စိတ်ဝိညာဉ်များ ထုတ်နှုတ်ခြင်းနှင့် အမြုတေများကို အရယူခြင်း
Vol. 38 Ch. 523
သူ့လှိုဏ်ဂူဝင်ပေါက်ရှိ အစီအရင်ကို အပြည့်အဝ အပြီးသပ်ပြီးနောက်မှာ ဟန်လိသည် အားလုံး ပြင်ဆင်ပြီးလေပြီ။ စိတ်ဝိညာဉ်အားဖြည့်ခြင်းသစ်ပင်ကမူ ဟန်လိ တိုက်ကျွေးသော အစိမ်းရောင်အရည်ကြောင့် ၎င်း၏ သက်တမ်းသည် နှစ်နှစ်ထိ ရှိလာခဲ့ပြီး အခုအခါ လုံးဝ ကြီးထွားလာခဲ့လေပြီ။ ထိုသစ်ပင်သည် ရွှေလျှပ်စီးဝါးကဲ့သို့ပင် နှစ်ပေါင်းတစ်သောင်း သက်တမ်းထိ ကြီးထွားလာလိမ့်မည် ဖြစ်၏။ ထိုသို့သော သက်တမ်းအဆင့်သို့ ရောက်ပြီးလျှင်တော့ အစိမ်းရောင်အရည်သည် ၎င်းသစ်ပင်ပေါ်၌ လုံးဝ သက်ရောက်မှု ရှိတော့မည် မဟုတ်ပေ။
ဟန်လိသည် ထိုသစ်ပင်ကို နောက်၌ ချန်ထားခဲ့မည် မဟုတ်ပေ။ သူက တစ်ပေခန့် အရှည်ရှိ သစ်ပင်ပင်စည်ကို လက်မအရွယ်ရှိ ပုတီးစေ့များအဖြစ်သို့ ထွင်းထုသည်။ ပြီးနောက် ၎င်းတို့ကို ရွှေရောင်ကြိုးမျှင်ပေါ်၌ အတူတူ စု၍ စီထားပြီး သူ့လည်ပင်း၌ ဆွဲကြိုးပုံစံမျိုး ချိတ်ဆွဲသည်။ ထိုသို့သော နတ်သစ်ပင်မျိုးသည် အသေးစိတ် သန့်စင်နေရန် မလိုပေ။ လူတစ်ယောက်သည် ၎င်းကို ခန္ဓာကိုယ် အနီးအနားတွင် ထားထားခြင်းဖြင့် ၎င်းသစ်ပင်၏ အံ့အားသင့်ဖွယ် စိတ်ဝိညာဉ်အားဖြည့်ပေးခြင်း အကျိုးအာနိသင်ကို ရနိုင်မည် ဖြစ်သည်။
သူ့လှိုဏ်ဂူနေအိမ်အတွင်းရှိ အရာအားလုံးကို ဖြေရှင်းပြီးသည့်နောက်မှာ ဟန်လိသည် လှိုဏ်ဂူထံမှ ထွက်လာခဲ့ပြီး မြူပတ်ပတ်လည် ဝိုင်းနေသော ကျွန်းငယ်ထံမှ တိတ်တဆိတ် ပျံသန်းထွက်လာခဲ့သည်။
လက်ထဲတွင် သက်တံမြက်ကို ကိုင်ထားလျက် ဟန်လိသည် ပင်လယ်ပြင် အတွင်းနက်ပိုင်းများထံ ဦးတည်သွားရန် အစီအစဉ် မရှိနေသေးပေ။ ထိုသို့ အတွင်းနက်ပိုင်းများ၌ အဆင့်ရှစ်နှင့် ပိုအဆင့်မြင့်သော သားရဲများသော ကျက်စား ကြရုံသာမက ကျင့်ကြံသူများလည်း ရှိတတ်သည်။ ထိုသို့သော နေရာမျိုးသည် နတ်ဆိုသားရဲများကို ညှို့ငင်နိုင်ဖို့ အစီအရင်မန္တာန်တစ်ခု ချခင်းရန် မသင့်တော်လှပေ။ သူ့၌ သက်တံမြက် လက်ဝယ်ရှိထားသည်ဖြစ်၍ အနီးဝန်းကျင်ပင်လယ်၏ မည်သည့်နေရာမဆို သူ့အတွက် အတူတူသာ ဖြစ်သည်။ သူ့အတွက် လူသူကင်းရှင်းသော သန္တာကျွန်းတစ်ခုကို ရှာဖွေတာက ပို၍ ကောင်းပေလိမ့်မည်။
