← Chapters

Chronicle of Silver Knight

Vol. 10 Ch. 24

Chronicle of Silver Knight

Vol. 10 Ch. 24

“ဖလော်အာ၊ နင်တောင်မှ ငါတို့အိမ်ကနေပြီး ထွက်သွားတော့မှာပဲ။”

တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ဖြေပြီးတဲ့နောက်တော့ ဖလော်အာနဲ့မင်းလွင်က စာမေးပွဲခန်းကနေ အတူထွက်လာခဲ့ကြတယ်။ ဒါပေမဲ့ မင်းလွင်စိတ်ထဲမှာတော့ မတင်မကျဖြစ်နေတုန်းပါပဲ။ ဖလော်အာ

က မင်းလွင်ကိုတစ်ချက်ခိုးကြည့်လိုက်ပြီး

“ငါက နင်တို့အိမ်မှာ လေးတန်းကတည်းက ကပ်ပြီးနေနေတာလေ။ အခုဆိုရင် အထက်တန်းသုံးနှစ်လုံးလည်းပြီးသွားပြီ။ ငါက အရွယ်ရောက်နေပြီမလို့ နင်တို့မိသားစုကို ထပ်ပြီးဒုက္ခမပေးသင့်တော့ဘူးမဟုတ်လား။”

မင်းလွင်က ရှက်နေတဲ့ ဖလော်အာရဲ့မျက်နှာကို ကြည့်ပြီးပြောလိုက်တယ်။ “ဖလော်အာသာဆိုရင် ငါတို့အိမ်မှာ ကောလိပ်ပြီးတဲ့အထိ ဆက်နေလည်းကိစ္စမရှိပါဘူး။”

ဖလော်အာကတော့ ချက်ချင်းရှက်သွားပြီး “ဒါပေမဲ့ အဲဒီလိုလုပ်မယ်ဆိုရင် မင်းလွင်က ဘယ်တော့မှ ရည်းစားရတော့မှာမဟုတ်ဘူးလေ။”

“ဟားဟား...” မင်းလွင်လည်း အဲဒီစကားကြောင့် ဗိုက်နှိပ်ပြီးရယ်မောလိုက်တယ်။ တကယ်လည်း အထက်တန်းကျောင်းသုံးနှစ်ကာလအတွင်းမှာ မင်းလွင်မှာ ကောင်မလေးမရှိခဲ့ပါဘူး။ အဲဒီထဲက အကြောင်းအရင်းတစ်ခုက ဖလော်အာကြောင့်ပါ။ ဖလော်အာက မင်းလွင်အနားအမြဲတွယ်ကပ်နေခဲ့တဲ့အတွက် ဘယ်မိန်းကလေးမှ မင်းလွင်အနားကို မချဥ်းကပ်ရဲသလို မင်းလွင်ကလည်း ရည်းစားမရှာခဲ့ဘူးလေ။

မင်းလွင်က သွားပေါ်အောင်ပြုံးပြရင်းနဲ့ ဖလော်အာကို ရှင်းပြလိုက်တယ်။ “တကယ်က ငါကိုယ်တိုင်လည်း ရည်းစားမလိုချင်သေးတာမလို့ ကိစ္စမရှိပါဘူး။ ဟီးရိုးဖြစ်ဖို့အတွက် လေ့ကျင့်နေရသေးတာကိုး။”

ဟုတ်တယ်၊ ဒီသုံးနှစ်အတွင်းမှာ မင်းလွင်က သူ့ရဲ့ဟီးရိုးဆိုတဲ့အိပ်မက်ကို မမေ့ခဲ့ပါဘူး။ နေ့တိုင်း ကိုယ်ခံပညာလေ့ကျင့်နေခဲ့ပြီးတော့ ဟီးရိုးဖြစ်လာနိုင်မယ့် နည်းလမ်းအမျိုးမျိုးကို သူစဥ်းစားနေခဲ့တာ။

ဖလော်အာက မင်းလွင်ရဲ့အဖြေကို ကြားပြီးနောက်မှာတော့ စိတ်သက်သာရာရသွားဟန်နဲ့ လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ သူက မင်းလွင်ကို တောက်ပနေတဲ့ သူ့ရဲ့မျက်လုံးတွေနဲ့ မြတ်နိုးစွာကြည့်လိုက်ပြီးတော့

“ဒါဆိုရင်လည်း မင်းလွင်တက်မယ့် ကောလိပ်ကိုပဲ ကျွန်မရွေးပြီးတက်မယ်လေ။ ဒါဆိုရင် အတူတူဆက်ရှိနေလို့ရပြီ။”

“အင်း....”

