမိသားစုကွန်ယက်ဂိမ်းတွေကို ကူးချထားသလိုပင်။
လောလောဆယ် အဆင့် ၁ မွေးမြူရေးခြံမှာ ကြက်ခြံနှင့်ဘဲခြံသာဆောက်နိုင်သေးသည်။
ချင်လင်က သူ့စံအိမ်လက်ရှိအခြေအနေကိုစဉ်းစားကြည့်ပြီး ဘဲခြံဆောက်မည်ကိုချက်ချင်းရွေးလိုက်၏။
တကယ်တော့ ဘဲနှင့်ကြက်၏အာဟာရတန်ဖိုးကအတူတူပင်။ နှစ်မျိုးလုံး အလွန်အာဟာရဖြစ်ပြီး အစားများသောအသားများဖြစ်သည်။
နောက်ပြီး ဂိမ်းမှထုတ်သောကြက်နှင့်ဘဲမှာ သီးနှံများနှင့်အတူတူဖြစ်မည်။ အခြေခံအကျဆုံးက အရည်အသွေး ၁။ အသားပဲဖြစ်ဖြစ် ဥပဲဖြစ်ဖြစ် အပြင်လောကမှာထက် သေချာပေါက်ပိုကောင်းလိမ့်မည်။
သို့သော် အပြေးလမ်းကြောင်းကိုသူဆောက်ချင်သောကြောင့် စွန်းမင်က ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီမှလူများနှင့် ဒီဇိုင်းကိုပြန်လည်ပြင်ဆင်ထားပြီးဖြစ်၏။ ပုံစံငယ်အသစ်မထွက်သေးခင် ကြက်မွေးဖို့နေရာမရှိချေ။ ဒီကောင်တွေပတ်ပြေးနေလို့မဖြစ်သေး။
သို့သော် ဘဲကမတူ။ အကြောင်းမှာ စံအိမ်တွင် ရေလှောင်တမံသုံးစွဲခွင့်ရှိနေသောကြောင့်ပင်။ ရေလှောင်တမံမှာ ဘဲများအတွက် သဘာဝမွေးမြူရေးခြံဖြစ်လေသည်။

စံအိမ်ကပ်လျက်ရေလှောင်တမံထဲတွင် ဘဲခြံတချို့ဆောက်ပြီး ဂိမ်းထဲမှဘဲမွေးမည်။ ထိုအချိန်ကျရင် ဒီဘဲများက ချင်းလင်စံအိမ်မှာသာစားနိုင်သော ဘဲမျိုးအသစ်ဖြစ်လာမည်။
အဓိကအချက်မှာ ဒီကိစ္စအကောင်အထည်ပေါ်ရင် ဂိမ်းထဲမဝင်ဘဲ တောင်တန်းစံအိမ်ထွက် အရည်အသွေး ၁ အသားကိုရနိုင်တော့မည်။
တစ်ဖက်တွင် ဘဲပိုများလာရင် ဘဲမစင်ပိုများလာမည်။ ဘဲခြံအောက်တွင် ငါးမွေးရမည်။
ဘဲမစင်မှာ သမားရိုးကျမွေးမြူရေးနှင့် မွေးမြူရေးမစင်များအားလုံးတွင် အာဟာရအဖြစ်ဆုံးဖြစ်သည်။
အကြောင်းမှာ ဘဲအူလမ်းကြောင်းကတိုလွန်းသဖြင့် အစာကအူထဲကြာကြာမနေ။ အစာကိုတစ်စိတ်တစ်ပိုင်းသာ စုပ်ယူနိုင်သည့်အတွက် အများစုကထွက်လာလျှင် ရတနာဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးခြံများတွင် ဘဲမစင်ကိုနောက်တစ်ကြိမ်ပြန်သုံးကြသည်။
ဘဲမစင်ကို ငါးမွေးဖို့အတွက်သုံးနိုင်ဖို့တော့ အထူးပြန်ဖောက်သုံးရသည်ပေါ့။ ဒီအတွက် ကျွမ်းကျင်ပညာရှင်တချို့ကို လစာကောင်းကောင်းနှင့်ငှားဖို့လိုသည်။
ဒါမှ ဘဲနှင့်ငါးကိုမွေးဖို့ ပြည့်ပြည့်စုံစုံလုပ်နိုင်မည်။
