← Chapters

လေးနက်ယင်ပညာရပ်များ

Vol. 38 Ch. 519

လေးနက်ယင်ပညာရပ်များ

Vol. 38 Ch. 519

ဟန်လိသည် ထိုအရိုးပိုင်းမှာ အရိုးသခင်၏ အရိုးမဟုတ်မှန်းကို သဘောပေါက်သည်။ ခုလက်ရှိပုံစံသည် အရိုးသခင်သည် အခြားသူများ၏ အမြင်ကို လှည့်ဖြားနိုင်ရန်အတွက် ပြုလုပ်ထားသော လှည့်ကွက်တစ်ခုမျှသာ ဖြစ်သည်။ ၎င်းကို မည်သည့် ထူးခြားသော သတ္တုကနေ ဖန်တီးထားသည်လည်း မသိရပေ။ အလားတူပင် လူတစ်ယောက်သ်ည ၎င်းကို မည်သည့်မှော်ရတနာဟုလည်း ပြောနိုင်မည် မဟုတ်ပါ။ သို့ပေမည့် ၎င်းမှာ လူသားတစ်ယောက်က ၎င်းကို ဖန်တီးထားတာနှင့် ပတ်သက်၍မူ သံသယ ရှိရန် မလိုပေ။ သို့သော် ဟန်လိသည် ၎င်းအတွင်းသို့ စိတ်ဝိညာဉ်အာရုံ သို့မဟုတ် စိတ်ဝိညာဉ်အာရုံ ထည့်သွင်းကြည့်သော်ငြား အရိုးပိုင်းသည် နည်းနည်းလေးမျှ မတုန့်ပြန်ပေ။

ဟန်လိသည် မျက်မှောင်ကြုတ်သွား၏။ သူသည် ထိုမိစ္ဆာအိုကြီးသည် နတ်ဆိုးတစ္ဆေလမ်းကြောင်းကို လျှောက်လှမ်းသူမှန်း ပြန်သတိရမိသွား၏။ ထိုအရိုးပိုင်းကို ထိန်းချုပ်ရန် ယင်စိတ်ဝိညာဉ်ကို လိုအပ်တာမျိုး ဖြစ်နိုင်သည်။

ဟန်လိသည် သူကိုယ်တိုင်၌ ယင်စိတ်ဝိညာဉ်ချီကို မပိုင်ဆိုင်ထားသော်လည်း သူ့တွင် ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာက ရခဲ့သည် ဝိညာဉ်စုဝေးခြင်းခွက် ရှိထားသည်။ သူသည် ၎င်းကို သူ့ရုပ်သေးများအား သန့်စင်ဖို့ရန်အတွက် ယင်စိတ်ဝိညာဉ်အားလုံးကို စုပ်ယူခဲ့သည်။ အလားတူပင် ထိုခွက်ကိုယ်တိုင်မှာလည်း ယင်ချီ ပမာဏများစွာ ပိုင်ဆိုင်ထားသေးသည်။

(မှတ်ချက်။   ။ ဟန်လိသည် မိစ္ဆာနက်ကျောင်းတော်၏ ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့ပြီးနောက်မှာ ၎င်းကို ရခဲ့တာ ဖြစ်၏။ ထိုအကြောင်းကို အပိုင်း (၃၃၀) တွင် ဖော်ပြခဲ့ပါသည်။)

သူက ဝိညာဉ်စုဝေးခြင်းခွက်ကို သူ့သိုလှောင်အိတ်ထဲမှ ထုတ်ယူပြီး ၎င်းကို စိုက်ကြည့်သည်။ သူ့လက်ဝါးထံမှ အပြာရောင်လင်းလက်သွား၏။ ထို့နောက်တွင် ယင်ချီအရိပ်အယောင်သည် သူ့လက်မှသည် သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သည်။ ယင်ချီသည် သူ့ခန္ဓာကိုယ်အနှံ့ ဖြည်းဖြည်းချင်း လှည့်ပတ်စီးဆင်းပြီးနောက်မှာမူ သူက အခြားလက်တစ်ဖက်ဖြင့် အရိုးပိုင်းကို ဖမ်းဆုပ်ကိုင်သည်။

ဟန်လိသည် အရိုးပိုင်းကို စ၍ ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။ ထိုအခါ ထိုအရိုးပိုင်း၌ အေးခဲနက်မှောင်သော ယင်ချီလုံးတစ်ခု ခြုံလွှမ်းလာသည်။