ထိုအတွေးဖြင့် ဟန်လိသည် သူ့လမ်းကြောင်းကို သိရှိသွားပြီး အနောက်အရပ်သို့ ဦးတည်၏။ သူသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ နောက် လဝက်လောက်ကြာပြီးနောက်မှာ ဟန်လိသည် မီးနီရောင်သန္တာကျောက်တန်းတစ်ခု ပေါ်၌ ရပ်နေ၏။
သည်နေရာသို့ လာသည့် လမ်းတစ်လျှောက်တွင် ဟန်လိသည် သန္တာကျောက်ကျွန်းများစွာကို ထောက်လှမ်းမိခဲ့သည်။ သို့သော် သူ၏ လှိုဏ်ဂူနှင့် နီးကပ်နေပြီး ပြဿနာများကို စွဲဆောင်မိမည် ဆိုး၍ သူသည် ၎င်းတို့ကို လစ်လျူရှုကာ ဆက်၍ ပျံသန်းလာခဲ့သည်။ ဤသန္တာကျောက်တန်းကမူ သေးငယ်ပြီး ကျွန်းတစ်ခုဟုပင် သမုတ်၍ မရနိုင်လောက်ပေ။ သို့သော်လည်း ၎င်းသည် သက်တံမြက်ပင်များ စိုက်ပျိုးရန်အတွက်မူ လုံလောက်သည်ထက် ပိုလေ၏။
ဟန်လိသည် သည်နေရာကို သူ၏ ပထမဆုံး အမဲလိုက်ကွင်းအဖြစ် ရွေးချယ်ရန် ဆုံးဖြတ်ပြီး ဖြစ်သည်။ ခုလက်ရှိ၌ သူသည် သန္တာကျောက်တန်း အနီးအနား၌ အစီအရင်မန္တာန်လေးခုကို နေရာချထားပြီး ဖြစ်၏။ ထိုသို့ သေချာ ပြုလုပ်ပြီးနောက်မှာ မှော်အစီအရင်များ၏ ဗဟိုချက်တွင် သက်တံမြက်ကို သေချာ နေရာချရန်သာ ကျန်တော့သည်။ သူသည် အဆင့်ခြောက်နတ်ဆိုးသားရဲများကို မြှားခေါ်ချင်တာ ဖြစ်၍ သက်တံမြက်သည် သက်တမ်းလေးရာလောက်ထိ ရင့်မှည့်နေရန် လိုအပ်သည်။
သက်တံမြက် ထိုသို့သက်တမ်း ရောက်ရန် တစ်လလောက် အချိန်ယူရမည် ဖြစ်၏။ သို့ပေမည့် သူသည် ထိုအချိန်ကို အလကားသပ်သပ် ဖြုန်းတီးမပစ်နိုင်ပေ။ သက်တံမြက် ပထမဆုံးသုံးပွင့်သည် အဆင့်နိမ့် နတ်ဆိုးသားရဲအချို့ကို စွဲဆောင်သည် ဖြစ်ရာ သူက ၎င်းတို့နှင့် လေ့ကျင့်လေသည်။ အဆင့်ငါးနတ်ဆိုးသားရဲများ၏ အမြုတေဖြင့် ပြုလုပ်ထားသော ဆေးလုံးများသည် ဟန်လိ၏ ကျင့်ကြံမှုအပေါ် သက်ရောက်မှု အနည်းအကျဉ်းသာ ရှိတော့သော်လည်း သူသည် ၎င်းတို့ကို စိတ်ဝိညာဉ်ကျောက်တုံး အတော်များများနှင့် လဲလှယ်နိုင်သည်သာ။ သူက ၎င်းအဆင့်ငါးသားရဲများကိုလည်း