လက်ရှိမွေးမြူရေးကန်ထဲတွင် သဘာဝငါးကြင်းနက်၊ ငါးကြင်းစိမ်းနှင့် ကကတစ်ငါးများ ရာချီရှိသည်။ သူတို့ကိုထုတ်ပြီး ထည့်ထားနိုင်၏။
အချိန်တန်ရင် ဒီဘဲခြံက ချန်ရှန်းဖေအကြိုက်ဆုံးနေရာဖြစ်လာနိုင်၏။
ဂိမ်းထဲတွင်_
ဘဲခြံဆောက်ပြီး လွတ်နေဆဲပင်။ ဘဲပေါက်များဝယ်ရဦးမည်။
ချင်လင်က ဂိမ်းဇာတ်ကောင်အား မွေးမြူရေးခြံထဲမှမြန်မြန်ပြန်ထွက်စေလိုက်သည်။ ဂိမ်းထဲတွင် မွေးမြူရေးတိရစ္ဆာန်ဝယ်ရန် တခြားမွေးမြူရေးခြံများကိုသွားရမည်။
ဂိမ်းဇာတ်ကောင်က မြို့ထဲမှတခြားမွေးမြူရေးခြံထဲရောက်လျှင် NPC ခြံပိုင်ရှင်နှင့်တွေ့ပြီး စကားပြောနှင့်ကြုံရသည်:
(သင်က မွေးမြူရေးခြံအသစ်ရဲ့ ခြံပိုင်ရှင်လား? သင့်ရဲ့ခြံမှာ လုပ်စရာတွေအများကြီးရှိနေတယ်... ကျွန်ုပ်မှာ ရောင်းစရာမွေးမြူရေးတိရစ္ဆာန်တွေအများကြီးရှိတယ်... သတ္တုမြို့တော်မှာ မွေးမြူရေးလုပ်ငန်းကို ကျွန်ုပ်နဲ့အတူဖွံ့ဖြိုးလာဖို့ မျှော်လင့်ပါတယ်!)
စကားပြောအပြီး သူ့ရှေ့တွင် မွေးမြူရေးတိရစ္ဆာန်နာမည်အစဉ်လိုက်ကြီးပေါ်လာသော်လည်း ဘဲနှင့်ကြက်သာဝယ်၍ရ၏။
ခိုများ၊ ဒေါင်းများ၊ ငန်းများ၊ ဝက်၊ နွား၊ မြင်း၊ သမင်၊ သိုး စသည့်အကောင်များလည်းပါသည်။ သို့သော် စိုက်ပျိုးရေးမျိုးစေ့လိုပင် အားလုံးမှုန်မှိုင်းထားပြီး သူအဆင့်မမီသေးသမျှ ဝယ်၍မရနိုင်။
ချင်လင်က ဝယ်မည်ခလုတ်ကိုတန်းနှိပ်လိုက်သည်။ ဘဲအရေအတွက်ကန့်သတ်မထားပေ။ ဘာပဲဖြစ်ဖြစ် သူ့မှာ ဘဲအကောင် ၅၀ ဝယ်ဖို့ ဂိမ်းရွှေပြားအလုံအလောက်ရှိသည်။
ဝယ်ပြီးနောက် ခြံပိုင်ရှင်၏စကားပြော ထပ်ပေါ်လာသည်:
(ဟား ဟား... ဘဲပေါက်အကောင် ၅၀ ဝယ်လိုက်တယ်... သူတို့က သင့်ခြံထဲမှာ အသက်ရှင်လာပါလိမ့်မယ်... မွေးမြူရေးခြံထဲပြန်ပြီးစောင့်နေပါ... မကြာခင် ဘဲပေါက်တွေပို့ပေးလိုက်ပါမယ်)
ချင်လင်က စကားပြောအဆုံးသတ်ကိုနှိပ်လိုက်ပြီး သူ့ဂိမ်းဇာတ်ကောင်ကို ချက်ချင်းမွေးမြူရေးခြံထဲပြန်စေလိုက်သည်။ ခြံပိုင်ရှင်က ဝင်ပေါက်တွင်အသင့်စောင့်နေသည်ကိုတွေ့လိုက်ရ၏။
(ဘဲပေါက်တွေ ဘဲခြံထဲရောက်နေပါပြီ... အစာတချို့ပေးခဲ့ပါမယ်... ဘဲပေါက်တွေက အရမ်းချစ်စရာကောင်းတယ်... ကောင်းကောင်းဂရုစိုက်ပါ... ကြီးလာရင် ဘဲသားနဲ့ဘဲဥက အရသာရှိပါလိမ့်မယ်!)