အပိုင်း(၁၀၄၇)
Vol. 75 Ch. 1047
“မင်းက တိမ်တိုက်နဂါးစံအိမ်ကို စီမံနိုင်တယ်။ ငါက အမြတ်ဝေစု ၂၀%ကိုပဲ ယူမယ်”
ဟူယွင်လုံက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။
“မင်းက ကောင်းကင်တစ်သောင်းမြို့ရဲ့ နယ်မြေခံတစ်ယောက်မဟုတ်တာကြောင့် စီးပွားရေးလုပ်တဲ့နေရာမှာ အခက်အခဲရှိနိုင်တယ်။ ငါတို့ ပူးပေါင်းထားရင် ပိုကောင်းလိမ့်မယ်”
နတ်စွမ်းအားသလင်းကျောက်ငါးသိန်းသည် အလွန်တန်ဖိုးရှိသည်။
ဂိုဏ်းကြီးတစ်ဂိုဏ်းကပင် ထုတ်ပေးနိုင်ရန် အလွန်ကြိုးစားရလိမ့်မည်။
ဟန်မူယဲ့က နောက်ခံကောင်းလိမ့်မည်ဟု ဟူယွင်လုံက ခန့်မှန်းထားသောကြောင့် ထိုဈေးနှုန်းနှင့် ကမ်းလှမ်းခဲ့သည်။
ထိုဈေးက အမှန်တကယ်ပင် မြင့်မားသည်။
တိမ်တိုက်နဂါးစံအိမ်သည် ကုန်ပစ္စည်းများအပါအဝင် ထိုမျှ တန်ဖိုးမရှိပေ။
ပူးပေါင်းမည့်ကမ်းလှမ်းချက်သည် ဟန်မူယဲ့၏ အလားအလာကောင်းသော နောက်ခံကြောင့် ဖြစ်သည်။
“နတ်စွမ်းအားသလင်းကျောက်ငါးသိန်း၊ ဝေစု ၃၀% ....”
ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ခေါင်းခါလျက် ပြောသည်။
“အကြီးအကဲပြောတာ မှန်ပါတယ်။ အပြင်လူတစ်ယောက်က ဒီမှာ စီးပွားရေးလုပ်ဖို့ မလွယ်ဘူး”
ဟူယွင်လုံက ပြုံးသည်။
သို့သော် ချက်ချင်းဆိုသလိုပင် သူ့အပြုံးက အေးခဲသွားသည်.
ဟန်မူယဲ့က လက်မြှောက်ပြီး ရွှေသေတ္တာတစ်လုံးကို ထုတ်ပေးသည်။
“ဒီမှာ နတ်စွမ်းအားသလင်းကျောက်နှစ်သန်း ရှိတယ်။ ကျွန်တော်က တိမ်တိုက်နဂါးစံအိမ်ရဲ့ ဝေစု ၉၀%ကို လိုချင်တယ်။ ခင်ဗျားကို အမြတ် ၁၀% ပေးမယ်”
နတ်စွမ်းအားသလင်းကျောက် နှစ်သန်း ....