ထင်ထားသည့်အတိုင်းပင် သက်တံမြက်လေးခုမြောက် ဖူးပွင့်လာချိန်တွင်မူ အဆင့်ငါးသားရဲလေးကောင်သည် ရောက်လာကြတော့သည်။ ထိုသားရဲတို့မှာ ဟန်လိ၏ ဝါးတိမ်အုပ်ဓားအချို့ လက်ချက်ကြောင့် ခပ်မြန်မြန် ကိစ္စတုန်းသွားသည်။
ရွက်လွှာသုံးခုနှင့် သက်တံမြက်ကို စိုက်ကြည့်နေပြီး ဟန်လိသည် အသက်ပြင်းပြင်း ရှုထုတ်ပြီး အစိမ်းရောင်အရည်ကို ၎င်းအပင်ပေါ်သို့ ဂရုတစိုက် လောင်းချသည်။ ထို့နောက်တွင် သူက အစိမ်းရောင်အရည်ပုလင်းကို ပြန်သိမ်းပြီး အပင်၏ ဘေး၌ ထိုင်ချကာ စတင် ကျင့်ကြံနေသည်။
တတိယမြောက်နေ့ ရောက်လာချိန်တွင် သက်တံမြက်သည် ၎င်း၏ လေးခုမြောက် ပွင့်ချပ်ကို ပွင့်ဟလာပြီး သားရဲများကို မြှူဆွယ်သည့် ရနံ့ကို ထုတ်လွှတ်သည်။ ဟန်လိသည် ပြီးခဲ့သော နှစ်ရက်အတွင်း တရားထိုင်နေလျက် သူ့ခွန်အားကို မွေးမြူထားခဲ့သည်။
အဆင့်ငါးနှင့် အဆင့်ခြောက်နတ်ဆိုးသားရဲများသည် သူ့အတွက် ပြဿနာ မဟုတ်သော်လည်း သည်ပင်လယ်နက်ပိုင်း၌ သူ တစ်ယောက်တည်းသာ ရှိနေသည် မဟုတ်လား။ ဘေးကင်းအောင် နေမှ တော်ရုံကျပေလိမ့်မည်။
သက်တံမြက်၏ သက်ရောက်မှုသည် အမြဲတစေ တသပ်မတ်တည်း မဟုတ်ပေ။ အတိတ်တုန်းက သူသည် အဆင့်ခုနစ်နဂါးနက်တစ်ကောင်ကို စွဲဆောင်မိခဲ့ပြီး သေလုနီးပါး ဖြစ်ခဲ့ဖူးသေးသည်။ သူက သူ၏ အဖိုးတန် အစီအရင်မန္တာန်ကို အဆုံးရှုံးခဲ့ခဲ့ပြီးမှသာ သေဘေးမှ လွတ်လာနိုင်ခဲ့တာ ဖြစ်၏။
ဟန်လိသည် ပေါ့ဆမှုကြောင့် သူ့အသက်ကိုယ်သူ မဆုံးရှုံးချင်ပေ။ သည်နေ့တာ၏ အချိန်အများစု ကုန်လွန်လာသည့်နောက်မှာတော့ ဟန်လိ၏ အမူအရာသည် ရုတ်တရက် ရှုံ့တွသွားသည်။ သူက မျက်လုံးဖွင့်ပြီး အကွာအဝေးတစ်ခုထံ အေးတိအေးစက် လှမ်းကြည့်သည်။
ခဏအကြာတွင် အနက်ရောင်တိမ်တိုက်အုပ်တစ်အုပ်သည် မိုးကုပ်စက်ဝိုင်း၌ ပေါ်လာသည်။ ၎င်းတိမ်တိုက်၏ အောက်ဘက်၌ မီတာသုံးဆယ်မျှ အကျယ်ရှိ ဝဲကတော့တစ်ခု ပေါ်လာသည်။ ၎င်းအတွင်းမှ တုန်ခါဟီးသံ ခပ်သဲ့သဲ့ ကြားရသည်။ တည်ငြိမ်သောဟန်ပန်ဖြင့် ဟန်လိသည် မိုးပြာအလင်းတန်းအဖြစ်သို့ ပြောင်းကာ လေထဲသို့ ထိုးတက်သွားပြီး သူ့ရှေ့ မြင်ကွင်းကို ကြည့်သည်။
