← Chapters

သက်တံပုတီးစေ့များနှင့် ရွှေဝါးမြိုခြင်းပိုးတောင်မာ အသစ်များ

Vol. 38 Ch. 522

သက်တံပုတီးစေ့များနှင့် ရွှေဝါးမြိုခြင်းပိုးတောင်မာ အသစ်များ

Vol. 38 Ch. 522

ပြီးခဲ့သော တိုက်ပွဲ၌ ပင်လယ်အောက်မှာ ဟန်လိ ရှာတွေ့သည့် ပစ္စည်းများထဲမှ တစ်ခုသည် ဆယ်မီတာလောက် အရှည်ရှိ ငွေရောင်အလင်းဖြင့် တောက်ပနေသည်။ ၎င်းမှာ လိပ်ကြီးအမြှီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပုံ ရသည်။ အခြားပစ္စည်းတစ်ခုမှာမူ တစ္ဆေဦးခေါင်းတံဆိပ်တုံး အပိုင်းဖြစ်၏။ ၎င်း၌ သိသာထင်ရှားသော စိတ်ဝိညာဉ်ချီပမာဏတစ်ခု သိသိသာသာ ပါဝင်သည်။

ထိုပစ္စည်းနှစ်ခုအပေါ် အခြေခံပြီး တိုက်ပွဲ၌ အနိုင်ရသည့်ဘက်ကို ခန့်မှန်းရန် အတော်လေး ခက်ခဲသည်။ ပြစ်ဒဏ်ပြီးသည့်နောက်မှာ တိုက်ပွဲသည် ပင်လယ်၏ အခြားနေရာတစ်ခုသို့ ပြောင်းသွားတာလည်း ဖြစ်နိုင်သည်။

တကယ်တော့ စဦးစိတ်ဝိညာဉ်အဆင့်များနှင့် အဆင့်ရှစ်နတ်ဆိုးသားရဲများကြား တိုက်ပွဲများသည် အလွယ်တကူ အနိုင်၊အရှုံး သတ်မှတ်၍ မရပေ။ ကျင့်ကြံသူတစ်ယောက်သည် သားရဲကို သတ်၍ ၎င်း၏ အမြုတွေကို ရနိုင်ဖို့လည်း မလွယ်သလို နတ်ဆိုးသားရဲမှာလည်း ကျင့်ကြံသူ၏ စဦးစိတ်ဝိညာဉ်ကို ဝါးမြိုရန် ခက်ခဲမည်သာ။ ထိုအဆင့်တိုက်ပွဲများတွင် အားနည်းသည့်ဘက်သည် ထွက်ပြေးရန်အတွက်မူ လွယ်ကူသောကြောင့်ပင်။

ဟန်လိသည် သူ့လက်ထဲရှိ ပစ္စည်းများကို မျက်လုံးမှေးစင်း၍ ကြည့်သည်။ နောက်ထပ် စဉ်းစားပြီးနောက်မှာ သူသည် ပင်လယ်ထဲသို့ ၎င်းတို့ကို ပြန်လွှတ်ပစ်လိုက်သည်။ ၎င်းပစ္စည်းများအတွက် တစ်စုံတစ်ယောက်သည် လိုက်လံဖို့ မများသော်လည်း ဟန်လိသည် သူ့တံခါးဝထံ မည်သည့်ကပ်ဘေးကိုမျှ ဖိတ်ခေါ်ချင်စိတ် မရှိပေ။

ပတ်ဝန်းကျင်ကို ခဏ စူးစမ်းကြည့်ပြီးနောက်မှာ အနီးဝန်းကျင်တွင် မည်သည့် ကျင့်ကြံသူ သို့မဟုတ် သားရဲများ မရှိတာ သေချာမှ ဟန်လိသည် ပင်လယ်မြူထဲသို့ ပျံသန်းဝင်လာသည်။

