ဒီလိုအခြေအနေမျိုးမကြုံဖူး! ဒီလောက်ကြီးတဲ့ဘဲဥ?
Vol. 17 Ch. 250
ချင်လင်က နောက်ထပ်ဘဲပေါက်အကောင် ၅၀ ဝယ်ကာ ဘဲခြံထဲထည့်ပြီးနောက် မြေကိုကြည့်လိုက်သည်။
မွေးမြူရေးခြံပွင့်သည့်အပြင် ဒီအဆင့်တွင် အဆင့် ၁ မြေကွက် ၁၂ ကွက်လည်းပွင့်သွားသည်။ အဆင့် ၂ မြေကွက် ၆ ကွက်နှင့် အဆင့် ၃ မြေကွက်တစ်ကွက်၊ လယ်ကွင်းတစ်ကွင်းပါ အဆင့်မြှင့်တင်နိုင်၏။
ညနေပိုင်းသီးနှံအသုတ်မှည့်လာတော့မည်။ ဒီမြေများကိုဖွံ့ဖြိုးအောင်လုပ်ပြီး အဆင့်မြှင့်တင်ထားမည်။ ဒါမှ မူလစိုက်ခင်းများရိတ်သိမ်းပြီးလျှင် အတူတူစိုက်ပျိုးနိုင်မည်။ မဟုတ်ရင် အလွန်ကသီလိမ့်မည်။
ချင်လင်က ဂိမ်းဇာတ်ကောင်အား မြေကွက်အသစ် ၁၂ ကွက်ရှိ ပေါင်းပင်များ၊ သစ်ငုတ်တိုများ၊ ကျောက်တုံးများအားလုံးရှင်းစေပြီး ပေါက်ပြားတစ်လက်နှင့် တစ်ကွက်ပြီးတစ်ကွက်ဖွံ့ဖြိုးအောင်လုပ်လိုက်သည်။
မြေကွက် ၁၂ ကွက်ဖွံ့ဖြိုးအောင်လုပ်ပြီး အဆင့် ၂ မြေကွက် ၆ ကွက်နှင့် အဆင့် ၃ မြေကွက်တစ်ကွက်ကိုအဆင့်မြှင့်တင်လိုက်၏။
နောက်ဆုံး လယ်ကွက်ကိုပြုပြင်ပြီး အဆင့် ၂ မြှင့်တင်လိုက်သည်။
ဒီတစ်ကြိမ် အဆင့် ၁ နှင့် ၂ မြေကွက်တွင်စိုက်ပျိုးထားသောသီးနှံများကို အပြင်ထုတ်ရန်ရည်ရွယ်ချက်မရှိ။ ဂိမ်းထဲမှာသာရောင်းချရန်ဆုံးဖြတ်ထားသည်။
စံအိမ်တွင် အဆင့် ၁ နှင့် ၂ မြေကွက်ရှိသီးနှံများကိုထပ်တိုးပြီး ဝင်ငွေရဖို့မလိုတော့။
အရည်အသွေး ၂ သီးနှံက ထိုမြေများတွင်ပေါ်လာပြီ။

သို့သော် အဆင့် ၃ မြေကွက် ၃ ကွက်၊ အဆင့် ၂ လယ်ကွက် ၂ ကွက်ရှိ၍ အဆင့် ၂ လယ်ကွက်နှင့် အဆင့် ၃ မြေကွက်များကို ပိုအသုံးချရမည်။
အဆင့် ၂ လယ်ကွက်နှစ်ကွက်တွင် ငါးရှဉ့်၊ ရေချိုငါးတွဲဖက်မွေးမြူပြီး အတူတူထုတ်နိုင်သည်။
အရည်အသွေး ၁ ငါးရှဉ့်နှင့် အရည်အသွေး ၁ ရေချိုငါးတန်ဖိုးမှာ တစ်ကတ်တီ ယွမ် ၂၀၀ ဆိုသော်လည်း လူကြိုက်အရမ်းများသည်။ ပစ္စည်းရောက်ရောက်ချင်း တန်းရောင်းထွက်၏။
ဘာပဲဖြစ်ဖြစ် ဒီနှစ်မျိုးက တောင်ပိုင်းမှာအကောင်းဆုံးဖြစ်သောကြောင့်ပင်။
သို့သော် ငါးရှဉ့်နှင့်ရေချိုငါးကို မွေးမြူချိန်ပိုယူရသည်။ အဆင့်တက်သည်မှာ အဆင့် ၂ လယ်ကွက်မျှသာရှိသေးသည်။ ငါးရှဉ့်မွေးပြီးရင် ရေချိုငါးမရ။ ရေချိုငါးမွေးပြီးရင် ငါးရှဉ့်ကမရပေ။