ဝဲကတော့ထဲမှ မြည်သံများ ထွက်ပေါ်လာခြင်းနှင့်အတူ အနက်ရောင်ချီများဖြင့် ဖုံးနေသည့် သားရဲတစ်ကောင် ခုန်ထွက်လာသည်။ ၎င်းသားရဲမှာ အရွယ်အစား မကြီးမားလှချေ။ ဆယ်မီတာဝန်းကျင်လောက်သည် အရှည်ရှိ၏။ ၎င်းသည် သက်တံမြက်ထံ အကြည့်ရောက်နေလျက် ပြင်းထန်စူးရှသော အသံတစ်သံကို ထုတ်လွှတ်သည်။ ထိုမြင်ကွင်းကြောင့် ဟန်လိသည် စိတ်အေးသွားမိသည်။
သူသည် အနက်ရောင်ချီက သူ့မြင်ကွင်းကို ကာဆီးထားသဖြင့် ထိုသားရဲ၏ ပုံစံအမှန်ကို မြင်နိုင်စွမ်း မရှိ ဖြစ်နေ၏။ သို့သော် အနက်ရောင်ချီ၏ သိပ်သည်းမှုအရ ၎င်းသည် အဆင့်ခြောက်နတ်ဆိုးသားရဲတစ်ကောင်သာ ဖြစ်ပုံပေါ်သည်။
၎င်းသည် သူ့အတွက် နည်းနည်းလေးမျှ အန္တရာယ် ရှိမနေပေ။
ခဏကြာပြီးနောက်မှာ သက်တံမြက်၏ ရနံ့ကြောင့် နတ်ဆိုးသားရဲသည် မွှန်ထူလာ၏။ ကျယ်လောင်စွာ အော်သံပေးလျက် ၎င်းသည် သန္တာကျောက်တန်းထံ ကြမ်းတမ်းစွာ ခုန်ပေါက်ဝင်လာသည်။
ပြစ်ဒဏ်ခံယူစဉ်က လိပ်ကြီး၏ ကြမ်းတမ်းပုံကို တွေ့ကြုံခဲ့ပြီးသည့်နောက်မှာ သည်အဆင့်လောက် ခွန်အားက ဟန်လိကို အထင်ကြီးသွားစေဖို့ရန် မလုံလောက်ချေ။
နတ်ဆိုးသားရဲသည် သန္တာကျောက်တန်းနှင့် နီးကပ်လာတာ မြင်သည့်အခါ ဟန်လိ၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ သူ့လက်ကို ဝေ့ရမ်းလိုက်၏။ အစိမ်းရင့်ရောင်ကျောက်ပြားတစ်ခု၌ သူ့လက်ဝါး၌ ပေါ်လာသည်။ သူ့လက်ထဲ၌ မိုးပြာအလင်းလင်းလက်သွားပြီး ဟန်လိသည် အစီအရင်ကျောက်ပြားအပေါ် ထိုးနှက်သည်။ ထိုအခါ ၎င်းအစီအရင်သည် အဝါရောင်လင်းထင်း တောက်ပသွားလေ၏။
နောက်ခဏတွင် ပင်လယ်ထံမှ အဝါရောင်အလင်းတန်းဆယ်ခုကျော် ထိုးထွက်လာပြီး အဝါရောင်မီးအရံအတားတစ်ခုအသွင် ဖြစ်ပေါ်ကာ နတ်ဆိုးသားရဲကို ခြုံလွှမ်းသည်။ နတ်ဆိုးသားရဲသည် မင်သက်သွားသည်။ ၎င်းသည် ချက်ခြင်းပင် အနက်ရောင်ချီထုထဲမှ လက်သည်းနှစ်ခုကို ဆန့်ထုတ်ပြီး အဝါရောင်အလင်းအရံအတားကို အကြမ်းပတမ်း ထိုးနှက်သည်။
ကျယ်လောင်စွာ ပေါက်ကွဲသံနှင့်အတူ အဝါရောင်အလင်းသည် လှုပ်ခါထွက်သွား၏။ ၎င်းသည် သားရဲ၏ ထိုးနှက်ချက်ကို များများစားစား မခုခံနိုင်တော့သည့်ပုံပင်။
သို့ရာတွင် ၎င်းအရံအတားက ဟန်လိကို လုံလောက်တာထက် အချိန်ပိုရသွားစေသည်။ သူ့လက်ထဲ၌ တင်ကြိုပြင်ဆင်ထားသော ဓာတ်ငါးပါးကြိုးမျှင်ထံမှ ကြည်လင်သော မြည်သံတစ်သံ ထွက်ပေါ်လာပြီး ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။