ဟူကျိရန်က ပါးစပ်အဟောင်းသားဖြစ်နေသည်။
ဟူယွင်လုံက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
တစ်နာရီအကြာတွင် တိမ်တိုက်နဂါးစံအိမ်က ပိုင်ရှင်ပြောင်းသွားသည်။
ဆိုင်ကို စီမံပေးနေသော ဟူကျိရန်က ဟူယွင်လုံကို အပြင်ဘက်သို့ လိုက်ပို့ပေးနေသည်။
“တတိယဦးလေး၊ တိမ်တိုက်နဂါးစံအိမ်ကို တကယ်ပဲ ရောင်းလိုက်တာလား”
သူက အနည်းငယ် ဝမ်းနည်းနေသည်။
သူက ဤနေရာတွင် နှစ်သောင်းချီကြာအောင် နေထိုင်ပြီး အလုပ်လုပ်ပေးခဲ့သည်။
ယခုအချိန်တွင် စံအိမ်က ပိုင်ရှင်ပြောင်းသွားသည်။
“သူက ဈေးကောင်းပေးခဲ့တယ်”
ဟူယွင်လုံက ဖျော့တော့စွာပြုံးလိုက်ပြီး သက်ပြင်းချလျက် ခေါင်းခါသည်။
ဟူကျိရန်က နှုတ်ခမ်းတွန့်သွားသည်။ ထို့နောက် ခေါင်းညိတ်သည်။
တိမ်တိုက်နဂါးစံအိမ်သည် ကုန်ပစ္စည်းများအပါအဝင် နတ်စွမ်းအားသလင်းကျောက် တစ်သိန်းခန့်သာ တန်ဖိုးရှိသည်။
နတ်စွမ်းအားသလင်းကျောက် နှစ်သန်းသည် နောက်ထပ် တိမ်တိုက်နဂါးစံအိမ် နှစ်ဆယ်ကို ဝယ်ယူရန် လုံလောက်သည်။
ဈေးကောင်းပေးခဲ့သည့်အပြင် အမြတ် ၁၀%ကိုလည်း ချန်ထားပေးသည်။
“တတိယဦးလေး၊ ကျွန်တော့်ကို ဘာဖြစ်လို့ ဒီမှာနေဖို့ ပြောတာလဲ။ သခင်လေးဟန်ရဲ့နောက်မှာ ဘယ်အင်အားစု ရှိနေတာလဲ”
“သူက ဓားကျင့်ကြံသူတစ်ယောက်ပဲ။ ပြီးတော့ အပြင်ကမ္ဘာကနေ ရောက်လာတာ”
ဟူယွင်လုံက တီးတိုးပြောသည်။
“သူက ယန်တင်းထျန်နဲ့ ဆက်သွယ်နေနိုင်တယ်”
“ကောင်းကင်နီအင်မော်တယ်ကမ္ဘာရဲ့ ယန်တင်းထျန်က ဓားကျင့်ကြံခြင်းကနေတစ်ဆင့် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်သွားနိုင်တဲ့ လူတစ်ယောက်ပဲ”
ဓားကျင့်ကြံခြင်းမှတစ်ဆင့် အင်မော်တယ်ဘုရင်ဖြစ်လာသော ကျွမ်းကျင်သူများသည် ပြိုင်ဘက်ကင်းတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ကြသည်။
ဟုကျိရန်က မျက်လုံးများတောက်ပသွားပြီး ခေါင်းညိတ်သည်။
“တတိယဦးလေး၊ စိတ်မပူပါနဲ့။ ကျွန်တော်က ဘာလုပ်ရမလဲ သိပါပြီ”
ဟွမ်ကျစ်ဟူ၏ သင်္ဘောပျံက လမ်းတစ်လျှောက်တွင် အန္တရာယ်များနှင့်ရင်ဆိုင်ပြီး ကောင်းကင်တစ်သောင်းမြို့သို့ ရောက်လာခဲ့သည်။
သို့သော် သူမက ဝေခွဲမရဖြစ်နေသည်။
သူတို့ထဲတွင် ကျင့်ကြံဆင့်အမြင့်ဆုံးက ရွှေမီးတောက်ဖြစ်သည်။ ရွှေမီးတောက်၏ ခွန်အားနှင့်ဆိုလျှင် တတိယအလွှာတွင် နေနိုင်သည်။
သို့သော် သူတို့တွင် အသိမိတ်ဆွေမရှိသောကြောင့် အန္တရာယ်များနိုင်သည်။
“ကျွန်မတို့ ပထမအလွှာကို သွားမယ်”
ဟွမ်ကျစ်ဟူ၏ မျက်လုံးများက တောက်ပနေသည်။
“ဖရိုဖရဲဖြစ်နေတဲ့နေရာမှာ အခွင့်အရေးကို ရှာဖွေနိုင်လိမ့်မယ်”
သူမက ဓားရိုးပေါ်တွင် လက်တင်ထားပြီး ညင်သာစွာပြောသည်။
ကျောက်ချန်က အနည်းငယ် တုံ့ဆိုင်းနေသည်။ သို့သော် ယွင်သွမ့်နှင့် တခြားလူများက မငြင်းသောကြောင့် သူက ခေါင်းညိတ်လိုက်သည်။
သူတို့က ပထမအလွှာတွင်ရပ်တန့်ပြီး သင်္ဘောပျံကို သိမ်းလိုက်သောအခါတွင် ကျင့်ကြံသူများက ချဉ်းကပ်လာကြသည်။
“တာအိုရောင်းရင်းတို့၊ မင်းတို့မှာ အလုပ်ပေးစရာရှိလား”
“အားလုံးပဲ ငါ့မှာ ရတနာတစ်ခုရှိတယ်။ ကောင်းကင်ချောက်နက်ပုလဲ သုံးခုပဲပေး”
“လူသစ်တွေလား။ ငါတို့ သွေးခန်းဆောင်မှာ နှစ်တစ်ရာကြာသည်အထိ အလုပ်လုပ်ပေးမယ့်လူတွေကို လိုအပ်နေတယ်”
....
