အပိုင်း(၁၀၄၆)
Vol. 75 Ch. 1046
ဟန်မူယဲ့၏နောက်ကွယ်တွင် အင်မော်တယ်ကမ္ဘာတစ်ခု သို့မဟုတ် ဂိုဏ်းတစ်ဂိုဏ်း ရှိလိမ့်မည်။ ကောင်းကင်တစ်သောင်းမြို့တွင်လည်း သူနှင့်ပတ်သတ်သော ပြိုင်ဘက်ကင်းကျွမ်းကျင်သူများ ရှိနေနိုင်သည်။
“ကျွန်တော်တို့က စီးပွားရေးလုပ်ဖို့ ရောက်လာတာပါ။ ကောင်းကင်တစ်သောင်းမြို့မှာ မိတ်ဆွေနဲ့ ဆွေမျိုးတွေ မရှိပါဘူး”
ဟန်မူယဲ့က စကားပြောလိုက်ပြီး ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ပေးသည်။
ထိုပုလင်းထဲတွင် မူဝမ်သန့်စင်ထားသော ဆေးလုံးများ ပါဝင်နေသည်။
“ဒီဆေးလုံးတွေကို ဂိုဏ်းတူညီမက လုပ်ထားတာပါ။ ကောင်းကင်တစ်သောင်းမြို့မှာ ရောင်းနိုင်လောက်တယ်”
‘ဆေးလုံးလား’
စုကျယ်က ကျောက်စိမ်းပုလင်းကို ယူလိုက်ပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ ထို့နောက် သူက တစ်ကိုယ်လုံး တုန်ခါသွားသည်။
သူက မျက်လုံးပြူးနေပြီး ကျောက်စိမ်းပုလင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
“တာအိုရောင်းရင်းဟန်၊ ဒီဆေးလုံးတွေအတွက် ဈေးပြောလိုက်ပါ”
ကောင်းကင်တစ်သောင်းချောက်နက်တွင် ခန္ဓာကိုယ်ကို သုံးရက်ကာကွယ်ပေးနိုင်သော ဆေးလုံးများက အလွန်တန်ဖိုးရှိသည်။
သူ့စကားကို ကြားလိုက်ရသောအခါ ဟန်မူယဲ့က ပြုံးသည်။
ခန္ဓာတည်ငြိမ်ခြင်းဆေးလုံးဟု အမည်ရသော ထိုဆေးလုံးများကို စုကျယ်ဆီသို့ ရောင်းလိုက်သည်။
သူက သွေးမျိုးဆက်ပုတီးစေ့နှင့် တူညီသော သွေးပုတီးစေ့သုံးဆယ်ကို ထုတ်ပေးသည်။
ထိုသွေးပုတီးစေ့များကို ကောင်းကင်ချောက်နက်ပုလဲလုံးဟု ခေါ်ဆိုပြီး ကောင်းကင်တစ်သောင်းတွင် ငွေကြေးအဖြစ် အသုံးပြုသည်။
ထိုပုလဲလုံးထဲတွင် အသက်စွမ်းအား၊ သွေးစွမ်းအားနှင့် နတ်စွမ်းအားအနည်းငယ် ပါဝင်နေသည်။
အရေးအကြီးဆုံးအရာသည် အသက်စွမ်းအား ဖြစ်သည်။
ထိုစွမ်းအားသည် စည်းမျဉ်းဖြစ်ပြီး အလွန်မှိန်ဖျော့နေသောကြောင့် အာရုံခံကြည့်ရန် ခက်ခဲသည်။
ထိုစွမ်းအားကို ရရှိရန်အတွက် အင်မော်တယ်ဘုရင်များက တန်ဖိုးကြီးတစ်ခု ပေးလိမ့်မည်။
ကောင်းကင်တစ်သောင်းချောက်နက်က ဝင်ထွက်ရန် လွယ်ကူနေလျှင် ကောင်းကင်ချောက်နက်ပုလဲလုံးများကို ရောင်းဝယ်ပြီး အကျိုးအမြတ်ရနိုင်သည်။