နောက်ဆုံးတွင်မူ အရိုးပိုင်းသည် တုန့်ပြန်လာခဲ့ပြီ။ အရိုးပိုင်း၏ အပေါ်ပိုင်း အဖြူရောင်သည် အနက်ရောင်သို့ စပြောင်းလာခဲ့ပြီး ၎င်းကို ဝိုင်းရံထားသော ယင်ချီကို စုပ်ယူ၍ အဖြူနှင့်အနက် တစ်ဝက်အဖြစ် ပြောင်းလာသည်။

ယင်းသို့ အသွင်ပြောင်းလဲခြင်းကြောင့်လည်း ဟန်လိသည် ထူးထူးခြားခြား အံ့အားမသင့်သွားခဲ့ပေ။ သူက မျက်လုံးမှိတ်ပြီး စဉ်းစားသည်။ ထို့နောက်မှာ သူ့အိပ်ယာထက်မှ ထ၏။ စိတ်ဝိညာဉ်စုဝေးခြင်းခွက်ကို ကိုင်ထားသော သူ၏လက်ထံမှ ရုတ်တရက် မိုးပြာအလင်း စူးရှတောက်ပစွာ ထုတ်လွှတ်လာသည်။ တချိန်တည်းမှာ သူ့အခြားလက်တစ်ဖက်မှ တစ္ဆေငြီးသံများကို ကြားရ၏။ ပိုနက်မှောင်သော ယင်ချီထုသည် အရိုးပိုင်းကို စုဝေးလာ၏။

အရိုးပိုင်းသည် ယင်ချီကို နည်းနည်းလေးမျှ မခုခံပေ။ ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက်မှာ အရိုးပိုင်းသည် ဖြည်းဖြည်းချင်း အနက်ရောင်သို့ ပြောင်းသည်။ ရုတ်တရက် အရိုးပိုင်းသည် တဖြည်းဖြည်း လုံးလုံးလျာလျာ နောက်မှောင်သွား၏။

အရိုးသခင်သည် ရုတ်တရက် ခပ်တိုးတိုး မြည်သံတစ်သံ ထုတ်လွှတ်လာပြီး ပိန်းပိန်းနက်သော အလင်းတန်းများကို ထုတ်လွှတ်လျက် အခန်းထဲ၌လည်း မသတီစရာ အငွေ့အသက်တစ်ခု ပြည့်နှက်သွားသည်။

ဟန်လိသည် စိတ်ဝိညာဉ်စုဝေးခြင်းခွက်ကို အလျင်အမြန် သိမ်းဆည်း၍ သူ့လက်ထဲမှ အရိုးပိုင်းကို လွှတ်ပေး၍ ၎င်းသည် သူ့လက်မှ ထွက်ခွာပြီး လွင့်မြောသည်။ အရိုးပိုင်းတွင် ဝန်းရံနေသော ယင်ချီမှာလည်း ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်အလင်းဖြာထွက်မှုကြောင့် လွင့်ပါးသွားသည်။

ဟန်လိသည် ထိုအံ့ဖွယ်ကောင်းလှသော မြင်ကွင်းကို စောင့်ကြည့်နေလျက် သူ့မျက်လုံးမှာ အရောင်တလက်လက် ဖြစ်နေသည်။

အလင်းဖြာထွက်ခြင်းနှင့် မြည်သံထွက်ပေါ်ခြင်းအပြင် အနက်ရောင်အရိုးပိုင်းသည် အခြား နောက်ထပ် ပြောင်းလဲမှုကို မပြတော့ပေ။

ခဏကြာပြီးနောက်မှာ ဟန်လိ၏ အမူအရာသည် လှုပ်ရှားသွား၏။ သူက ရုတ်တရက် ၎င်းအရိုးပိုင်းကို လက်ယက်၍ ဆင့်ခေါ်သည်။ ဝှစ်…။ အရိုးပိုင်းက သူ့လက်ကြားထဲ ပျံသန်းလာသည်။ ၎င်းကို နောက်ထပ် သေချာ ကြည့်ကြည့််ပြီးသည့်နောက်မှာ သူက ၎င်းအထဲသို့ စိတ်ဝိညာဉ်အာရုံကို ထည့်သွင်းသည်။ သည်တစ်ကြိမ်တွင်မူ သူ့စိတ်ဝိညာဉ်အာရုံသည် အဟန့်အတား မရှိလေဘဲ အရိုးပိုင်းအတွင်းသို့ အလွယ်တကူ ဝင်ရောက်သွားသည်။

