အသွင်ပြောင်းခြင်းနတ်ပြစ်ဒဏ်
Vol. 38 Ch. 520
ဟန်လိသည် သူ၏လှိုဏ်ဂူနေအိမ်အသစ်တွင် သတ္တုအမယ်သန့်စင်ခြင်းအခန်းတစ်ခုကို တည်ဆောက်ထားတာ သဘာဝပင်။ နောက်ထပ် ကွယ်ဝှက်ခြင်းအတားအဆီးတစ်ခုကို နေရာချပြီးနောက်မှာ ဟန်လိသည် သလင်းနှင့် နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်တို့ကို အစီအရင်ထဲသို့ ယူလာခဲ့ပြီး ယင်းနောက်မှာ ထိုအခန်းတံခါးကို သေချာတင်းကြပ်စွာ ပိတ်သည်။ သူ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း သူ၏လှိုဏ်ဂူနေအိမ်၏ အခြားလုပ်ဆောင်ချက်များမှာလည်း လူဝံရုပ်သေးများ၏ ဂရုစိုက်မှုကြောင့် ချောမွေ့စွာ ရှိသည်။
ထိုသို့ဖြင့် တစ်နှစ်တာကာလသည် မသိမသာ ကုန်လွန်သွားခဲ့သည်။ သည်နေ့မတိုင်ခင်အထိတော့ မည်သည့် မထင်မှတ်တာ တစ်ခုခုမျှ ဖြစ်ပွားမလာခဲ့ပေ။
အနည်းငယ်မျှ သတိပေးချက် အလျင်းမရှိလေဘဲ ရုတ်တရက်ကြီး ဟန်လိ၏ လှိုဏ်ဂူနေအိမ်တလျောက်တွင် တုန်ခါထွက်သွားသည်။ မြေငလျင်လည်း ဆက်တိုက်လှုပ်ခတ်သည်။ ထို့အပြင် အပြင်ဘက်မှ ပြင်းထန်ကျယ်လောင်သော မိုးကြိုးသံများကိုပါ ကြားရသည်။ မိုးကြိုးသံများသည် တလိမ့်လိမ့် ပိုပိုကျယ်လောင်လာပြီး သည်ကျွန်းတစ်ခုလုံးမှာ ပြင်းထန်သော မုန်တိုင်းတစ်ခု၏ ခြုံလွှမ်းခြင်းကို ခံရလေသည့်အလား။
ခပ်အုတ်အုတ်အသံတစ်သံနှင့်အတူ သတ္တုအမယ်သန့်စင်ခြင်းတံခါးသည် ပွင့်ဟလာသည်။ ဟန်လိသည် အေးစက်စက်အသွင်ဖြင့် အခန်းထဲမှ ခုန်ထွက်လာသည်။ သူ့မျက်လုံးထဲ၌လည်း အံ့အားသင့် ထိတ်လန့်မှု သိသိသာသာ ဖြစ်ပေါ်နေ၏။ လှိုဏ်ဂူအပြင်ဘက်မှ ကျယ်လောင်စွာ တုန်ဟည်းမြည်သံများကို ကြားရသည့်အခါတွင် သူသည် သူ့ခါးပေါ်ရှိ သိုလှောင်အိတ်ပေါ် ရုတ်တရက် လက်တင်ပြီး အဝါရောင်အလင်းတန်းတစ်ခု မြင့်တက်လာစေသည်။ ၎င်းသည် လေထဲတွင် လှည့်ပတ်ပြီး သူ့လက်ဝါးပေါ်သို့ ကျရောက်သည်။
၎င်းမှာ တစ်မီတာမျှ အရှည်ရှိ အစီအရင်အလံတစ်ခုပင်။ ၎င်းပေါ်၌ အဆောင်စာလုံးအချို့ကို ရေးသားထားသည်။
များများစားစား တွေးမနေဘဲ ဟန်လိသည် မိုးပြာချီကို ထိုအလံပေါ်သို့ ထွေးထုတ်ပြီး ၎င်းအား အဝါရောင်လင်းထင်း တောက်ပသွားစေသည်။ သူ့မျက်လုံးထဲ၌ အေးစက်မှု တောက်ပသွားခြင်းနှင့်အတူ ၎င်းအလံသည် မြေပြင်ထံ တိုးဝင်၏။ အစီအရင်အလံသည် မျက်စိတစ်မှိတ်အတွင်း မြေကြီးထဲ တိုးဝင်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားချေသည်။ ဟန်လိ၏ ပါးစပ်ထံမှ လေသံအမျိုးမျိုးဖြင့် မန္တာန်ရေရွတ်သံများ ထွက်ပေါ်လာခြင်းနှင့်အတူ နောက်ထပ် အံ့ဩထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပွားလာသည်။
