ခိုးကြောင်ခိုးဝှက်
Vol. 38 Ch. 524
ဟန်လိသည် နတ်ဆိုးသားရဲများကို အမဲလိုက်နေပြီးနောက် ခုနစ်နှစ်လောက်အကြာတွင် ကျင့်ကြံသူအုပ်စုတစ်စုသည် ပြင်ပပင်လယ်ပြင်များ၌ ခပ်နိမ့်နိမ့်ကနေ ဖြည်းဖြည်းချင်း ပျံသန်းလာနေကြသည်။ သူတို့သည် တစ်စုံတစ်ခုကို ရှာဖွေနေကြသည့်အလား။ ထိုကျင့်ကြံသူအုပ်စုသည် သူတို့၏ ခေါင်းဆောင်သုံးယောက်ကလွဲ၍ ကျန်သူများမှာ အခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာ ရှိကြသည်။ သူတို့၏ ခေါင်းဆောင်များထဲမှ တစ်ယောက်က အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်၊ ကျန်နှစ်ယောက်ကမူ အစောပိုင်းအဆင့်၌ ရှိကြသည်။
အသားအဝါရောင်နှင့် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်က စိတ်မရှည်လေဟန်ဖြင့် မေးလာ၏။
“အစ်ကိုချိုး…အဲ့အဆင့်ခြောက်သားရဲက ဒီနားဝန်းကျင်မှာ တကယ်ပဲ ရှိလို့လား။ ကျုုပ်တို့ရှာနေတာ ရက်ပေါင်းမနည်းတော့ဘူး။ ဒီသတင်းက မှန်ရဲ့လား…”
သူက သူ့ဘေးရှိ အလေးအနက်အသွင်နှင့် ရှိနေသော အဘိုးအိုထံ မေးလိုက်ပုံ ရသည်။ ထိုအဘိုးအိုသည် သူတို့အုပ်စုတွင် ကျင့်ကြံမှုအဆင့်ဆုံး ဖြစ်သူ၊ အမြုတေဖွဲ့စည်းခြင်း အလယ်အဆင့်၌ ရှိသူပင်။
အဘိုးအိုက မထူးခြားနားစွာဖြင့် တုန့်ပြန်သည်။
“စိတ်မရှည် မဖြစ်ပါနဲ့…ရောင်းရင်း မင်…။ ကျုပ်တို့ ရခဲ့တဲ့ သတင်းဟာ ခန့်မှန်းတည်နေရာလောက်ပဲလေ။ ခု ရက်အတော်အတန်ကြာပြီးတဲ့နောက် နေရာဟာလည်း နည်းနည်းပါးပါးတော့ အပြောင်းအလဲ ရှိမှာပဲ။ ပြီးတော့ ပင်လယ်ထဲမှာ ရမ်းသမ်း ရှာဖွေတာထက်စာရင် ဒီသတင်းအတိုင်း လိုက်လံတာက ပိုကောင်းတယ်မလား။ ကျုပ်တို့ကို သတင်းရောင်းလိုက်တဲ့သူဟာ ကျုပ်ကို မလိမ်ဝံ့ဘူးလို့ ကျုပ် ယုံတယ်…”
တတိယမြောက် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်က ရုတ်တရက် ပြောလာသည်။
“ဒီနတ်ဆိုးသားရဲဟာ ပင်လယ်ကနေများ ထွက်သွားလောက်ပြီလား။ ဒါမှမဟုတ် သူ့အသိုက်ဟာ ဒီဧရိယာမှာများ မရှိတာလားလို့…”
