အရိုင်းရေနဂါး
Vol. 38 Ch. 521
" ရေနဂါးရိုင်း…” ဟန်လိသည် အလန့်တကြားဖြင့် စိတ်ထဲကနေ ထိုသို့ အော်လိုက်မိသည်။ ထိုသွေးနီရောင်သားရဲသည် မီတာလေးရာလောက်ရှိ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သူ အရင်တုန်းက မြင်ဖူးထဲ့သော မင်နက်ရေနဂါးနှင့် ပုံစံတူသည်။ ထို့အပြင် ၎င်းသည် ရေနဂါးမျိုးနွယ်ဝင်များထဲ၌ ကြောက်မက်ဖွယ်အမျိုးအစားများထဲမှ သားရဲမျိုး ဖြစ်နေသေးသည်။ ထိုနဂါးရိုင်းသည် အဆင့်ရှစ်နဂါးဖြစ်တာ သိသာနေ၏။ ၎င်းထံမှ ထုတ်လွှတ်နေသော ဖိအားသည် ဟန်လိ စဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်များထံမှ တွေ့ကြုံဖူးသော ဖိအားမျိုးပင်။
ရေနဂါးများသည် သည်လောက၌ ရှေးပဝေသဏီတည်းက ယခုထိ တည်ရှိခဲ့သော ရှေးဦးသားရဲများ ဖြစ်ကြသည်။ ထိုသားရဲများသည် အခြားသားရဲများထက် ပိုမြန်ဆန်ရုံသာမက အဆင့်တူသားရဲများထက်လည်း သာ၍ အစွမ်းထက်သည်။ ရေနဂါးတစ်ကောင်အဖို့ ၎င်းထက် အဆင့်ပိုမြင့်သော ရန်သူကို အနိုင်ယူနိုင်သည်လည်း မဖြစ်နိုင်တာ မဟုတ်ပေ။ ရှေးမှတ်တမ်းများကသာ မှန်သည်ဆိုလျှင် သည်အဆင့်ရှစ်ရေနဂါးသည် သာမန်အဆင့်ကိုးသားရဲများနှင့် ယှဉ်နိုင်သည့် စွမ်းအား ပိုင်ဆိုင်နေပေလိမ့်မည်။
ထိုသည်က ဟန်လိကို တုန်လှုပ်မှုကြောင့် ဖြူရော်သွားစေ၏။ သူသည် ချက်ခြင်း ထပြေးချင်မိသည်။ သို့သော် သူ့၌ ထိုသို့ အလျင်စလို လှုပ်ရှားမှု ပြုရမည့် လုံလောက်သော အကြောင်းရင်းမှာ ခုထိ ရှိမနေသေးပေ။ သူတို့ထံ ပျံသန်းလာကြသော နောက်ထပ် အလင်းတန်းနှစ်ခုကျော်လည်း ရှိနေသေး၏။ ထိုအလင်းတန်းများသည် သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားရန် မကြိုးစားဘဲ ပေါ်တင်ဆန်ကာ ရဲတင်းလှသည်။
သည်လိုတွေ ဖြစ်လာသဖြင့် ဟန်လိသည် သွေးနီဝတ်ရုံရှည်ကို သူ့ခန္ဓာကိုယ်ပေါ်၌ ဝတ်ထားပြီး တတ်နိုင်သမျှ သိုသိုဝှက်ဝှက်နေနေ၏။ တစ်ချိန်တည်းမှာ သူသည် ဓာတ်ငါးပါးကြိုးမျှင်နှင့် ပန်းခြင်းတို့ကို လက်ထဲ၌ ဆင့်ခေါ်ထားသည်။ ထိုသို့ အသင့်ပြင်ထားမှ သူသည် အနည်းငယ်ပို၍ စိတ်အေးနိုင်တော့သည်။