“ပြီးတော့... ကျွန်မမှာ မင်းလွင်ကို ပြောချင်တာတစ်ခုရှိတယ်။”

ဖလော်အာက မင်းလွင်နားကို ပိုပြီးတိုးကပ်ဘာတဲ့အတွက် မင်းလွင်နောက်ကိုဆုတ်ရင်း ကျောင်းနံရံနဲ့ တိုက်မိတော့မလိုတောင် ဖြစ်နေပြီ။

“ဖ... ဖလော်အာ....”

“မင်းလွင်၊ ဖြစ်နိုင်ရင် ကျွန်မရှင့်အနားမှာ တစ်ဘဝလုံး ရှိနေချင်တယ်။”

“အဲဒါက....”

“ကျွန်မ ရှင့်ကိုချစ်တယ်၊ ဒါကြောင့် အတူတူနေကြမယ်လေ။”

“......” မင်းလွင်က ဖလော်အာရဲ့မျှော်လင့်ချက်တွေနဲ့ပြည့်နှက်နေတဲ့ မျက်လုံးတွေကို ကြောက်လန့်စွာနဲ့ ကြည့်နေခဲ့မိတယ်။ သူတကယ်ပဲ အဖြေကိုမပြောနိုင်ခဲ့ဘူး။ သူမဆုံးဖြတ်နိုင်ခဲ့တာလို့ ပြောရရင်ပိုမှန်မလား။ သူ့ရင်ထဲမှာ မတင်မကျဖြစ်နေတဲ့ အစိုင်အခဲတစ်ခုက သူ့ကို တခြားခံစားချက်တွေဖြစ်ပေါ်ဖို့ကနေ တားဆီးထားသလိုပဲ။ ဒါပေမဲ့ သူက ဟန်ဆောင်ပြုံးလိုက်ပြီး အခုလိုပြန်ဖြေခဲ့ပါတယ်။

“အခုတော့ ဖလော်အာကို အဖြေပေးဖို့ ကျွန်တော်မစဥ်းစားတတ်သေးပေမဲ့ ကောလိပ်ရွေးရမယ့်အချိန်ကျမှ ကျွန်တော်ပြောမယ်လေ။”

...

“ဘာကြောင့်လဲ... ဘာလို့မင်းလွင်က မပြတ်သားရတာလဲ။” ကိုယ်ပိုင်အိပ်ခန်းထဲမှာတော့ ဖလော်အာက သူ့ရဲ့ဒူးတွေကိုယ်သူ ဖက်ထားရင်းနဲ့ တွေဝေငေးမောနေခဲ့ပါတယ်။

“ဒီသုံးနှစ်လုံးလုံး နင်က ငါ့ခံစားချက်တွေကို သိရဲ့သားနဲ့ မသိချင်ယောင်ဟန်ဆောင်နေခဲ့ပြီးတော့ ရှိတဲ့သတ္တိလေးတွေနဲ့ ဖွင့်ပြောခဲ့တာတောင် ငါ့ကိုအချိန်ဆက်ဆွဲထားတုန်းပဲ။”

ဖလော်အာက နှုတ်ခမ်းကို ဖိကိုက်ထားလိုက်တယ်။ “နင်က ငါ့ကိုထွက်မသွားစေချင်ဘူးလို့ပြောပေမဲ့ အတူတူရှိနေဖို့ပြောတော့လည်း ပြန်မဖြေနိုင်ပြန်ဘူး။ နင်ဘာတွေ တွေးနေတာလဲ။”

...

အောက်ထပ်က ကားဂိုထောင်အလွတ်ထဲမှာမင်းလွင်ကို ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းအနေအထားနဲ့ရှိနေပြီး သဲအိတ်ကို လက်သီးနဲ့ဆက်တိုက်ထိုးနေခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက သူ့အရွယ် လူငယ်တစ်ယောက်အတွက် ကောင်းမွန်တယ်လို့ပြောလို့ရပြီး ဖွံဖြိုးတဲ့လက်မောင်းကြွက်သားတွေနဲ့ ထင်ရှားတဲ့ ဝမ်းဗိုက်ကြွက်သားခြောက်ပိုင်းကို မြင်နိုင်တယ်။

“ဘာလို့လဲ....”