ဟန်လိသည် မန္တာန်ဆက်ရွတ်နေသည်။ လှိုဏ်ဂူမြေပြင်နှင့် နံရံများသည် ရွှေရောင်လင်းလက်လာသည်။ တစ်ချိန်တည်းမှာ တုန်လှုပ်ခြောက်ခြားဖွယ် မိုးကြိုးသံများသည် ရုတ်တရက် ရပ်တန့်သွားပြီး အရာာအားလုံးသည် ပုံမှန် ပြန်ဖြစ်သွားသည်။ ထိုသည်ကို မြင်မှ ဟန်လိသည် စိတ်အေးနိုင်တော့သည်။ သို့ပေမည့် သူ၏ မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးခြင်းကမူ ခုထိ မပျောက်ကွယ်သေးပေ။ ထို့နောက်တွင် သူသည် မိုးပြာအလင်းတန်းအဖြစ်သို့ ပြောင်း၍ လှိုဏ်ဂူထဲကနေ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ခဏအကြာတွင် ဟန်လိသည် ကျွန်းငယ်၏ အပေါ်စီးသို့ ရောက်သည်။ မြူအရံအတား ထွေးခြုံထားသော်လည်း သူ့မြင်ကွင်းကို လားလားမျှ အဟန့်အတား မဖြစ်စေပေ။ အကြောင်းကား ထိုမြူများသည် သူ၏ ကိုယ်ပိုင်အစီအရင်မန္တာန်များ၏ ရလဒ်မဟုတ်လား။
သူ၏ရှေ့ရှိ မြင်ကွင်းကြောင့် ဟန်လိ၏ အမူအရာသည် အမျိုးမျိုး ပြောင်းလဲသည်။ တောင်ကြောနှင့် သူ့လှိုဏ်ဂူတစ်လျှောက်၌ သူ ချထားသော အစီအရင်မန္တာန်များကြောင့် ၎င်းတို့သည် အထိအခိုက် မရှိလုခဲ့နီးနီး ဖြစ်သည်။ သို့ပေမည့် အစီအရင်မန္တာန်၏ အပြင်ဘက် နေရာများကမူ ပျက်စီးခြင်း ဆိုက်သွားခဲ့လေပြီ။ တောင်တန်းများနှင့် သစ်ပင်များအားလုံးမှာ ပျက်စီးနေသည်။ ပြိုလဲနေသည်။ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသည်။
သို့သော် ထိုမျှက ဟန်လိကို တုန်လှုပ်သွားစေဖို့ မလုံလောက်သေးပေ။ သည်ကျွန်းကို ရုတ်တရက် ဝိုင်းရံလာသော မုန်တိုင်းထန်နေသည့် ပင်လယ်လှိုင်းလုံးများလည်း ရှိနေသေးသည်။ မီတာလေးရာလောက် အမြင့်ရှိ လှိုင်းများသည် ကျွန်းကို ရိုက်ခတ်လျက် ရှိသည်။ ကျွန်းတစ်ဝက်မှာ ရေကန်များ၊ ရေအိုင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
ပင်လယ်လှိုင်းကြီးများ တည်ရှိရာအရပ် ပင်လယ်ပြင်တွင်မူ မိုးကြိုးများကြား၌ ကြောက်မက်ဖွယ် မာန်ဖီသံများကို ကြားရသည်။ ရူးသွပ်နေသော သားရဲကြီးတစ်ကောင်က ပေါက်ကွဲနေသည့်အလား။ ၎င်း အော်သံပြုတိုင်း မိုးကြိုးနှင့်လှိုင်းကြီးများ ကပ်လိုက်ပါသည်။