ဟန်လိသည် သူ့လှိုဏ်ဂူအပြင်ဘက်ရှိ အတားအဆီးများသည် မထိမခိုက် ရှိတာ မြင်သည့်အခါမှ နောက်ဆုံးတွင် သူ့ပူပန်မှုများ လျော့ကျသွားတော့သည်။ သူက အလျင်အမြန် သူ့လှိုဏ်ဂူထံ ဦးတည်ဝင်ရောက်လာသည်။ တိုက်ပွဲ မဖြစ်ခင်တုန်းက ဟန်လိသည် သည်ကျွန်းကို စွန့်လွှတ်ရန် စဉ်းစားထားသည်။ သို့သော် တိုက်ပွဲဖြစ်ပြီးသည့်နောက်မှာမူ သူ စိတ်ပြောင်းသွားသည်။

နတ်ဆိုးသားရဲလိပ်သည် တိုက်ပွဲ၌ ရှင်သန်နိုင်ခဲ့ပြီး ၎င်း၏ အသိုက်မှာ သည်အနီးအနား ပင်လယ်ပြင်တွင် ရှိနေခဲ့လျှင်ပင် ၎င်းသည် ဒဏ်ရာအကြီးအကျယ် ရသွားမှာတော့ ကျိန်းသေသည်။ တစ်နည်းအားဖြင့် ၎င်းသည် အတွေ့အကြုံ ဆိုးဆိုး ရသွားပြီ ဖြစ်၍ ထွက်သွားနိုင်ခြေလည်း ရှိသည်။ အကယ်၍ သူသည် နောက်တစ်နေရာထပ်ရှာခဲ့လျှင်ပင် လူသူကင်းရှင်းပြီး အဆင်ပြေမည့် ကျွန်းကို ရှာတွေ့ဖို့မှာ မလွယ်ကူပေ။ ထိုနေရာသစ်၏ အနီးဝန်းကျင်၌လည်း နောက်ထပ် အဆင့်မြင့်သားရဲ ရှိနေ၊ မရှိနေနိုင်ကို မည်သူက ကြိုသိနိုင်ပါ့မည်နည်း။

သို့ဖြစ်၍ အခု သည်နေရာတွင်သာ ဆက်နေခြင်းက များစွာ ပိုလုံခြုံလိမ့်မည်။

သို့ရာတွင် ဟန်လိသည် သတိမပေါ့ဝံ့ပေ။ သည်ကျွန်းငယ်ပေါ်၌ နောက်ထပ် ပုံရိပ်ယောင် အစီအရင်များကို ထပ်၍ ချခင်းသည်။ သူသည် ကျွန်း၏ အခြားအစိတ်အပိုင်းများတွင်လည်း လှိုဏ်ဂူနေအိမ် အတုအယောင် နှစ်ခုကို ထပ်ဖန်တီးပြီး ၎င်းတို့ပေါ်၌လည်း ဖုံးကွယ်ခြင်းအတားအဆီးများကို နေရာချသည်။ ထိုအခါ အစွမ်းထက် ရန်သူများ တိုက်ခိုက်လာခဲ့လျှင်ပင် သူ့အဖို့ လွတ်မြောက်နိုင်ရန် အခွင့်အရေးတစ်ခု ရလာနိုင်ပေလိမ့်မည်။ ထိုအရာများကို ပြုလုပ်ပြီးစီးသည့် အခါကျမျှ ဟန်လိသည် စိတ်အေးနိုင်တော့သည်။

သို့ရာတွင် ဟန်လိသည် ထိုနေ့တုန်းက တိုက်ပွဲမှာ နောက်ရက်အနည်းငယ်အကြာတွင် ကျင့်ကြံသူများနှင့်သားရဲများကြား တိုက်ပွဲကြီးအဖြစ် ပြောင်းလဲ ဖြစ်ပွားခဲ့သည်ကိုမူ သိမနေခဲ့ပေ။ ထိုစဉ်က ပြင်ပပင်လယ်များမှ ရေနဂါးများစွာသည် အတူတူ ပူးပေါင်းခဲ့ကြပြီး လူသားကျင့်ကြံသူတို့ကို အမဲလိုက်ခဲ့ကြရာ လူသားကျင့်ကြံသူများကြား ကပ်ဘေးတစ်ခု ဖြစ်သွားခဲ့ပေ၏။