“ကောင်းကင်တစ်သောင်းမြို့က ကောင်းကင်ချောက်နက်ပုလဲလုံးတွေကို ရောင်းဝယ်ဖို့ တားမြစ်မထားပေမဲ့ ဘယ်သူမှ အင်မော်တယ်ကျောက်တုံးနဲ့ လဲကြမှာမဟုတ်ဘူး”
“နတ်ဘုရားကမ္ဘာနဲ့ နတ်စွမ်းအားသလင်းကျောက်နဲ့လည်း လဲမှာမဟုတ်ဘူး”
“ကောင်းကင်ချောက်နက်ပုလဲလုံးက သွေးစက်ကျချောက်ကမ်းပါးရဲ့ သွေးမျိုးဆက်ပုတီးစေ့တွေထက် တန်ဖိုးရှိတယ်”
“ကောင်းကင်ချောက်နက်ပုလဲလုံးတွေကို ချောက်နက်ရဲ့အောက်ခြေမှာရှိတဲ့ ပုံရိပ်ယောင်ကမ္ဘာတွေက မွေးထုတ်ပေးတယ်။ ထုတ်လုပ်ပေးတဲ့ အရေအတွက်ကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူး”
“မဟာပုဂ္ဂိုလ်ကြီးတွေက ပုံရိပ်ယောင်ကမ္ဘာထဲမှာ ကောင်းကင်ချောက်နက်ပုလဲလုံးကို ဖန်တီးနိုင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အဲဒါက အမှန်လား ဘယ်သူမှ မသိကြဘူး”
စုကျယ်က ခန္ဓာတည်ငြိမ်ခြင်းဆေးလုံးကို လဲလှယ်လိုက်ပြီး ခံစားချက်ကောင်းနေသည်။ သူက ကောင်းကင်တစ်သောင်းမြို့၏ အချက်အလက်များကို ပြောပြလိုက်သည်။
ထိုသို့ဖြင့် သင်္ဘောပျံက နက်ရှိုင်းသော ချောက်နက်ဆီသို့ ရောက်လာသည်။
သူတို့၏ရှေ့တွင် တောက်ပနေသော မြို့တစ်မြို့ ပေါ်ထွက်လာသည်။
ထိုမြို့သည် အလွှာငါးခုရှိပြီး အလွှာတိုင်းသည် အလွန်ကျယ်ဝန်းသည်။
အပြင်ဘက်မှ ကြည့်လိုက်လျှင် မြို့ကို ရွှေရောင်အလင်းလွှာတစ်ခုက ဖုံးအုပ်ထားသည်။
သေချာကြည့်လိုက်လျှင် ထိုအလင်းလွှာက ရောင်စုံဖြစ်နေကြောင်း မြင်နိုင်သည်။
“ဒါက ကောင်းကင်တစ်သောင်းမြို့ပဲ”
စုကျယ်က အတိတ်ကို သတိရနေပုံပေါ်သည်။
“တာအိုရောင်းရင်းဟန်၊ အလွှာမြင့်လေ အင်အားစုတွေက ပိုသန်မာလေပဲ”
“ငါက တတိယအလွှာမှာ နေတယ်။ ငါ့ရဲ့ အင်အားစုကို ညကောင်းကင်မျှော်စင်လို့ ခေါ်တယ်။ ခေါင်းဆောင်တွေက အင်မော်တယ်သခင်ယွင်ထျန်းနဲ့ အင်မော်တယ်သခင်ရယ်ဟွားပဲ”
“တကယ်လို့ တာအိုရောင်းရင်းဟန်က ဆန္ဒရှိမယ်ဆိုရင် ညကောင်းကင်မျှော်စင်ကို လာလို့ရတယ်”
ထို့နောက် စုကျယ်က ပြုံးလိုက်ပြီး ပြောသည်။
“မင်းဂိုဏ်းတူညီမရဲ့ အာခီမီစွမ်းရည်နဲ့ဆိုရင် ထျန်းရယ်မျှော်စင်ကို ဝင်ရောက်လိုက်ရင်တောင် အကြီးအကဲရာထူး ရလိမ့်မယ်”
