အလှဥ! တကယ် ဘဲလား? ၂
Vol. 17 Ch. 254
ဒီလောက်ကြီးတဲ့ဘဲကိုလက်တွေ့လောကထဲယူနိုင်လား သူမသိ။ အရင်ဆုံးဘဲသုတေသနလုပ်ပြီး အပြင်လောကမှာ ဒီလိုကြီးတဲ့ဘဲမျိုးရှိမရှိကြည့်ရမည်။
ထို့နောက် ချင်လင်က ဘဲ၏မှတ်ချက်ကိုဖတ်လိုက်သည်:
(ဘဲဖြူကြီး: အရည်အသွေး ၂)
(အထူးမွေးမြူထားသောဘဲဖြူကြီးဖြစ်သည်။ အရည်အသွေးက သာမန်ဘဲများထက်ပိုကောင်းသည်။ ငန်းထက်တောင် ငန်းနှင့်ပိုတူသောဘဲမျိုးဖြစ်သည်: အရသာ +၂၊ ယင်ဓာတ်အားဖြစ်စေခြင်း +၂၊ ချောင်းဆိုးသက်သာစေခြင်း +၂၊ အာဟာရဖြစ်စေခြင်း +၂၊ အချိန်စီးခြင်း +၂၊ အသွင်အပြင် +၂၊ မစင်နံ့ -၂)
ဘဲ၏အရည်အသွေးများကိုဖတ်ကြည့်ပြီးမှ ဒီလိုကြီးနေတာအံ့သြစရာမရှိတော့။
မှတ်ချက်ကတောင် ဒီဘဲက ငန်းထက်ငန်းနှင့်ပိုတူသောဘဲလို့ဆိုထားပြီ။
ဒီအရသာ +၂ က အလွန်ဆွဲဆောင်နေသည်။ အမွေးဆွဲနုတ်ပြီး မြည်းချင်စရာ။
မှတ်ချက်ဖတ်ပြီးလျှင် ချင်လင်ကဘဲကြီးကိုချပြီး ဂိမ်းထဲမှထွက်လိုက်သည်။ သူကထရပ်ကားပေါ်တက်၍စက်နှိုးကာ ပစ္စည်းများကိုစံအိမ်ပို့လိုက်၏။
စံအိမ်ရောက်လျှင် ရုံးခန်းထဲချက်ချင်းသွားပြီး လိုင်းပေါ်တက်ကာ ဘဲအကြောင်းရှာကြည့်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒီဘဲတွေကကြီးလွန်းသည်။ သာမန်ဘဲများမှာ ကတ်တီအနည်းငယ်သာစီး၏။
သို့သော် လိုင်းပေါ်တွင်သက်ဆိုင်ရာအချက်အလက်များကိုစစ်ဆေးကြည့်ရာ သူအတွေ့အကြုံနည်းလွန်းမှန်းသဘောပေါက်သွားသည်။
ကမ္ဘာပေါ်တွင် ဘဲအမျိုးအစားအများကြီးရှိသည်။ သာမန်ဘဲများမှာ ၃ ကတ်တီမှ ၅ ကတ်တီ၊ အလယ်အလတ်စားဘဲက ၅ ကတ်တီမှ ၈ ကတ်တီအချိန်စီးတတ်ပြီး ဘဲကြီးများလည်းရှိသည်။ အများစုက ၁၀ ကတ်တီမှ ၂၀ ကတ်တီအထိရှိတတ်၏။
မတ်စကိုဗီဘဲ၊ ဘဲကတိုး၊ ဘဲခေါင်းစိမ်းစသည်တို့မှာ ဘဲကြီးများဖြစ်ပြီး အလွန်နာမည်ကျော်သည်။
ထိုဘဲအတော်များများကို ကတ်တီ ၂၀ ကျော်အထိမွေးမြူနိုင်သည်။
ထိုအလေးချိန်ရအောင် ၃ လမှ ၅ လအတွင်း စီးပွားဖြစ်မွေးမြူခြင်းနှင့်မရနိုင်။ ကိုယ်တိုင်လုပ်ထားသောအာဟာရအနှစ်ပြောင်းဆန်များဖြင့် တစ်နှစ်ပတ်လုံးမွေးမြူရသည်။
သို့သော်လည်း သာမန်လူများမွေးမြူလျှင် ဘဲများဒီလောက်ကြီးဖို့မဖြစ်နိုင်။ သာမန်လူများက ဘဲကြီးများကိုမတွေ့ဖူးကြချေ။
ချင်လင်မှာ ဒီလောက်ကြီးသောဘဲကို နှစ် ၂၀ ကျော်သည်အထိမတွေ့ခဲ့။