ထိုစဉ်တွင် ရေနဂါးရိုင်းသည် သံရှည်ထုတ်ဖော်လာ၏။ ၎င်းက လျှပ်စီးများကို အစွမ်းကုန် ခုခံနေသော လိပ်ကြီးထံ ခေါင်းမော့၍ ထူးခြားသည့်ဟန်ပန်ဖြင့် စောင့်ကြည့်နေသည်။ ခဏအကြာတွင် ထိုရေနဂါး၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အပြာရောင်အလင်းတစ်ခု ထုတ်လွှတ်လာပြီး ၎င်း၏ခန္ဓာကိုယ်မှာ ရုတ်တရက် ကြုံ့သွားသည်။
ခဏကြာပြီးနောက်မှာ ထိုရေနဂါး၏ခန္ဓာကိုယ်သည် လူသားအသွင် အရွယ်အစားလောက်သာ ဖြစ်လာချေ၏။
၎င်း၏ ဦးခေါင်းကမူ ကြမ်းတမ်းလှသော ရေနဂါးဦးခေါင်းသာ။ သို့ပေမည့် ၎င်း၏ ခြေတံလက်တံများကမူ သွေးနီရောင်ကြေးခွံများ ဖုံးလွှမ်းနေသည်ကလွဲ၍ လူသားအသွင် ဖြစ်နေသည်။ ထို့အပြင် ၎င်း၏ ကြေးခွံများဖြင့် အမြှီးမှာလည်း အဆက်မပြတ် ဝေ့ရမ်းလျက် ရှိသည်။ ရေနဂါး၏ အသွင်ပြောင်းလဲခြင်းသည် ဟန်လိကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမိသည်။
ရေနဂါးသည် ရုန့်ရင်းကြမ်းတမ်းလှသော ပင်လယ်ပြင်ပေါ်၌ သည်အတိုင်း ရပ်နေလျက် ရှိ၏။ သူသည် ကုန်းမြေတစ်ခုပေါ်တွင် ရပ်နေသည့်အလား နည်းနည်းလေးမျှ လှုပ်ခါမှု မရှိနေပေ။ သို့ရာတွင် ထိုနဂါးက အသွင်ပြောင်းပြီးနောက်မှာ သူ့မျက်လုံးများသည် ဟန်လိ ရှိနေသော အရပ်ထံသို့ ကျရောက်လာပြီး ၎င်း၏မျက်လုံးများသည် အေးစက်လာသည်။ ဟန်လိသည် သူ့ကျောရိုးထဲ စိမ့်ခနဲ ခံစားမိလိုက်ရပြီး သူ့ရှေးဟောင်းရတနာများကို ချွေးစို့နေသောလက်များဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။
ကံကောင်းသည်မှာ ရွှေရောင်အလင်းနှင့် အနီရောင်အလင်းတို့သည် ထိုစဉ်တွင် ရောက်ရှိလာကြ၏။ နဂါးရိုင်းသည် ဟန်လိအပေါ် အာရုံမကျတော့ဘဲ ၎င်း၏ အေးစက်စက် အကြည့်သည် ခုမှ ပေါ်လာသော လူသုံးယောက်ထံသို့ ဝေ့ခတ်ကျရောက်သွားသည်။
ရွှေရောင်အလင်းထံမှ သူတော်စင်တစ်ပါးကဲ့သို့ တာအိုရသေ့တစ်ယောက် ပေါ်လာသည်။ သူ့နောက်ကျော၌ ဓားရှည်တစ်လက် လွယ်ထားပြီး လက်ထဲတွင် မြင်းမြှီးတံကို ကိုင်ထား၏။ သူ၏ ရွှေရောင်တာအိုဝတ်ရုံတွင်မူ ရှစ်မြှောင့်သင်္ကေတများ ပါရှိသည်။ သူက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်လျက် လူသားအသွင်ပုံစံ ရေနဂါးကို စူးစမ်းနေသည်။ သူ့မျက်နှာထက်တွင် တုန်လှုပ်ဟန် ပေါ်နေလျက် ရှိသော်ငြား သူ့မျက်လုံးထဲတွင်မူ လောဘအရိပ်အယောင်တစ်ခု ရှိလို့နေသည်။