ကျင့်ကြံခြင်းနှင့်ခွန်အားသည် စွမ်းအားဖြစ်သည်။ အာခီမီနှင့် ပန်းပဲပညာရပ်သည်လည်း စွမ်းအားဖြစ်သည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး စကားမပြောပေ။
အင်မော်တယ်သခင်နှစ်ယောက်၏ အင်အားစုလေးတစ်ခုသာ ဖြစ်သည်။
သူက အင်မော်တယ်သခင်များနှင့် ရင်ဆိုင်နိုင်သည်။
သူ့မျက်နှာထားကို မြင်လိုက်ရသောအခါတွင် စုကျယ်က ခပ်ဟဟရယ်လိုက်ပြီး စကားမပြောတော့ပေ။
သင်္ဘောပျံက အလင်းလွှာ၏ရှေ့တွင် ရပ်တန့်သွားသည်။
စုကျယ်၏ လမ်းညွှန်ချက်အောက်တွင် လူတိုင်းက အထောက်အထားကို စစ်ဆေးပြီး အလင်းလွှာတချို့ကို ကျော်ဖြတ်လိုက်ကြသည်။ ထို့နောက် နာမည်ကျောက်စိမ်းပြားကို လက်ခံပြီး တစ်ယောက်လျှင် အင်မော်တယ်ကျောက်တုံးတစ်သန်း ပေးဆောင်လိုက်ကြသည်။
ကောင်းကင်တစ်သောင်းမြို့သည် သာမန်လူများအတွက် မဟုတ်ပေ။
အင်မော်တယ်ကျောက်တုံးတစ်သန်းသည် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ရင်နာသွားစေနိုင်သည်။
နောက်ခံမရှိသော သာမန်ကောင်းကင်အင်မော်တယ်များသည် ပထမအလွှာနှင့် ဒုတိယအလွှာတွင်သာ နေထိုင်နိုင်ကြသည်။
အထူးသဖြင့် ပထမအလွှာသည် အလွန်ရှုပ်ထွေးနေသော အောက်ဆုံးအထပ် ဖြစ်သည်။
တတိယအလွှာတွင် နယ်မြေကို ထိန်းချုပ်ထားသော အင်မော်တယ်သခင်များ ရှိကြသည်။
စတုတ္ထအလွှာတွင် မဟာကမ္ဘာနှင့် နတ်ဘုရားကမ္ဘာ၏ ကျွမ်းကျင်သူများ နေထိုင်ကြသည်။
ပဥ္စမအလွှာတွင် အင်မော်တယ်ဘုရင်ချန်ယွမ် နေထိုင်သည်။ ထိုအလွှာသို့ သူ၏ တပည့်များသာ ဝင်ရောက်နိုင်သည်။
သင်္ဘောပျံကို သိမ်းလိုက်ပြီး ဟန်မူယဲ့နှင့် တခြားလူများက စုကျယ်၏နောက်သို့ လိုက်သွားကြသည်။ သူတို့က ခမ်းနားသော တတိယအလွှာသို့ ရောက်လာသည်။
“ကွမ်ယွမ်လမ်းမှာရှိတဲ့ ဈေးဆိုင်တိုင်းကို အင်အားစုကြီးတစ်ခုက ထောက်ပံ့ပေးထားတယ်”
စုကျယ်က ပတ်ဝန်းကျင်ကို ညွှန်ပြလိုက်သည်။
ပေတစ်ထောင်ကျယ်ဝန်းသောလမ်း၏ ဘေးနှစ်ဖက်တွင် ကိုယ်ပိုင်လက္ခဏာရပ်နှင့် ဈေးဆိုင်များ ရှိနေကြသည်။
တချို့စံအိမ်များက အလွန်မြင့်မားသည်။ တချို့က ရိုးရှင်းပြီး ခမ်းနားသည်။ တချို့ကတော့ ထူးဆန်းသည်။
ဆေးလုံး၊ ချပ်ဝတ်၊ အင်မော်တယ်ရတနာ၊ ဝိညာဉ်ရတနာ၊ ဝိညာဉ်သတ္တု၊ အဆောင်လက်ဖွဲ့ ....
