ဂုဏ်သတင်းဆိုး
Vol. 38 Ch. 525
“အစ်ကိုချိုး…ကျုပ်တို့ တိုက်ခိုက်ကြမလား။ သူက တကယ်တစ်ယောက်တည်း ထင်တယ်…”
ကြမ်းကြုတ်သည့်ဟန်နှင့်သူသည် စိုးရိမ်သည့် အရိပ်အယောင်ဖြင့် ပြောလာသည်။ အဘိုးအိုက သူ့ကို စိုက်ကြည့်သည်။ သို့သော် ပြန်မဖြေပေ။
သူတို့သုံးယောက်သည် လူငယ်က မဟူရာခွက်တစ်ခုကို ထုတ်ယူပြီး လင်းလက်မှန်သားရဲ၏ စိတ်ဝိညာဉ်ကို စတင်ထုတ်နှုတ်ပစ်တာ မြင်သည့်အခါ သူတို့၏ အမူအရာများသည် အကြီးအကျယ် ပြောင်းလဲကုန်သည်။ သူတို့၏ မျက်လုံးထဲ၌ ကြောက်ရွှံ့သည့်ဟန်လည်း ဖြစ်ပေါ်ကုန်၏။
ကျင့်ကြံသူမင်သည် အဘိုးအိုတွေဝေနေတာ မြင်သည့်အခါ သူက မျက်မှောင်မကြုတ်မိဘဲ မနေနိုင် ဖြစ်သည်။ သူက စူးစမ်းသည့်လေသံဖြင့် မေးလိုက်သည်။
“ဒီလူက အတော်လေး ထူးခြားတယ်။ ကျုပ်တို့ ထွက်သွားကြမလား။ ဒီလို ထူးခြားတဲ့သူကို ရန်သွားစဖို့ မလိုဘူးလေ….”
သူတို့သုံးယောက်သည် ပြန့်ကြဲကြယ်ပင်လယ်များတွင် အချိန်အတော်ကြာ ရှင်သန်အောင် နေထိုင်နိုင်ခဲ့သည် ဖြစ်၍ အလွန်သတိထားတတ်သူများ ဖြစ်နေတာ သဘာဝပင်။ သူတို့ရှေ့ရှိ မြင်ကွင်းသည် သံသယ ရှိစရာ မလိုအောင် ထူးခြားလှသည်။ ၎င်းသည် ကျင့်ကြံသူမင်ကို နောက်သို့ ပြန်ဆုတ်ချင်စိတ်သာ ဖြစ်မိစေသည်။ အဘိုးအိုသည် အချိန်ယူကာ စဉ်းစားနေသည်။ ထို့နောက်တွင် သူက ခါးသီးစွာ ပြုံး၍ ပြောလာသည်။
“သူ့ကို လွှတ်ပေးရမှာလား။ သူ့ကို တိုက်ခိုက်ဖို့ဟာ ရွေးချယ်စရာ ကိစ္စ ဟုတ်မနေတော့ဘူး။ ကျုပ်တို့ ဒီကနေ ဘယ်လိုပုံစံ အသက်ရှင်လျက် ထွက်သွားကြမလဲ…”
သူ့စကားများက ကြမ်းကြုတ်သည့်ဟန်နှင့်သူနှင့် ကျင့်ကြံသူမင်တို့ကို တောင့်တင်းသွားစေသည်။ သူတို့သည် အဘိုးအို၏ အကြောင်းကို သိကြသူများပင်။ ထိုအဘိုးအိုသည် အကြောင်းအရင်း မရှိဘဲ ထိုသို့ ပြောလာမည် မဟုတ်ပေ။ သူတို့ဟန်ပန်၌ ကြောက်ရွှံ့တုန်လှုပ်သည့်ပုံများ ဖြစ်ပေါ်လာကြသည်။
အဘိုးအိုသည် နှုတ်ခမ်းသပ်ပြီး လေသံတိုးတိုးဖြင့် ပြောလာသည်။
“မင်းတို့နှစ်ယောက် သတိမထားမိတာ နေမယ်။ ဒါပေမဲ့ အဲ့လူဟာ ကောလဟာလ စကားတွေထဲက မိစ္ဆာနဲ့ တူတယ်လို့ မထင်မိကြဘူးလား…”
“မိစ္ဆာလား။ ဆိုတော့…ဖြစ်နိုင်တာက သူဟာ…”
“ဟုတ်တယ်…သူပဲ…”
ထိုနှစ်ယောက်သည် ချက်ခြင်းပင် အလန့်တကြား ထအော်မိသည်။ သူတို့၏ မျက်နှာများမှာ အကြောက်တရားကြောင့် ဖြူရော်ကုန်သည်။ အဘိုးအိုသည် သူ့ကိုယ်သူ ပြောနေသည့်အလား အလေးအနက် ရေရွတ်နေသည်။
“သေချာတာပေါ့။ သူဟာ ငယ်ရွယ်တယ်။ ဓားပျံတွေကို စေလွှတ်နိုင်တယ်။ ဒါ့အပြင် သူ့ဓားအလင်းဟာ မိုးပြာရောင်။ ဒီအချက်တွေဟာ ကောလဟာလ သတင်းစကားတွေထဲက အတိုင်းပဲ…”
ကြမ်းကြုတ်သည့်ဟန်ပန်နှင့်သူ၏ အသားအရေမှာ ဖြူဖပ်သွားတော့သည်။ သူသည် တုန်တုန်ရင်ရင်ဖြင့် ပြောလာသည်။
“ဒီလူဟာ အင်းဆက်တွေကို အသုံးပြုတဲ့နေရာမှာ ကျော်ကြားတဲ့သူ မဟုတ်လား။ ဒါပေမဲ့လို့ ကျုပ်တို့ ရောက်လာတဲ့အချိန်ကစပြီး သူက ဘယ်အင်းဆက်ကိုမှ မထုတ်ဖော်ခဲ့ဘူး။ ဒါက တိုက်ဆိုက်မှု မဖြစ်နိုင်ဘူး…”
