အပိုင်း(၁၀၄၉)
Vol. 75 Ch. 1049
ဟူကျိရန်က ခံစားချက်များနှင့် သက်ပြင်းချသည်။
“သူတို့လိုမျိုး ဓားကျင့်ကြံသူတွေကို တစ်ခါမှ မမြင်ဖူးဘူး”
လွန်ခဲ့သောနှစ်ရက်အတွင် သူက ဓားအကဲဖြတ်နေသော လျှိုဟုန်နှင့် တခြားလူများကို တိတ်ဆိတ်စွာ စောင့်ကြည့်ခဲ့သည်။ သူတို့၏ အကဲဖြတ်မှုများက အလွန်တိကျသောကြောင့် လူတိုင်းကို အားကျသွားစေသည်။
ထိုဓားပညာရှင်မျိုး ရှိနေသော ဈေးဆိုင်သည် မရေမတွက်နိုင်သော ဖောက်သည်များကို ဆွဲဆောင်နေလိမ့်မည်။
ဇောင်ယန်နှင့် စုကျယ်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
စတုတ္ထမြောက်အထပ်တွင် လူရှင်းနေသည်။
သို့သော် စင်အများစုက ဗလာဖြစ်နေသည်။
“တာအိုရောင်းရင်းဟန်ရဲ့ ဂိုဏ်းတူညီမက အာခီမီပညာရပ်မှာ ကျွမ်းကျင်တယ်”
စုကျယ်က ညင်သာစွာပြောလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
“ဟုတ်တယ်။ ဒီအထပ်မှာ နတ်မိမယ်မူတို့ သန့်စင်ထားတဲ့ ဆေးလုံးတွေကို အဓိကရောင်းတယ်”
ဟူကျိရန်၏မျက်နှာထားက ပိုမိုထူးဆန်းလာသည်။
ချောက်နက်ထဲတွင် ဆယ်ရက်နေနိုင်သော ဆေးလုံးအား ထုတ်ရောင်းလိုက်သောအခါတွင် သူက ကြောင်အသွားခဲ့သည်။
‘အဲဒီဆေးလုံးမျိုးကို ရောင်းလို့ရတာလား’
ထိုဆေးလုံးမျိုး ရှိနေလျှင် ဈေးနှုန်းက မည်မျှပင်ဖြစ်ပါစေ လူများက ဝယ်ယူကြလိမ့်မည်။
သူထင်ထားသည့်အတိုင်း သတင်းကြားပြီး ရောက်လာသော အင်မော်တယ်ကျင့်ကြံသူတစ်ယောက်က ဆေးလုံးများကို အပြောင်ရှင်းသွားခဲ့သည်။
ထို့ကြောင့် ဤနေရာတွင် စင်များက ဗလာဖြစ်နေခဲ့သည်။
ဆေးလုံးအသစ်ရှိလျှင် သူတို့က ပြန်ရောက်လာကြလိမ့်မည်။
“အဟမ်း၊ ဆိုင်ရှင်ဟူ တာအိုရောင်းရင်းဟန်က ....”
စုကျယ်က မသေမချာဖြစ်နေသည်။
“သခင်လေးဟန်က အပေါ်ထပ်မှာပါ”
ဟူကျိရန်က လက်မြှောက်ပြီး လှေကားကို ညွှန်ပြသည်။
‘ငါးထပ်မြောက်လား’
‘အဲဒီနေရာမှာ ပိုင်ရှင်နေတာမဟုတ်ဘူးလား’
‘ပြီးတော့ ဟူကျိရန်က ဟန်မူယဲ့ကို ဘယ်လိုခေါ်လိုက်တာလဲ။ သခင်လေးတဲ့လား’
“သခင်လေးက တိမ်တိုက်နဂါးစံအိမ်ကို ဝယ်လိုက်ပါပြီ”
ဟူကျိရန်က ခပ်ဟဟရယ်လိုက်ပြီး ကြောင်အနေသော ဇောင်ယန်နှင့် စုကျယ်ကို အပေါ်ထပ်သို့သွားရန် ညွှန်ပြသည်။
‘တိမ်တိုက်နဂါးစံအိမ်ကို ဝယ်လိုက်တာလား’
‘နောက်နေတာမဟုတ်လား’
‘ပိုက်ဆံရှိနေရင်တောင် အင်မော်တယ်ဘုရင်ရဲ့တပည့်တစ်ယောက်ကို အမှီပြုထားတဲ့ တိမ်တိုက်နဂါးစံအိမ်ကို ဝယ်ချင်တိုင်း ဝယ်လို့မရဘူးလေ’
ငါးထပ်မြောက်တွင် အဖြူရောင်ဝတ်စုံနှင့် တည်ငြိမ်စွာထိုင်နေသော ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် စုကျယ်က တိမ်တိုက်နဂါးစံအိမ်၏ ပိုင်ရှင်ပြောင်းသွားသောအချက်ကို လက်ခံလိုက်သည်။