တစ်နည်းဆိုသော် အရည်အသွေး ၁ ဘဲကိုအပြင်ထုတ်လျှင်ကိစ္စမရှိ။ ဘာပဲဖြစ်ဖြစ် အပြင်လောကမှာ ဒီလိုဘဲကြီးတွေရှိသည်။ အရမ်းကြီးတဲ့ဘဲဖြူကြီးတွေ တသီတတန်းကြီးဆိုရင်တော့ နည်းနည်းတော့လန့်စရာပေါ့။

ချင်လင်က ကမ္ဘာ့အကြီးဆုံးဘဲဘယ်လောက်အချိန်စီးလဲကြည့်ရန် သတင်းဆက်ရှာကြည့်လိုက်သည်။ နောက်ဆုံး လန့်စရာအဖြေတွေ့လိုက်ရ၏။ အပြင်မှာ ၃၈ ကတ်တီတဲ့။
ထို့အပြင် ကနေဒါနိုင်ငံတွင် အထူးမျိုးစပ်ထားသော ဘဲခေါင်းစိမ်းဘဲမျိုးဖြစ်နေသည်။ ထိုဘဲ၏အဓိကအသုံးချပုံမှာ စားဖို့မဟုတ်ဘဲ ယှဉ်ပြိုင်ပွဲဝင်ရန်အတွက်သာဖြစ်၏။
ကနေဒါတွင် ကြက်သားပူဇော်ခြင်း၊ နို့ပူဇော်ခြင်းကဲ့သို့အလေ့အထမျိုး စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲတွင်ရှိသည်။ အကြီးဆုံးဘဲကိုရွေးချယ်ဖို့ဆုံးဖြတ်လျှင် ဘဲပူဇော်ခြင်းဟုခေါ်နိုင်သည်။
ထို ၃၈ ကတ်တီမှာ မှတ်တမ်းဝင်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးဘဲမှတ်တမ်းလည်းဖြစ်သည်။ ဖြစ်ချင်တော့ ထိုဘဲမှတ်တမ်းဝင်ပြီးညတွင် သူဌေးကြီးတစ်ဦး၏စားပွဲပေါ်ရောက်ရသည်။
ထိုဘဲပွဲတော်ကဲ့သို့အလှပြပွဲများမှာ တချို့လူချမ်းသာများအတွက်ပြင်ဆင်ပေးခြင်းဖြစ်၏။ အလှပြိုင်ပွဲမှာအနိုင်ရတဲ့ကောင်တွေကို သူဌေးတွေကမွေးမြူထားတာ ရှားတယ်မလား?
ဤသည်က ဘဲပူဇော်ခြင်းကိစ္စပင်။ ထိုနေ့တွင် လူချမ်းသာအတော်များများက ဘဲကြည့်ရန်လာကြမည်။ အနိုင်ရသောအကောင်က စျေးအကြီးဆုံးနှင့် လူချမ်းသာ၏စားပွဲပေါ်အမြန်ဆုံးတည်ခင်းခံရမည်။
နောက်ပြီး တရုတ်ပြည်တွင် ဘဲကြီးများဂရုတစိုက်မွေးမြူလေ့ရှိသော 'ဘဲဘုရင်ဝူ'ဆိုသည့်လူတစ်ယောက်ရှိသည်။ သူ့မှာလည်း အရွယ်အစား ၃၄ ကတ်တီရှိသည်။ မကြာသေးခင်က ဂင်းနစ်စံချိန်ဝင်ရန်လျှောက်ခဲ့၏။
အကြောင်းမှာ အချိန်အစီးဆုံးဘဲအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ရန် ဘယ်သူမှမလျှောက်ကြသောကြောင့်ပင်။
ဘာပဲဖြစ်ဖြစ် ဂင်းနစ်စံချိန်ဝင်ရန်အလျှောက်အများဆုံးခေတ်အခါမဟုတ်။ ကနေဒါရှိလူများက စားရမည့်ကံပါသောဘဲကို စံချိန်ဝင်အောင်လျှောက်ဖို့လည်းစိတ်ကူးမရှိ။
ထို့ကြောင့် ထိုဘဲဘုရင်ဝူက အခွင့်အရေးကိုအမိအရယူခဲ့ခြင်းပင်။
ထိုစာကိုမြင်လျှင် ကတ်တီ ၄၀ ကျော်အချိန်စီးသောဘဲသုံးကောင်ကို အပြင်ထုတ်လည်းပြဿနာမဟုတ်ဟု ချင်လင်တွေးမိသည်။ မဟုတ်ဘူးလား?