သူ့လှိုဏ်ဂူနေအိမ်တွင် ရက်အတော်ကြာ အေးအေးချမ်းချမ်း ကုန်ဆုံးနေသော ဟန်လိသည် မကြာသေးခင်က ဖြစ်ခဲ့သော တိုက်ပွဲကိုလည်း ခေါင်းထဲမှ ထုတ်ထားလိုက်ပြီး ဖြစ်သည်။ ခုလက်ရှိတွင် သူသည် နောင်တွင် သားရဲများကို အမဲလိုက်ရာ၌ အသုံးပြုဖို့ ထောင်ချောက်အစီအရင်ပစ္စည်းအချို့ကို သန့်စင်နေခဲ့သည်။ သူက အဆင့်ခြောက်နှင့် ခုနစ်သားရဲများကို အမဲလိုက်ရန် စီစဉ်ထားတာ ဖြစ်၍ ပေါ့ဆ၍ မရပေ။

သည်အတောအတွင်း ရွှေဝါးမြိုခြင်းပိုးတောင်မာများမှာလည်း နောက်ဆုံး၌ ၎င်းတို့၏ ဥများကို ချ၍ အပြီးသပ်ခဲ့လေပြီ။ ဟန်လိသည် ပိုးတောင်မာဥများကို ကျေနပ်အားရစွာ စောင့်ကြည့်လေ့လာနေစဉ် သူ့မျက်နှာထက်၌ ရုတ်တရက် အံ့အားသင့်ဟန် ဖြစ်ပေါ်သည်။ ထိုဥများသည် မျှော်လင့်ထားသည့်အတိုင်း ငွေရောင်တောက်ပသော်လည်း ၎င်းတို့ပေါ်၌ အနက်ရောင်အစက်အပြောက်လေးများလည်း ပါရှိနေသည်။

“ဒါက…”   ထိုသို့ မြင်ရသည့်အခါ ဟန်လိစိတ်ထဲ၌ ပထမဆုံး ပေါ်လာသည့်အတွေးမှာ ထိုပိုးတောင်မာများသည် အဆင့်တက်သွားလောက်ပြီ ဟူ၍ပင်။ သို့သော် ခဏအကြာတွင် သူက ထိုအတွေးကို ပြန်ရှင်းထုတ်သည်။ ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် အစွမ်းထက်သော်လည်း ၎င်းတို့သည် မဖျက်စီးနိုင်သည့်အဆင့်ထိ အရွယ်ရောက်သေးတာတော့ မဟုတ်သေးပေ။ ၎င်းတို့ကို မြန်ဆန်လှစွာ အရွယ်ရောက်စေမည့် နည်းလမ်းလည်း မရှိချေ။

နောက်ထပ် စဉ်းစားကြည့်ပြီးနောက် ဟန်လိသည် ထိုပိုးတောင်မာများက သံမီးပုရွတ်ဆိတ်များစွာကို ဝါးမြိုခဲ့မှန်း ပြန်တွေးမိသွားသည်။ ၎င်းတို့က သံမီးပုရွတ်ဆိတ်များစွာကို စားသုံးခဲ့၍ အခုကဲ့သို့ မထင်မှတ်ထားသော ဆင့်ကဲပြောင်းလဲတာမျိုး ဖြစ်လာခဲ့တာများလား။ ဟန်လိသည် အတော်လေး သိချင်မိနေသည်။

သို့ပေမည့် သူ၏ ပြီးခဲ့သော အတွေ့အကြုံများအရ ပိုးတောင်မာများ ဥမှ ပေါက်လာဖို့သည် တစ်နှစ်လောက် ကြာ၏။ သို့ဖြစ်၍ သူသည် သူ၏ သိချင်စိတ်ကို ဖိနှိပ်ကာ ထိုဥများ ပတ်ပတ်လည်၌ စိတ်ဝိညာည်ထိန်းချုပ်ခြင်း အစီအရင်တစ်ခုကို နေရာချသည်။ သို့မှသာ ယင်းပိုးတောင်မာများသည် သူ့ကို ၎င်းတို့၏ သခင်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်လား။ ထို့နောက်မှာ ဟန်လိသည် အင်းဆက်ခန်းများထဲမှာ ရှိနေရင်းဖြင့် ရွှေမျှင်ပိုးကောင်များကို သွားကြည့်သည်။

