အပိုင်း(၁၀၄၁)
Vol. 75 Ch. 1041
ဟန်မူယဲ့က ဖြည်းဖြည်းချင်း လက်မြှောက်သည်။ သူ့လက်ချောင်းထိပ်တွင် အနက်ရောင်နှင့် အဖြူရောင်အလင်းကို သယ်ဆောင်ထားသည်။
“စည်းမျဉ်းလား”
“ဒီလိုဟာမျိုးလား”
အလင်းနှစ်ခုက ထိတွေ့သွားပြီး သွယ်ယှက်နေသည်။ အစိမ်းရောင်အလင်း ဖြစ်တည်လာသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး သွေးမြစ်အင်မော်တယ်ဘုရင်၏ ရင်ဘတ်ကို ညွှန်ပြသည်။
“ဘုန်း”
ချက်ချင်းဆိုသလိုပင် သွေးမြစ်အင်မော်တယ်ဘုရင်က အစိမ်းရောင်အလင်း၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။
အစိမ်းရောင်အလင်းက လှည့်ပတ်နေပြီး ကပ်ဘေးစွမ်းအားသည် အင်မော်တယ်ဘုရင်၏ စွမ်းအားနှင့် ထိတွေ့သွားသည်။
သွေးမြစ်အင်မော်တယ်ဘုရင်က ဖြည်းဖြည်းချင်း ခေါင်းမော့ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“မင်း၊ မင်းက တကယ်ပဲ ....”
ကပ်ဘေးစွမ်းအားသည် သူ့ခန္ဓာကိုယ်ကို တစ်ပိုင်းတစ်စစီ ဖြစ်သွားစေသည်။
သွေးမြစ်အင်မော်တယ်ဘုရင်က အဆုံးမရှိသော သွေးအလင်းအဖြစ် ပြောင်းလဲပြီး ပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားသည်။
သွေးမြစ်အင်မော်တယ်ဘုရင်၏ စွမ်းအားကြောင့် သွေးစက်ကျချောက်ကမ်းပါးမှ ဝင်္ကပါ၏စွမ်းအားသည် အဆတစ်ရာခန့် ပိုတိုးလာသည်။
“ဘန်း”
မရေမတွက်နိုင်သော နတ်ဘုရားကလန်၏ စစ်သည်များသည် ဝင်္ကပါ၏ ဖိအားကြောင့် ပြန့်ကျဲနေသော နတ်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
အင်မော်တယ်သခင်များကလည်း တည်ငြိမ်စွာ မနေနိုင်တော့ပဲ ယိမ်းယိုင်နေကြသည်။
“ဒီဝင်္ကပါက ဘာဖြစ်လို့ အရမ်းအားကောင်းနေတာလဲ”
အင်မော်တယ်သခင်ထန်စီ၏ မျက်နှာထားက ဖြူဖျော့နေပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်လာသော ရုပ်သေးရုပ်ကို ကြည့်သည်။
ရုပ်သေးရုပ်က လက်မြှောက်ပြီး ရိုက်ချသည်။
“ဘုန်း”
ကောင်းကင်နှင့်မြေကြီးကြားတွင် အရာအားလုံးက ရွှေနီရောင်သန်းနေသည်။
အင်မော်တယ်သခင်တစ်ပါးသည် သွေးစက်ကျချောက်ကမ်းပါးတွင် လွယ်ကူစွာ သေဆုံးသွားခဲ့သည်။
အင်မော်တယ်သခင်၏သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသော အလင်းရောင်သည် ပတ်ဝန်းကျင်ကို ရှင်းလင်းပေးလိုက်သောကြောင့် လူတိုင်းက ထိုမြင်ကွင်းကို မြင်လိုက်ရသည်။
အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်သည် တစ်ချက်တည်း သေဆုံးသွားခဲ့သည်။
ထိုအချက်သည် ထိတ်လန့်စရာမကောင်းသေးပေ။ ဝင်္ကပါက အင်မော်တယ်သခင်၏ စွမ်းအားများကို စုပ်ယူလိုက်သောကြောင့် ပိုမိုအားကောင်းလာခဲ့သည်။