သူနှင့် မလှမ်းမကမ်းတွင် ရုပ်ချင်းဆင်တူသည့် သက်လတ်ပိုင်းအရွယ် လူနှစ်ယောက် ရပ်နေကြသည်။ သူတို့၏ အသားအရေများကား အလောင်းကောင်ကဲ့သို့ ဖြူစုပ်စုပ်နိုင်ပြီး သူတို့မှာ အနီရောင်ဝတ်ရုံများကို ဝတ်ထားကြသည်။ သူတို့နှစ်ယောက်ကြား ကွာခြားသည့်အချက်ဟူ၍ တစ်ယောက်က သုံးမီတာမျှ အရှည်ရှိ တစ္ဆေဦးခေါင်းတံဆိပ်တုံးတစ်ခုကို ကိုင်ဆောင်ထားပြီး အခြားတစ်ယောက်ကမူ အနီရောင်ဘူးသီးခြောက်တစ်ခုကို နောက်ကျော၌ လွဲထားခြင်းသာ ရှိသည်။
သူတို့သည် သူတို့အောက်ဘက်ရှိ ဧရာမလိပ်ကြီးကို အရင်ကြည့်ကြသည်။ သည့်နောက်မှာ သူတို့၏အကြည့်သည် ရေနဂါးရိုင်းနှင့် တာအိုရသေ့တို့ထံ ကျရောက်သွားသည်။ သူတို့နှစ်ယောက်လုံးသည် ငြိမ်သက်ကာ အမူအရာကင်းမဲ့ဟန်ဖြင့် ရှိနေကြသည်။
တာအိုရသေ့သည် စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ဖြစ်ပုံ ရပြီး ထိုသက်လတ်ပိုင်းလူနှစ်ယောက်ကမူ အမြုတေဖွဲ့စည်းခြင်း နှောင်ပိုင်းအဆင့်များ ဖြစ်မည့်ပုံပင်။ သို့သော် ဟန်လိသည် ထိုနှစ်ယောက်က ရေနဂါးနှင့် စဦးစိတ်ဝိညာဉ်တာအိုရသေ့ တို့ထံမှ ဖိအားကို နည်းနည်းလေးမျှ ကြောက်ရွှံဟန် မပြဘဲ မျက်နှာချင်းဆိုင် နေသည်ကို မြင်သည့်အခါ စဉ်းစားမရ ဖြစ်သွားမိသည်။
အဘိုးအိုသည် ထိုနှစ်ယောက်ထံသို့ လှမ်းကြည့်ပြီးနောက်မှာ ရုတ်တရက် သူတို့ကို လှမ်းပြုံးပြပြီး ပြောလာသည်။
“ဟားဟား…ဟော်ညီအစ်ကိုနှစ်ယောက်နဲ့ လာဆုံလိမ့်မယ်လို့ ကျုပ်ဖြင့် မထင်ထားမိခဲ့ဘူး။ ဒီနိမ့်ကျတဲ့ တာအိုရသေ့က ခင်ဗျားတို့ကို ချက်ခြင်း မမှတ်မိတဲ့အတွက် တောင်းပန်ပါတယ်…”
ကျောတွင် ဘူးသီးခြောက်လွယ်ထားသော အနီရောင်ဝတ်စုံနှင့်သူ၏ မျက်နှာသည် ရှုံ့တွသွား၏။ ထို့နောက်တွင် သူက အမူအရာကင်းမဲ့စွာဖြင့် ပြော၏။