“မဖြစ်နိုင်ဘူး။ ဒါက ရှားပါးလှတဲ့ လင်းလက်မှန်သားရဲပဲ။ ကျုပ်တို့ ဒီဝန်းကျင်ပင်လယ်မှာ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ကြည့်တော့ ဒီသားရဲ နှစ်သက်တဲ့ အစားအသောက် ဖြစ်တဲ့ သုံးရောင်စုံပင်လယ်ရေညှိကို ထောက်လှမ်းမိခဲ့ကြတယ်မလား။ ဒါ့ကြောင့် ဒီသားရဲရဲ့ အသိုက်ဟာ ဒီဝန်းကျင်မှာပဲ ဖြစ်မှာ သေချာတယ်…”
အဘိုးအိုက သေချာသည့်လေသံဖြင့် ပြောသည်။
အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်သည် အဘိုးအိုအပေါ် ယုံကြည်သည့်ဟန် ရှိသောကြောင့် သူတို့က စကားထပ်၍ မပြောတော့ပေ။ ထိုအစား သူတို့၏ စိတ်ဝိညာဉ်အာရုံကို အရပ်မျက်နှာအနှံ့သို့ ဆက်တိုက် ဖြန့်ကျက်သည်။ သူတို့နောက်မှ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများမှာ သူတို့၏ တပည့်များ သို့မဟုတ် နောက်မျိုးဆက်ဆွေမျိုးများပင်။ မည်သူကမျှ သူတို့၏ စကားဝိုင်းကို ကြားဝင် မပြောဝံ့ကြပေ။
အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ သုံးယောက်၏ ဦးဆောင်မှုအောက်၌ သူတို့အုပ်စုသည် ထိုတနေ့လုံး ရှာဖွေနေကြသည်။ ကံဆိုးစွာဖြင့် သူတို့သည် သားရဲအရိပ်အယောင်ကိုပင် မတွေ့ရသေးပေ။ ထိုအချိန်တွင် အဘိုးအိုသည် မျက်မှောင်ကြုတ်၏။
“ဟူး…အစတုန်းကဆို လူတစ်ယောက်ဟာ ပင်လယ်အနီးဝန်းကျင်မှာပဲ နေနေရင်တောင် တစ်နှစ်မှာ အဆင့်မြင့်သားရဲ အမြုတေလေးခုလောက် ရနိုင်သေးတယ်။ ဒါပေမဲ့ ကျုပ်တို့ အဲ့ကနေ ထွက်လာခဲ့တည်းက ခုထိ အဆင့်မြင့်သားရဲနှစ်ကောင်ကိုပဲ တွေ့ကြုံရသေးတယ်။ ပိုဆိုးတာကတော့ ကျုပ်တို့ဟာ ဒီသားရဲနှစ်ကောင်ရဲ့ အမြုတေတွေကိုပါ မရနိုင်ခဲ့တာပဲ…”
ကျင့်ကြံသူမင်သည် ထိုသို့ ပြောလာသည်။
“တော်လောက်ပြီ။ ညီအစ်ကိုမင်…မင်းအနေနဲ့ ပင်လယ်နက်ပိုင်းရဲ့ အခြေအနေကိုလည်း သိသင့်တယ်။ ကျုပ်တို့သာ အခု ပင်လယ်နက်ပိုင်းကို သွားခဲ့ရင် သားရဲတွေကို အမဲလိုက်နိုင်ဖို့ထက် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်လိမ့်မယ်…”
ကြမ်းကြုတ်သည့်ဟန်ပန်နှင့်သူသည် ဝင်ပြောလာသည်။