“တာအိုရောင်းရင်းဟန်က တကယ်ရက်ရောတာပဲ”
စုကျယ်က သက်ပြင်းချသည်။
သူက ကောင်းကင်တစ်သောင်းချောက်နက်သို့ ရောက်လာပြီး ကွမ်ယွမ်လမ်းတွင်ရှိသော တိမ်တိုက်နဂါးစံအိမ်ကို ချက်ချင်းဝယ်လိုက်သည်။
သူ၏ ကြွယ်ဝမှုကို တွေးမကြည့်နိုင်ပေ။
“ဒါက ဘာမှမဟုတ်ပါဘူး။ နေစရာတစ်ခုပါပဲ။ ပိုပြီး အဆင်ပြေသွားတာပဲ ရှိတယ်”
ဟန်မူယဲ့က ပြုံးလိုက်ပြီး စုကျယ်နှင့် ဇောင်ယန်ကို ထိုင်ရန် အချက်ပြသည်။
စုကျယ်က ဇောင်ယန်နှင့် လျင်မြန်စွာ မိတ်ဆက်ပေးလိုက်ပြီး ခါးသီးစွာပြုံးသည်။
“တာအိုရောင်းရင်းဟန်က ညကောင်းကင်မျှော်စင်ကို အရင်လာမယ်လို့ ထင်ထားခဲ့တာ ....”
သူက ခေါင်းခါလိုက်ပြီး ဆက်မပြောတော့ပေ။
ဟန်မူယဲ့က တိမ်တိုက်နဂါးစံအိမ်ကို ပိုင်ထားသည်။ သူက ညကောင်းကင်မျှော်စင်သို့ ဝင်ရောက်မည်မဟုတ်ပေ။
“တာအိုရောင်းရင်းစုက သဘောကောင်းပါတယ်”
ဟန်မူယဲ့က ဇောင်ယန်ကိုကြည့်လိုက်ပြီး ပြောသည်။
“ကျွန်တော်က ညကောင်းကင်မျှော်စင်ကို မဝင်ရောက်နိုင်ပေမဲ့ တိမ်တိုက်နဂါးစံအိမ်ရဲ့ကိုယ်စား ပူးပေါင်းလို့ရတယ်”
‘ပူးပေါင်းမှာလား’
ဇောင်ယန်၏ မျက်လုံးများက တောက်ပသွားသည်။
သူတို့နှစ်ယောက်က တိမ်တိုက်နဂါးစံအိမ်တွင် ကြာမြင့်စွာ မနေခဲ့ပေ။
သူတို့က ဆုံးဖြတ်ချက်ချရန် မတတ်နိုင်ပေ။
ညကောင်းကင်မျှော်စင်၏ ရတနာများကို ရောင်းချခြင်း၊ ညကောင်းကင်မျှော်စင်၏ ကျင့်ကြံသူများကို ချောက်နက်၏အောက်ခြေတွင် ရတနာရှာဖွေရန် အပ်နှံခြင်း စသည့် ကိစ္စရပ်များကို ဇောင်ယန်က ဆုံးဖြတ်မပေးနိုင်ပေ။
သို့သော် ဟန်မူယဲ့က ညကောင်းကင်မျှော်စင်အတွက် ချပ်ဝတ်နှင့်ဆေးလုံးများကို ထောက်ပံ့ပေးမည်ဖြစ်သောကြောင့် ဇောင်ယန်က ပျော်ရွှင်နေသည်။
ထိုသတင်းကြောင့် သူက ညကောင်းကင်မျှော်စင်၏ ဆုလာဘ်ကို ရနိုင်သည်။
သူတို့က အောက်ထပ်သို့ ဆင်းလာသောအခါတွင် အသစ်သန့်စင်ထားသော ခန္ဓာတည်ငြိမ်ခြင်းဆေးလုံးများကို မြင်လိုက်ရသည်။
ချောက်နက်၏စွမ်းအားကို ငါးရက်ခုခံနိုင်သော ဆေးလုံးလေးလုံး ရှိနေသည်။
အဆုံးတွင် ဇောင်ယန်က ကောင်းကင်ချောက်နက်ပုလဲ တစ်ရာသုံးပြီး ဆေးလုံးတစ်လုံးကို ဝယ်ယူခဲ့သည်။
သူတို့က တတိယထပ်သို့ ရောက်လာသောအခါတွင် ဓားအကဲဖြတ်ခြင်းကို သွားကြည့်ခဲ့သည်။
“သုံးပေနဲ့ တစ်လက်မရှည်လျားတဲ့ ရတနာဓား၊ ပေါင်သုံးထောင့်ငါးရာ လေးတယ်။ ဒါပေမဲ့ ပေါ့ပါးအင်းကွက်တွေ ထည့်သွင်းထားတဲ့အတွက် သုံးပေါင်လောက်ပဲလေးတယ်လို့ ထင်ရတယ်”
“ဒီဓားကို ညီညွတ်ခြင်းရွှေသံမဏိနဲ့ သန့်စင်ထားတယ်။ အင်မော်တယ်အင်းကွက် ဆယ့်ရှစ်ခုကိုလည်း ထည့်သွင်းထားတယ်။ အဲဒီအင်းကွက်တွေက ....”
