ပထမဆုံးမွေးမြူရေးခြံဆောက်လုပ်ခြင်း! မွေးမြူရေးခြံရဲ့အစီအစဉ်သစ်! ၂
Vol. 17 Ch. 248
ချင်လင်က ထိုစကားပြောကိုတွေ့လျှင် ဂိမ်းစီစဉ်သူကိုတန်းကျိန်ဆဲလိုက်သည်။ ဘယ်လိုလုပ်ပြီး ဘဲကလေးရယ် ချစ်စရာကောင်းတာရယ် အရသာရှိတာရယ်ကို အတူတူတွဲထားရတာလဲ?
ခြံပိုင်ရှင်က သူ့ NPC စကားပြောတာဝန်ကျေသည်နှင့် နောက်ဆံတင်းခြင်းမရှိ။ ချက်ချင်းထွက်သွားသည်။
ချင်လင်လည်း ဂိမ်းဇာတ်ကောင်ကို ဘဲခြံထဲဝင်စေလိုက်၏။
အထဲတွင် အဝါရောင်ဘဲပေါက်အကောင် ၅၀ ကျော်အမှန်ပင်ရှိနေသည်။ ကြီးလာရင် အရသာရှိမည့် အလွန်ချစ်စရာကောင်းသော ဘဲပေါက်လေးများပင်။
သူကဂိမ်းဇာတ်ကောင်အား အစာခွက်ထဲသို့ ခြံပိုင်ရှင်ပေးခဲ့သောအစာကိုထည့်စေလိုက်သည်။ ဘဲပေါက်အုပ်စုက ကြီးထွားချင်စိတ်နှင့်အစာစားရန်ပြေးလာကြ၏။
ချင်လင်က ထိုမြင်ကွင်းကြောင့် ဂိမ်းထဲမှအာရုံပြန်ရုတ်လိုက်ပြီး ချန်တပေကိုဖုန်းခေါ်ကာ လက်သမားဆရာနှင့်အတူ အရင်ခန်းမထဲတွင်စောင့်နေရန်ခိုင်းလိုက်သည်။ (အခန်း ၁၅၃)
လက်တွေ့လောကမှာ ဘဲခြံဆောက်ဖို့အစီအစဉ်ရှိမှတော့ ချက်ချင်းလှုပ်ရှားရမှာပေါ့။

ဖုန်းချပြီးနောက် သူကကျောက်မိုချင်းရုံးခန်းထဲသွားလိုက်သည်။
ရုံးခန်းထဲတွင် သစ်မွှေးနံ့သာထွန်းထားဆဲပင်။ လင်းဖန်က ရုံးခန်းထဲမှာရှိနေသည်။
သူမဘေးတွင် ဝမ်ချိုင်က ခြေပစ်လက်ပစ်လဲလျောင်းနေပြီး သစ်မွှေးနံ့ကိုခံစားနေသလိုလို မျက်လုံးများမှေးစင်းထား၏။
ချင်လင်ရုံးခန်းထဲဝင်လာသောအခါ လင်းဖန်နှင့်ကျောက်မိုချင်းမှာ ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြသည်။
“ဝု!” ဝမ်ချိုင်က ချင်လင်ဝင်လာပြီး ရုံးခန်းတံခါးမပိတ်ခဲ့သည်ကိုမြင်လျှင် ချင်လင်ကိုဟောင်၍ ရုံးခန်းတံခါးကို သူ့ခေါင်းနှင့်ပြေးပိတ်လိုက်၏။ ထို့နောက် ပြန်ပြေးလာပြီး ပြန်လှဲနေသည်။
နောက်ဆုံး ဒီခွေးကိုဂိမ်းထဲခေါ်ပြီး ပန်းကန်ပြားဖမ်းနည်းလေ့ကျင့်ပြီးကတည်းက သူ့ဉာဏ်ရည်တက်လာကာ ပိုတော်လာသည်။ တံခါးပွင့်နေရင် သစ်မွှေးနံ့ကပြန့်သွားတတ်မှန်း သူသိတာလား?
“အမေ... ဘာတွေပြောနေတာလဲ?” ချင်လင်က ကျောက်မိုချင်းခုံဆီလျှောက်သွားရင်း သိချင်စိတ်နှင့်မေးလိုက်သည်။
လင်းဖန်ကရှင်းပြလိုက်သည်_ “ကျောက်မိုချင်းကို ရွာထဲကအိမ်အဟောင်းအကြောင်းပြောပြနေတာ... ရွာထဲကအိမ်အဟောင်းတွေအကုန် ပြန်ပြင်ပြီးပြီ... တို့အိမ်နဲ့မင်းဦးလေးရွှေ့ကန်းအိမ်ပဲ ပြန်မပြင်ရသေးတာ”
“တို့မိသားစုအခြေအနေကြောင့် မင်းဦးလေးရွှေ့ကန်းက ဘယ်တော့မှမပြောခဲ့ဘူး... အခုမင်းမှာဝင်ငွေရှိနေပြီဆိုတော့ မင်းဦးလေးရွှေ့ကန်းက နှစ်သစ်အတွင်း ဆယ်ရက်ကျော်ကျော်လောက်အချိန်ရတုန်း လူခေါ်ပြီး အိမ်ဟောင်းကိုပြန်ပြင်ဖို့ပြောတယ်... အဲဒါ ကျောက်မိုချင်းနဲ့တိုင်ပင်နေတာ”
ချင်လင်ကခေါင်းညိမ့်ပြီး_ “အမေ... ဒါကောင်းတဲ့ကိစ္စပဲ... ဘာလို့ ကျွန်တော့်ကိုမပြောတာလဲ?”