ဖောင်း...

မင်းလွင်က သူ့ကိုယ်သူမေးခွန်းထုတ်ရင်းနဲ့ သဲအိတ်ကို ညာဖြောင့်လက်သီးနဲ့ ထိုးချလိုက်တယ်။ သဲအိတ်က ခါယမ်းသွားပေမဲ့ မင်းလွင်က မကျေနပ်သေးဟန်နဲ့ နောက်ထပ် လက်သီးတွေနဲ့ ဆက်တိုက်ထိုးချလိုက်ပြန်တယ်။

“ဘာဖြစ်လို့ ငါက လူသားတစ်ယောက်ရဲ့ကန့်သတ်ချက်ထက် ကျော်လွန်ပြီးတော့ မလုပ်နိုင်ရတာလဲ။”

မင်းလွင်ရဲ့ကားဂိုထောင်က လေ့ကျင့်ရေးအခန်းအဖြစ်ပဲ ပြောင်းလဲထားတာမဟုတ်ဘူး။ နံရံတွေမှာ သတင်းစာဖြတ်ပိုင်းတချို့ကိုတွေ့နိုင်ပြီး ဒီမြို့ငယ်လေးမှာ ဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့သတင်းတချို့ကို ရွေးချယ်ပြီးချိတ်ထားတာပါ။

[မျက်နှာဖုံးနဲ့လူထူးဆန်းက ဆိုင်ကိုဓားပြတိုက်နေတဲ့ ဆိုင်ကယ်လူမိုက်ဂိုဏ်းသားတွေကို ဝင်ဆုံးမခဲ့။] [ကလေးဆေးရုံမီးလောင်မှုမှာ လူငယ်တစ်ယောက်က မီးသတ်တွေမရောက်ခင် ကလေးတချို့ကို သက်စွန့်ဆန်ဖျားကယ်ထုတ်ခဲ့။] [မူးယစ်ဂိုဏ်းတစ်ခုရဲ့စခန်းအကြောင်းကို အမည်မသိနိုင်ငံသားကောင်းတစ်ယောက်က ရဲဌာနထံ သတင်းပေးခဲ့]

စသည်ဖြင့်ဆင်တူသတင်းစာဖြတ်ပိုင်းတွေ နံရံမှာကပ်ထားတာ တစ်ဒါဇင်ထပ်မနည်းတွေ့နိုင်ပါတယ်။ ဒါတွေအားလုံးက ဒီသုံးနှစ်အတွင်း မင်းလွင်ပြုလုပ်ခဲ့တဲ့ အောင်မြင်မှုတွေဖြစ်ပြီးတော့ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ကျရှုံးမှုတွေလည်းဖြစ်ပါတယ်။

မင်းလွင်က သူ့ရဲ့ပခုံးမှာရှိနေတဲ့ ချုပ်ရာကို လက်နဲ့စမ်းသပ်ကြည့်လိုက်တယ်။ စတိုးဆိုင်ကို ဓားပြတိုက်တဲ့ ဆိုင်ကယ်လူမိုက်ငါးယောက်ကို သူအနိုင်ယူခဲ့ပြီး ဓားနဲ့ခြစ်ခံရလို့ ရခဲ့တဲ့ဒဏ်ရာပါ။ သတင်းစာထဲပါတဲ့အထိ နာမည်ကြီးခဲ့ပေမဲ့ မင်းလွင်က အဲဲဒီအတွက်မပျော်ခဲ့ဘူး။ အကြောင်းက သတင်းစာထဲ အဲဒီကိစ္စပါပြီးနောက်မှာပဲ လူမိုက်ဂိုဏ်းက အဲဒီဆိုင်လေးဆီကိုပြန်ရောက်လာပြီး အားလုံးကိုဖျက်ဆီးသွားခဲ့လို့ပါ။ ဆိုင်ပိုင်ရှင်ဦးလေးကြီးလည်း ခေါင်းရိုက်ခွဲခံရလို့ ဆေးရုံရောက်သွားတယ်။

“ပြဿနာကို အမြစ်ကနေမဖြတ်နိုင်ရင် ဘယ်လိုလုပ်ပြီး ဟီးရိုးလို့ခေါ်လို့ရမှာလဲ။”