ရလဒ်ကမူ သူ့မျက်လုံးရှေ့၌ အနက်ရောင်လင်းဖြာထွက်ပြီး သူ့စိတ်ထဲတွင်မူ ရှေးဟောင်း စာလုံးသင်္ကေတများနှင့် ပုံရိပ်များလည်း ပေါ်လာသည်။

“ကျောက်စိမ်းပြားတစ်ခု…” ဟန်လိသည် တုန်လှုပ်အံ့အားသင့်စွာဖြင့် တိုးတိုးဖွဖွ ရေရွတ်မိ၏။

အရိုးပိုင်းသည် တမူထူးသော ကျောက်စိမ်းပြားတစ်ခု ဖြစ်နေသည်။ သူ အရင်တည်းက ခန့်မှန်းထားခဲ့မိသလိုမျိုးပင်။ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လျက် ဟန်လိသည် ကျောက်စိမ်းပြားအတွင်းရှိ စာလုံးများကို သေချာ စမ်းစစ်ကြည့်သည်။

“လေးနက်ယင်ပညာရပ်…”

ဟန်လိသည် ထိုစာလုံးများ၏ ပထမဆုံး တစ်ဝက်ကို ဖတ်ကြည့်မိ၏။ သူ့အတွက် ၎င်းတို့မှာ အတော်လေး တရင်းတနှီး ရှိနေသည်။ သူသည် ၎င်းစာသားများကို အရင်က ဖတ်ခဲ့ဖူးတာ သေချာသလောက် ရှိသည်။ သူသည် မိစ္ဆာတာအိုကျင့်ကြံခြင်းပညာရပ်များကို ကိုယ်တိုင်ကိုယ်ကျ မကျင့်ကြံခဲ့ဖူးသော်လည်း သူ့ကိုယ်ပွား ဝိညာဉ်သေကမူ ၎င်းပညာရပ်တွေထဲမှ နတ်သွေးအလင်းပညာရပ်ကို သန့်စင်မွန်းမံခဲ့သူ ဖြစ်သည်။ ဟန်လိသည် ထိုကျင့်ကြံခြင်း စာသားများကို ဖတ်ပြီးနောက်မှာ သူ အရင်က ဖတ်ဖူးခဲ့သော ပညာရပ်များနှင့် ဆင်တူသော်လည်း မတူညီသော အချက်များစွာလည်း ရှိနေသည်။ အရိုးပိုင်းကျောက်စိမ်းပြား၌ လေးနက်ယင်ကျမ်းစာ အမှန်တကယ် ပါဝင်နေသည်။

အမှန်အတိုင်း ပြောရလျှင် ဟန်လိသည် စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။ သူသည် မိုးပြာအနှစ်သာရဓားပညာရပ်ကို ကျင့်ကြံခဲ့ပြီး ဖြစ်၍ ၎င်းကို ရူးရူးမိုက်မိုက် စွန့်လွှတ်ပြီး ထိုလေးနက်ယင်ပညာရပ်သည် လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားလျှင်ပင် သူ့အဖို့ ပြန်ထပ်ကျင့်ကြံရန် မဖြစ်နိုင်ချေ။

သို့ရာတွင် ဟန်လိသည် ထိုလေးနက်ယင်ကျမ်းစာထံမှ သူ့စိတ်ဝိညာဉ်အာရုံကို ချက်ခြင်း ပြန်မရုတ်သိမ်းပေ။ ထိုကျမ်းစာ၏ ဒုတိယပိုင်းတွင် ပါဝင်သော မိစ္ဆာတာအိုလျှို့ဝှက်ပညာရပ်များသည် သူ ကျင့်ကြံဖို့ ဖြစ်နိုင်သော အရာများ ဖြစ်နေချေ၏။

ဟန်လိသည် ထိုမယုံကြည်နိုင်ဖွယ် လျှို့ဝှက်ပညာရပ်တစ်ခုချင်းစီကို ဖတ်ရှုပြီးချိန်တွင်တော့ သူ၏ မူလတုန်းက စိတ်ပျက်လက်ပျက် ဖြစ်နေမှုသည် အံ့အားသင့်ခြင်း၊ ထိုမှသည် အလေးအနက် ဖြစ်လာခြင်း၊ နောက်ဆုံးတွင် သူ့ဟန်ပန်၌ စိတ်လှုပ်ရှားခြင်း ဖြစ်ပေါ်လာတော့သည်။