အကဲဖြတ်ပေးနေသောလူက လျှိုဟုန်ဖြစ်သည်။
သူ၏ အကဲဖြတ်စွမ်းရည်က သာမန်သာဖြစ်သော်လည်း နက်ရှိုင်းသော ဓားကျင့်ကြံခြင်းကို မပိုင်ဆိုင်လျှင် ထိုသို့ အကဲဖြတ်ပေးရန် မဖြစ်နိုင်ပေ။
လျှိုဟုန်၏ စကားများကြောင့် ဇောင်ယန်နှင့် စုကျယ်က ထပ်ကာတလဲလဲ ခေါင်းညိတ်လိုက်ကြသည်။
“ဒီဓားရဲ့ အင်မော်တယ်အင်းကွက်နဲ့ ဝိညာဉ်သတ္တုတွေက အမြန်နှုန်းကို ဦးစားပေးတယ်။ အဲဒါကြောင့် ကောင်းကင်အင်မော်တယ်အဆင့်အောက်မှာရှိတဲ့ အမြန်နှုန်းကိုအထူးပြုထားတဲ့ ကျင့်ကြံသူတွေနဲ့ လိုက်ဖက်တယ်”
“လေဓာတ်ဓားနည်းစနစ်ကို ကျင့်ကြံမယ်ဆိုရင် တိုက်ခိုက်နိုင်စွမ်း တိုးလာလိမ့်မယ်”
လျှိုဟုန်၏စကားကြောင့် ရှေ့တွင်ရပ်နေသော ဓားကျင့်ကြံသူက ပြုံးလိုက်သည်။
သူက လေဓာတ်အခြေပြု ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။
“ဒါပေမဲ့ အင်မော်တယ်အင်းကွက်သုံးခုက ပျက်စီးနေတယ်။ အင်မော်တယ်ချီ ၇၀%ကျော်သွားရင် စွမ်းအင်ကုန်ကျမှု များနေလိမ့်မယ်။ ပြီးတော့ အင်မော်တယ်အင်းကွက်တွေကို ဖုံးကွယ်ထားတာဖြစ်တဲ့အတွက် ပြုပြင်ဖို့ အရမ်းခက်တယ်”
လျှိုဟုန်၏စကားကြောင့် ဓားကျင့်ကြံသူ၏မျက်နှာထားက ပြောင်းလဲသွားသည်။
“မထူးဆန်းတော့ပါဘူး ....”
ဓားကျင့်ကြံသူက စိတ်ဓာတ်ကျနေသောမျက်နှာထားဖြင့် လျှိုဟုန်ကို ကြည့်သည်။
“ဆရာ့မှာ ဖြေရှင်းချက်ရှိလား”
လျှိုဟုန်က ပြုပြင်ရန် အလွန်ခက်သည်ဟု ပြောခဲ့သော်လည်း နည်းလမ်းမရှိဟု မဆိုလိုပေ။
သူ့စကားကို ကြားလိုက်ရသောအခါတွင် လျှိုဟုန်က ဓားကို ပြန်ပေးပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူသည်။
“ဒါက ပြုပြင်ရမယ့်နည်းလမ်းနဲ့ လိုအပ်တဲ့ ဝိညာဉ်သတ္တုတွေပဲ”
“ဝိညာဉ်သတ္တုတွေကိုစုဆောင်းပြီး ပန်းပဲပညာရှင်တစ်ယောက်ကို သွားရှာလို့ရတယ်”
ထို့နောက် လျှိုဟုန်က ပြုံးလိုက်ပြီး ဆက်ပြောသည်။
“ငါတို့ တိမ်တိုက်နဂါးစံအိမ်မှာလည်း ဓားပြင်ပေးနိုင်တဲ့ ဆရာကျန့်တနျိုရှိတယ်”
ဓားကျင့်ကြံသူက ကျောက်စိမ်းပေလွှာကို ပျော်ရွှင်စွာ ယူလိုက်သည်။
သူက ကျောက်စိမ်းပေလွှာကို နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး အံ့အားသင့်နေသောမျက်နှာထားဖြင့် ပြောသည်။
“ကျွန်တော်သိပြီ။ ဝိညာဉ်သတ္တုတွေကိုဝယ်ပြီး ဆရာကျန့်ဆီကို သွားလိုက်ပါမယ်”
....