အနည်းငယ်သာ ဖြစ်သော်လည်း လုံလောက်သည်။
တခြားအင်မော်တယ်သခင်များက လေထုထဲတွင် မရပ်နိုင်တော့ပဲ အောက်သို့ ပြုတ်ကျသွားကြသည်။
“သွေးမြစ်အင်မော်တယ်ဘုရင်၊ ဘာဖြစ်ချင်နေတာလဲ”
“သွေးမြစ်အင်မော်တယ်ဘုရင်၊ ခင်ဗျားက အင်မော်တယ်ဘုရင်တွေရဲ့ သဘောတူညီချက်ကို ဆန့်ကျင်ရဲတယ်ပေါ့လေ။ သွေးမိစ္ဆာကောင်းကင်ဝင်္ကပါရဲ့ တန်ပြန်စွမ်းအားကို မကြောက်ဘူးလား”
အင်မော်တယ်သခင်ပိုင်ကြွယ်က ထိတ်လန့်နေပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ယခုအချိန်တွင် သူက သွေးမြစ်အင်မော်တယ်ဘုရင်ကို ခြိမ်းခြောက်ရုံသာ တတ်နိုင်သည်။
သို့သော် သူ၏ လုပ်ဆောင်ချက်က အသုံးမဝင်ခဲ့ပေ။
“ဘုန်း”
ရှန့်လင်းရွှမ်း၏ဓားနှစ်လက် ကျဆင်းလာသည်။
မြေပြင်တွင်ရှိနေသော အင်မော်တယ်သခင်ပိုင်ကြွယ်၊ ယွင်လန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တခြားအင်မော်တယ်သခင်များက တစ်ပိုင်းတစ်စစီ ဖြစ်သွားကြသည်။ နတ်စွမ်းအားနှင့် အင်မော်တယ်အလင်းသည် ပတ်ဝန်းကျင်တွင် သွယ်ယှက်နေသည်။
ဝင်္ကပါက ထိုစွမ်းအားကို စုပ်ယူလိုက်သည်။ ကျန်ရှိနေသော တခြားအင်မော်တယ်သခင်များက မခုခံနိုင်ကြတော့ပေ။ သွေးအလင်းက သူတို့ကို ဆွဲယူသွားသည်။
ကျန်းကွမ်ယွမ်နှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် လေးနက်စွာကြည့်သည်။
နောက်တစ်ကြိမ်သည် သူတို့၏အလှည့် ဖြစ်လိမ့်မည်။
သို့သော် သူတို့ မတုံ့ပြန်နိုင်ခင် ဟန်ချီနှင့် ရှန့်လင်းရွှမ်းက ဦးညွတ်လိုက်ကြသည်။
“အစ်ကိုဟန်၊ တာဝန်ပြီးဆုံးသွားပါပြီ”
သူတို့၏ စကားသံများကြားတွင် ဟန်မူယဲ့၏ပုံရိပ် ပေါ်ထွက်လာသည်။
“ယွင်လန်ဓားအင်မော်တယ်၊ တကယ် ယွင်လန်ဓားအင်မော်တယ်ပဲ”
“ဟားဟား၊ ယွင်လန်၊ မင်းက မသေသေးဘူးပဲ”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ သူက လက်ကို ဝှေ့ယမ်းပြီး ပတ်ဝန်းကျင်တွင်ရှိသော သွေးအငွေ့အသက်ကို ဖယ်ရှားသည်။
ထိုမြင်ကွင်းကြောင့် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်သည်။
“အကြီးအကဲတို့ မျှော်လင့်ထားတဲ့အတိုင်း ဟန်မူယဲ့က သွေးစက်ကျချောက်ကမ်းပါးကို ကယ်တင်ပေးလိုက်ပါပြီ”
ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ကျယ်လောင်စွာပြောသည်။
လူတိုင်း၏မျက်နှာထားက လေးနက်နေပြီး ခေါင်းညိတ်သည်။
သွေးစက်ကျချောက်ကမ်းပါးသည် အလွန်အန္တရာယ်များလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဖူယွီအင်မော်တယ်ကမ္ဘာတစ်ခုလုံး ပျက်စီးသွားရန် အနည်းငယ်သာ လိုတော့သည်။
“ဆရာတူညီလေး၊ ဘာတွေဖြစ်သွားတာလဲ”