“ဒါက တကယ့်ကို ပုံမှန်မဟုတ်ဘူး။ မင်းအနေနဲ့ ပါးနပ်မယ်ဆို ဗဟိုချက်ဒေသကို ရှောင်တာ အကောင်းဆုံးပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး နတ်ဆိုးသားရဲတွေ ထကြွဆူပူမှု စတင်ခဲ့တဲ့အတွက် အတွင်းနက်ပိုင်းပင်လယ်တစ်ခုလုံးဟာ တားမြစ်ဧရိယာတစ်ခု ဖြစ်လာခဲ့တာပဲ။ အဲ့နေရာကို သွားရောက်ကြတဲ့ အဆင့်မြင့်ကျင့်ကြံသူတွေတောင် လုံးဝ ပြန်မလာနိုင်ခဲ့ကြဘူး။ ပြီးခဲ့တဲ့ နှစ်တုန်းကဆို စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ လေးငါးယောာက် အတူတူ ပူးပေါင်းပြီး အတွင်းနက်ပိုင်းပင်လယ်ရဲ့ ဗဟိုချက်ဒေသဆီ သွားရောက် စူးစမ်းခဲ့ကြတယ်။ ဒါပေမဲ့ ရလဒ်ကတော့ သူတို့လည်း အလန့်တကြားနဲ့ ပြန်ထွက်ပြေးလာခဲ့ရတာပဲ။ ဒါ့အပြင် အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တဲ့ စဦးစိတ်ဝိညာဉ်အဆင့်ဆိုလို့ အရှင်လမ်းလေးသွယ် တစ်ယောက်တည်း ရှိခဲ့တာ။ ဒါ့ကြောင့် အံ့ဖွယ်နက်ရှိုင်းကျွန်းဟာ အချိန်ကြာကြာ မတောင့်ခံနိုင်တော့မယ့်ပုံပဲ…”
အဘိုးအိုကမူ ထိုအခိုက်တွင် တိတ်ဆိတ်နေသည်။ ထို့နောက်တွင် သူက မျက်မှောင်ကြုတ်၍ ပြောသည်။
“တာအိုရောင်းရင်းရွှမ်ရဲ့ စကားတွေက အကျိုးအကြောင်းသင့်တယ်။ အံ့ဖွယ်နက်ရှိုင်းကျွန်းကို နတ်ဆိုးသားရဲတွေက ဘယ်အချိန် အင်နဲ့အားနဲ့ တိုက်ခိုက်လာမယ်ဆိုတာကို ဘယ်သူက သိနိုင်ပါ့မလဲ။ ဒါက မဖြစ်နိုင်တဲ့အရာလည်း မဟုတ်ဘူး…”
ထိုအဘိုးအိုသည် အံ့ဖွယ်နက်ရှိုင်းကျွန်းဝန်းကျင် ပင်လယ်အခြေအနေနှင့် ပတ်သက်ပြီး အတော်လေး စိတ်ပူပန်နေပုံရသည်။
ကျင့်ကြံသူမင်ဆိုသူသည် အကူအညီမဲ့ဟန်ဖြင့် ခါးသီးစွာ ပြုံး၍ ပြောလာသည်။
“ဒါပေမဲ့လို့ ခုလက်ရှိ အခြားတစ်ဖက်မှာလည်း ကြယ်နန်းတော်ဟာ ကြယ်ကြွေမဟာမိတ်အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်နေတာလေ။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကလည်း လာလို့ပဲ ရပြီး ပြန်ထွက်သွားလို့ မရနိုင်ဘူး။ ကျုပ်တို့က ဒီကနေ ထွက်သွားချင်တယ်ဆိုရင်တောင် ထွက်သွားလို့ မရနိုင်သေးဘူး…”
“ဟား…အဲ့တာကတော့ မသေချာပါဘူး…”
ကြမ်းကြုတ်သည့်ဟန်နှင့်လုသည် သဘောမတူပေ။
“အို…ဒါဆို အစ်ကိုရွှမ်မှာ တခြားနည်းလမ်းတစ်ခုခုများ ရှိနေလို့လား…”