ဒေါသထွက်လာတဲ့ မင်းလွင်က သဲအိတ်ကို ဘယ်ခြေနဲ့ဆောင့်ကန်လိုက်ပေမဲ့ ရုတ်တရက် ညာခြေက ဆစ်ခနဲနာလာပြီးတော့ ဟန်ချက်ပျက်ကာ လဲကျသွားတယ်။ သူ့ဘောင်းဘီရှည်ကို ဆွဲတင်လိုက်တော့ သူ့ခြေထောက်မှာ ဧရာမအမာရွတ်ကြီးတစ်ခုရှိနေတာ တွေ့ရတယ်။

ဒီဒဏ်ရာက မြို့က ကလေးဆေးရုံမီးလောင်တုန်းမြေညီထပ်က ကလေးတွေကို သူဝင်ကယ်ရင်နဲ့ရခဲ့တဲ့ ဒဏ်ရာပါ။ မီးလောင်နေတဲ့ မျက်နှာကျက်က သူ့ခြေသလုံးပေါ်ကို ပြုတ်ကျပြီး အဆင့် ၂ မီးလောင်ဒဏ်ရာရခဲ့တဲ့အပြင် ခြေထောက်အရိုးပါ ကျိုးသွားခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့် သူ့ဆေးအဆင့်က ရဲတစ်ယောက်ဖြစ်လာဖို့အတွက် အဆင့်မမီတော့ဘူး။

“ကလေးတချို့ကို ကယ်နိုင်တော့ရော ဘာထူးလို့လဲ။ ဆေးရုံထဲမှာ သေသွားတဲ့ ဝန်ထမ်းတွေနဲ့ကလေးတွေအများကြီး ရှိခဲ့တယ်။”

မင်းလွင်က ပိုဒေါသထွက်လာပြီး ပြန်ထလိုက်တယ်။ဒီတစ်ခါတော့ မူးယစ်ဂိုဏ်းအကြောင်း သတင်းစာဖြတ်ကိုင်းကို သူဆွဲဖြဲပစ်ခဲ့တာ။ သူက မူးယစ်ဂိုဏ်းရဲ့ခေါင်းဆောင်တွေဘာတွေအထိ ကိုယ်တိုင်စုံစမ်းပြီးတော့ သတင်းပေးခဲ့တာဆိုပေမဲ့ တကယ့်တကယ်ရဲတွေလာဖမ်းတော့ကျ အဆင့်နိမ့်မာဖီးယားတချို့ပဲ ထောင်ကျပြီး သူသတင်းပေးတဲ့စခန်းတွေထဲက အသေးဆုံးစခန်းလေးတစ်ခုပဲ ဖျက်ဆီးခံလိုက်ရတာ။ အဲဲဒီဂိုဏ်းခေါင်းဆောင်က ဒေသခံအရာရှိတွေကို အိတ်ကပ်ထဲထည့်ထားခဲ့တာကိုး။

“မကောင်းမှုကို ရင်မဆိုင်နိုင်တဲ့ အားနည်းတဲ့လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဟီးရိုးဖြစ်နိုင်မှာလဲ။”

ခံပြင်းတယ်၊ မုန်းတီးတယ်၊ စိတ်ပျက်တယ်၊ နာကျင်ရတယ်၊ မွန်းကျပ်တယ်... အဲဒီခံစားချက်တွေက သူ့ရဲ့နှလုံးသားကို တဖြည်းဖြည်းဝါးမျိုနေသလိုပဲ။ သူ့အနားက ကမ္ဘာကြီးက တဖြည်းဖြည်းမှောင်မိုက်လာနေပြီး သူကိုယ်တိုင်ပျောက်ကွယ်လာချင်တဲ့အထိကို ခံစားလာရပြီ။ လက်တွေ့ဘဝက စိတ်ကူးယဥ်ဝတ္ထုတွေထဲကလို မဟုတ်ဘူးဆိုပေမဲ့ သူ့ရဲ့အိပ်မက်က...

“တခြားသူတွေက ရှစ်တန်းကျောင်းသားရောဂါလို့ ပြောရင်ပြောလိမ့်မယ်။ ဒါပေမဲ့ ငါ့ရဲ့အိပ်မက်က ဘယ်တော့မှ ပြောင်းလဲမသွားဘူး။ ငါ့နှလုံးသားထဲမှာ အဲဒီအိပ်မက်က ရှိနေတုန်းပဲ...”