လှိုင်းလုံးကြီးများ တဝုန်းဝုန်း ထနေသော နေရာထံ လှမ်းကြည့်နေပြီး ဟန်လိက တွေးသည်။
“ဒီအနီးအနားမှာ အဆင့်မြင့်နတ်ဆိုးသားရဲတစ်ကောင် သောင်းကြမ်းနေတာများလား…”
သည်မြင်ကွင်းအရဆို ထိုနတ်ဆိုးသားရဲသည် ကြီးမားသောခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားမှာ သေချာသည်။ ထိုအတွေးဖြင့် ဟန်လိ၏ သိချင်စိတ်သည် မြင့်တက်လာသည်။
ခဏအကြာတွင် တစ်ကိုယ်တည်း ရေရွတ်နေပြီး သူသည် မိုးပြာအလင်းဖြင့် သူ့ကိုယ်သူ ထွေးခြုံစေလျက် ဟိန်းသံမြည်သံများ ထွက်ပေါ်နေသော နေရာထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာသည်။ ဟန်လိသည် သူ၏ ချီကို ထိန်းချုပ်ပြီး သူ့အော်ရာကိုပါ ရုတ်သိမ်း၏။ ချက်ခြင်းပင် သူ၏ အရိပ်အယောင်သည် ပျောက်ကွယ်သည်။ ပင်လယ်မြူထဲသို့ ပျံသန်းတိုးတင်လာပြီးနောက်မှာ အကြည့်တစ်ချက်ဖြင့်ပင် ဟန်လိသည် သူ့ပန်းတိုင်ကို ရှာတွေ့သည်။ သည်ဝန်းကျင်၌ ဧရာမနတ်ဆိုးသားရဲတစ်ကောင် အမှန်တကယ် ရှိနေသည်။ မျှော်လင့်ထားပြီး ဖြစ်သော်ငြား ၎င်း၏ အရွယ်အစားကို အခုမျက်မြင် တွေ့ရသည့်အခါတွင်မူ ဟန်လိသည် လေအေးတစ်ချက် ရှိုက်သွင်းမိရသည်။
ထိုဧရာမသားရဲကြီးမှာ သူ မြင်ဖူးသော လိပ်အမျိုးအစားသားရဲမျိုးပင်။ ၎င်း၏ခန္ဓာကိုယ်သည် ကီလိုမီတာသုံးဆယ်လောက်ကို ရှိနိုင်ပြီး ပင်လယ်ထဲ တောင်ကြီးတစ်တောင် လွင့်မြောနေသည့်အလား ထင်မှားရလောက်၏။ ၎င်း၏ ကြေးခွံသည် ပိန်းပိန်းနက်သည်။ ခြေထောက်များက တိုင်လုံးကြီးများကဲ့သို့ပင်။ ၎င်း၌ မီတာသုံးရာ အရှည်ရှိ ငွေရောင်အမြှီးတစ်ခုလည်း ပိုင်ဆိုင်ထားပြီး အနီးဝန်းကျင်ပင်လယ်ကို အဆက်မပြတ် ရိုက်ခတ်လျက် ရှိ၏။
ထိုလိပ်ကြီးသည် ကောင်းကင်ထက်သို့ မော့၍ အော်သံများ ထုတ်ဖော်နေသည်။ ၎င်း၏ အော်ဟစ်သံများကြောင့် လှိုင်းများနှင့် နတ်ဆိုးဆန်သော အဖြူရောင်လေရိုင်းများသည် ၎င်း၏ခန္ဓာကိုယ်မှသည် အထက်သို့ ပြန့်ကားပျံ့နှံ့သည်။
သို့သော် ဟန်လိကို အတုန်လှုပ်စေဆုံးမှာ ဤအရာ မဟုတ်ပေ။ လိပ်နက်အား ဝိုင်းရုံခြုံလွှမ်းထားသော တိမ်တိုက်နက်များသည် ကောင်းကင်ထက်ရှိ မီတာတစ်သောင်းလောက်၌ ရှိနေခြင်းပင်။ ထိုတိမ်တိုက်နက်များသည် လျှပ်စီးများဖြင့် ရစ်ခွေလျက် ကြောက်မက်ဖွယ် လျှပ်စီးတန်းများ ပိုက်ကွန်များသည် နတ်ဆိုးသားရဲလိပ်ကြီးကို ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်နေခြင်းပင်။