၃၈ ကတ်တီတောင်ရှိသေးတာပဲ။ နောက်ထပ်ကတ်တီနည်းနည်းပဲလိုတာ။
ချင်လင်က ထိုဘဲသုံးကောင်ကိုလည်း ဂင်းနစ်စံချိန်ဝင်အောင်လျှောက်ရမည်ဟု လွန်လွန်ကျူးကျူးတွေးမိသည်။ ဒါကနောက်ထပ်ပစ်မှတ်။ အချိန်ကျရင် ဘဲတွေကိုလာကြည့်ရတာက ချင်းလင်စံအိမ်ရဲ့ဝိသေသလက္ခဏာတစ်ခုဖြစ်လာနိုင်သည်။
ချင်လင်က ဘဲအကြောင်းအချက်အလက်တချိူ့ကိုဆက်ကြည့်ပြီးမှ ရေလှောင်တမံဆီထွက်လာလိုက်သည်။
ချန်တပေမှာ လုံခြုံရေးအစောင့်အဖွဲ့နှင့် ဆရာမာနှင့်အတူ ဘဲခြံဆောက်ရင်းအလုပ်ရှုပ်နေ၏။
“မြန်မြန်... ဆရာမာကို ဝါယာကြိုးတွေမြှုပ်ကူ... မပေါ်စေနဲ့” ချန်တပေက ဝါယာကြိုးမြှုပ်ရင်း လုံခြုံရေးအစောင့်နှစ်ဦးကိုလှမ်းအော်လိုက်သည်။
ထိုဘဲခြံကို လျှပ်စစ်မီးရရန်ဆောက်နေခြင်းဖြစ်သည်။
ဒါကြောင့်လည်း ချန်တပေကို ချင်လင်သဘောကျခြင်းဖြစ်သည်။
သူ့ကိုဘာလုပ်ဖို့ခိုင်းခိုင်း ဘာလုပ်ဖို့တိုက်တွန်းတိုက်တွန်း နှစ်ခါမပြောရ။ သူကလက်ဦးမှုယူပြီး ကြည့်ကောင်းအောင်လုပ်သွားသည်။
ရေလှောင်တမံတွင် ရေမျောစည်ပိုင်းနှင့်မြဲအောင်ဆင်ထားသော ရေပေါ်တံတားတစိတ်တပိုင်းကိုလည်းလုပ်ထား၏။
ထိုမြင်ကွင်းကြောင့် ချင်လင်ရုတ်တရက်အကြံပေါက်သွားသည်။
ငန်းတွေကိုရှုစားနိုင်အောင်လုပ်နိုင်ရင် သူ့ဘဲတွေကို ဘာလို့မလုပ်နိုင်ရမှာလဲ?
အရင်က စီရင်စုထဲတွင် ဘဲကြည့်ရသည့်အစီအစဉ်မျိုးမရှိခြင်းမှာ ဘဲများကကြည့်ဖွယ်မကောင်းသောကြောင့်ပင်။
သူ့ဂိမ်းကထွက်တဲ့ဘဲတွေက ဖြူဖွေးပြီးလှပသည့်အရည်အသွေးရှိကြသည်။ ငန်းထက်တောင် ပိုပြီးလှပကြော့ရှင်းသေး၏။
ထို့ကြောင့် အလှအပအသွင်အပြင်က ဘဲများကို အရသာရှိမှု +၂ ဟူသောအဆိပ်သင့်အရည်အသွေး၏ နှိပ်စက်ခြင်းမခံရအောင် ကယ်တင်နိုင်ခဲ့ပြီ။
ဒီဘဲများက လုံးဝကြည့်ကောင်းရှုကောင်းဖြစ်မည်မှန်း ချင်လင်သေချာပေါက်သိသည်။ သူ့ပတ်ပတ်လည်မှာ ရေပေါ်တံတားထိုးပေးလိုက်ရင် ခရီးသည်တွေလမ်းလျှောက်ပြီး ဘဲရှုစားနိုင်ပြီ။

ရေလှောင်တမံ၏ဒီအပိုင်းက အလွန်ညင်သာသည်။ ရေလှောင်တမံမှရေထုတ်လျှင်တောင် ရေပေါ်တံတားကို သိပ်ပြီးသက်ရောက်မှုမရှိနိုင်။
ရေပေါ်တံတားသက်သက်ကိုက ခရီးသည်တွေအတွက်ဆွဲဆောင်သောနေရာတစ်ခုဖြစ်ပြီး လျှောက်လည်နိုင်၏။