နောက်ပြီး ကြီးထွားလာသောအကောင်တစ်သုတ်ကို ကတ်တီ ၅၀ မျှသာအချိန်စီးသည်။
ဒီလိုဂိမ်းထုတ်ကုန်အသားကို တိုးမြှင့်ရမည်။
အခု တစ်ချိန်တည်းမွေးမြူနိုင်မည့် အဆင့် ၂ လယ်ကွက်ထပ်တိုးလာပြီဖြစ်၍ ငါးရှဉ့်ကတ်တီ ၅၀ ကျော်၊ ရေချိုငါးကတ်တီ ၅၀ ကျော် စံအိမ်သို့ထောက်ပံ့နိုင်တော့မည်ဖြစ်သည်။
နောက်တစ်ခုက အဆင့် ၃ မြေကွက်။
အရင်မြေကွက်နှစ်ကွက်လုံး ဖရဲသီးများစိုက်ထားရသည့်အကြောင်းအရင်းမှာ အစေ့လွတ်ဖရဲမျိုးစေ့များက အရည်အသွေး ၂ ရှိသောကြောင့်ပင်။ စိုက်ထားသောဖရဲသီးအားလုံး အရည်အသွေး ၂ ရှိသည်။
သို့သော် သာမန်မျိုးစေ့မှစိုက်သောသီးနှံများအားလုံး အရည်အသွေး ၁ ဖြစ်လျှင် အရည်အသွေး ၂ ဖြစ်နိုင်ချေအနည်းငယ်သာရှိ၏။
ထိုတန်ဖိုးအတိုင်း တွက်ချက်ကြည့်ပါက ဤအဆင့် ၃ မြေမှာလည်း အရည်အသွေး ၂ အစေ့လွတ်ဖရဲသီးစိုက်ပျိုးလျှင် သူ့တန်ဖိုးကအမြင့်ဆုံးဖြစ်မည်။
သို့သော် အရင်အရည်အသွေး ၂ ဖရဲသီးနှစ်ကွက်တွင် တစ်နေ့တစ်နေ့ အရည်အသွေး ၂ အစေ့လွတ်ဖရဲသီး ၄၀ မှ ၅၀ ရိတ်သိမ်းနိုင်ခဲ့သည်။
ထို့အပြင် အရည်အသွေး ၂ ဖရဲသီးက ကတ်တီ ၂၀ ကျော်သည့်အတွက် ပုံမှန်အားဖြင့် ယွမ် ၂၀၀၀ ကျော်တန်သည်။ နာမည်ရပြီးသားဖြစ်ပြီး အားလုံးက ဒီဖရဲသီးအရသာရှိမှန်းသိထားသော်လည်း ခရီးသည် ၃၀၀၀ ကျော်တွင် အရည်အသွေး ၂ ဖရဲသီးတစ်လုံးလုံးကိုဝယ်နိုင်သည့်ခရီးသည်အရေအတွက်က ဒီအတိုင်းပင်ဖြစ်သည်။ သတို့သမီးခန်းမှာနေပြီး ဝယ်ယူသည့်ခရီးသည်က ခြံဝင်းလေးထဲမှာ ချက်ချင်းခွဲသည်တောင်ရှိ၏။
ထို့ကြောင့် သူက ထိုအဆင့် ၃ နေရာတွင် အခြားအရာများစိုက်ရန် စီစဉ်လိုက်သည်။ အထက်တန်းသီးနှံများကို အမျိုးမျိုးပြောင်းလဲထုတ်လုပ်ခြင်းကလည်း အရေးကြီး၏။ အဆင့် ၂ မြေမှနေ့တိုင်းထွက်လာသော အရည်အသွေး ၂ စတော်ဘယ်ရီနှင့် ဖရဲသီးသက်သက်ကိုသာ အားထားနေ၍မဖြစ်။
ချင်လင်က ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်မျိုးစေ့ဆိုင်သွားပြီး ကြည့်စေလိုက်သည်။ အဆင့် ၃ မြေတွင်စိုက်နိုင်သော မျိုးစေ့များစွာရှိသည်: အူတိုင်စုံလေးထောင့်ပဲ၊ အဝါရောင်ယာမာကူရတ်၊ ကီဝီစိမ်း၊ နို့နှစ်စတော်ဘယ်ရီ၊ ခရမ်းပြာရောင်ဇီးသီး စသည်...