လိပ်ကြီးသည် ၎င်း၏ ကြီးမားသော လှိုင်းများ၊ နတ်ဆိုးလေပြင်းများကို မှီခိုပြီး ကောင်းကင်လျှပ်စီး တိုက်ချက်များကို အတင်းအကြပ် တားဆီးသည်။ ၎င်းသည် မထိမခိုက်ဘဲ ရှိနေသေးသော်လည်း လျှပ်စီးတန်းများက ပို၍ ပြင်းထန်လာ၏။ တရစပ် ထိုးနှက်လာ၏။ လိပ်ကြီး၏ မူလက မြစိမ်းရောင်မျက်လုံးမှာလည်း နီရဲလာသည်။
“အသွင်ပြောင်းခြင်းနတ်ပြစ်ဒဏ်…” ဟန်လိသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်မိသည်။ သူ့အမူအရာမှာ အံ့အားတသင့် ထိတ်လန့်တကြီး ဖြစ်နေမိသည်။
‘ အသွင်ပြောင်းခြင်းနတ်ပြစ်ဒဏ်’ ဟူသည်ကား နတ်ဆိုးသားရဲအားလုံး အဆင့်ခုနစ်မှသည် အဆင့်ရှစ်သို့ တက်လှမ်းချိန်တွင် တွေ့ကြုံရသည့် ကောင်းကင်လျှပ်စီးပြစ်ဒဏ်တည်း။ ထိုပြစ်ဒဏ်ကို တွေ့ကြုံပြီးလျှင် နတ်ဆိုးသားရြသည် ၎င်း၏ သားရဲအသွင်ပုံစံကို ခွာချ၍ လူသားအသွင်နှင့် ပိုဆင်တူလာလိမ့်မည် ဖြစ်သည်။ ၎င်းတို့၏ ကျင့်ကြံခြင်းသည် နက်ရှိုင်းလာသည့်အခါ အသွင်ပြောင်းလဲမှုလည်း ရှိလာသည့် သဘောပင်။ နတ်ဆိုးသားရဲတစ်ကောင်သည် အဆင့်တစ်ဆယ်သို့ ရောက်လာချိန်တွင် ၎င်းတို့သည် လူသားနှင့် ခွဲ၍ မရတော့ဟုပင် ပြောကြသည်။
ဟန်လိသည် ထိုအကြောင်းကို ကျောက်စိမ်းပြားများထဲ၌ အကြိမ်ကြိမ် တွေ့ဖူးဖတ်ဖူးသော်လည်း ကိုယ်တိုင်မျက်မြင်ကမူ အခုမှ ကြုံဖူးတာ ဖြစ်သည်။ သူသည် သူ့ကိုယ်သူ ကံကောင်းတာလား၊ ကံဆိုးတာလားကိုပင် မသိတော့ပေ။ ၎င်း ထွက်ပေါ်လာမှုကြောင့် သည်အံ့ဖွယ်လေးနက်ကျွန်းမှ ပင်လယ်ပြင်များတွင် အဆင့်ရှစ်သားရဲများ ရှိ၊မရှိ ဟန်လိ၏ သံသယကို အဖြေပေးရာ ရောက်သည်။ သို့အတွက်ဆို သူသည် ကံကောင်းတာဟု ဆိုနိုင်မည်။ ထိုသို့ အဆင့်ရှစ်နတ်ဆိုးသားရဲတစ်ကောင် တည်ရှိခြင်းကြောင့် နောက်ပိုင်း၌ နှင်းစက်တစ်ထောင်သစ်ရွက်ကို ရှာဖွေနိုင်ဖို့ သူ့အတွက် မျှော်လင့်ချက် ရှိလာနိုင်ပြီ မဟုတ်လား။