စုံတွဲတွေ ရေပေါ်တံတားလျှောက်လျှင် လက်တွဲသွားနိုင်သည်။ သူတို့ခြေထောက်တွေ ရေနှင့်အတူနည်းနည်းချင်းလှုပ်ရှားသွားသည့်ခံစားချက်မှာ အလွန်ကြည်နူးဖို့ကောင်းမည်။
နိုင်ငံထဲတွင်လည်း ရေပေါ်တံတားများစွာရှိသည်။ ဥပမာ အန်းရှစ်ရေပေါ်တံတားမှာ အလွန်ကျော်ကြား၏။ ကားတောင်ဖြတ်မောင်းနိုင်သည်။
ထို့ကြောင့် ရေပေါ်တံတားနှင့်ဘဲကြည့်ရှုခြင်းမှာ အလွန်ဆွဲဆောင်မှုအားကောင်းသည်။ ခရီးသည်များလည်း ရေပေါ်တံတားပေါ်တွင်အပန်းဖြေပြီး ဓာတ်ပုံများရိုက်နိုင်သည်။
အဓိကအချက်မှာ ရေပေါ်တံတားကဆောက်ရမြန်ဆန်ပြီး မကြာမီအသုံးပြုနိုင်သည်။ သံဆူးကြိုးဝါယာဖယ်ချိန်ကျလျှင် ရေပေါ်တံတားကို ရေလှောင်တမံရေနက်ပိုင်းသို့ဘဲများမဝင်စေရန်တားမြစ်သော သာမန်တံတားအဖြစ်လည်းအသုံးပြုနိုင်မည်။
ဂိမ်းထဲတွင် ပတ်ဝန်းကျင်ကိုသန့်စင်ပေးသော ရေပေါ်အပင်များရှိမရှိလည်းကြည့်မည်။ ရေအရည်အသွေးကိုထိန်းသိမ်းနိုင်ရုံသာမက မြင်ကွင်းကိုလည်းအလှဆင်ရာကျမည်။
နောက်ပြီး ရှုမျှော်ခင်းနေရာအတော်များများတွင် အခမဲ့ကြည့်ရှုနိုင်သောနေရာများရှိကြသည်။ ဒီရေပေါ်တံတားက ချင်းလင်စံအိမ်အတွက် အခမဲ့ကြည့်ရှုနိုင်သောနေရာတစ်ခုဖြစ်လာမည်။
ရေပေါ်တံတား၏လုံခြုံမှုကို အသေအချာလုပ်ထားရန်သာလို၏။ ဘာပဲဖြစ်ဖြစ် ရေလှောင်တမံပဲလေ။
ချင်လင်က ရေပေါ်တံတားနှင့်ဘဲရှုခင်းအကြောင်းတွေးမိသည်နှင့် ချန်တပေကိုလှမ်းခေါ်လိုက်သည်။
“သူဌေး... ဘာဖြစ်လို့လဲ?” ချန်တပေချက်ချင်းပြေးလာပြီး ချင်လင်ကိုမေးလိုက်သည်။
ချင်လင်ကညွှန်ကြားလိုက်၏_ “အရင်ဆုံး ဘဲခြံဆောက်ဖို့အကောင်းဆုံးလုပ်ပါ... လောလောဆယ် ရေပေါ်တံတားမဆောက်သေးနဲ့ဦး... အဲဒါဆောက်ဖို့ သီးသန့်ကုမ္ပဏီတစ်ခုရှာဖို့စီစဉ်ထားတယ်”
ဒီလိုအစီအစဉ်ရှိမှတော့ ရေပေါ်တံတားကိုဖြစ်သလိုလုပ်လို့မဖြစ်။ အပြင်အဆင်ကို သေသေချာချာလုပ်ရမည်။ ရေမျောနှင့်သစ်သားအရောင်က ဆင်တူပြီးလိုက်ဖက်ညီရမည်။
သူ့သူဌေးညွှန်ကြားချက်ကိုကြားလျှင် ချန်တပေက ဘာကြောင့်လဲဟုမမေး။ စကားတစ်ခွန်းမဆိုဘဲ ရေမျောကိုတွန်းနေသောလုံခြုံရေးအစောင့်များအား လှမ်းအော်လိုက်သည်_ “အခုအဲဒါမလုပ်သေးနဲ့ဦး... လာ... ဆရာမာကို ဝါးကူဖောက်ပြီး ဘဲခြံဆောက်ရအောင်”