မင်းလွင်က သူ့ရင်ဘတ်ပေါ်ကို လက်တင်လိုက်ရင်း သူ့ကိုယ်သူအားပေးလိုက်ပေမဲ့ သူ့ရင်ထဲက အမှောင်ထုကတော့ ပျောက်ကွယ်မသွားသေးဘူး။ လောကဓံရဲ့ရိုက်ခတ်မှုက ပြင်းထန်လာတော့ တဖြည်းဖြည်းနဲ့သူ့ရဲ့နှလုံးသားကတောင်မှ သူချစ်တဲ့အရာတွေကို သစ္စာဖောက်စပြုလာပြီ။

သူ့နှလုံးသားရဲ့တစ်ထောင့်တစ်နေရာမှာ သူဖြစ်ချင်တဲ့အရာကို လက်လျှော့လိုက်ဖို့နဲ့စွန့်ပစ်ဖို့ ပြောနေတဲ့ အရိပ်မည်းတစ်ခုရှိနေပြီးတော့ အဲဒီအရိပ်မည်းက သူအရွယ်ရောက်လာတာနဲ့အမျှ ပိုပြီးကြီးထွားလာနေပါတယ်။ ပြီးတော့ အဲဒီလိုအရိပ်မည်းတစ်ခုကို ကြီးထွားခွင့်ပြုခဲ့မိတဲ့ သူ့ကိုယ်သူမုန်းတီးမိတယ်။ ဒီလိုလောကကြီးကို သူမုန်းတယ်၊ ဒါပေမဲ့ အဲဒီအရာတွေအားလုံးထက် ခွန်အားမဲ့တဲ့ သူ့ကိုယ်သူပိုမုန်းတီးမိတယ်။

“ကြာရင် ငါ့ကိုယ်ငါ သတ်သေမိမလားမသိဘူး။” မင်းလွင်က သူ့အရိပ်ကိုယ်သူ ပြန်ငုံကြည့်နေမိပါတယ်။ သူ့နောက်ကနေ စကားသံထွက်လာမှပဲ တခြားလူတစ်ယောက် ဂိုထောင်ထဲဝင်လာမှန်း သူသတိထားမိတော့တယ်။

“သား၊ အပြင်ထွက်ပြီး အဖေနဲ့ခဏလောက် အတူလမ်းလျှောက်မလား။”

မင်းလွင်က လှည့်ကြည့်လိုက်တော့ သူ့အဖေဖြစ်နေတာ တွေ့လိုက်ရတယ်။ သူ့အဖေက သူ့လိုပဲရွှေရောင်ဆံပင်တွေရှိတဲ့သူဖြစ်ပြီး မုတ်ဆိတ်မွှေးစစရှိတယ်။ သက်လတ်ပိုင်းဆိုပေမဲ့ ရုပ်ရှည်ချောမောပြီးတော့ သူ့လိုပဲ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်မျိုးရှိတယ်။ အခုသူက ဘောင်းဘီအိတ်ထဲ လက်နှိုက်ထားပြီးတော့ သူ့ကိုကြည့်နေတယ်။

...

“ရော့ ကိုလာ၊ မင်းက ၁၈နှစ်ပဲရှိသေးတော့ ဘီယာသောက်လို့မရသေးဘူး။ ဒါပေမဲ့ ဖြစ်နိုင်ရင် မင်းကို ဘီယာသောက်ပြီး စိတ်ဖြေသိမ့်စေချင်တာ။”

မင်းလွင်က သူ့အဖေကမ်းပေးတဲ့ ကိုလာဘူးကို ယူလိုက်ပြီးတော့ ပန်းခြံထဲက ခုံတန်းမှာ ဝင်ထိုင်လိုက်ပါတယ်။ အဖေကလည်း ဘေးမှာဝင်ထိုင်တယ်။

ဖောက်... မင်းလွင်က ကိုလာဘူးကို ဖွင့်နောက်မှာတော့ ပြုံးလိုက်ပါတယ်။

“အဖေက ကျွန်တော့်ကို အရက်သောက်ဖို့တိုက်တွန်းနေတယ်ဆိုတော့ တော်တော်ထူးဆန်းတာပဲ။”

ဒါကြောင့် မင်းလွင်ရဲ့အဖေက ရယ်မောလိုက်ပါတယ်။ ပြီးတော့မှ မင်းလွင်ကို ပခုံးဖက်လိုက်ပြီးတော့ပြောလိုက်လေရဲ့။