ကံဆိုးသည်မှာ ၎င်း၏ ပြစ်ဒဏ်ခံယူပြီးနောက်မှာ ထိုသားရဲသည် အနီးအနားရေပြင်တွင် ၎င်း၏ အသိုက်အမြုံကို တည်ဆောက်နိုင်ခြေများသည်။ ဟန်လိသည် အဆင့်ရှစ်နတ်ဆိုးသားရဲတစ်ကောင်နှင့် အိမ်နီးနားချင်း ဖြစ်ရမည့်အပေါ် လားလားမျှ စိတ်ဝင်စားမှု မရှိပါ။ ၎င်းသည် အဆင့်တက်ပြီးခဲ့လျှင် ဟန်လိအဖို့ ၎င်း၏ သတိပြုမိခြင်းမှ ရှောင်ရှားနိုင်ရန် ခက်ခဲသွားပေလိမ့်မည်။ ၎င်းသည် အဆင့်ခုနစ်သားရဲ ဖြစ်နေစဉ်အတွင်း သူ့လှိုဏ်ဂူနေအိမ်ကို ရှာတွေ့နိုင်စွမ်း မရှိချေ။ သို့သော် အဆင့်ရှစ်သို့သာ ရောက်သွားခဲ့လျှင် ၎င်း၏ စိတ်ဝိညာဉ်အာရုံသည် ပိုအစွမ်းထက်လာပြီး ဟန်လိအတွက် ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။
တနေ့၌ ထိုနတ်ဆိုးလိပ်ကြီးသည် သူ့လှိုဏ်ဂူနေအိမ်ထံ ရောက်လာနိုင်ခြေ ရှိသွားခဲ့ပြီ။
“ငါ ခုမှ တည်ဆောက်ထားခဲ့တဲ့ လှိုဏ်ဂူကို ထပ်ပြီး စွန့်လွှတ်ရ နိုင်လား…” ဟန်လိသည် အတွေးများနေ၏။ သူ့ခန္ဓာကိုယ်ထဲ၌ ရှိနေသော ဓားများသည် စိတ်လှုပ်ရှားမှုကြောင့် စတင် လှုပ်ခတ်လာသည်။ သူသည် တံခါးပိတ်ကျင့်ကြံနေသည့်အချိန်၌ သူ၏ ဝါးတိမ်အုပ်ဓားခုနစ်ဆယ့်နှစ်လက်ကို သန့်စင်ပြိးသလင်းနှင့် မွန်းမံခဲ့ပြီး ဖြစ်၏။
ထိုမွန်းမံသည် ဖြစ်စဉ်က သူ မျှော်လင့်ထားသည်ထက် ပိုခက်ခဲခဲ့၏။ သူ့မူလတုန်းက နှစ်ဝက်လောက်ကြာမည်ဟု ခန့်မှန်းချက်သည် တစ်နှစ်နီးပါးလောက်ထိ ကြာခဲ့ပေသည်။
ထိုသို့ ပြုလုပ်ပြီးနောက်မှာလည်း သူက ဆက်၍ တံခါးပိတ် ကျင့်ကြံနေခဲ့သေးသည်။ သည်နတ်ဆိုးသားရဲ၏ နှောက်ယှက်မှုကြောင့်သာ မဟုတ်ပါက သူသည် နောက်ထပ် လများစွာ တံခါးပိတ်နေဦးမည် ဖြစ်သည်။
“နတ်ပြစ်ဒဏ်ကို ခံယူပြီးတဲ့နောက် ဒီကောင်ရဲ့ ချီ ထိခိုက်ထားတဲ့အချိန်မှာ ငါ အလစ်ဝင် တိုက်ခိုက်ရင် ကောင်းမလား။ ငါသာ ဒီသားရဲကို သတ်နိုင်ခဲ့ရင် ပျော်စရာ ဖြစ်လာမှာပဲ။ ဒါပေမဲ့လို့ ငါ မအောင်မြင်ခဲ့ရင်တော့ ဒီကျွန်းကနေ ထွက်သွားရလိမ့်မယ်…”
ထိုအတွေးဖြင့် ဟန်လိသည် စိတ်တင်းကြပ်လာသည်။ သို့သော် ခဏအကြာတွင် သူက ခေါင်းရမ်းကာ သည်စိတ်ကူးကို ပြန်ပယ်ချ၏။
အကြီးအကျယ် အားနည်းနေသည်ဆိုလျှင်ပင် သူသည် အဆင့်ရှစ်နတ်ဆိုးသားရဲတစ်ကောင်၏ ပြိုင်ဘက်ဟုတ်၊မဟုတ်က မသေချာလှပါ။ သူသည် အဆင့်ရှစ်နတ်ဆိုးသားရဲများက မည်မျှ အစွမ်းထက်သလဲကိုတော့ မသိပေ။ သို့သော် သူသည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ စွမ်းပကားကိုမူ မျက်မြင်တွေ့ဖူးသည်။