ရှေးခေတ်၏ ရတနာအမျိုးမျိုးလည်း ရှိနေသည်။
ဟန်မူယဲ့မမြင်ဖူးသော ကျင့်ကြံခြင်းနည်းစနစ်များလည်း ရှိနေကြသည်။
ကျင့်ကြံခြင်းလောကမှ နှစ်ပေါင်းများစွာကြာအောင် ပျောက်ကွယ်သွားသော သက်ရှိများလည်း ရှိနေသည်။
“ငါက ညကောင်းကင်မျှော်စင်ကို အရင်ဆုံး ပြန်သွားရမယ်။ တာအိုရောင်းရင်ဟန်၊ တည်းခိုဖို့ နေရာရှာမယ်ဆိုရင် ငါ့ကို အကြောင်းကြားလိုက်ပါ”
စုကျယ်က ကျောက်စိမ်းပြားတစ်ခုကို ပေးလိုက်ပြီး တီးတိုးပြောသည်။
ဤနေရာသည် ညကောင်းကင်မျှော်စင်နှင့် မိုင်တစ်ထောင်သာ ဝေးသည်။ ထို့ကြောင့် ဆက်သွယ်ရေးကျောက်စိမ်းပြားနှင့် လွယ်ကူစွာ အကြောင်းကြားနိုင်သည်။
ကွမ်ယွမ်လမ်းတွင် အခြေချထားနိုင်သော ညကောင်းကင်မျှော်စင်က လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ပြောရမည်။
မည်သို့ပင်ဖြစ်စေ သူတို့ကို အင်မော်တယ်သခင်နှစ်ယောက်က ဦးဆောင်ထားသည်။
စုကျယ်ထွက်သွားသောအခါ ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ပြောသည်။
“ဒီနေရာက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ နန်းမြို့တော်နဲ့ ဆင်တူတယ်။ ငါတို့က အရင်အတိုင်း ဆက်လုပ်ရတော့မယ်ထင်တယ်”
သူ့စကားကြောင့် လူတိုင်းက ပြုံးလိုက်သည်။
ယခင်က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ နန်းမြို့တော်တွင် ဟန်မူယဲ့နှင့် မူဝမ်သည် အာခီမီကံကြမ္မာစံအိမ်ကို ဖွင့်လှစ်ပြီး ဆေးလုံးများ ရောင်းချခဲ့ကြသည်။
နောက်ပိုင်းတွင် ဟန်မူယဲ့က အဆုံးမဲ့ပင်လယ်သို့ ရောက်သွားပြီး တော်ဝင်ရှုခင်းဓားဆိုင်၏ ပိုင်ရှင် ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် ကျန့်တနျိုနှင့် တခြားလူများအားလုံးက သူနှင့်အတူ ပါလာသောကြောင့် ရေစက်ဟောင်းကို ပြန်အသက်သွင်းရမည်။
“ဒီမှာ ဆိုင်ဖွင့်ဖို့ ဈေးကြီးလောက်တယ်”
မူဝမ်က တီးတိုးပြောသည်။
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး မောက်မာစွာပြောသည်။
“ညီမမူ၊ ဆိုင်နဲ့ပတ်သတ်ပြီး စိုးရိမ်နေစရာမလိုပါဘူး။ ဆေးလုံးသန့်စင်ဖို့ပဲ အာရုံစိုက်ထားပါ”
သူက အင်မော်တယ်ကျောက်တုံးများကို ဂရုစိုက်နေရန် မလိုတော့ပေ။