တိမ်တိုက်နက်အတွင်းမှ အော်မြည်သံများ ဆက်တိုက် ထွက်ပေါ်လာနေရင်း သက်တံအလင်းတစ်ခုသည် ရုတ်တရက် ပေါ်လာပြီး အနက်ရောင်ချီထဲသို့ ပျောက်ကွယ်သွားသည်။ သည့်နောက်မှာ ကြောက်မက်ဖွယ်ဟိန်းအော်သံတစ်သံကို ကြားရ၏။ အနက်ရောင်ချီထုလည်း ပြန့်ကြဲသွားပြီး အတွင်းမှ သားရဲတစ်ကောင် ပေါ်လာသည်။ ထိုနတ်ဆိုးသားရဲသည် ဆယ့်နှစ်မီတာလောက် အရှည်ရှိ မီးခိုးရောင်ပုစွန်တစ်ကောင် ဖြစ်၏။ ၎င်း၏ ဦးခေါင်းတစ်ဖက်စီတွင် အစိမ်းရောင်မျက်လုံးသုံးလုံးစီ ပိုင်ဆိုင်ထားသည်။ ထိုသားရဲမှာ အလွန်တရာ ကြောက်လန့်နေပုံ ပေါ်သည်။
ခုလက်ရှိ၌ ဓာတ်ငါးပါးကြိုးမျှင်ငါးခုက ၎င်းကို ချုပ်နှောင်ထားပြီး ထွက်ပြေးနိုင်စွမ်း မရှိ ဖြစ်နေသည်။ ထိုအခိုက်တွင် မိုးပြာအလင်းတန်းနှစ်ခုသည် အောက်ဘက်သို့ စုန့်ဆင်းလာပြီး ထိုပုစွန်ထံ လှည့်ပတ်ဝေ့ရမ်းသည်။ ၎င်းမှာ အပိုင်းပိုင်း ပြတ်သွား၏။ အောက်ဘက်ရှိ ပင်လယ်ပေါ်သို့ အစိမ်းရောင်သွေးများ ပန်းထွက်ကျသည်။
ဓာတ်ငါးပါးကြိုးမျှင်သည် သုံးလေးကြိမ်လောက် တုန်ခါသွားပြီး တစ်ချက်တောက်ပကာ ပျောက်ကွယ်သွား၍ ခဏအကြာ၌ ဟန်လိ၏ လက်ထဲတွင် ပြန်ပေါ်လာသည်။ ဟန်လိ၏ မျက်နှာထက်၌ ပြုံးယောင်သမ်းလျက် ရှိပြီး သူ့လက်ထဲရှိ အစီအရင်သတ္တုပြားကို လှုပ်ခါသည်။ အဝါရောင်အလင်းဖြာထွက်မှုက ချက်ခြင်း မှိန်ဖျော့သွားပြီး သူ၏ အောက်ဘက်မှ အဝါရောင်အရံအတားမှာလည်း ပြန်ပျောက်ကွယ်သည်။ ထို့နောက်တွင် သူက လက်ဝေ့ရမ်း၏။ ဓာတ်ငါးပါးကြိုးမျှင်အစား သူ့လက်ထဲ၌ မဟူရာခွက်တစ်ခု ပေါ်လာသည်။
ထိုခွက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ဟန်လိသည် ပုစွန်သားရဲ၏ အလောင်းနားသို့ ပျံဝဲရောက်လာသည်။