၎င်းလျှို့ဝှက်ပညာရပ်များကာ အစွမ်းထက်လှပြီး အမှန်တကယ် စိတ်ကူး၍ မရအောင် အစွမ်းထက်နေသည်။ သူသည် မိုးပြာအနှစ်သာရဓားပညာရပ်၏ အဆင့်ကိုးနှင့် သည်လေးနက်ယင်ကျမ်းစာမှ သင့်တော်သော လျှို့ဝှက်ပညာရပ်များကို ကျင့်ကြံနိုင်ခဲ့လျှင် သူ့လမ်း၌ တာတားသော စဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်များထံမှပင် လွတ်မြောက်အောင် လုပ်နိုင်မည်ဟု ယုံကြည်မှု ရှိပေသည်။ ထိုစဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရလျှင် အကူအညီမဲ့စွာဖြင့် သေခြင်းတရားကို လက်ခံရမည့်အဖြစ်မျိုး ဆက်ဖြစ်လေတော့မည် မဟုတ်ပေ။

ကျိနစ်ယင်၏ ကောင်းကင်ကျယ်ပြန့်အလောင်းမီးလည်း သည်လျှို့ဝှက်ပညာရပ်များထဲတွင် ပါဝင်နေသည်။ ထိုအလောင်းပညာရပ်သည် သန့်စင်ထားသော အလောင်းများကို အလောင်းမီးတောက် ထုတ်ဖော်စေခြင်းသာ ဖြစ်သည်။

ကံဆိုးသည်မှာ ထိုပညာရပ်များကို ကျင့်ကြံဖို့အတွက် လေးနက်ယင်ပညာရပ်များကို ကျင့်ကြံခြင်းအခြေခံအဖြစ်ထားပြီး စဦးစိတ်ဝိညာဉ်အဆင့် သို့မဟုတ် ၎င်းထက် မြင့်သော အဆင့်များ ဖြစ်ရန် လိုအပ်နေခြင်းပင်။ မဟုတ်ပါက ဟန်လိသည် သူကိုယ်တိုင် ၎င်းပညာရပ်ကို သန့်စင်ရန် ကျိန်းသေပေါက် ကြိုးစားကြည့်မည်ပင်။

သို့သော် ထိုကောင်းကင်ကျယ်ပြန့် အလောင်းမီးသည် အစွမ်းထက်နေခဲ့လျှင်ပင် ၎င်း၏ ကျင့်ကြံခြင်းမန္တာန်၌ အားနည်းချက် ရှိချေ၏။ ဟန်လိက ထိုသည်ကို မြင်သည့်အခါ အေးတိအေးစက် ရယ်မောမိသည်။ အနာဂတ်၌ ကျိနစ်ယင်သည် သူ့အပေါ် ထိုကောင်းကင်ကျယ်ပြန့်အလောင်းမီးကို အသုံးပြုရန် ကြိုးစားလာခဲ့လျှင် ဟန်လိသည် ထိုသူ့ကို ကျိန်းသေပေါက် လှလှကြီး အံ့အားသင့်စေနိုင်မည် ဖြစ်သည်။

ခဏ စဉ်းစားပြီးနောက် ဟန်လိသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ဖြင့် သန့်စင်ကျင့်ကြံနိုင်သော လျှို့ဝှက်ပညာရပ်သုံးခုကို ရွေးချယ်သည်။ သူသည် ၎င်းတို့ကို သေချာမှတ်၏။ နောင်အချိန်တစ်ခု ရောက်လျှင် သူသည် ထိုပညာရပ်တို့ကို ကျင့်ကြံမည် ဖြစ်သည်။ ယင်းနောက်မှာ သူက အရိုးပိုင်းငယ်ကို သေချာ ပြန်သိမ်းသည်။ သူ ရရှိခဲ့သည့်အရာကြောင့် အင်မတန်ကျေနပ်သွားခြင်းကြောင့် ဟန်လိသည် စိတ်အားတက်ကြွနေတော့သည်။

သည့်နောက်မှာမူ ဟန်လိသည် သူ့မူလအစီအစဉ်ကို ပြန်တွေးသည်။ သူ့လက်ထဲ၌ ကောင်းကင်ဒယ်စောက်ပါသော သိုလှောင်အိတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။ သူ့ထံ၌ သိချင်စိတ်က တဖန် တောက်လောင်လာပြန်သည်။