ကျန်းကွမ်ယွမ်က ရှေ့တိုးလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး ရှေ့သို့ ညွှန်ပြသည်။
“ဆရာတူအစ်ကိုကြီး၊ စစ်မြေပြင်ကို မရှင်းတော့ဘူးလား”
သူ့စကားကြောင့် ကျန်းကွမ်ယွမ်နှင့် တခြားလူများက မျက်လုံးများ တောက်ပသွားကြသည်။
စစ်မြေပြင်ကို ရှင်းလင်းခြင်းသာ မဟုတ်ပေ။
ရန်သူ၏ အင်မော်တယ်သခင်များက သေဆုံးမသွားလျှင် ဖိနှိပ်ခံထားရသည်။ စစ်တပ်က နောက်တွင် ကျန်ရစ်ခဲ့သည်။
ထို့ကြောင့် နတ်ဘုရားကလန်၏စစ်တပ်ကို အပြည့်အဝရှင်းထုတ်ရန် အချိန်ကောင်းဖြစ်သည်။
လူတိုင်းက စစ်တပ်ကို ဖိနှိပ်ရန် လျင်မြန်စွာလှုပ်ရှားလိုက်ကြပြီး ဟန်မူယဲ့ကို ဂရုမစိုက်တော့ပေ။
ဟန်မူယဲ့က သူတို့ကို လျစ်လျူရှုထားပြီး ဟန်ချီနှင့် ရှန့်လင်းရွှမ်းကို ခေါ်လိုက်သည်။ သူက ညွှန်ကြားချက်တချို့ပေးပြီး ဝင်္ကပါ၏ ဗဟိုချက်ထဲသို့ ဝင်ရောက်သွားသည်။
ရှန့်လင်းရွှမ်းနှင့် ဟန်ချီက အင်မော်တယ်သခင်များ၏နောက်သို့ လိုက်သွားသည်။
ဟန်မူယဲ့က ဝင်္ကပါ၏စွမ်းအားဖြင့် ရှန့်လင်းရွှမ်းနှင့် တခြားလူများကို ကြည့်နေသည်။
တစ်ချိန်တည်းမှာပင် သူက ဖိနှိပ်ထားသော အင်မော်တယ်သခင်များကို နဂါးမိကျောင်း၏ခန္ဓာကိုယ် ရှိခဲ့သောနေရာသို့ ပို့လိုက်သည်။
ထိုနေရာတွင် တောင်တန်းတစ်ခု မရှိတော့ပေ။
မဟာမိစ္ဆာ၏ခန္ဓာကိုယ်နှင့် ယှဉ်လိုက်လျှင် အင်မော်တယ်သခင်ဆယ်ယောက်က အလွန်သေးငယ်သည်။
သူတို့ကို ဖိနှိပ်ထားပြီး နတ်စွမ်းအားအမျှင်တန်းများကို ထုတ်ယူသည်။
ဝင်္ကပါ၏စွမ်းအား ဖြစ်သည်။
ယခင်က ဝင်္ကပါကို ကောင်းမွန်စွာ အသက်သွင်းရန်ပင် မဖြစ်နိုင်ခဲ့ပေ။ ယခုအချိန်တွင် ထိုအင်မော်တယ်သခင်များကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး ဝင်္ကပါကို အားဖြည့်ပေးနိုင်သည်။
ထိုအရာသည် သွေးစက်ကျချောက်ကမ်းပါးတွင်ရှိသော ကောင်းကင်မိစ္ဆာဝင်္ကပါ၏ အစစ်အမှန်အသုံးပြုပုံ ဖြစ်သည်။
သို့သော် နဂါးမိကျောင်းနှင့် ရင်ဆိုင်လိုက်ရသောကြောင့် ထိုနည်းလမ်းကို မသုံးနိုင်ပဲ စွမ်းအားများကို ပြန်လည်ထောက်ပံ့ပေးနေရသည်။
အင်မော်တယ်သခင်ဆယ်ယောက် ရှိနေသောကြောင့် လိုဏ်ဂူထဲတွင်ရှိသော ကျင့်ကြံသူများကို လွှတ်ပေးနိုင်သည်။
“ဝိ”
အစိမ်းရောင်ဓားတစ်လက်သည် အင်မော်တယ်သခင်များ ဖိနှိပ်ခံထားရသော နေရာတွင် ပေါ်လာသည်။
ထို့နောက် ကမ္ဘာတစ်ခုကို ထုတ်ပေးသည်။
သတ်ဖြတ်ခြင်းဓား ဖြစ်သည်။
ဤတစ်ကြိမ်တွင် သတ်ဖြတ်ခြင်းဓားကို ဖိနှိပ်ထားရန် မလိုတော့ပေ။ ထိုဓားက သွေးအငွေ့အသက်များကို အရူးအမူး စုပ်ယူနေသည်။