အရင်က ကျေးလက်အိမ်ဟောင်းအတော်များများတွင် မိသားစုနှစ်စု သို့မဟုတ် လေးငါးစုတောင် ခြံဝင်းတစ်ဝန်းတည်းမျှပြီး အတူတူနေကြသည်။
သူတို့မိသားစုနှင့်ဦးလေးရွှေ့ကန်းအိမ်ဟောင်းမှာ တစ်ဝင်းတည်းဖြစ်သည်။ မီးဖိုချောင်နှစ်ခုမှာ နှစ်မီတာသာခြား၏။
ဒီလိုအိမ်ဟောင်းမျိုးကိုပြန်ပြင်ရင် အိမ်ဟောင်းထဲမှမိသားစုတွေစုပြီး ပြန်ပြင်လေ့ရှိကြ၏။ အရင်က ဦးလေးရွှေ့ကန်းမှာ သူတို့မိသားစုအခြေအနေကြောင့် ဘယ်တုန်းကမှစကားမဟခဲ့။
ကျေးလက်မှတက်လာသောလူအတော်များများအတွက် အိမ်ဟောင်းမှာ အမြဲတမ်းအိမ်ဖြစ်သည်။ ဘယ်မှာပဲအသက်မွေးမွေး လက်ရှိဘယ်လောက်ကောင်းတဲ့ဘဝမှာပဲနေရနေရ ငယ်စဉ်အိမ်ဟောင်းအမှတ်တရတွေက မမေ့နိုင်ဆုံးအရာပင်။
နောက်ပြီး ရှေးလူကြီးတွေယုံကြည်ထားသည်မှာ သူတို့မွေးရပ်မြေတွင်အိမ်ရှိနေသေးသမျှ အပြင်မှာလဲကျလို့ ဘယ်လောက်ပဲနာကျင်ပါစေ ဘယ်လောက်ပဲစိတ်သောကရောက်နေပါစေ ထွက်ပေါက်ရှိနေဆဲ ဒေါက်တိုင်ရှိနေဆဲဖြစ်သည်။

သူတို့မှာအိမ်ဟောင်းတောင်မရှိတော့ရင် အမှန်ပင်မှီတွယ်ရာမရှိ စိတ်ခိုလှုံရာမရှိဖြစ်ပေမည်။
ဒါကတကယ့်ကိစ္စ။ အိမ်ဟောင်းမှာ လူဝင်လူထွက်မရှိ မြို့ကြီးပြကြီးကဲ့သို့ အဆောက်အဦမြင့်ကြီးတွေမရှိရင်တောင် အဝေးကတောင်တန်းရွာလေးကိုပြန်စဉ်းစားမိတိုင်း ဘဝအမှတ်တရတွေအမြဲရှိနေဦးမည်။ တောပန်းရနံ့ရှုရှိုက်ချင်သည်။ ချိုမြနေတဲ့တောင်ကျစမ်းရေသောက်ချင်သည်။
ဒါသူတို့ရဲ့ဒေါက်တိုင်ဖြစ်ကောင်းဖြစ်မည်။
လင်းဖန်က သူ့သားစကားကြားလျှင် စိတ်ထဲရှိသလိုပြောလိုက်၏_ “မင်းဒီမိသားစုကိစ္စကို စိတ်ပူစရာမလိုပါဘူး... မိုချင်းက ဘဏ္ဍာရေးတာဝန်ခံပဲ... သူဆုံးဖြတ်ချက်ချနိုင်ပါတယ်... ငါမိုချင်းနဲ့ဆွေးနွေးပြီးရင် မင်းကိုအသိပေးမယ်”
ချင်လင်ကပြုံးလိုက်ပြီး_ “ဟုတ်ပါပြီ... အမေနဲ့မိုချင်းပဲ ဒီကိစ္စကိုဆုံးဖြတ်လိုက်တော့... ဒီပြင်ဆင်စရိတ်က ဘယ်လောက်ကျမှာလဲ?”