အဝေးတစ်နေရာတွင် လူတချို့က စပ်စုနေကြသည်။ တချို့ကတော့ မကောင်းကြံနေသည်။
လူတချို့က ဟွမ်ကျစ်ဟူနှင့် ယွင်သွမ့်ကို ကြည့်နေကြသည်။
သူတို့က မြို့ထဲသို့ ရောက်လာပြီး တည်းခိုဆောင်တစ်ခုတွင် နေလိုက်ကြသည်။
ပထမလွှာတွင် အင်မော်တယ်ကျောက်တုံးများကို ငွေကြေးအဖြစ် အသုံးချသည်။ ကောင်းကင်ချောက်နက်ပုလဲကို မသုံးကြပေ။
ကောင်းကင်ချောက်နက်ပုလဲ တစ်ခုသည် အင်မော်တယ်ကျောက်တုံး တစ်သိန်းနှင့် ညီမျှသည်။ ပထမအလွှာတွင်ရှိသော လူအများစုက ထိုတန်ဖိုးကို မတတ်နိုင်ကြပေ။
“အစ်မကြီး၊ ကောင်းကင်တစ်သောင်းမြို့ရဲ့ ပထမအလွှာက ဖရိုဖရဲဖြစ်နေတယ်။ ဘယ်လိုဆက်လုပ်ကြမလဲ”
တည်းခိုဆောင်၏ ဒုတိယအထပ်တွင် ရွှေမီးတောက်က ဟွမ်ကျစ်ဟူကိုကြည့်လိုက်ပြီး မေးသည်။
သူတို့၏ စုံစမ်းမှုများအရ ဤနေရာသည် စည်းကမ်းမရှိသော ဥပဒေမဲ့နေရာတစ်ခု ဖြစ်သည်။
“ငါတို့ ဒုတိယအလွှာကို သွားသင့်လား”
ယွင်သွမ့်က တုံ့ဆိုင်းနေသည်။
“ငါတို့က ဒုတိယအလွှာကိုသွားဖို့ မလိုဘူး”
ဟွမ်ကျစ်ဟူက တောက်ပနေသော မျက်လုံးများဖြင့် ခေါင်းခါသည်။
“ငါတို့က ပထမအလွှာမှာ ရောက်နေပြီလေ”
သူမက လက်သီးဆုပ်ထားပြီး တီးတိုးပြောသည်။
“ပထမအလွှာမှာ ငါတို့အတွက် အခွင့်ကောင်းတစ်ခု ရှိနေတယ်”
‘အခွင့်ကောင်းလား’
ဟွမ်ကျစ်ဟူက လူတိုင်းကို ကျင့်ကြံသူများ စုစည်းနေသော တောင်တန်းဆီသို့ ခေါ်သွားသည်။ ထိုအချိန်တွင် သူတို့က အခွင့်ကောင်းကို နားလည်လိုက်သည်။
“အဲဒါကို မြင်လား”
ဟွမ်ကျစ်ဟူက ရှေ့သို့ ညွှန်ပြသည်။
တောင်တန်းအပေါ်တွင် ခံတပ်တစ်ခု ရှိနေသည်။
“ဒါကို ဗုံတောင်ကြောလို့ ခေါ်တယ်။ အဲဒီခံတပ်ကို ဖီးနစ်တောအုပ်ခံတပ်လို့ ခေါ်တယ်။ ခေါင်းဆောင်က လေဟာနယ်သန့်စင်ခြင်းအဆင့် မိစ္ဆာတစ်ကောင်ပဲ”
ဟွမ်ကျစ်ဟူက ရွှေမီးတောက်ကို လှည့်ကြည့်သည်။
“သူ့မှာ ဖီးနစ်သွေးမျိုးဆက်ရှိတယ်လို့ ပြောကြတယ်”
‘ဖီးနစ်သွေးမျိုးဆက်လား’
ရွှေမီးတောက်၏ မျက်လုံးများက တောက်ပသွားသည်။