ကျင့်ကြံသူမင်သည် အံ့အားသင့်သွားပုံ ပေါ်သည်။ သို့သော် ခဏအကြာတွင် သူက စိတ်ဝင်တစား ဖြစ်လာ၏။
သူက လေသံကို နှိမ့်ချပြီး ပြောလာသည်။
“ဟားဟား…အခြားနည်းလမ်း မရှိပါဘူး။ ကျုပ်က အံ့ဖွယ်နက်ရှိုင်းကျွန်းမှာ ရွှေ့ပြောင်းခြင်းအဆောင်တွေကို တန်ကြေးမြင့်မြင့်နဲ့ ရောင်းချပေးနေတဲ့သူတွေ ရှိတယ်လို့ ကြားမိခဲ့ရုံပါ။ သိပ်မများလှပေမယ်လို့ အတွင်းကြယ်ပင်လယ်တွေဆီ ပြန်သွားတဲ့ သူတွေလည်း ရှိနေခဲ့တယ်…”
“အဲ့လိုမျိုးလား။ ဒါဆို ကျုပ်တို့ကကော…”
ကျင့်ကြံသူမင်သည် ပျော်ရွှင်သွားပြီး သည်အကြောင်းကို ဆက်မေးရန် တွေးစဉ် အဘိုးအိုက အေးစက်စက်နှာခေါင်းရှုံ့ပြီး ကြားဖြတ်ကာ ပြောလာသည်။
“စိတ်ကူးယဉ်နေတာ ရပ်လိုက်တော့။ မင်းအနေနဲ့ ရွှေ့ပြောင်းခြင်းအဆောင်တွေ ရနိုင်မယ်ဆိုရင်တောင် မင်းဟာ ကောင်းကင်ကြယ်မြို့ကို တကယ်ပဲ ပြန်သွားဝံ့လို့လား။ အဲ့မြိုက ဒီမှာထက်တောင် ပိုအန္တရာယ်များသေး။ မင်း ပြန်သွားတာနဲ့ စစ်ပွဲထဲ ဆွဲထည့်ခံရမှာပဲ။ အံ့ဖွယ်နက်ရှိုင်းကျွန်းရဲ့ဝန်းကျင်ပင်လယ်က နတ်ဆိုးသားရဲတွေဟာ ပုံမှန်မဟုတ်ကြဘူးဆိုရင်တောင် ဒါက ဝန်းကျင်ပင်လယ်ရဲ့ အပြင်ဘက်မှာပဲ ဖြစ်ပွားနေသေးတာ။ တစ်ခုခု အမှန်တကယ် ဖြစ်လာခဲ့ရင်တောင် ကျုပ်တို့ဟာ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ခုကို ရှာပြီး ပုန်းအောင်းနိုင်သေးတာပဲ။ ဒါက ပြန်ပြီး စစ်ပွဲထဲ ပါရမှာထက်စာရင် အများကြီး ပိုကောင်းတယ်….”
ကျန်နှစ်ယောက်သည် သူ့စကားကို ကြားသည့်အခါ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာ ကြည့်နေကြသည်။ သူတို့သည် အဘိုးအို၏ အစီအစဉ်မှာ စေ့စပ်သေချာလှမှု မရှိသေးဟု ခံစားမိသော်ငြား ဤသည်က လက်တွေ့ပိုကျသည်ဟု ထင်ကြသည်။
သည်ကိစ္စကို အဘိုးအိုနှင့် ဆက်ဆွေးနွေးဦးမည်ဟု သူတို့နှစ်ယောက်က စဉ်းစားနေစဉ် ရုတ်တရက် အကွာအဝေးတစ်ခုမှ ပေါက်ကွဲသံများနှင့်အတူ ထူးခြားသော အော်ဟစ်သံကို ကြားရလေသည်။
“လင်းလက်မှန်သားရဲ…”
အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နတ်ဆိုးသားရဲ၏ အမည်ကို ပြိုင်တူနီးပါး အော်လိုက်မိသည်။ သူတို့၏မျက်နှာထက်တွင်လည်း ကျေနပ်အံ့အားသင့်ဟန် အထင်းသား ပေါ်၏။ အဘိုးအို၏မျက်နှာကမူ တင်းမာသွားသည်။ သူက ထိုနှစ်ယောက်ကိ အေးစက်စက် ပြောလိုက်သည်။
“ဒါက လင်းလက်မှန်သားရဲရဲ့ အော်ဟစ်သံမှန်း သံသယ ဖြစ်စရာ မရှိဘူး။ ဒါပေမဲ့လို့ တစ်စုံတစ်ယောက်က ကျုပ်တို့အရင် ဒီကောင့်ကို အရင်တွေ့နှင့်သွားပုံ ပေါ်တယ်။ ကျုပ်တို့ သွားကြည့်ကြမယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ဖုံးကွယ်ထားကြ။ အခြေအနေကြည့်ပြီးမှ ကျုပ်တို့ လှုပ်ရှားမယ်…”
ထိုနှစ်ယောက်သည် သဘောတူပြီး ခေါင်းညိတ်ကြသည်။ ဤသို့ဖြင့် သူတို့သုံးယောက်သည် အလင်းတန်းများအဖြစ် ပြောင်းကာ ပျံသန်းလာသည်။ သို့ပေမည့် လမ်းတွင် သူတို့သည် သဲလွန်စမရှိ ပျောက်ကွယ်သွားကြသည်။ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများကလည်း သူတို့နောက်သို့ ပူပန်တကြီးဖြင့် ချက်ခြင်း လိုက်လံသည်။
ခဏအကြာတွင် ထိုသုံးယောက်သည် သန္တာကျောက်တန်းတစ်ခုပေါ်သို့ တိတ်တဆိတ် ရောက်ရှိလာ၏။ ၎င်းမှာ သားရဲအော်ဟစ်သံ ထွက်ပေါ်လာသော နေရာပင်။ သို့ရာတွင် သူတို့ တွေ့မြင်ရသည့်အရာမှာ သူတို့ မျှော်လင့်ထားသလို မဟုတ်နေပေ။
သည်သန္တာကျောက်ကျွန်းပေါ်၌ တလက်လက် တောက်ပနေသော ပင်လယ်သားရဲတစ်ကောင် ရှိနေ၏။ ၎င်း၏ ကြည်လင်တောက်ပသော ခန္ဓာကိုယ်မှာ အနီရောင်အလင်း အရံအတားထဲ၌ ပိတ်မိလျက် ရှိသည်။ ထိုသားရဲ၏ ခန္ဓာကိုယ်သည် ဆယ်မီတာလောက် ရှိ၏။ ၎င်း၏ခန္ဓာကိုယ်ပေါ်၌ မရေမတွက်နိုင်သော နို့နှစ်ဖြူရောင်အမျှင်တန်းများ တွဲခိုလျက် ရှိ၏။ ၎င်းသည် အလင်းအရံအတားကို ချိုးဖျက်နိုင်ရန် ကြိုးစားနေပြီး ၎င်းကို ၎င်း၏ ခန္ဓာကိုယ်ဖြင့် ဝုန်းဒိုင်းကြဲ ထိုးနှက် တိုက်ခိုက်နေသည်။
သို့ရာတွင် ဤသည်မှာ ထိုကျင့်ကြံသူသုံးယောက်ကို ပူပန်သွားစေတာ မဟုတ်ပေ။ သူတို့သည် အခြားအရာတစ်ခုအပေါ် အပြည့်အဝ အာရုံကျရောက်နေသည်။ သည်ကျွန်း၏ အထက်တွင် အပြာရောင်ဝတ်စုံခပ်နွမ်းနွမ်းနှင့် လူငယ်တစ်ယောက် ရှိနေသည်။ သူက လက်နောက်ပစ်လျက် လေထဲတွင် မလှုပ်မယှက် ရပ်နေသည်။ သူ့မျက်နှာထက်တွင်လည်း အေးဆေးဖြစ်ဟန် ပေါ်နေသည်။