ထိုသို့သော ကြီးမားသော အန္တရာယ် ရှိလာပြီ ဖြစ်၍ သူ့အဖို့ ထုတ်ပိုးပြင်ဆင်ပြီး ထွက်သွားတာကသာ ပိုကောင်းလိမ့်မည်။ ကံဆိုးသည်မှာ သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာများက ဥချနေချိန် ဖြစ်၏။ သူသာ သူ့သိုလှောင်အိတ်ထဲ ထည့်၍ ၎င်းတို့ကို သယ်ဆောင်သွားပါက ထိုသားရဲများ ရှင်သန်နိုင်၊မနိုင်ကို သေချာ မသိပေ။။ သို့ပေမည့်လည်း သူ့တွင် ရွေးချယ်စရာ များများစားစား မရှိနေချေ။
ဟန်လိသည် လိပ်နက်ကြီး၏ခန္ဓာကိုယ်ပေါ်ကို လင်းလက်နေသော လျှပ်စီးများကို စောင့်ကြည့်နေပြီး သက်ပြင်းချကာ သူ့လှိုဏ်ဂူနေအိမ်ထံ ပြန်လှည့်ရန် ဟန်ပြင်သည်။ ဟန်လိသည် ထိုနတ်ဆိုးသားရဲ ၎င်း၏ ပြစ်ဒဏ်ကို ကျော်ဖြတ်ပြီးသည့်အထိ စောင့်မနေချင်ပေ။ သူ ပုန်းအောင်းနေတာကိုသာ ၎င်းသားရဲ တွေ့သွားခဲ့ပါက သူ့အတွက် အခြေအနေ ဆိုးဝါးသွားနိုင်သည် မဟုတ်လား။
သို့သော် ဟန်လိ တစ်ဖက်သို့ လှည့်စဉ် မိုးကုပ်စက်ဝန်းထံမှ စူးရှသော လေတိုးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းများကလည်း ထိုအသံများနှင့်အတူ ကပ်ပါလာသည်။ သည့်နောက်မှာ ကောင်းကင်ထက်သို့ လေပြင်းတစ်ခု ဖြတ်သန်းလာပြီး
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် မျက်မှောင်ကြုတ်မိသွား၏။ သို့သော် သူ ဘာမျှ မတုန့်ပြန်နိုင်ခင်မှာ လိပ်နက်ကြီး၏ အနီးဝန်းကျင် ပင်လယ်ပြင်တွင် ကမောက်ကမ ထပ်ဖြစ်လာသည်။ ပင်လယ်ပြင်ထဲမှ မီးတိုင်လုံးကြီးများ ထိုးထွက်လာပြီး ပင်လယ်ရေသည် မြင့်တက်လာခဲ့သည်။ ပင်လယ်ထဲမှ ကြီးမားသည့်တစ်စုံတစ်ခု မြင့်တက်လာသည့်အလား။
ထိုမြင်ကွင်းကြောင့် ဟန်လိသည် ကြီးစွာ တုန်လှုပ်သွားပြီး သူ့ကိုယ်သူ အလျင်အမြန် ကွယ်ဝှက်ကာ ၎င်းမြင်ကွင်းကို အံ့အားတသင့်ဖြင့် ကြည့်နေမိသည်။
အပြာရောင်လင်းလက်မှုနှင့်အတူ ဧရာမအနီရောင်သားရဲကြီးသည် လှိုင်းများကြားမှ ထိုးထွက်လာသည်။ ၎င်းသည် ထွက်ပေါ်လာသည်နှင့် မြင်းအော်သံကဲ့သို့ အသံကျယ်ကြီးကို ထုတ်လွှတ်လာသဖြင့် ဟန်လိသည် နားအူထွက်သွားရသည်။ အလန့်တကြား ဖြစ်ကာ ဟန်လိသည် ကောင်းကင်ထက်မှ ပြုတ်ကျလုနီးနီး ဖြစ်သွားရ၏။ အလျင်အမြန်ပင် သူ့မှော်စွမ်းအားကို ထုတ်လွှတ်၍ သူ့ကိုယ်သူ ပြန်တည်ငြိမ်စေလိုက်ရသည်။
သူသည် သူ၏ မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ခန္ဓာကိုယ်တစ်လျှောက် ခပ်မြန်မြန် လှည့်ပတ်စေပြီး သူသည် ပေါ်လာသည့် ထူးခြားလှသော သားရဲကောင်ကို ကြောက်လန့်တကြား စိုက်ကြည့်နေမိသည်။