ခုလက်ရှိတွင်သူ သက်တံပုတီးစေ့ တိုက်ကျွေးခခဲ့သော ရွှေမျှင်ပိုးကောင်နှစ်ကောင်ကလွဲ၍ ကျန်သည့် ပိုးကောင်များအားလုံးသည် စိတ်ဝိညာဉ်ဆေးဝါးများဖြင့် ထောက်ပံ့ပေးထားသည့်တိုင် တဖြည်းဖြည်းချင်း အသက်ဓာတ် ခမ်းခြောက်ပြီး သေဆုံးကုန်ကြသည်။ အလားတူပင် ရှင်သန်နေသေးသော နှစ်ကောင်မျာလည်း အသက်ရှည်နေသေးတာကလွဲ၍ ထူးထူးခြားခြား တိုးတက်လာသည့် လက္ခဏာ မတွေ့ရပေ။

ထိုအခိုက်တွင် ဟန်လိသည် ၎င်းတို့ကို ထိန်းသိမ်းထားဖို့ လက်လျော့လိုက်ပြီး ဖြစ်၏။ သူ ရွေးချယ်ထားသော ပိုးကောင်နှစ်ကောင်အတွက်တော့ သက်တံမြက်အချို့ ပြင်ဆင်ထားသည်။ သူသည် သူ့ပိုးတောင်မာများအပေါ်မှာကဲ့သို့ အလားတူ သက်ရောက်မှုမျိုး သည်ပိုးကောင်တို့အပေါ်၌ ရှိလေမလားဟု မြင်ချင်နေမိသည်။

ထိုရလဒ်များကြောင့် ဟန်လိသည် သက်တံပုတီးစေ့များမှာ ကောင်းကင်ဖာထေးခြင်းဆေးလုံးနှင့် မယှဉ်သာသော်လည်း ၎င်းတို့၌ ကောင်းမွန်သော သက်ရောက်မှုနှင့် အသုံးပြုသူအပေါ် ဆိုးကျိုး မဖြစ်စေနိုင်မှန်းတော့ သေချာ သွားခဲ့သည်။

လဝက်လောက် ကြာပြီးနောက်မှာ ဟန်လိသည် မန္တာန်အစီအရင်မှော်ပစ္စည်း အစုံအချို့ ဖန်တီး၍ ပြီးသွားခဲ့လေပြီ။ သူက သက်တံမြက်များကိုလည်း ရွှေမျှင်ပိုးကောင်နှစ်ကောင်ထံ ကျွေးကြည့်ထားခဲ့ပြီး ဖြစ်၏။ အခု သူသည် တံခါးပိတ်ကျင့်ကြံကာ သက်တံပုလဲများကို စုပ်ယူရန် စီစဉ်ထားသည်။ ထိုပုတီးစေ့များထဲမှ အများစုကို ပိုးကောင်များအတွက် အသုံးပြုခဲ့သော်လည်း သူ့လက်ထဲ၌ ခြောက်ခုလောက် ကျန်နေသေးသည်။

ဟန်လိသည် အခန်းအလယ်၌ တင်ပုလွေခွေ ထိုင်ပြီး ပုတီးစေ့များ ထည့်ထားသော သေတ္တာကို စိုက်ကြည့်နေသည်။ သူသည် ဆုံးဖြတ်ပြီးပြီ ဖြစ်၍ အခုမှ သွေးကြောင်ပြီး နောက်ဆုတ်တော့မည် မဟုတ်ပေ။ သူက ပုတီးစေ့တစ်စေ့ကို အလျင်အမြန် ကောက်ယူပြီး ပါးစပ်နားမှာ တေ့သည်။ သိပ်မကြာခင်တွင် ဟန်လိ၏ အသွင်ဟန်ပန်မှာ အံ့အားသင့်ထိတ်လန့်ဟန် ဖြစ်ပေါ်လာ၏။