သူက ကောင်းကင်တိုင်းတာခြင်းပေတံကို ရှာဖွေချင်သောကြောင့် ဤနေရာသို့ ရောက်လာခဲ့သည်။
ထိုရတနာက နေရာတစ်ခုတွင် ပုန်းအောင်းနေပြီး ကံကောင်းမှ ရှာတွေ့နိုင်မည်။
ဟန်မူယဲ့က မူဝမ်တို့နှင့် လျှောက်သွားနေပြီး ငါးထပ်စံအိမ်တစ်ခုကို သဘောကျသွားသည်။
စံအိမ်၏ တံခါးဝတွင် တိမ်တိုက်နဂါးစံအိမ်ဟု ရေးသားထားပြီး အမျိုးမျိုးသော ဝိညာဉ်သတ္တု၊ ဆေးလုံးနှင့် ချပ်ဝတ်များကို ရောင်းချသည်။
ကုန်ပစ္စည်းများက အနည်းငယ် ရှုပ်ပွနေပြီး ဧည့်သည်အများအပြား ရှိနေသည်။
ပထမထပ်နှင့် ဒုတိယထပ်တွင် အမျိုးမျိုးသော အဆင့်နိမ့်ဝိညာဉ်သတ္တုများ ရှိနေသည်။ တတိယထပ်နှင့် စတုတ္ထထပ်တွင် ဆေးလုံးနှင့်ချပ်ဝတ်များရှိပြီး ပဥ္စမထပ်သည် အကြီးစားဖောက်သည်များအတွက်သာ ဖြစ်သည်။
“တာအိုရောင်းရင်းဟန်၊ ငါတို့ တိမ်တိုက်နဂါးစံအိမ်ကို တကယ်ပဲ စိတ်ဝင်စားနေတာလား”
ငါးထပ်စံအိမ်တွင် အစိမ်းရောင်ပိုးထည်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ကျင့်ကြံဆင့်သိပ်မမြင့်သော ဟန်မူယဲ့က တိမ်တိုက်နဂါးစံအိမ်ကို ဝယ်ယူရန် မေးမြန်းရဲသည့်အတွက် သူက အနည်းငယ် အံ့အားသင့်နေသည်။
“ဆိုင်ရှင်ဟူ၊ ဈေးပြောလိုက်ပါ”
ဟန်မူယဲ့က ပြတင်းပေါက်ဘေးတွင် ရပ်နေသည်။ သူက အပြင်ဘက်တွင်ရှိသော သက်ဝင်လှုပ်ရှားနေသည့်မြင်ကွင်းကို ကြည့်လိုက်ပြီး ပေါ့ပါးစွာပြောသည်။
သူ၏လေသံက လွှမ်းမိုးနိုင်စွမ်းရှိသောကြောင့် ဆိုင်ရှင်ဟူက ခဏတာ တိတ်ဆိတ်သွားသည်။
ဆိုင်ရှင်၏နာမည်က ဟူကျိရန်ဖြစ်ပြီး ရွှေအင်မော်တယ်အဆင့်တွင် ရှိသည်။
သူက စဉ်းစားကြည့်နေပြီး ပြောသည်။
“တာအိုရောင်းရင်းဟန်၊ ငါက ဒီဆိုင်ရဲ့ တာဝန်ခံပါ။ ဆိုင်ကိုရောင်းဖို့ ဆုံးဖြတ်ပေးလို့မရဘူး။ ပိုင်ရှင်ရောက်လာတာကို စောင့်ပေးပါ”
သူက ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီး ဘေးတွင် စောင့်နေသည်။
နာရီဝက်အကြာတွင် ငွေဖြူရောင်ဝတ်စုံနှင့် အသက်ငါးဆယ်အရွယ် လူတစ်ယောက် ရောက်လာခဲ့သည်။
“တတိယဦးလေး”
ဟူကျိရန်က လေးစားစွာ ဦးညွတ်သည်။
လူအိုကြီးက လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြတင်းပေါက်ရှေ့တွင် ရှိနေသော ဟန်မူယဲ့ကို ကြည့်သည်။
ရွှေအင်မော်တယ် ....