“မင်းကြည့်ရတာ တော်တော်ကြီး စိတ်ဓာတ်ကျနေပုံပေါ်လို့လေ။ လက်တွေ့လောကကြီးက ခက်ခဲတယ်မဟုတ်လား။”

မင်းလွင်က သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ အခုသူက ကြမ်းပြင်က သူ့အရိပ်ကိုယ်သူပဲ ပြန်ငုံကြည့်နေမိတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ငိုမိတော့မလို ခံစားရပါတယ်။

“ကျွန်တော်က ဟီးရိုးတစ်ယောက် ဖြစ်ချင်တယ်ဆိုတာ အဖေသိမှာပါ။”

“အဖေသိတယ်...” မင်းလွင်ရဲ့အဖေက ခေါင်းညိတ်ပြလိုက်တယ်။ မင်းလွင်က ကိုလာဘူးကို တင်းတင်းဆုပ်ကိုင်ထားတဲ့အတွက် အချိုရည်တွေ အပြင်ကိုကန်ထွက်လာပေမဲ့ သူဂရုမစိုက်ပါဘူး။

“ဒါပေမဲ့ ကျွန်တော်က အဲဒီအတွက်အားနည်းလွန်းတယ်။ ဒီအတိုင်းသာဆိုရင် ဘယ်နည်းလမ်းနဲ့မှ ဟီးရိုးတစ်ယောက် ဖြစ်လာနိုင်တော့မှာမဟုတ်ဘူး....”

မင်းလွင်က သူ့လက်တွေကိုယ်သူ ငုံကြည့်လိုက်ပါတယ်။ “အခုထိ ကျွန်တော်လုပ်နေတာတွေအားလုံးက သူများတွေကို ကူညီတယ်ဆိုတာထက် နှောင့်ယှက်နေသလိုပဲ။”

“အေးတယ်ဗျ။” ရုတ်တရက် သူ့ပါးပြင်ကို အေးစိမ့်နေတဲ့ ဘီယာပုလင်းကပ်ခံလိုက်ရတဲ့အတွက် မင်းလွင်အော်လိုက်မိတယ်။ သေချာကြည့်လိုက်တော့ ဘီယာပုလင်းက သူ့အဖေကိုင်ထားတာဖြစ်ပြီး ခုနက အအေးဓာတ်က သူ့အဖေလက်ချက်ပါ။

“ဟားဟား... ငါ့သားက တော်တော်ရယ်စရာပြောတဲ့ကောင်ပဲ။”

မင်းလွင်ရဲ့အဖေက အဲဒီစကားနဲ့အတူ ထိုင်ခုံကနေ ထလိုက်တယ်။ အဲဒီနောက် ခါးကိုထောက်ထားလိုက်ပြီး အခုလိုပြောလိုက်လေရဲ့။

“ငါလည်း မင်းငယ်ငယ်တုန်းကလိုပဲ ဟီးရိုးလုပ်ချင်တယ်ဆိုပြီး အတွေးဝင်ဖူးတယ်။ ဒါပေမဲ့ ကြီးလာတာနဲ့အမျှ အဲဒီအိပ်မက်ကို မေ့သွားတယ်လေ။ မင်းက မမေ့နိုင်ဘူးဆိုမှတော့ ဆက်လုပ်ဖို့ပဲရှိတော့တယ်။”

“ဒါပေမဲ့ ကျွန်တော်က ဟီးရိုးမဖြစ်နိုင်ဘူးလေ။”

မင်းလွင်က စိတ်ပျက်ပျက်နဲ့ပြောလိုက်ပေမဲ့ အဖေက သူ့ပခုံးကို ဆုပ်ကိုင်လိုက်ပြီး အခုလိုပြောလိုက်တယ်။ “မင်းကြည့်တဲ့ ဇာတ်လမ်းတွေထဲကအတိုင်းဆိုရင် စွမ်းအားကြီးလေ တာဝန်ကြီးကြီးယူရလေပဲမဟုတ်လား။”

မင်းလွင်က စပိုက်တာမန်းအကြောင်းတွေးမိပြီးတဲ့နောက် ခေါင်းညိတ်ပြလိုက်တယ်။ အဖေကလည်း ပြုံးလိုက်ပြီး