သူ အိပ်ယာထက်မှ ချက်ခြင်းထပြီး သူ့လှိုဏ်ဂူထဲရှိ လျှို့ဝှက်ခန်းထံ တန်းသွားသည်။

သူသာ ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ဖွင့်လှစ်နိုင်ခဲ့လျှင် ရတနာများစွာကို ရနိုင်မည် ဖြစ်သည်။ ကောင်းကင်ဖာထေးခြင်းဆေးလုံးကမူ ထည့်ပြောနေရန်ပင် လိုတော့မည် မဟုတ်ပါ။ သူ၏ ခွန်အားမှာလည်း သေချာပေါက် တိုးတက်လာနိုင်မည် ဖြစ်၏။

ထိုအတွေးစိတ်ကူးများဖြင့် ဟန်လိသည် နေ့စဉ်နေ့တိုင်း ရွှေမျှင်ပိုးကောင်များကို စောင့်ကြည့်သည်။ ပြီးလျှင် ထိုနေ့၏ ကျန်သည့်အချိန်တွင် ကောင်းကင်လေဟာနယ်ဒယ်စောက်ကို လေ့လာစူးစမ်းသည်။ ထို့အပြင် သူသည် ဒယ်စောက်ကို ဖွင့်နိုင်ဖို့ငှာ ရှေးဟောင်းကျောက်စိမ်းပြားများကိုလည်း စူးစမ်းလေ့လာသည်။

ကံဆိုးသည်မှာ လဝက်လောက် ကြာပြီးနောက်တွင် ဟန်လိသည် သူ စဉ်းစားနိုင်သမျှ နည်းလမ်းအားလုံး ကုန်ခမ်းလာခဲ့ပြီ။ ခုထိ ဖွင့်လှစ်၍ မရနိုင်သေးပေ။ သို့ဖြစ်၍ သူ့အဖို့ ပြန့်ကြဲကြယ်ပင်လယ်များ၏ နံပါတ်တစ် ရတနာဖြစ်သော ကောင်းကင်လေဟာနယ်ဒယ်စောက်ကို လောလောဆယ် လက်လျော့ထားရုံကလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

၎င်းဒယ်စောက်ကား အမှန်တကယ် အထင်ကြီးဖွယ်တည်း။ မီး၊ ရေခဲ ဓာတ်ခံ မည်သည့်ရတနာကိုပဲ အသုံးပြုပါစေ မည်သည့်အရာကမျှ ၎င်းပေါ်၌ ထစ်ရာ အရိပ်အယောင်ကို မထင်ကျန်စေခဲ့နိုင်ပေ။ မကြာသေးမီက ပြန်အားပြည့်ခဲ့သော သူ၏ မိစ္ဆာဖယ်ရှားခြင်းနတ်လျှပ်စီးသည်လည်း အနှီဒယ်စောက်ကို ခြစ်ရာလေးဖြစ်အောင်ပင် မလုပ်နိုင်ပေ။

ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ဖွင့်လှစ်ရန် အခြားနည်းလမ်းမျိုးစုံကိုလည်း သူ သုံးကြည့်ခဲ့ပြီး ဖြစ်သည်။ အကြိမ်တိုင်လည်း မအောင်မြင်ခဲ့ပေ။ အဆုံးသပ်တွင်မူ ဟန်လိသည် ၎င်းဒယ်စောက်ကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းပြီး သည်ကိစ္စအပေါ် လက်လျော့လိုက်ရတော့သည်။

ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ကောင်းကင်ရေခဲပုလဲနှင့် ဖွင့်ကြည့်နိုင်လောက်သည်ဟု သံသယ ရှိသော်ငြားလည်း ဟန်လိသည် ထိုသို့ မစမ်းသပ်ဝံ့ပေ။ ကောင်းကင်ရေခဲမီးတောက်များသည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများပင် ကြောက်ရသော တည်ရှိမှုမျိုး မဟုတ်လား။ သူသည် စဦးစိတ်ဝိညာဉ်အဆင့် သို့တည်းမဟုတ် အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ထိ မရောက်မချင်း ၎င်း ပုလဲကို ထိန်းချုပ်ရန်၊ သန့်စင်ရန် ကြိုးစားကြည့်ဖို့ စိတ်ကူး မရှိထားချေ။ သူသည် ကိုယ့်အကန့်အသပ်ကိုယ် သိသည်။