ဤလောကတွင် ဖီးနစ်သွေးမျိုးဆက်မိစ္ဆာများက ရှားပါးသည်။
“ကျစ်ဟူ၊ ခံတပ်ကို သိမ်းပိုက်ချင်လို့လား”
ယွင်သွမ့်က နှုတ်ခမ်းကိုက်ထားပြီး ရေရွတ်သည်။
“ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ မဟာဧကရီ၊ နင်က မဟာစစ်သူကြီးပဲ။ ငါတို့က ဒီအဆင့်အထိ လျော့ကျသွားပြီလား”
ထိုစကားများကြောင့် ကျောက်ချန်က ရယ်လိုက်သည်။
ရွှေမီးတောက်၏ နှုတ်ခမ်းများက တွန့်သွားသည်။
ဟွမ်ကျစ်ဟူက ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ်ထားသည်။
“အဲဒီမှာ အင်မော်တယ်ကျင့်ကြံသူ သုံးရာကျော် ရှိနေတယ်။ နည်းနည်းလောက် လေ့ကျင့်ပေးလိုက်ရင် သူတို့ကို အသုံးချလို့ရတယ်”
“ကောင်းကင်တစ်သောင်းမြို့ရဲ့ ပထမအလွှာမှာ အဲဒီလိုခံတပ်တွေ အနည်းဆုံး တစ်သောင်းလောက်ရှိတယ်။ ငါတို့က သူတို့ကို တစ်ခုပြီးတစ်ခု ဝါးမြိုလိုက်ရုံပဲ”
ဟွမ်ကျစ်ဟူက သူရဲကောင်းဆန်သောမျက်နှာထားဖြင့် ရှေ့သို့ညွှန်ပြသည်။
“ဆယ်နှစ်ကြာရင် ယွင်သွမ့်၊ နင်က ဒီမှာ အကြီးမားဆုံးတောင်တန်းသခင်မ ဖြစ်လာလိမ့်မယ်”
....
“ဘန်း”
ဓားအလင်းသည် ပေထောင်ချီအကွာအဝေးကို ဖြတ်သန်းပြီး ခန်းဆောင်တစ်ခုကို ဖျက်ဆီးခဲ့သည်။
ဟွမ်ကျစ်ဟူက အေးစက်သောမျက်နှာထားဖြင့် ဓားကိုင်လျက် ရပ်နေသည်။
“ဒီနေ့ကစပြီး ဖီးနစ်တောအုပ်ခံတပ်က ခေါင်းဆောင်အသစ် ပြောင်းသွားလိမ့်မယ်”
သူမက တီးတိုးပြောလိုက်ပြီး ဓားအလင်းကို ထုတ်ဖော်သည်။
ခံတပ်ထဲတွင်ရှိသော ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်ကြသည်။
“မင်းက ခံတပ်ခေါင်းဆောင်ရာထူးကို လိုချင်တာလား”
အနက်ရောင်ချပ်ဝတ်ကို ဝတ်ထားသော သိမ်းငှက်မျက်လုံးများနှင့် လူငယ်တစ်ယောက်က ရှေ့တက်လာသည်။ သူက နောက်ကျောတွင်ရှိသော အဖြူအနက်တောင်ပံများကို ဖြန့်လိုက်သည်။
“မင်းမှာ စွမ်းရည်ရှိဖို့လိုတယ်”
လူငယ်က အော်ဟစ်လိုက်သည်။ သူ၏ အဖြူအနက်တောင်ပံက အဖြူအနက်ငှက်တစ်ကောင်အဖြစ် ပုံစံပြောင်းသွားသည်။
ဟွမ်ကျစ်ဟူက ဓားမြှောက်သည်။