သို့သော် သူ၏ အငွေ့အသက်က ထူးခြားသည်။
“မိတ်ဆွေလေး၊ မင်းက တိမ်တိုက်နဂါးစံအိမ်ကို ဝယ်ချင်တာလား”
လူအိုကြီးက ပြုံးလိုက်ပြီး ပြောသည်။
“ငါက တိမ်တိုက်နဂါးစံအိမ်ရဲ့ပိုင်ရှင် ဟူယွင်လုံပါ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်လျက် ပြောသည်။
“အကြီးအကဲ၊ ဈေးပြောလိုက်ပါ။ ကျွန်တော်က တိမ်တိုက်နဂါးစံအိမ်ကို စိတ်ဝင်စားနေတယ်”
ဟူယွင်လုံက အလျင်မလိုပေ။ သူက ပြုံးလိုက်ပြီး ဟန်မူယဲ့ကို စားပွဲတွင်ထိုင်ရန် ဖိတ်ခေါ်သည်။ ထို့နောက် ဟူကျိရန်ကို ဝိညာဉ်သစ်သီးနှင့် လက်ဖက်ရည်တည်ခင်းရန် အချက်ပြသည်။
“မင်းက ဘာဖြစ်လို့ တိမ်တိုက်နဂါးစံအိမ်ကို ဝယ်ချင်တာလဲ”
ဟန်မူယဲ့က လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်သည်။
“ကျွန်တော်က စီးပွားရေးလုပ်ဖို့ အပြင်ကနေ ရောက်လာခဲ့တာ။ တိမ်တိုက်နဂါးစံအိမ်ရဲ့ တည်နေရာက တကယ်ကောင်းတယ်”
“တည်နေရာကြောင့်ပဲလား”
ဟူယွင်လုံက သိချင်နေပုံပေါ်သည်။
ထိုလူငယ်က သူ၏နောက်ခံနှင့် တိမ်တိုက်နဂါးစံအိမ်၏ လွှမ်းမိုးနိုင်စွမ်းကို မသိပဲ ဝယ်ယူရန် ကမ်းလှမ်းလာသောအကြောင်းကို သူက မယုံကြည်နိုင်ပေ။
ဟူယွင်လုံ၏မျက်လုံးများက တောက်ပသွားသည်။
“အပြင်ကနေ ရောက်လာတာလား ....”
သူက ဟန်မူယဲ့ကို စိုက်ကြည့်နေပြီး ပြောလိုက်သည်။
“မိတ်ဆွေလေး၊ မင်းက ဓားကျင့်ကြံသူလား”
ဟန်မူယဲ့က ဓာဆန္ဒကို ဖိနှိပ်ထားသောကြောင့် တခြားလူများက မမြင်နိုင်ကြပေ။
ယခုအချိန်တွင် သူက ဓားဆန္ဒကို ထုတ်လွှတ်လိုက်သောကြောင့် ဟူယွင်လုံက မျက်ခုံးပင့်သည်။
“ကျွန်တော်က ဓားကျင့်ကြံသူပဲ”
“ဓားကျင့်ကြံသူ”
ဟူယွင်လုံက ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
“ကောင်းပြီ။ အဲဒါဆိုရင် ငါတို့ စကားပြောလို့ရတယ်”
သူက အပြုံးတစ်ခုနှင့်အတူ ဆက်ပြောသည်။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ နတ်စွမ်းအားသလင်းကျောက် ငါးသိန်းနဲ့ ငါက တိမ်တိုက်နဂါးစံအိမ်ရဲ့ ဝေစု ၃၀%ကို မင်းဆီ ပေးလိုက်မယ်”