“ကျုပ်တို့ကလည်း စီနီယာကျင်းရှား ဒီမှာ ရောက်နေလိမ့်မယ်လို့ မထင်ထားမိခဲ့ပါဘူး။ စီနီယာက ကျုပ်တို့ အောက်မှာ ရှိတဲ့ နတ်ဆိုးသားရဲနှစ်ကောင်ကို ရှင်းချင်တာများလား။ ဒါဆိုရင်တော့ ကျုပ်တို့ အတူတကွ ပျော်ပျော်ကြီး လုပ်ဆောင်ချင်ပါတယ်…”
တာအိုရသေ့သည် ထိုစကားကို ကြားသည့်အခါ သုန်မှုန်သွားသည်။ ရေနဂါးသည် အဆင့်ကိုးသားရဲတစ်ကောင်နှင့် အဆင့်တူ တည်ရှိမှုမျိုးပင်။ သူသည် ၎င်းသားရဲကို တစ်ကိုယ်တော် ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိလောက်သည့်အထိ မမောက်မာပေ။ သူ့၌ မှော်ရတနာများစွာ လက်ဝယ်ပိုင်ဆိုင်ထားခြင်းကြောင့်သာ မဟုတ်ပါက ၎င်းကို တိုက်ခိုက်ရန်ပင် စဉ်းစားလိမ့်မည် မဟုတ်ချေ။
တာအိုရသေ့အိုသည် မျက်မှောင်ကြုတ်သွားပြီးနောက်မှာ သူက သုံးလေးကြိမ်လောက် ချောင်းဟန့်ပြီး ပွင့်ပွင့်လင်းလင်း ပြော၏။
“တာအိုရောင်းရင်းတို့က နောက်နေတာပဲ ဖြစ်ရမယ်။ ဒီနိမ့်ကျတဲ့ တာအိုရသေ့ဟာ ရေနဂါးရိုင်းကို တကယ်တည်း ရင်မဆိုင်နိုင်ပါဘူး။ ဒါ့ကြောင့် ခင်ဗျားတို့နှစ်ယောက် ထိန်ချန် မနေပါနဲ့တော့။ ကျုပ်တို့ အတူတူ ပူးပေါင်းမယ်ဆိုရင်တော့ အောင်မြင်နိုင်ခြေ ရှိနိုင်တယ်။ ရောင်းရင်းတို့ ကြိုးစားကြည့်ချင်စိတ် ရှိကြလား။ အဆင့်ရှစ်သားရဲတစ်ကောင် မမြင်ရတာလည်း အတော်လေး ကြာနေပြီ။ ကျုပ်တို့ အတူပူးပေါင်းမယ်ဆို ကံကောင်းရင် ၎င်းကို အောင်အောင်မြင်မြင် သတ်နိုင်လိမ့်မယ်။ အဲ့လိုသာဆို ကျုပ်က ရေနဂါးရဲ့ စိတ်ဝိညာဉ်ကို ယူချင်တယ်။ ဒီကောင်ရဲ့ နတ်ဆိုးအမြုတေကတော့ ကျုပ်အတွက် မလိုဘူး…”
ရသေ့ကျင်းရှားသည် အနီရောင်ဝတ်စုံနှင့်လူနှစ်ယောက်ထံသို့ စိုက်ကြည့်နေသည်။
ရသေ့၏ စကားများက သူတို့နှစ်ယောက်ကို စိတ်လှုပ်ရှားသွားစေပုံ ရသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တစ်ချက် လှမ်းကြည့်ပြီးနောက်မှာ အမည်မသိ နည်းလမ်းနှင့် ဆက်သွယ်ပြီး တစ္ဆေဦးခေါင်းတံဆိပ်တုံး ကိုင်ထားသော တစ်ယောက်က ခေါင်းညိတ်ပြပြီး ပြန်ပြောလာသည်။
“ကောင်းပြီလေ…စီနီယာ တောင်းဆိုချက်ကို ကျုပ်တို့ သဘောတူတယ်။ ကျုပ်တို့ကလည်း ဒီလို အခွင့်အရေးကို အလကားမဖြစ်သွားချင်ဘူး…”