ထိုအချိန်တွင် ရွှေမီးတောက်က ရုတ်တရက် ပျံထွက်လာပြီး လူငယ်၏ရှေ့တွင် ရပ်လိုက်သည်။
“မင်းမှာ ဖီးနစ်သွေးမျိုးဆက် တကယ်ပဲရှိနေတာလား”
“ဒါက အဖြူရောင်ဖီးနစ်ငှက်ရဲ့ သွေးမျိုးဆက်လား”
ရွှေမီးတောက်က လူငယ်ကိုကြည့်ပြီး တီးတိုးရေရွတ်သည်။
လူငယ်က တစ်ကိုယ်လုံး တုန်ခါနေပြီး ရွှေမီးတောက်ကို စိုက်ကြည့်နေသည်။
ရွှေမီးတောက်ဆီမှ ထွက်ပေါ်လာသော သွေးမျိုးဆက်စွမ်းအားကြောင့် သူက စိတ်ရင်းဖြင့် အရိုအသေပေးချင်နေသည်။
“ခင်ဗျား .... ခင်ဗျားက ဘယ်သူလဲ”
သူ့စကားအဆုံးတွင် ရွှေမီးတောက်က မီးတောက်များကို ဘန်းခနဲ ထုတ်လွှတ်လိုက်သည်။
“အခုအချိန်ကစပြီး သူမက မင်းရဲ့ အစ်မကြီးပဲ”
“မင်းက အစ်မကြီးရဲ့စကားကို နားထောင်ရမယ်”
ရွှေမီးတောက်က ဖီးနစ်ငှက်အဖြစ် အသွင်ပြောင်းလိုက်ပြီး လူငယ်ကို စိုက်ကြည့်နေသည်။
လူငယ်က တစ်ကိုယ်လုံးတုန်ခါနေပြီး ခေါင်းညိတ်သည်။ ထို့နောက် ဟွမ်ကျစ်ဟူကို ကြည့်လိုက်သည်။
“အစ်မကြီး”
ဟွမ်ကျစ်ဟူက လက်မြှောက်ပြီး ဓားကိုသိမ်းသည်။
“စိတ်မပူနဲ့။ အခုအချိန်ကစပြီး အစ်မကြီးက မင်းကို ကာကွယ်ပေးမယ်”
....
ဖီးနစ်တောအုပ်ခံတပ်သည် တစ်နာရီအတွင်း ပိုင်ရှင်ပြောင်းသွားသည်။
ယွင်သွမ့်က ခေါင်းဆောင်ဖြစ်လာပြီး ဟွမ်ကျစ်ဟူက ကျင့်ကြံသူများအားလုံးကို စီမံပေးနေသည်။
“ဒါက အကုန်ပဲလား”
“မင်းကရော၊ မင်းရဲ့ ဓားနည်းစနစ်ကလည်း ဆိုးဝါးနေတာလား”
“ဆေးလုံးသန့်စင်နိုင်တယ် ဟုတ်လား။ ပဥ္စမအဆင့်ဆေးလုံးနဲ့ ကြွားဝါရဲသေးတာလား”
ရင်ပြင်ထက်တွင် ဟွမ်ကျစ်ဟူက ကျယ်လောင်စွာဆူပူနေသည်။ သိပ်မဝေးသောနေရာတွင် ကျောက်ချန်က အချက်အလက်များအားလုံးကို စုစည်းပြီး အလင်းလွှာတစ်ခုကို အသက်သွင်းသည်။
ရွှေအလင်းပေါ်ထွက်လာပြီး ခဏအကြာတွင် ဟန်မူယဲ့၏ပုံရိပ်ကို မြင်ရသည်။
“အစ်ကိုကြီး၊ ကျစ်ဟူနဲ့ တခြားလူတွေက ဒီနေရာကို သဘောကျနေတဲ့ပုံပဲ။ သူတို့ကို တောင်သခင်မဖြစ်သွားအောင် တကယ်ပဲ လွှတ်ထားလိုက်ရမှာလား”