“ငါ့သားက စွမ်းအားကြီးကြီးမားမားမရှိဘူး၊ ဒီတော့ တာဝန်ကြီးကြီးမားမားယူစရာမလိုဘူး။ အဲဲဒီအစား မင်းလုပ်နိုင်တာတွေကိုပဲလုပ်ပြီး ကျန်တာတွေကို စိတ်မပူနဲ့တော့။ မလုပ်နိုင်တဲ့အရာဆိုရင် ရှောင်နေလိုက်။ ဒီလိုဆိုရင် မင်းက ဂန္တဝင်ဟီးရိုးကြီးမဟုတ်ရင်တောင် နေ့စဥ်ဘဝမှာ ဒုက္ခရောက်နေသူတွေကို ကူညီပေးနိုင်တဲ့ ဟီးရိုးလေးဖြစ်နိုင်ပါသေးတယ်ကွ။”

အဲဲဒီနောက်တော့ မင်းလွင်ရဲ့အဖေက အားရပါးရနဲ့ရယ်တော့တာပဲ။ မင်းလွင်ရဲ့မျက်နှာပေါ်မှာလည်း အပြုံးတစ်ခုပေါ်လာတယ်။

“ဟုတ်တာပဲ... ငါဘာလို့ အကြီးကြီးတွေပဲ စဥ်းစားနေရတာလဲ။” အဲဒီနောက်တော့ မင်းလွင်က ခုံတန်းပေါ်ကနေ ထလိုက်ပြီး သူ့အဖေကို ဖက်လိုက်ပါတယ်။

“အဖေ၊ ကျေးဇူးပါ။”

...

ရက်အနည်းငယ်ကြာပြီးတဲ့နောက် မင်းလွင်က သူ့အခန်းထဲမှာ ရပ်နေပြီးတော့ ကိုယ်လုံးပေါ်မှန်ကို ကြည့်နေပါတယ်။

သူက ငွေရောင်ဆိုင်ကယ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆိုင်ကယ်ဝတ်စုံရဲ့ညာရင်ဘတ်မှာ ဒိုင်းပုံနဲ့Silver knightလို့ရေးထားတဲ့ လိုဂိုတစ်ခုပါတယ်။ သူ့ကိုယ်သူ သေချာမှန်ထဲ ကြည့်ပြီးတဲ့နောက်မှာ မင်းလွင်က Kamen Rider အရုပ်ခါးပတ်ကို ခါးမှာပတ်လိုက်ပြီး ဆိုင်ကယ်ခေါင်းစောင်းကိုဝတ်လိုက်တယ်။ ပြီးတဲ့နောက် မိမိကိုယ်ကိုခုခံကာကွယ်ဖို့ ကျင်စက်ကို ခါးပတ်တဲ့တွဲချိတ်ပြီး နောက်ဆုံးအနေနဲ့ ခါးပတ်က ခလုတ်ကိုထိလိုက်တော့ ခါးပတ်ကနေ အသံမြည်လာပါလေရော။

[Henshin]

အဲဒီနောက်တော့ မင်းလွင်က အခန်းထဲကနေ ပြေးထွက်ပြီး အိမ်အောက်ကို ဆင်းသွားတယ်။ အောက်မှာတော့ သူ့အဖေအသစ်ဝယ်ပေးထားတဲ့ ဘက်ထရီဆိုင်ကယ်လေးက စောင့်နေပါတယ်။

“မင်းလွင်၊ သွားတော့မလို့လား။ နေ့လယ်စာယူသွားဦး။” ဖလော်အာက သူကိုယ်တိုင်လုပ်ပေးထားတဲ့ ထမင်းဘူးလေးကို လက်ကိုင်ပုဝါနဲ့ထုတ်ပြီးတော့ မင်းလွင်ရဲ့ဆိုင်ကယ်ရှေ့ခြင်းထဲ ထည့်ပေးလိုက်တယ်။

အဖေနဲ့မေမေသီတာကလည်း သူ့ကိုခြံအဝင်ဝကနေ ကြည့်နေကြပြီး လက်ယမ်းပြနေကြတယ်။ “သားရေ၊မဖြစ်နိုင်တာတွေ မလုပ်နဲ့ဦးနော်။”

“အင်း၊ သားအကန့်အသတ်ကို သားသိပါတယ်။”

“လူဆိုးတွေနဲ့တွေ့ရင် ရဲကိုခေါ်နော်၊ ကျိတ်ပြီးမဖြေရှင်းနဲ့။”