မူလတုန်းက အခဲဖြစ်သော ပုတီးစေ့သည် ပါးစပ်ထဲသို့ ဝင်လာသည့်နောက်မှာ ပျော့ပြောင်းသွားပြီး ၎င်းသည် ခါးသက်သက် အရသာ ရှိ၏။ သို့သော်လည်း ၎င်းကို အလွယ်တကူ မြိုချ၍ ရသွားသည်။ ထိုပုတီးစေ့သည် သူ့အစာအိမ်ထဲသို့ ဝင်ရောက်လာပြီးနောက်မှာ ဟန်လိသည် သူ့ဒျန်တျန်၌ တမျိုးတမည် ဖြစ်သော နွေးထွေးမှုတစ်ခုကို စတင် ခံစားမိသည်။

ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး သူ့ကိုယ်သူ စိတ်ဝိညာဉ်အာရုံထဲ၌ အာရုံနစ်ဝင်စေသည်။ သက်တံပုတီးစေ့သည် သူ၏ အစာအိမ်နှင့် လုံးလုံးလျာလျာ ထိမိချိန်တွင်မူ ၎င်းသည် အလင်းမသိမသာ တောက်ပသည်။ သူက ထိုသည်ကို မြင်သည့်အခါ တစ်ကိုယ်တည်း ခပ်တိုးတိုး ရေရွတ်ပြီး ခဏအကြာ၌ သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ပြုလုပ်သည်။

သူ၏ ရွှေရောင်အမြုတေထံမှ မိုးပြာမီးတောက်ပါးပါးတစ်ခုသည် ပန်းထွက်လာပြီး ပုတီးစေ့ကို ခြုံလွှမ်း၍ ၎င်းကို ဖြည်းဖြည်းချင်း သန့်စင်သည်။ ချက်ခြင်းပင် နွေးထွေးမှုသည် ပူခြစ်လာသည်။ ထို့နောက်တွင်မူ ဟန်လိသည် မျက်လုံးမှိတ်၍ စကျင့်ကြံသည်။

နှစ်လလောက် ကြာပြီးသည့်နောက်မှာ ဟန်လိသည် သူ၏ အမြုတေမီးဖြင့် ပုတီးစေ့ကို လုံးဝ သန့်စင်ပြီး ဖြစ်သည်။ သို့သော် သူသည် မည်သည့်ပြောင်းလဲမှုကိုမျှ ချက်ခြင်း မခံစားရပေ။ ခဏ တွေဝေနေပြီးနောက် သူက နောက်ထပ်ပုတီးစေ့တစ်စေ့ကို ထပ်မံပြီး စတင် သန့်စင်ပြန်သည်။

မျက်စိတစ်မှိတ်အတွင်း တစ်နှစ်နီးပါး ကုန်လွန်လာခဲ့သည်။ ဟန်လိသည် သက်တံပုတီးစေ့ခြောက်စေ့ကို သုံးစွဲပြီး တံခါးပိတ်ကျင့်ကြံရာကနေ ပြန်နိုးထလာ၏။ အခု သူသည် ပြောင်းလဲမှု အနည်းငယ်ကို ခံစားမိရပြီ။ အခု သူ၏ စိတ်ဝိညာဉ်ချီ စုပ်ယူနိုင်စွမ်းနှင့် ထုတ်လွှတ်နိုင်သော စိတ်ဝိညာဉ်စွမ်းအားသည် မသိမသာ ပိုမြန်လာခဲ့သည်။ ထိုအကျိုးအာနိသင်သည် သိသာလှခြင်း မရှိသော်လည်း ဟန်လိမှာ အတော်လေး ပျော်ရွှင်ကျေနပ်သွားမိသည်။

တကယ်တော့ သည်သက်တံပုတီးစေ့များ၏ အကျိုးသက်ရောက်မှုသည် အခုထိ အပြည့်အဝ မပြသရသေးပေ။ သို့သော် ဟန်လိ၏ ပျော်မြူးကျေနပ်နေသော စိတ်အခြေအနေမှာ ခဏအကြာတွင် အေးစက်လှသော အမှန်တရားကြောင့် ပြန်ပျောက်ကွယ်သွားသည်။