ထိုလဝက်အတွင်း သက်တံပုတီးစေ့များကို စားသုံးခဲ့သော ရွှေပိုးမျှင်ပိုးကောင်နှစ်ကောင်သည် နည်းနည်းလေးမျှ တုန့်ပြန်မှု မပြခဲ့ပေ။ ၎င်းတို့သည် အရင်အတိုင်းသာ။ ထိုပုတီးစေ့များ၌ ဆေးဝါးဂုဏ်သတ္တိ မပိုင်ဆိုင်ထားသည့်အလား။

ခုလက်ရှိ၌ ဟန်လိ လတ်တလော လုပ်ရမည့်အရာမှာ သူ၏ ဝါးတိမ်အုပ်ဓားခုနစ်ဆယ့်နှစ်လက်ကို မွန်းမံရန်ပင်။

သူသည် ချောရည်ရေခဲလမ်းကြောင်းပေါ်မှ ရခဲ့သော သန့်စင်ပြီးသလင်းကို အချည်းနှီး ဖြစ်စေမည် မဟုတ်ပေ။ သူသည် သူ့ဓားတစ်ခုချင်းစီကို ထိုသလင်းဖြင့် သန့်စင်ချင်နေသည်။ သူသည် ထိုသလင်းများဖြင့် သူ၏ ဓားများကို သန့်စင်ပြီးနောက် ၎င်းတို့သည် ဖျက်စီး၍ မရနိုင်ဟု မပြောဝံ့သော်လည်း သည်လောက၌ ၎င်းတို့ကို ထိခိုက်စေနိုင်မည့် အရာများ၏ အရေအတွက်သည် အလွန်နည်းပါးသွားပေလိမ့်မည်။ ဤသည်မှာ အနာဂတ်၌ အဆင့်မြင့်ကျင့်ကြံသူများနှင့် တိုက်ပွဲများတွင် အားသာချက် ဖြစ်စေလာနိုင်သည်။

သို့ပေမည့် ထိုဖြစ်စဉ်သည် အလွန်ကြာနိုင်သည်။ ဝါးတိမ်အုပ်ဓားများကိုယ်တိုင်မှာလည်း ထူးကဲလှသော သတ္တုအမယ် ဖြစ်နေ၍ အစီအရင်မန္တာန်များ၏ အကူအညီဖြင့်ပင် သလင်းဖြင့် ဓားကို သန့်စင်မွန်းမံရန်မှာ နှစ်ဝက်လောက် ကြာနိုင်လိမ့်မည်ဟု သူ ထင်သည်။

သို့ပေမည့် သူသည် သန့်စင်နေရင်း တစ်ဝက်တစ်ပျက်၌ မှော်စွမ်းအား ကုန်ခမ်းသွားခဲ့လျှင် ထိုသလင်းသည် လုံးဝ ပျက်စီးသွားပေလိမ့်မည်။ ဤကိစ္စမှာ ပေါ့ပေါ့ဆဆလုပ်၍ မရချေ။

မူလတုန်းက သူသည် အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ဖြင့် သူ့၌ စိတ်ဝိညာဉ်ဆေးဝါးများ အကူအညီ ရှိနေလျှင်ပင် သူသည် ထိုသို့ မကြိုးစားဝံ့ပေ။ သို့ရာတွင် အခု သူ့၌ နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည် ပိုင်ဆိုင်ထားပြီ မဟုတ်လား။ ကောင်းကင်ကြယ်မြို့သို့ အလောတကြီး သွားရန်အတွက် ၎င်းနို့ရည် အစိတ်အပိုင်းတစ်ခုကို အသုံးပြုခဲ့ရပြီး ဖြစ်သော်လည်း သူ့မှာ ထိုသလင်းကို သန့်စင်ရန်အတွက်တော့ လုံလောက်တာထက် ပိုနေသေးသည်။

အနီးဝန်းကျင် ပင်လယ်ပြင်၌ သူ ကြုံရမည့် အန္တရာယ်ပမာဏမှာ နည်းပါးလွန်းမည် မဟုတ်၍ ဟန်လိအနေဖြင့် သူ့ဓားများကို မွန်းမံထားမှ တော်ရုံကျပေမည်။ သို့မှသာ သူ ကြုံလာရမည့် အန္တရာယ်ဟူသမျှကို ရင်ဆိုင်ခုခံနိုင်မည် ဖြစ်သည်။

All Chapters