သို့သော် လင်းဖန်က သူ့အားသတိပေးသလိုနှင့်_ “သိပ်မကျပါဘူး... မင်းဦးလေးရွှေ့ကန်းကို တွက်ခိုင်းလိုက်... အချိန်တန်ရင် တို့အိမ်ဟောင်းက မင်းဦးလေးရွှေ့ကန်းရဲ့အိမ်လိုပဲ ပြင်ပြီးသွားလိမ့်မယ်... မင်းကငွေရှာနိုင်ပြီဆိုပေမဲ့ မသိမသာနေ”
“ကျွန်တော်နားလည်ပါတယ်” ချင်လင်က သူ့အမေဆိုလိုသည့်သဘောကိုနားလည်သည်။ ငွေရှာနိုင်သူအတော်များများက အိမ်ဟောင်းကိုပြင်ဆင်ရာတွင် အချင်းချင်းပြိုင်ဆိုင်လိုစိတ်ရှိကြသည်။ တစ်အိမ်တည်းနေသူများက ဆက်ဆံရေးအဆင်ပြေသည်ဆိုသော်လည်း တချို့က တစ်ဖက်သားကိုဖိအားပေးတတ်ကြ၏။ အိမ်ပြန်ပြင်သည့်အခါ လိုက်ယှဉ်နေရသည်။ ယှဉ်ရင်းယှဉ်ရင်း ရင်ထဲမှအာဃာတများထွက်လာပြီး ဆက်ဆံရေးပိုဆိုးသွားတတ်၏။
သူ့လက်ရှိဝင်ငွေနှင့် ရွာထဲကလူတိုင်းထက်ပိုကောင်းသော ပြန်လည်ပြင်ဆင်ခြင်းမျိုးလုပ်နိုင်သည်။
သို့သော် မလိုအပ်။ သူအရမ်းကောင်းကောင်းလုပ်ရင် ချင်ရန်မိသားစုက အရမ်းနိမ့်ရာကျသွားမည်။ သူတို့မှာ ဒီလိုသဘောထားမရှိရင်တောင် အပြင်လူတွေအမြင်မှာ ကြည့်ရဆိုးလိမ့်မည်။
အရင်က သူတို့မိသားစုအခြေအနေအရ ချင်ရန်မိသားစုက အရင်ပြင်ဆင်ဖို့မလုပ်ခဲ့ပေ။ သူများတွေကနှိုင်းယှဉ်ပြီး သူတို့မိသားစုကိုကြည့်ရဆိုးမှာစိုးလို့မဟုတ်လား?
ထို့ကြောင့် အားလုံးက အိမ်ဟောင်းပြန်ပြင်ရန် ငွေညီတူညီမျှထည့်ဝင်ကြသည်။ အချင်းချင်းမယှဉ်ပြိုင်ဘဲ အိမ်ဟောင်းကိုအတူတူထိန်းသိမ်းကြ၏။
ချင်လင်က သူ့လာရင်းကိစ္စသတိရသဖြင့် ကျောက်မိုချင်းအား_ “ဒါနဲ့... ဘဲမွေးတတ်တဲ့ ဘဲမစင်ဖောက်တတ်တဲ့ လူနည်းနည်းခန့်လိုက်ပါဦး”
ကျောက်မိုချင်းကမေးလိုက်သည်_ “ရှင်ဘဲမွေးချင်လို့လား?”
ချင်လင်ကရှင်းပြလိုက်၏_ “စံအိမ်မှာ ရေလှောင်တမံသုံးခွင့်ရှိနေတာပဲမလား? ဒါကိုအသုံးချရမှာပေါ့... ဘဲမွေးရင်းနဲ့ ငါးလည်းမွေးလို့ရတယ်”
“အင်း... ပြီးရင် ကိုယ်စားလှယ်ကိုဖုန်းဆက်ပြီး အင်တာဗျူးအတွက် လူတချို့အကြံပြုခိုင်းလိုက်မယ်” ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်။ စံအိမ်မှာ ဒီအခြေအနေအထိတိုးတက်လာပြီဖြစ်ပြီး ချင်းလင်အစားအသောက်ကုမ္ပဏီလည်းရှိသည်။ အလုပ်ရှင်ကြီးလည်းဖြစ်လာပြီ။ စီရင်စု၏အဖွဲ့အစည်းကြီးကြပ်ရံပုံငွေအကောင်အထည်ဖော်ပြီး အစားအသောက်ကုမ္ပဏီစက်ရုံသက်သက်တင် လူ ၆၀၀ နီးပါးခန့်ဖို့လိုသည်။
စံအိမ်တွင် အလုပ်သမားလိုအပ်ချက်ရှိနေသရွေ့ ကြားခံအဆက်အသွယ်ကုမ္ပဏီက အမြန်ဆုံးဆောင်ရွက်ပေးလိမ့်မည်။
ချင်လင်ကညွှန်ကြားပြီးသည်နှင့် ရုံးခန်းမှထွက်ပြီး ချန်တပေတို့ကိုရှာလိုက်သည်။
ချန်တပေက မူလခန်းမထဲတွင် ဆရာမာနှင့်အတူစောင့်နေ၏။
“ကြီးကြပ်ချန်... သူဌေးက ဘာလို့တို့ကိုခေါ်တာလဲ?” ဆရာမာက ချန်တပေအနောက်မှနေ၍မေးလိုက်သည်။