“ဟုတ်ကဲ့။” မင်းလွင်နဲ့မိဘတွေက စကားတချို့ကို ဖလှယ်ပြီးတဲ့နောက် မင်းလွင်က ဘက်ထရီဆိုင်ကယ်ကို စက်နှိုးလိုက်ပြီး

“မြို့ငယ်လေးရဲ့သူရဲကောင်း Silver Knight၊ နေ့လယ်ခင်းကင်းလှည့်ဖို့ အသင့်ဖြစ်ပြီ။ အခက်တွေ့နေတဲ့လူတိုင်းကို ကူညီပေးပြီး ဒုက္ခရောက်နေသူတွေကို ကယ်တင်မယ်။” အဲဒီစကားတွေနဲ့အတူ ခြံဝင်းရှေ့ကနေ ဆိုင်ကယ်မောင်းပြီး ထွက်သွားတော့တယ်။

...

အိမ်ရဲ့ရှေ့မှာတော့ မင်းလွင်ရဲ့အဖေ၊ အမေနဲ့ ဖလော်အာနဲ့ ကျန်နေရစ်တယ်။ မေမေသီတာက စိုးရိမ်စွာနဲ့ မင်းလွင်အဖေ့ရဲ့လက်မောင်းကို ဆုပ်ကိုင်ထားပါတယ်။

“ဒီလိုပုံစံနဲ့ ကျွန်မသားလေး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ကျွန်မတို့မှာ သားလေးတစ်ယောက်ပဲရှိတာလေ။”

သူ့အဖေကတော့ သက်ပြင်းချလိုက်တယ်။ “တခြားနည်းလမ်းမရှိတော့ဘူး။ သူ့ကို အတင်းတားမယ်ဆိုရင် ပိုအန္တရာယ်များတာတွေ ထလုပ်လိမ့်မယ်။ မင်းလွင်က စိတ်ဆုံးဖြတ်ပြီးသွားပြီ။ အရင်အပတ်က ဖလော်အာ သူ့အခန်းထဲကနေ အိပ်ဆေးတွေ ရှာတွေ့ထားသေးတယ်။”

အဲဒီနောက်တော့ မင်းလွင်ရဲ့အဖေက မေမေသီတာကို လက်တွဲပြီးတော့ အိမ်ထဲပြန်ခေါ်တယ်။ မေမေသီတာကတော့ ဆက်ပြီးပူပန်နေဆဲပါ။ “မင်းလွင်အနေနဲ့ ကျောင်းဆက်မတက်တော့ဘဲ ဒီလိုဆက်လုပ်နေရင်ရော ဘယ်လိုလုပ်မလဲ။”

“ဒီတော့လည်း ဘာမှမဖြစ်ပါဘူး။ ငါတို့နှစ်ယောက်ရှာထားတာတွေနဲ့ဆိုရင် သူမပူမပင်ဘဲ ဆက်နေနိုင်ဦးမှာပါ။ အရေးကြီးတာက သူ့စိတ်ကျန်းမာနေဖို့ပဲ။ ငါ့သားလေးကို ဒီထက်ပိုပြီး စိတ်မထိခိုက်စေချင်တော့ဘူး။”

နောက်တော့ မိဘနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ဖက်ရင်း ငိုကြွေးကြရင်းကနေ အိမ်ထဲပြန်ဝင်ကြတယ်။ ဖလော်အာကတော့ မင်းလွင်ထွက်သွားတဲ့ဘက်ကို ကြည့်နေဆဲပါ။

“မင်းလွင်သာဆိုရင် အဆင်ပြေမှာပါ။ သူက ငါနဲ့အတူ အမြဲတမ်းအတူတူရှိနေမှာပဲဥစ္စာ။”

အဲဒီနောက်တော့ သူတို့နေထိုင်ရာမြို့လေးမှာ ထူးဆန်းတဲ့ ကောလာဟလတစ်ခုက ပြန့်နှံလာလေရဲ့။ ကိုယ့်ကိုယ်ကိုယ်ဟီးရိုးလို့သတ်မှတ်ထားတဲ့ ငွေရောင်ဆိုင်ကယ်ဝတ်စုံဝတ်လူငယ်က သက်ကြီးရွယ်အိုတွေကို လမ်းကူကူးပေးတာ၊ ကြောင်ပျောက်ရှာပေးတာ၊ လမ်းပြင်တဲ့နေရာမှာ လုပ်အားဝင်ပေးတာတွေ လုပ်နေတယ်ဆိုတဲ့ သတင်းပေါ့။

All Chapters