ထိုသို့ ပြောပြီးနောက်မှာ သူ့အဖော်သည် အနီရောင်ဘူးသီးခြောက်ကို လက်ထဲသို့ လှမ်းယူပြီး ဖြစ်သည်။ ရသေ့က သည်စကားများကို ကြားသည့်အခါ ကျေနပ်ပျော်ရွှင်သွား၏။ သူက လက်မြှောက်လျက် သူ့အင်္ကျီလက်အိုးထဲမှ မိုးပြာကျောက်စိမ်းကွင်းတစ်ခုကို ထုတ်ယူသည်။ ၎င်းက အောက်ဘက်သို့ စုန်ဆင်း ပျံသန်းသွားပြီး ထူးဆန်းသော အော်မြည်သံတစ်သံကို ထုတ်လွှတ်သည်။ နဂါးရိုင်းသည် ထိုသုံးယောက်၏ စကားများကို နားလည်သည့်အလား။ ၎င်းက သူတို့သုံးယောက်ကို စိုက်ကြည့်နေသည်။
နဂါး၏မျက်နှာထက်တွင် ကြမ်းကြုတ်ဟန် ဖြတ်ပြေးသွားပြီး ၎င်းက ပါးစပ်ဟကာ ကြက်သွေးနီရောင်မီးတောက်တန်းတစ်ခုကို တာအိုရသေ့ထံ ပစ်သွင်းစေလွှတ်သည်။ ထို့နောက်တွင် ၎င်း၏ အရိပ်သည် ဖြတ်ခနဲ ဖြစ်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
သည့်နောက်မှာမူ နဂါးရိုင်းသည် အနီရောင်ဝတ်စုံနှင့် နှစ်ယောက်၏ နောက်တွင် ပြန်ပေါ်လာသည်။ ၎င်း၏ လက်ချောင်းများကို အပြာရောင်အလင်းဖြင့် ရစ်ထွေးစေပြီး ၎င်းက လက်သည်းများဖြင့် ကုတ်ဆွဲလာသည်။ အနီရောင်ဝတ်စုံနှင့်သူ၏ တစ္ဆေဦးခေါင်းတံဆိပ်တုံးသည် သုံးမီတာမျှ အမြင့်ရှိ စိတ်ဝိညာဉ်တစ်ခုအသွင်သို့ ပုံစံ ပြောင်းသွားပြီး ထိုတိုက်ခိုက်မှုကို တားဆီးသည်။ ထိုသို့ ဖြစ်လာချိန်တွင် ညီအစ်ကိုနှစ်ယောက်သည် အကြီးအကျယ် ကြောက်လန့်သွားကြသည်။ သူတို့၏ အလောင်းကောင်ကဲ့သို့ မျက်နှာများထက်တွင် တုန်လှုပ်မှု အထင်းသား ဖြစ်ပေါ်၏။
တစ်ချိန်တည်းမှာ ဘူးသီးခြောက်သည် မသိမသာ တုန်ခါလာ၏။ လေပြင်းသံနှင့်အတူ ထိုဘူးသီးခြောက်ထံမှ အနီရောင်သလင်းစေ့များစွာ တရကြမ်း ထိုးထွက်၍ သည်မီတာသုံးရာ ဧရိယာထိ ခြုံလွှမ်းသွားပြီး မီးတောက်နယ်ပယ်တစ်ခုအဖြစ်သို့ ပြောင်း၍ နဂါးရိုင်းကို ၎င်းနယ်ပယ်အတွင်း၌ ပိတ်မိစေသည်။
နဂါးထံမှ ထုတ်လွှတ်ခဲ့သော အနီရောင်အလင်းတန်းကမူ ခုလက်ရှိ၌ တာအိုရသေ့၏ ကျောက်စိမ်းကွင်းနှင့် ရောထွေးယှက်လိမ် ဖြစ်ကာ သူတပြန်ကိုယ်တပြန် တိုက်ခိုက်လျက် ရှိသည်။