ချန်တပေကိုညွှန်ကြားပြီးနောက် ချင်လင်က သူ့ရုံးခန်းထဲပြန်လာပြီး ရုံချန်းစီရင်စုဆောက်လုပ်ရေးမှ ကုမ္ပဏီအချက်အလက်များကိုစစ်ဆေးကြည့်လိုက်သည်။
ရေပေါ်တံတားထိုးသည့် အထူးဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတော့ရှိရမည်။
ရုံချန်းစီရင်စုတွင် 'ပြည်တွင်းခရီးသွားလုပ်ငန်း+' အစီအစဉ်ကိုဖော်ဆောင်နေသည်။ ရှုမျှော်ခင်းနေရာအတော်များများတွင် ရေပေါ်တံတားဆောက်ထားပြီး ထိုသက်ဆိုင်ရာစျေးကွက်မှာ ထိုဝန်ဆောင်မှုများပေးသည့်ကုမ္ပဏီများပေါ်ထွက်လာစေ၏။
ချင်လင်က သူရဲကောင်းတောင်ကြားအတွက် ရေပေါ်တံတားဆောက်ပေးသောကုမ္ပဏီကို ဆက်သွယ်လိုက်သည်။
သူရဲကောင်းတောင်ကြား၏ရေပေါ်တံတားကိုသူမြင်ဖူးသည်။ ထိုတံတားကလည်း ရေလှောင်တမံအပိုင်းပေါ်ဆောက်ထားသောတံတားဖြစ်ပြီး အလွန်ကောင်းသည်။
ထို့နောက် ရေလှောင်တမံပြန်လာပြီး ဆရာမာတို့ဆောက်သောဘဲခြံကိုကြီးကြပ်လိုက်သည်။ သူ့အမြင်နှင့်လမ်းညွှန်မှုပေးပြီး သူလိုချင်သောပုံစံမျိုးရရန်အကောင်းဆုံးကြိုးစားလိုက်၏။
မနက်ပိုင်းပြီးလျှင် မနေ့ကဆောက်ထားသောဘဲခြံနှင့်ကပ်လျက် ရေလှောင်တမံဘေးတွင် နောက်ထပ်ဘဲခြံကြီးသုံးခြံဆောက်ပြီးသွားသည်။
အပြင်အဆင်သုံးနိုင်သရွေ့ ဝါးသက်သက်နှင့်ဆောက်ထားသောထိုဘဲခြံကြီးမှာ နည်းနည်းအလှတန်ဆာဆန်သည်။
ဆရာမာတို့ကို ထိုဘဲခြံကြီး ၄ ခြံနှင့် ရေလှောင်တမံအပိုင်းကို သံဆူးကြိုးနှင့်ကာခိုင်းပြီး အရင်ဆုံး ဘဲများထုတ်လာရမည်။
ဒီဘဲတွေဘယ်ကရကြောင်းရှင်းပြဖို့ သူစဉ်းစားရဦးမည်။
ရုတ်တရက်မျိုးကောင်းရလာလို့။ ဒီအကြောင်းပြချက်က အဆင်ပြေတယ်မလား?
မွေးမြူရေးခြံတစ်ခုမှာ မျိုးစပ်ထားတဲ့ဘဲသုံးကောင်ရှိတယ်။ ခြံပိုင်ရှင်က ဒီဘဲကြီးသုံးကောင်ရဲ့ဥတွေနဲ့ နောက်ထပ်ဘဲအုပ်ကိုမွေးမြူဖို့သုံးလိုက်တယ်။ ဖြစ်ချင်တော့ ဘဲတွေကပုံပြောင်းပြီး ပိုသေးသွားတယ်။
ဒီလိုဆိုရင် အရည်အသွေး ၂ နှင့် အရည်အသွေး ၁ ဘဲများအတွက် ရှင်းပြချက်ရလာမည်။
နောက်ဆုံး ဒီဘဲတွေတွေ့ပြီး ငွေကုန်ကြေးကျခံကာဝယ်ယူခဲ့သူက သူပဲဖြစ်သည်။
ကျိုးကြောင်းဆီလျော်အောင် ဘယ်လိုလုပ်ရမလဲတော့ သူသေချာစဉ်းစားရပေဦးမည်။