လျှိုဟုန်က ဓားများကို ဆက်လက်အကဲဖြတ်ပေးနေသည်။
တချို့ဓားများတွင် အပျက်အစီးများ ရှိနေသည်။ တချို့ဓားများတွင် ပုန်းကွယ်နေသော လက္ခဏာရပ်များကို ပြောပြခဲ့သည်။
စုကျယ်နှင့် ဇောင်ယန်က ဆွဲဆောင်ခံလိုက်ရသည်။
ကောင်းကင်တစ်သောင်းမြို့တွင် လူတိုင်းက ရတနာတစ်ခု၊ နှစ်ခုခန့်ကို ပိုင်ဆိုင်ထားကြသည်။
သို့သော် ဓားအကဲဖြတ်ရန် တန်းစီနေသောလူများ အလွန်များသည်။ သူတို့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သုံးထပ်စင်ပေါ်တွင် ပြသထားသော အရည်အသွေးကောင်းမွန်သည့် ဓားများကို မြင်လိုက်ရသည်။
“တာအိုရောင်းရင်းဟန်ရဲ့ နောက်ခံက ဘာများလဲမသိဘူး။ သူ့လက်အောက်မှာ ပါရမီရှင်တွေ အများကြီးရှိနေတယ်”
“သူက တကယ်ချမ်းသာတယ်”
ဇောင်ယန်က တိမ်တိုက်နဂါးစံအိမ်မှ ထွက်လာပြီး တီးတိုးပြောသည်။
စုကျယ်က ခေါင်းညိတ်လိုက်သည်။
“မျှော်စင်သခင်ကို သတင်းပို့လိုက်ရအောင်။ တကယ်လို့ ပူးပေါင်းမှု အောင်မြင်သွားရင် မင်းနဲ့ငါက အကျိုးဆောင်ပြီးသားဖြစ်သွားလိမ့်မယ်”
ဇောင်ယန်က ပြုံးလိုက်ပြီး စုကျယ်ကို ကြည့်သည်။
ထိုစကားများကြောင့် စုကျယ်က ပျော်ရွှင်သွားသည်။
ငါးထပ်စံအိမ်တွင် ဟန်မူယဲ့က ထွက်သွားသော ဇောင်ယန်တို့ကို ကြည့်နေခဲ့သည်။
ကောင်းကင်တစ်သောင်းမြို့၏ အင်အားစုများနှင့် ဆက်သွယ်ခြင်းသည် သူ၏ ပထမခြေလှမ်းသာ ဖြစ်သည်။
ကောင်းကင်တိုင်းတာခြင်းပေတံကို ရှာဖွေရန် မလွယ်ပေ။
“ဆိုင်ရှင်၊ ဒါက ဒီနေ့စုဆောင်းထားတဲ့ ဓားတွေပဲ”
ရှောက်ထျန်းရီက ဓားရှည်သုံးခုကို ပေးလိုက်သည်။
ဟန်မူယဲ့က အရည်အသွေးကောင်းသော ဓားများကို စုဆောင်းရန် အမိန့်ပေးထားခဲ့သည်။
သူက ခေါင်းညိတ်လိုက်ပြီး ရှောက်ထျန်းရီ ပြန်သွားသောအချိန်အထိ စောင့်နေသည်။ ထို့နောက် ဓားရှည်တစ်လက်ကို ဆုပ်ကိုင်သည်။
“ဝီ”
အသံတစ်သံနှင့်အတူ ပုံရိပ်များကို မြင်လိုက်ရသည်။
ဓားကို သန့်စင်ခဲ့သော နည်းလမ်း ....
ပိုင်ရှင်ဟောင်း၏ မှတ်ဉာဏ်များ ....