တာအိုရသေ့၏ အမူအရာမှာ အတော်လေး အလေးအနက် ဖြစ်လာသည်။ သူက သူ့ခန္ဓာကိုယ်နားသို့ သွေးနီရောင်အလင်း ချဉ်းကပ်မလာနိုင်အောင် အစွမ်းကုန် လုပ်ဆောင်သည်။ ထိုအလင်းတန်းသည် လျှော့တွက်၍ မရမှန်း သူ သိ၏။
ရေနဂါးရိုင်းသည် အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်များကို ဖိနှိပ်ထားလေသည်။ ၎င်းက နတ်ဆိုးလိပ်ကြီး ၎င်း၏ ပြစ်ဒဏ်ကို အပြီးသပ်နိုင်ရန် ကြိုးစားပေးထားတာ သိသာသည်။ တာအိုရသေ့နှင့် အနီရောင်ဝတ်စုံနှင့်သူတို့ကမူ ရေနဂါးရိုင်း လွတ်မြောက်သွားမှာကိုသာ စိုးရိမ်သည်။ လိပ်ကြီးအတွက်မူ ၎င်း၏ ပြစ်ဒဏ် အပြီးသပ်သွားခဲ့လျှင်ပင် ၎င်း၏ မူလချီသည် အကြီးအကျယ် ထိခိုက်ထားဦးမည် ဖြစ်သည်။ သို့ဖြစ်၍ လိပ်ကြီးသည် သူတို့အပေါ် ကြီးကြီးမားမား ခြိမ်းခြောက်နိုင်ခြင်း မရှိနေပေ။
ဤသို့ဖြင့် ကျင့်ကြံသူသုံးယောက်သည် ကောင်းကင်ယံတွင် နဂါးသားရဲနှင့် ဆက်တိုက် တိုက်ခိုက်နေကြစဉ် သူတို့၏ အောက်ဘက်၌ လိပ်သားရဲကမူ ၎င်း၏ ပြစ်ဒဏ်ကို ကျော်ဖြတ်နိုင်ဖို့ အရေးကြီးသော အခိုက်အတန့်သို့ ရောက်နေလေသည်။ ကောင်းကင်ယံမှ လျှပ်စီးတန်းများသည်လည်း ငွေရောင်လျှပ်စီးစက်ဝန်းအဖြစ် စတင် ဖွဲ့စည်းသည်။ ထိုလျှပ်စီး ပစ်ချက်တိုင်းက လိပ်ကြီးကို တုန်တုန်သွားစေပြီး ၎င်းသားရဲမှာ ရူးသွပ်ကျယ်လောင်စွာ အော်သံ ပြုသည်။ ထိုမြင်ကွင်းကြောင့် ဟန်လိသည် ကျေနပ်ပျော်ရွှင်သွားသည်။
သည်အခြေအနေကို အခွင့်ကောင်း ယူရန် အတွေးစိတ်ကူး သူ့၌ လုံးလုံးလျာလျာ မရှိတာကတော့ သဘာဝပင်။ သည်အဆင့်တိုက်ပွဲကား သူ ကိုင်တွယ်နိုင်ဖို့ အလှမ်းဝေးလှ၏။ သို့ပေမည့် မည်သည့်ဘက်ကပင် အနိုင်ရပါစေ ဟန်လိအဖို့တော့ သူ့လှိုဏ်ဂူနေအိမ် ကိစ္စနှင့် ပတ်သက်ပြီး ဖြေရှင်းရန် အချိန်လုံလောက်သွားပေပြီ။
ခုချိန်တွင် သူ့အဖို့ ထွက်ပြေးနိုင်မည့် အခွင့်အရေးတစ်ခု ရလာခဲ့ပြီ ဖြစ်၍ နောက်ဆုံး၌ ဟန်လိသည် ဆက်၍ မပုန်းကွယ်နေတော့ပေ။ သူက ချက်ခြင်းပင် သွေးနီရောင်ဝတ်ရုံရှည်ကို ဝတ်၊ သူ့မှော်စွမ်းအားကို ၎င်းဝတ်ရုံထဲ ဖြည့်တင်းပြီး သွေးနီရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ကောင်းကင်ထက်သို့ ထိုးခွင်း ထွက်ခွာသည်။ ဟန်လိ ရုတ်တရက် ထွက်ပေါ်လာမှုသည် ကျင့်ကြံသူများနှင့် ရေနဂါးရိုင်းတို့ကို အလန့်တကြား ဖြစ်သွားစေ၏။ သို့သော် ခဏအကြာတွင် သူတို့သည် ဟန်လိကို လစ်လျူရှုထားလိုက်ကြသည်။