ကြမ်းကြုတ်သည့်ဟန်ပန်ဖြင့် ကျင့်ကြံသူသည် အသံပို့လွှတ်၍ ပြောလာသည်။
“အစ်ကိုချိုး…ဒီလူဟာ အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်ပဲ။ ကျုပ်တို့ တိုက်ခိုက်သင့်လား…”
အဘိုးအို၏မျက်လုံးထဲတွင် ကြမ်းကြုတ်ရက်စက်လိုဟန် လှစ်ခနဲ ပေါ်သည်။ သို့ရာတွင် သူသည် တိုက်ခိုက်ချင်စိတ်ကို ဖိနှိပ်ထားပြီး သတိကြီးကြီးထားကာ ပြောလာသည်။
“အလျင်မလိုနဲ့။ ကျုပ်တို့ အရင်ဆုံး ဒီနားဝန်းကျင်မှာ အခြား ကျင့်ကြံသူတွေ ရှိသေးလား စောင့်ကြည့်ရမယ်။ ဘာထောင်ချောက်မှ မရှိတာ သေချာစေမှ ဖြစ်မယ်…”
ကျင့်ကြံသူမင်သည် အတော်လေး သတိရှိသူပင်။ သူက ပြောလာ၏။
“ရောင်းရင်းရွှမ်၊ ရောင်းရင်းချိုး…သေချာ စဉ်းစားကြည်ကြအုံး။ ဒီလင်းလက်မှန်သားရဲကို အမြုတေဖွဲ့စည်းခြင်းအစောပိုင်းကျင့်ကြံသူတစ်ယောက်တည်းနဲ့ လှောင်ပိတ်ဝံ့တာဟာ အတော်လေး သံသယ ဖြစ်စရာ မကောင်းဘူးလား။ ဒီမြင်ကွင်းမှာ အခြား ဆန်းပြားတာ တစ်ခုခု ရှိနေနိုင်တယ်…”
ကြမ်းကြုတ်သည့်ဟန်နှင့်သူသည် ထိုစကားကို ကြားသည့်အခါ သူ့စိတ်ထဲ တုန်ရင်သွားပြီး သူက အနီးဝန်းကျင်ထံ သူ့စိတ်ဝိညာဉ်အာရုံကို အလျင်အမြန် ဖြန့်ကျက်ကြည့်သည်။ သို့ပေမည့် သူသည် မည်သည့်အရာကိုမျှာ ရှာတွေ့နိုင်ခြင်း မရှိပေ။
ထိုအခိုက်တွင် အပြာရောင်ဝတ်စုံနှင့်လူငယ်သည် လှုပ်ရှားလာခဲ့လေပြီ။ သူ့လက်တစ်ဖက်ကို ဝေ့ရမ်းကာ သူ့လက်ဝါးမှ မိုးပြာအလင်းတန်းခုနစ်ခုကို ပျံသန်းထွက်သွားစေသည်။ ထိုအလင်းတန်းများသည် လေထဲ၌ တစ်ကြိမ် လှည့်ပတ်ပြီး မိုးပြာဓားကြီးအဖြစ်သို့ ပြောင်းသည်။ ၎င်းဓားကြီးမှာ မီတာသုံးဆယ်ကျော်ထိ ရှည်လျား၏။ ထိုဓားသည် အောက်ဘက်သို့ ခုတ်ပိုင်းကျလာစဉ် လေထုထဲ၌ တုန်ခါမှုများ ဖြစ်ပေါ်သည်။
လင်းလက်မှန်သားရဲသည် ဓား၏ ကြမ်းပုံကို အာရုံခံမိပုံ ရပြီး ၎င်းဓားထံ အဖြူရောင်သလင်းလုံးတစ်ခုကို ထွေးထုတ်သည်။ ထိုသလင်းလုံးသည် ၎င်းသားရဲ၏ ပါးစပ်ထဲမှ ထွက်လာပြီးနောက်မှာ သုံးမီတာလောက်ထိ ဖောင်းကြွလာပြီး ဓားထံ တိုးဝင်သည်။ ဓားသည် နည်းနည်းလေးမျှ အရှိန်မပြောင်းလဲသွားချေ။ အောက်သို့သာ တုန်ခါသံ မြည်ဟိန်းလျက် ထိုးစိုက်ကျလာသည်။ ထို့နောက်တွင်မူ ဓားနှင့် သလင်းလုံးသည် ထိပ်တိုက်တွေ့ကြ၏။ ကျယ်လောင်စွာ ပေါက်ကွဲသံ မြည်ဟိန်းသည်။