သွေးစက်ကျချောက်ကမ်းပါးတွင် သွေးအငွေ့အသက်များသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် စုစည်းနေခဲ့သည်။ သတ်ဖြတ်ခြင်းဓားက သွေးအငွေ့အသက်များအားလုံးကို အနားမယူပဲ စုပ်ယူမည်ဆိုလျှင်ပင် နှစ်ပေါင်းများစွာ ကြာလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဝင်္ကပါကို ကျွမ်းကျင်သူတစ်ယောက်က ဖိနှိပ်ထားရန် လိုအပ်သည်။ ထို့ကြောင့် ဟန်မူယဲ့က ဓားကို ဤနေရာတွင် ထားခဲ့လိုက်သည်။
ထို့အပြင် ပါ့ရှားကလည်း ဤနေရာတွင် နဂါးမိကျောင်း၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း သန့်စင်နေသည်။
ကျန်းကွမ်ယွမ်နှင့် တခြားလူများက တစ်လအကြာတွင် သွေးစက်ကျချောက်ကမ်းပါးသို့ ပြန်ရောက်လာကြသည်။
သန်းချီနေသော တာအိုဂိုဏ်း၏ သူပုန်များက ပြန့်ကျဲနေကြသည်။
အတိအကျပြောရလျှင် သူတို့ကို ခွဲယူလိုက်ကြသည်။
အင်အားစုများအားလုံးက ဝေစုရခဲ့သည်။
သင်္ချိုင်းအင်မော်တယ်မြို့ကပင် အနည်းငယ်ရခဲ့သည်။
အင်မော်တယ်သခင်ယုချန်နှင့် တခြားလူများက အစွမ်းကုန်ကြိုးစားခဲ့သော်လည်း လူသုံးသန်းကိုသာ စုစည်းနိုင်ခဲ့သည်။
နောက်တစ်ဆင့်အနေဖြင့် သူတို့က ဖူယွီအင်မော်တယ်ကမ္ဘာသို့ ပြန်သွားပြီး အင်အားစုအသီးသီးကို ပြန်လည်တည်ဆောက်ရမည်။
သူတို့အားလုံးက သွေးစက်ကျချောက်ကမ်းပါးကို ဂရုမစိုက်တော့ပေ။
ဟန်မူယဲ့က နတ်ဘုရားကမ္ဘာနှင့်ဆက်သွယ်ထားသော ဝင်္ကပါကို ဖျက်ဆီးခဲ့သောကြောင့် ဤနေရာသည် အန္တရာယ်မရှိတော့ပေ။ သွေးစက်ကျချောက်ကမ်းပါးကို ဟန်မူယဲ့ဆီသို့ ပေးလိုက်လျှင်လည်း ပြဿနာမရှိပေ။
ဟန်မူယဲ့၏ အားကောင်းသော လက်အောက်ငယ်သားများက သွေးစက်ကျချောက်ကမ်းပါးတွင် ရှိနေလျှင် အင်အားခွဲထုတ်ပြီးသား ဖြစ်သွားလိမ့်မည်။
ဟန်မူယဲ့က အကျိုးဆောင်ပေးခဲ့သော်လည်း အင်မော်တယ်သခင်များက ကိုယ်ပိုင်အင်အားစုအတွက် စဉ်းစားရန် လိုအပ်သည်။
ကျန်းကွမ်ယွမ်ကပင် တခြားလူများ၏ဆုံးဖြတ်ချက်ကို မကန့်ကွက်ခဲ့ပေ။
ကျန်းကွမ်ယွမ်တို့က လျင်မြန်စွာ ထွက်သွားချင်နေသည်။ ဟန်မူယဲ့က သွေးစက်ကျချောက်ကမ်းပါးတွင် အစီအစဉ်များပြုလုပ်ခဲ့သည်။
ဟန်ချီနှင့် ရှန့်လင်းရွှမ်းက သွေးစက်ကျချောက်ကမ်းပါးတွင် ယာယီနေထိုင်ပြီး ဝင်္ကပါ၏ ထောက်ပံ့မှုဖြင့် လေ့ကျင့်နေလိမ့်မည်။
မူရုံကျိုးနှင့် တခြားလူများကလည်း သွေးစက်ကျချောက်ကမ်းပါးတွင် ဆက်နေခဲ့သည်။
သူတို့သာမက လူအများစုကလည်း ဆက်နေကြသည်။
ဟန်မူယဲ့ကမ်းလှမ်းထားသော ဈေးနှုန်းသည် အလွန်ဆွဲဆောင်မှုရှိသည်။ တစ်နှစ်လျှင် နတ်စွမ်းအားသလင်းကျောက်တစ်ခု ရလိမ့်မည်။
ထိုအရာမျိုးကို တခြားနေရာတွင် မရနိုင်ပေ။