အကြောင်းမှာ သူတို့သည် ဟန်လိ၏ ကျင့်ကြံမှုသည် ခုလောက်ထိ အမြန်နှုန်းနှင့် မလိုက်ဖက်ဘဲ နိမ့်နေသောကြောင့်ပင်။ အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်တစ်ယောက်က သူတို့အတွက် ဘာမျှ မဟုတ်လေပေ။
ဟန်လိသည် နတ်ဆိုးသားရဲများနှင့် ကျင့်ကြံသူများက သူ့လှိုဏ်ဂူနေအိမ်ကို ရှာတွေ့သွားမည့်အပေါ် စိုးရိမ်နေရင်းကနေ ပင်လယ်မြူထံမှ အဝေးအရပ်သို့ ပျံသန်းထွက်သွားရန် ဆုံးဖြတ်သည်။ သွေးနီရောင်ဝတ်ရုံ၏ ကြောက်မက်ဖွယ် အမြန်နှုန်းကြောင့် ဟန်လိသည် ခဏအတွင်း ကီလိုမီတာထောင်ချီထိ ရောက်လာခဲ့သည်။ သူ့နောက်၌ မည်သူမျှ လိုက်လာတာ မမြင်သည့်အခါမှ ဟန်လိသည် စိတ်သက်သာသွားပြီး ဝတ်ရုံကို အသုံးမပြုတော့ဘဲ ရှေ့သို့ ဆက်လာခဲ့သည်။
နေ့တစ်ပိုင်းလောက် ပျံသန်းလာပြီးနောက်မှာမူ ဟန်လိသည် အချိန်တစ်ခုလောက် နေ၍ရမည့် ကျွန်းတစ်ခုကို ရှာတွေ့သည်။ နောက်ရက်အနည်းငယ်တွင်မူ ဟန်လိသည် သားရဲနှင့် ကျင့်ကြံသူများ၏ တိုက်ပွဲမှာ အပြီးသပ်လောက်ပြီဟု မှတ်ယူကာ သတိထား၍ ပြန်လည် ပျံသန်းလာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း မြူအနီးဝန်းကျင် ပင်လယ်ပြင်သည် လုံးဝ ငြိမ်သက်သွားခဲ့လေပြီ။ နတ်ဆိုးသားရဲများလည်း မရှိ၊ ကျင့်ကြံသူများလည်း ကင်းမဲ့သွားပြီး ကောင်းကင်လျှပ်စီးမြင်ကွင်းကိုလည်း လားလားမျှ မတွေ့ရတော့ပေ။
ဟန်လိသည် အနီးဝန်းကျင် ပင်လယ်ပြင်ထက်၌ မြောလွင့်နေလျက်ဖြင့် တစ်ကိုယ်တည်း တီးတိုး ရေရွတ်သည်။ ထို့နောက်တွင်မူ သူသည် အနီးဝန်းကျင် ပင်လယ်ပြင်ထံသို့ သူ့စိတ်ဝိညာဉ်အာရုံကို ဖြည်းဖြည်းချင်း စေလွှတ်သည်။ သည့်နောက်မှာ သူ့ခန္ဓာကိုယ်သည် မိုးပြာအလင်း တောက်ပ၍ ဝေဝါးသွားပြီး သူက ပင်လယ်ထဲသို့ ထိုးစင်းသွားသည်။ ဆယ့်ငါးမိနစ်လောက် ကြာပြီးသည့်နောက် ဟန်လိသည် သူ့လက်ထဲ၌ တစ်စုံတစ်ခုကို ကိုင်လျက် ပြန်ပေါ်လာသည်။