ထိုစဉ် ဓားသည် ဝေဝါးသွားဟန် ဖြစ်ပေါ်၏။ ဝှစ်…။
မိုးပြာအလင်း လင်းလက်သွားခြင်းနှင့်အတူ ဓားကြီးသည် သဲလွန်စမရှိ ပျောက်ကွယ်ပြီး လင်းလက်မှန်သားရဲ၏ အပေါ်၌ ပြန်ပေါ်လာကာ အောက်သို့ ဆက်၍ ခုတ်ပိုင်းဝင်လာသည်။
နတ်ဆိုးသားရဲသည် စူးရှကြမ်းတမ်းစွာ ဒေါသတကြီး အော်ဟစ်ပြီး ၎င်း၏ အဖြူရောင်အမွှေးအမျှင်များကို စုဝေးကာ တိုက်ခိုက်မှုကို ခုခံသည်။
ခရက်…။ ဓားသည် သားရဲ၏ ဦးခေါင်းကို ခုတ်ပိုင်းသွားပြီး အစိမ်းရောင်သွေးများ ပန်းထွက်လာ၏။
အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူသုံးယောက်သည် လူငယ်က ထိုသားရဲကို ချက်ခြင်းလက်ငင်း သတ်ပစ်သည့် မြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ထိုသားရဲမှာ လင်းလက်မှန်သားရဲ အမှန်တကယ် ဟုတ်ပါရဲ့လား။ အဆင့်ခြောက်သားရဲများကြား၌ အမဲလိုက်ရန် အလွန်ခက်သည့် ကျော်ကြားလှသော သားရဲ ဟုတ်ပါရဲ့လား။ သို့ပေမည့် လူငယ်ထံမှ တိုက်ချက်တစ်ကွက်ဖြင့်ပင် ၎င်းသားရဲသည် ကိစ္စတုန်းသွားခဲ့ရပြီ။ မယုံကြည်နိုင်စရာပင်။ ထိုလူငယ်သည် အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ဟုတ်မနေဘဲ နောက်ဆုံးအဆင့်များ ဖြစ်နေနိုင်လား။
လူငယ်နှင့်သားရဲအလောင်းတို့ ရှိနေသော နေရာထံ သူတို့၏ စိတ်ဝိညာဉ်အာရုံကို ထပ်တလဲလဲ ဖြန့်ကျက်ကြည့်ပြီးနောက် သူတို့သည် လူငယ်မှာ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်မှန်း သေချာ သိသွားကြသည်။
သူတို့သုံးယောက် ပေါင်း၍ တိုက်ခိုက်လျှင် အဆင့်ခြောက်ဖြစ်သော လင်းလက်မှန်သားရဲကို အနိုင်ရနိုင်သော်လည်း သူတို့အဖို့ လူငယ်လောက် လွယ်လွယ်ကူကူ သတ်နိုင်ဖို့ကမူ မဖြစ်နိုင်ပေ။ ထိုလူငယ်သည် လျှို့ဝှက်ပညာရပ်တစ်ခုကို သုံး၍ သူ၏ ကျင့်ကြံမှုအမှန်ကို ဖုံးကွယ်ထားတာများလား။ သူတို့၏စိတ်ထဲ၌ သံသယများ စတင် မြင့်တက်လာသည်။