သူတို့က ဝင်္ကပါကို စောင့်ကြပ်ပေးရန်သာ လိုအပ်သည်။
ထိုကျင့်ကြံသူများသာမက သွေးစက်ကျချောက်ကမ်းပါးတွင် ရှိနေသော အင်မော်တယ်သခင်ဝူချန်နှင့် တခြားအင်မော်တယ်သခင်များကလည်း ဆက်နေလိုက်ကြသည်။
ဟန်မူယဲ့ကမ်းလှမ်းလာသော ဈေးနှုန်းကြောင့် သူတို့က ထွက်သွားရန် တွန့်ဆုတ်နေကြသည်။
ပါ့ရှားပုံရိပ်သည် သွေးစက်ကျချောက်ကမ်းပါးတွင် နဂါးမိကျောင်း၏ခန္ဓာကိုယ်တစ်ပိုင်းနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်နေသည်။ မူလဝိညာဉ်ဓားကလည်း သွေးအငွေ့အသက်ကို စုပ်ယူနေသည်။
ဟန်မူယဲ့က သွေးစက်ကျချောက်ကမ်းပါးမှ ထွက်လာသောအခါတွင် သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်မထားတော့ပေ။
ဖူယွီအင်မော်တယ်ကမ္ဘာသည် နှစ်တစ်ရာကြာအောင် ဖရိုဖရဲဖြစ်နေခဲ့သည်။
ယွင်လန်တာအိုဂိုဏ်းက ပြိုကွဲသွားသည်။ အင်မော်တယ်သခင်ယုချန်က အစွမ်းကုန်ကြိုးစားနေသော်လည်း တာအိုဂိုဏ်း၏ ယခင်ဂုဏ်ကျက်သရေကို ပြန်မရနိုင်တော့ပေ။
ဖူယွီအင်မော်တယ်ကမ္ဘာတွင် နယ်မြေ ၃၆ခုရှိပြီး တာအိုဂိုဏ်းက နယ်မြေ ၁၃ခုကို ပိုင်ဆိုင်ခဲ့သည်။
ယခုအချိန်တွင် တာအိုဂိုဏ်းက နယ်မြေငါးခုကိုသာ ပိုင်ဆိုင်တော့သည်။
ကျန်ရှိနေသော နယ်မြေရှစ်ခုတွင် ဓားဂိုဏ်းက သုံးခုယူလိုက်သည်။ ကောင်းကင်အလင်းဂိုဏ်း၊ သံမဏိချပ်ဝတ်ဂိုဏ်းနှင့် သွေးစစ်ပွဲဂိုဏ်းတို့က တစ်ခုစီ ယူကြသည်။
ခါးသီးအင်မော်တယ်နယ်မြေနှင့် ထိစပ်နေသော ကျန်နယ်မြေနှစ်ခုကို မိစ္ဆာဘုရင်ရွှေမီးတောက်က ယူလိုက်သည်။
အမှန်အတိုင်းပြောရလျှင် ရွှေမီးတောက်ကို ယွင်လန်ဓားအင်မော်တယ်က ထောက်ပံ့ပေးထားကြောင်း လူတိုင်းသိကြသည်။
ယွင်လန်ဓားအင်မော်တယ်က ဖူယွီအင်မော်တယ်ကမ္ဘာ၏ အန္တရာယ်နယ်မြေနှစ်ခုကို ထိန်းချုပ်ထားသည်။ ထို့အပြင် ယွင်ထန့်တောရိုင်းမြေ၏ ယွင်လန်မြို့ကိုလည်း ပိုင်ဆိုင်ထားပြီး ဓားဂိုဏ်းမှ တရားဝင်မထွက်ခွာရသေးပေ။
ယွင်လန်ဓားအင်မော်တယ်ကို ဖူယွီအင်မော်တယ်ကမ္ဘာက မျက်နှာသာပေးရသည်။
နယ်မြေခွဲဝေသောကိစ္စတွင် ယွင်လန်ဓားအင်မော်တယ်ကြောင့် တာအိုဂိုဏ်းက နယ်မြေရှစ်ခုကို စွန့်လွှတ်ခဲ့သည်ဟု ပြောကြသည်။
ထို့ကြောင့် တာအိုဂိုဏ်းက နယ်မြေငါးခုကို ထိန်းသိမ်းထားနိုင်ပြီး တခြားဂိုဏ်းများက အကျိုးအမြတ်ရခဲ့သည်။
ယွင်လန်ဓားအင်မော်တယ်၏ လက်အောက်တွင် အင်မော်တယ်သခင်များ ရှိနေကြောင်း လူတချို့က သိထားကြသည်။
သင်္ချိုင်းအင်မော်တယ်မြို့နှင့် သွေးစက်ကျချောက်ကမ်းပါးတွင် ယွင်လန်ဓားအင်မော်တယ်အတွက် အလုပ်လုပ်ပေးနေသော အင်မော်တယ်သခင်များ ရှိကြသည်။