ရွှေမျှင်ပိုးကောင်များသည် သက်တံမြက်များကို စားသောက်ပြီးသည့်နောက်မှာ ၎င်းတို့သည် မျှော်လင့်ထားသည့်အတိုင်း ဥများ ချလာသည်။ သို့သော် ဥအားလုံးမှာ အသေများ ဖြစ်နေသည်။ ဥချပြီးနောက်မှာ ပိုးကောင်များသည်လည်း အလားတူ သေဆုံးကုန်သည်။ ဟန်လိသည် အင်းဆက်ခန်းအပြင်ဘက်တွင် ရပ်၍ သေနေသော ဥများကို ငြိမ်သက်စွာ ကြည့်နေသည်။

သူသည် အတော်လေး ဆုံးရှုံးလိုက်ရသည်ဟု ခံစားလိုက်ရသော်လည်း အနည်းဆုံးတော့ သက်တံမြက်၏ ဆေးအာနိသင်ကို သိနိုင်ခဲ့သည်။ ရင့်မှည့်ပြီး သက်တံမြက်များသည် အဆင့်မြင့် နတ်ဆိုးသားရဲများ၌လည်း မျိုးပွားပေးနိုင်သည့် အာနိသင်မျိုး ရှိလောက်မည်ဟု သူ ထင်ထားခဲ့သော်လည်း ခုချိန်ထိ သူ့တွင် ၎င်းကို စမ်းသပ်ကြည့်ရန် အခွင့်အရေး မရှိခဲ့ပေ။ ရွှေမျှင်ပိုးကောင်များ၏ အပြုအမူများအရ ၎င်းအချက်သည် မှန်ကန်ကြောင်း သေချာသလောက် ရှိသည်ဟု သက်သေပြပြီး ဖြစ်သည်။

နတ်ဆိုးသားရဲသည် ရှားပါးပြီး အဆင့်ပိုမြင့်လေလေ ၎င်းကို မျိုးပွားဖို့ရန် ပိုခက်ခဲလေပင်။ အဆင့်မြင့်နတ်ဆိုးသားရဲများသည် သက်တံမြက်များ ဖူးပွင့်လာချိန်၌ အုံလိုက်ကျင်းလိုက် ရောက်လာကြတာ အံ့အားသင့်စရာ မရှိတော့ပေ။ ဘေးဒုက္ခနှင့် ကံကောင်းမှုသည် ယှဉ်တွဲ လာသည်ဟူသော ဆိုရိုးစကား ရှိပေသည်။ ဟန်လိသည် ရွှေမျှင်ပိုးကောင်များကြောင့် စိတ်ညစ်နေစဉ် နောက်ရက်အနည်းငယ်ကြာ၌ သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် ဥမှ ပေါက်လာတော့သည်။

အသစ် ပေါက်ဖွားလာသော ပိုးတောင်မာများသည် ဟန်လိကို အတော်လေး ကျေနပ်အံ့အားသင့်စေခဲ့သည်။ ၎င်းတို့သည် ကြေးခွံအရောင်ကလွဲ၍ အရင်နှင့် ကွာခြားချက် မရှိပေ။ ၎င်းတို့၏ ငွေရောင်ကြွေးခွံများပေါ်၌ ရွှေရောင်အစက်အပြောက်များအပြင် အနက်ရောင်အရိပ်အယောင်များကိုပါ တွေ့ရ၏။ ပို၍ အရေးကြီးသည်မှာ ၎င်းတို့ထံမှ ထုတ်လွှတ်နေသော စိတ်ဝိညာဉ်ချီသည် ပို၍ အထင်ကြီးဖွယ် ကောင်းနေတာပင်။

ခုချိန်၌ ဟန်လိသည် ထိုပိုးကောင်မာများသည် ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း လုံးဝ သေချာသွားသည်။ အကြောင်းမှာ ၎င်းတို့၏ အရင်မျိုးဆက်ပိုးတောင်မာများသည် မရေမတွက်နိုင်သော သံမီးပုရွတ်ဆိတ်များစွာကို စားသုံးခဲ့သောကြောင့် ဖြစ်ရမည်။ သို့ဖြစ်၍ ဟန်လိသည် ၎င်းတို့ တိုးတက်လာသည့်အပေါ် မည်သည့်ကွာခြားချက်များ ရှိလေမလဲဟု စမ်းသပ်ကြည့်ရဦးမည် ဖြစ်သည်။