ဟန်လိက ပုစွန်ဦးခေါင်းကို စိုက်ကြည့်နေရင်း သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ အချိန်ဆွဲမနေတော့ဘဲ ဟန်လိသည် သူ့လက်ချောင်းကို ဆန့်ထုတ်ပြီး မန္တာန်တစ်ခုကို ခပ်တိုးတိုး ရေရွတ်သ်ည။ သူ့လက်ချောင်းထိပ်သည် စတင်တောက်ပလာသည်။ ဟန်လိက အေးတိအေးစက် နှာခေါင်းရှုံ့သည်။ သူ၏လက်ချောင်းထံမှ ပါးလှပ်သော အဖြူရောင်ကြိုးမျှင်များ ထွက်ပေါ်လာပြီး ပုစွန်၏ဦးခေါင်းခွံကို ထွင်းဖောက်သည်။ ထို့နောက် သူက လက်ချောင်းကို လှုပ်၍ ထိုကြိုးမျှင်ဖြင့် ပုစွန်ဦးခေါင်းအတွင်းမှ အစိမ်းရောင်အလင်းလုံးတစ်ခုကို ဆွဲယူပြီး ၎င်းကို သူ၏ စိတ်ဝိညာဉ်စုဝေးခြင်းခွက်ထဲသို့ ထည့်သည်။
အစိမ်းရောင်အလင်းလုံးသည် ရုန်းကန်နေသေးသည်။ သို့ရာတွင် ၎င်းသည် လွတ်မြောက်နိုင်စွမ်းမဲ့ကာ ခွက်ထံသို့ တဖြည်းဖြည်း နီးကပ်သွားသည်။
စိတ်ဝိညာဉ်စုဝေးခြင်းခွက်နှင့် တစ်ပေခန့် အကွာသို့ ရောက်သည့်အခါ ထိုအစိမ်းရောင်အလင်းလုံးသည် အနက်ရောင်အလင်းဖြင့် ထွေးခြုံခံရပြီး ခွက်ထဲသို့ ဆွဲငင်ခံရသည်။ ဟန်လိသည် ထိုမြင်ကွင်းကို ပြုံး၍ ကြည့်နေသည်။ ထို့နောက်တွင် သူက ပုစွန်အလောင်းနား ချဉ်းကပ်သွားပြီး တစစီပြန့်ကြဲနေသောအကြွင်းအကျန်များကို ရှာဖွေကြည့်သည်။ အပြာရောင်အလင်းလုံးတစ်ခုကို သူ တွေ့ရသည်။
အဆင့်ခြောက်နတ်ဆိုးသားရဲများ၏ အမြုတေများသည် အဆင့်ငါးနတ်ဆိုးသားရဲများ၏ အမြုတေများထက် ကြီးမားရုံသာမက ၎င်းတို့သည် ပို၍ ကြည်လင်တောက်ပမှုလည်း ရှိ၏။
ထိုအလင်းလုံးကို ခဏကြည့်နေပြီးနောက် ဟန်လိသည် ၎င်းအမြုတေကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းပြီး ပုစွန်အလောင်းထံ ထပ်ကြည့်သည်။ သူ့စိတ်ထဲ၌ အတွေးတစ်ခုခု ပေါ်လာသည့်အလား။ ရုတ်တရက် သူက လက်ပင့်မြှောက်ပြီ အလင်းတန်းနှစ်ခုဖြင့် ၎င်းကို ဖြတ်တောက်ပြန်သည်။ သူက ထိုအလောင်း၏ လက်သည်းများကို ဖြတ်တောက်ယူပြီး သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းသည်။ ယင်းနောက်မှာ ဟန်လိသည် အလောင်းထံ မီးလုံးတစ်လုံးပစ်သွင်းပြီး အကြွင်းအကျန်အားလုံးကို ပြာချပစ်လိုက်သည်။
ဟန်လိသည် သက်တံမြက်ထံ တည်တည်ငြိမ်ငြိမ် ပျံသန်းလာပြီး ခြေချိတ်၍ ထိုင်သည်။ သူသည် အနီးဝန်းကျင်၌ အဆင့်ခြောက်နတ်ဆိုးသားရဲတစ်ကောင်မျှ မရှိတော့ဟု ယုံကြည်နေသည်။ အခု သူသည် နောက်တစ်ကောင် ထပ်ရောက်လာမည်ကို တည်တည်ငြိမ်ငြိမ် စောင့်နေချေသည်။