သာမန်မျိုးစေ့များက အရည်အသွေး ၁ ထွက်သဖြင့် ဒီအရာများထဲမှ တန်ဖိုးအကောင်းဆုံးကို စစ်ကြည့်ရမည်။
ချင်လင်က အကြည့်ကိုပြန်ရုတ်ပြီး ထိုသီးနှံများ၏တန်ဖိုးကို အွန်လိုင်းပေါ်တွင်ရှာကြည့်လိုက်သည်။

အူတိုင်စုံလေးထောင့်ပဲ: ယနေ့ပျမ်းမျှစျေးနှုန်း တစ်ကတ်တီ ၆၅ ယွမ်။
အဝါရောင်ယာမာကူရတ်: ယနေ့ပျမ်းမျှစျေးနှုန်း တစ်ကတ်တီ ၅၈ ယွမ်။
ကီဝီစိမ်း: ယနေ့ပျမ်းမျှစျေးနှုန်း တစ်ကတ်တီ ၆၀ ယွမ်။
ခရမ်းပြာဇီးသီး: ယနေ့ပျမ်းမျှစျေးနှုန်း တစ်ကတ်တီ ယွမ် ၁၀၀။
…
အဆင့် ၃ မြေတွင်စိုက်ပျိုးသောသီးနှံများ၏တန်ဖိုးမှာ အဆင့် ၁ နှင့် ၂ တွင်စိုက်သောသီးနှံများထက် များစွာမြင့်သည်။
အဆင့် ၁ မြေ သီးနှံအများစုမှာ တစ်ကတ်တီမှ ၅ ယွမ် ၆ ယွမ်သာရှိသည်။ အဆင့် ၂ မြေ သာမန်စတော်ဘယ်ရီအနီမှာ တစ်ကတ်တီ ၂၅ ယွမ်သာကျသည်။ အဆင့် ၃ မြေသီးနှံများက အခြေခံအားဖြင့် ၅၅ ယွမ်နှင့်အထက်ရှိသည်။ အတော်အသင့်တန်ဖိုးကြီးသောသီးနှံများဖြစ်နေပြီ။
ဒီစျေးနှုန်းတွေက အပြင်ကသာမန်ပစ္စည်းစျေးတွေပေါ့။ ဂိမ်းအရည်အသွေးနဲ့သာဆို တူတော့မည်မဟုတ်။
အဆင့် ၁ မြေတွင်စိုက်နိုင်သော ရုံးပတီသီးမှာ အပြင်၌ တစ်ကတ်တီ ၅ ယွမ်သာရှိသည်။ သူ့အရောင်းစင်တာတွင် အရည်အသွေး ၁ တစ်ကတ်တီကို ၁၅ ယွမ်၊ အရည်အသွေး ၂ တစ်ကတ်တီကို ယွမ် ၂၀၀ နှင့်ရောင်းသည်။ (အခန်း ၃၃)
အဆင့် ၂ မြေတွင်စိုက်သော သာမန်စတော်ဘယ်ရီအနီမျိုးကို အပြင်၌ တစ်ကတ်တီ ၂၅ ယွမ်သာရှိသည်။ သူ့အရောင်းစင်တာတွင် အရည်အသွေး ၁ ကို ယွမ် ၄၀၊ အရည်အသွေး ၂ ကို ယွမ် ၂၀၀ နှင့်ရောင်းသည်။
ဒီအဆင့် ၃ မြေမှာစိုက်တဲ့သီးနှံတွေက ဂိမ်းအရည်အသွေးရှိမှတော့ စျေးကောင်းကောင်းနှင့်ရောင်းမည်။
ဒီအဆင့် ၃ မြေမှာစိုက်နိုင်တဲ့ စျေးအကြီးဆုံးသီးနှံက တစ်ကတ်တီယွမ် ၁၀၀ တန် ခရမ်းပြာဇီးသီးဖြစ်သည်။
ဤစျေးက လက်တွေ့လောကမှသာမန်စျေးသာရှိသေးသည်။
ဂိမ်းထဲမှာစိုက်ပြီးရင် အရည်အသွေး ၁ ကို ယွမ် ၁၅၀၊ အရည်အသွေး ၂ ကို ယွမ် ၃၀၀ နဲ့ရောင်းလို့ရမယ် ဟုတ်တယ်မလား?
(ခရမ်းပြာဇီးမျိုးစေ့: သာမန်)
(ဇီးသီးပျိုးပင်ဖြစ်သည်။ ဤဇီးပင်မှသီးသောခရမ်းပြာဇီးသီးမှာ အလွန်အရသာရှိသည်။ အပင်ကြီးထွားချိန်နှစ်ရက်ဖြစ်ပြီး တစ်နေ့ ၅ ကြိမ်ခူးနိုင်သည်။)
ဤခရမ်းပြာဇီးသီးက ပျိုးပင်ဖြစ်သည်။ ဖရဲမျိုးစေ့နှင့်မတူ။ ရိတ်သိမ်းပုံရိတ်သိမ်းနည်းကလည်း ထူးခြားသည်။
ခရမ်းပြာဇီးပင်ကြီးလာရန်နှစ်ရက်ကြာသည်။ အပင်ကြီးပြီဆိုလျှင် ထပ်ခါထပ်ခါရိတ်သိမ်းနိုင်၏။ စုစုပေါင်း ၅ ကြိမ်ခူးနိုင်သည်။
ချင်လင်က စိတ်ဆုံးဖြတ်ပြီး ခရမ်းပြာဇီးပျိုးပင်တချို့ဝယ်ကာ စိုက်ပျိုးမွေးမြူရေးခြံပြန်လာခဲ့သည်။ သူကပျိုးပင်များကို အဆင့် ၃ မြေအသစ်တွင်စိုက်လိုက်သည်။
ထိုအချိန်တွင် မူလစိုက်ခင်းများမှသီးနှံများလည်း မှည့်လာသည်။
ချင်လင်က ညနေပိုင်းသီးနှံများရိတ်သိမ်းပြီး မနက်ဖြန်မနက်သယ်ရန် သိုလှောင်ခန်းထဲထည့်ထားလိုက်၏။ ထို့နောက် မျိုးစေ့အသစ်များချထားလိုက်သည်။