ထို့ကြောင့် သူသည် သူ့ပိုးတောင်မာအားလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်ပြီး သူ့လျှို့ဝှက်ခန်းထဲသို့ ပြန်ဝင်သည်။ နေ့တစ်ပိုင်းလောက် ကြာပြီးနောက်မှာ ဟန်လိသည် စိတ်လှုပ်ရှားမှုကို မဖုံးနိုင်မဖိနိုင်သည့်ဟန်ဖြင့် ပြန်ထွက်လာသည်။ သည်အသစ်မွေးဖွားလာသော ပိုးတောင်မာများသည် သူ မျှော်လင့်ထားသည်ထက် အများကြီး ပိုအစွမ်းထက်လှသည်။

ခုချိန်၌ သူသည် အနာဂတ်၌ သားရဲများကို အမဲလိုက်ရာတွင် ပို၍ ယုံကြည်မှုနှင့် တက်ကြွမှု ရှိလာခဲ့လေပြီ။ ဟန်လိသည် ကောင်းကင်လေဟာနယ်ခန်းမမှ ရုပ်သေးအစိတ်အပိုင်းများကိုလည်း လေ့လာကြည့်ချင်နေသော်လည်း ၎င်းမှာ နှစ်ပေါင်းအနည်းငယ်နှင့် ပြီးမည့် ကိစ္စမဟုတ်လေဟု သူ ထင်သည်။ သို့ဖြစ်၍ သူသည် ထိုကိစ္စကို နောင်မှ စူးစမ်းကြည့်တော့မည်။

ဟန်လိသည် နတ်ဆိုးသားရဲအမြုတေများကို အမဲလိုက်ရန်အတွက် ပြင်ဆင်စရာရှိတာ အားလုံး ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သူ့၌ သက်တံမြက်လည်း ရှိပြီ။ မှော်အစီအရင်ပစ္စည်းများလုံး စုံလင်ပြီ။ ပို၍ အဆင်ပြေနိုင်ရန် သူသည် သွေးကျောက်စိမ်းပင့်ကူနှင့် ငိုကြွေးဝိညာဉ်သားရဲတို့ကိုလည်း ယူလာမည် ဖြစ်၏။ ဟန်လိသည် စိတ်ဝိညာဉ်ဆေးပင်များကို ချန်ထားခဲ့ရသည့်အတွက် ရတက်မအေးနိုင် ဖြစ်မိနေသည်။ အထူးသဖြင့် ရွက်လွှာကိုးခုဂျင်ဆင်းပင်။ သို့ပင်ငြားလည်း သူသည် ၎င်းတို့ကို ယူလာ၍ မရနိုင်ချေ။

တကယ်တော့ သူသည် ပင်လယ်ပြင်သို့ ထွက်လျှင် အချိန်မည်မျှ ကြာမည်မှန်း အတိအကျ မသိပေ။ ရွက်လွှာကိုးခုဂျင်ဆင်းသည် ခုမှ အပင်ပေါက်တစ်ခု ဖြစ်၍ မြေသားနှင့် ကြာကြာ ခွဲထား၍ မရနိုင်ချေ။ ဟန်လိသည် သူ၏ အသစ်မွေးဖွားလာသော ရွှေဝါးမြိုခြင်းပိုးတောင်မာများထဲမှ အစိတ်အပိုင်းတစ်ခုကို သူ့လှိုဏ်ဂူနေအိမ်တွင် စောင့်ကြပ်ရန် ချန်ထားခဲ့သည်။

၎င်းပိုးတောင်မာတို့ကို သည်လှိုဏ်ဂူနား ဖြတ်သွားသော ကျင့်ကြံသူတိုင်း သို့မဟုတ် သားရဲတိုင်းကို သတ်ရမည်ဟုလည်း သူ အမိန့်ပေးထားခဲ့သည်။ သို့ဖြစ်၍ သူ့လှိုဏ်ဂူအနီးအနားကို ဖြတ်သန်းသွားသူတိုင်းသည် စဦးစိတ်ဝိညာဉ်အဆင့် သို့မဟုတ် အဆင့်ရှစ်နတ်ဆိုးသားရဲများ မဟုတ်ခဲ့လျှင် အသတ်ခံရလိမ့်မည်သာ။

All Chapters