လွန်ခဲ့သော နှစ်ပေါင်းသုံးသန်းတွင် ကျောက်ယွီယန်ဟု အမည်ရသော ဓားကျင့်ကြံသူတစ်ယောက်က ကောင်းကင်တစ်သောင်းမြို့သို့ ရောက်လာပြီး နှစ်ပေါင်းငါးသိန်းကြာအောင် နေထိုင်ခဲ့သည်။
သူမ၏ ကျင့်ကြံဆင့်က လေဟာနယ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်သွားခဲ့သည်။
သို့သော် သူမက လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေနေသောအချိန်တွင် သေဆုံးခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ သူမက ကောင်းကင်တစ်သောင်းမြို့သို့ ပြန်မလာနိုင်ခဲ့ပေ။
နှစ်ပေါင်းငါးသိန်းမှတ်ဉာဏ်များကြောင့် ဟန်မူယဲ့က ကောင်းကင်တစ်သောင်းမြို့တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည်ဟု ခံစားလိုက်ရသည်။
ရှေးခေတ်ကျွမ်းကျင်သူများ၏ ပုံရိပ်ယောင်ကမ္ဘာများ ....
ပျက်စီးသွားသော လျှို့ဝှက်နယ်မြေများ ....
ကမ္ဘာအသီးသီးမှ ကျွမ်းကျင်သူများ ....
အမျိုးမျိုးသော အမွေအနှစ်များ ....
ဓား၏ မှတ်ဉာဏ်များကို ဟန်မူယဲ့က ကြည့်နေခဲ့သည်။
တာအိုတန်ခိုးရှင်ပိုင်ထောင်သည် ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။ သူက နှစ်ပေါင်းတစ်သိန်း ကျင့်ကြံခဲ့ပြီး လျှို့ဝှက်နယ်မြေတစ်ခုတွင် သေဆုံးသွားသည်။
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က လျှို့ဝှက်နယ်မြေ၏ မြင်ကွင်းများကို မြင်လိုက်ရသည်။
“ဝိညာဉ်စွမ်းအားတင်မဟုတ်ဘူး။ စည်းမျဉ်းတွေလည်း ရှိနေတယ်”
သူက ရေရွတ်လိုက်ပြီး နောက်ဆုံးကျန်နေသော ဓားကို ဆုပ်ကိုင်သည်။
သူက ရက်ပေါင်းများစွာကြာအောင် မှတ်ဉာဏ်များကို ကြည့်နေခဲ့သည်။
ထိုမှတ်ဉာဏ်များသည် ကောင်းကင်တစ်သောင်းမြို့နှင့် ချောက်နက်၏ လျှို့ဝှက်ချက်များကို ဖြည်းဖြည်းချင်း ပုံဖော်ပေးခဲ့သည်။
သူက မတ်တပ်ရပ်ပြီး ဓားများကို သိမ်းဆည်းလိုက်သောအခါ သူ့မျက်လုံးများက နက်ရှိုင်းစွာ တောက်ပနေပြီး ကောင်းကင်တစ်သောင်းမြို့တွင် နှစ်ပေါင်းသန်းဆယ်ချီ၍ နေထိုင်ခဲ့သည်ဟု ထင်ရသည်။
သူက လက်မြှောက်ပြီး အလင်းလွှာတစ်ခုကို အသက်သွင်းသည်။
အလင်းလွှာပေါ်တွင် စာကြောင်းများ ပေါ်လာသည်။
“မနက်ဖြန်မှာ ကောင်းကင်တစ်သောင်းချောက်နက်ကို စူးစမ်းရှာဖွေမယ်။ သုံးရက်ကြာမယ်။ အကာအကွယ်ရတနာကို ထောက်ပံ့ပေးမယ်။ ရရှိလာတဲ့ ပစ္စည်းတွေရဲ့ ၈၀%ကို လဲလှယ်ရမယ်”
“နောက်သုံးရက်ကြာရင် ချောက်နက်ထဲကို သွားမယ်။ ဆယ်ရက်ကြာမယ်။ ကိုယ်ပိုင်အကာအကွယ်ပစ္စည်းကို ယူခဲ့ရမယ်။ ရရှိလာတဲ့ ပစ္စည်းတွေရဲ့ ၅၀%ကို ပြန်ရောင်းပေးရမယ်”
“နောက်ဆယ်ရက်နေရင် ချောက်နက်ကို သွားမယ်။ အသွားအပြန် ငါးရက်ကြာမယ်။ ကိုယ်ပိုင်အကာအကွယ်ပစ္စည်းကို ယူလာခဲ့ပါ။ ကိုယ်တိုင်အုပ်စုဖွဲ့ပြီး သွားရမယ်”