ကျင့်ကြံသူမင်သည် အသံပို့လွှတ်ကာ ပြောလာ၏။
“အစ်ကိုချိုးရဲ့ စကားတွေဟာ မှန်ပါတယ်။ ဒီမိစ္ဆာဟာ သူ့ကိုယ်သူ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်လို့ ဖော်ပြပြီး နတ်ဆိုးသားရဲတွေရဲ့ စိတ်ဝိညာဉ်တွေကို နှုတ်ယူရတာ နှစ်သက်တယ်။ သူဟာ အင်းဆက်အများအပြားကို မထုတ်ခဲ့တဲ့အကြောင်းရင်းကတော့ သူ့အနေနဲ့ အဲ့လို လုပ်ဖို့ မလိုလို့နေမှာပေါ့…”
“ခင်ဗျားတို့က အင်းဆက်နတ်ဆိုးလို့ ခေါ်တဲ့သူ အကြောင်းကို ပြောနေကြတာလား။ ဒိတော့ ကျုပ်တို့က ဒီမှာ ဘာလို့ ဆက်ရှိနေကြတာလဲ။ သူနဲ့သာ ရင်ဆိုင်ရမယ်ဆို ကျုပ်တို့ သေကုန်လိမ့်မယ်…”
ကြမ်းကြုတ်သည့်ဟန်နှင့်သူသည် အတော်လေး ကြောက်ရွှံ့နေပုံ ရသည်။
အဘိုးအိုသည် တည်ငြိမ်မှု ပြန်ရလာပြီးနောက်မှာ ပြော၏။ “မင်း မစဉ်းစားတတ်တော့ဘူးလား။ သူသာ အင်းဆက်နတ်ဆိုး တကယ် ဖြစ်နေခဲ့မယ်ဆို ကျုပ်တို့ ရောက်လာတဲ့အချိန်တုန်းက သူ့အာရုံဟာ လင်းလက်မှန်သားရဲအပေါ်မှာ ရောက်နေတာ။ ဒါ့ကြောင့် ကျုပ်တို့ကို မထုတ်ဖော်သေးတာ။ အခု သူက နတ်ဆိုးသားရဲကိုလည်း သတ်ပြီးပြီး ဆိုတော့ ကျုပ်တို့အနေနဲ့ အလျင်စလို လှုပ်ရှားမယ်ဆို ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသလို ဖြစ်ကုန်လိမ့်မယ်…”
အခြားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။ သူတို့သည် အဘိုးအို၏ စကားများသည် အဓိပ္ပာယ်ရှိသည်ဟု ထင်သည်။ သို့ဖြစ်၍ သူတို့သည် မဆင်မခြင် မလှုပ်ရှားဝံ့တော့ပေ။
ကြမ်းကြုတ်သည့်ဟန်နှင့်သူသည် လူငယ်က နတ်ဆိုးသားရဲ၏ စိတ်ဝိညာဉ်ကို ထုတ်နှုတ်တာကို စိုက်ကြည့်နေရင်း သူ့စိတ်ထဲ၌ ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။ သူသည် သံသယရှိဟန်ဖြင့် ခပ်တိုးတိုး ရေရွတ်သည်။
“ဟိုး လွန်ခဲ့တဲ့ လေးနှစ်တုန်းက အင်းဆက်နတ်ဆိုးဟာ အငဆ့်ခုနစ်နတ်ဆိုးသားရဲ တစ်ကောင်နဲ့ တိုက်ခိုက်ပြီး အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူကိုးယောက်ပါတဲ့ အုပ်စုနဲ့ တိုက်ခိုက်ခဲ့တယ်။သူဟာ တစ်ကိုယ်တည်းနဲ့ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ ရှစ်ယောက်ကို သတ်ပစ်နိုင်ခဲ့ပေမယ့် အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်တစ်ယောက်ကတော့ ကံကောင်းထောက်မပြီး လွတ်မြောက်နိုင်ခဲ့တယ်လို့ ကျုပ် ကြားဖူးခဲ့တယ်။ ဒီကောလဟာလတွေဟာ အမှန်တကယ်များ ဖြစ်နေနိုင်မလား….”
ကျင့်ကြံသူမင်သည် အာခြောက်ကာ တံတွေးမြိုချနေပြီးနောက်မှာ ခပ်တိုးတိုး ပြောလာသည်။
“အဲ့သတင်းစကားတွေဟာ တကယ်အမှန် ဖြစ်နိုင်တယ်။ လွတ်မြောက်လာတဲ့သူဟာ ကျောက်စိမ်းတိမ်ဂိုဏ်းက သူတဲ့။ ပြီးတော့ သေသွားတဲ့သူတွေဟာလည်း သူနဲ့ ဂိုဏ်းတူ ရောင်းရင်းတွေပဲ။ ဒီတိုက်ခိုက်မှုဟာ အံ့ဖွယ်နက်ရှိုင်းကျွန်းရဲ့ အင်အားစုကြီး ငါးခုထဲက တစ်ခု ဖြစ်တဲ့ ကျောက်စိမ်းတိမ်ဂိုဏ်းကို မျက်နှာပျက် အရှက်ရစေခဲ့တယ်။ ဒါ့ကြောင့် ဂိုဏ်းရဲ့ အကြီးအကဲချုပ် တာအိုသခင်ကြိုးကြာဟာ ဒေါသအကြီးအကျယ် ထွက်ခဲ့ပြီး သူကိုယ်တိုင် အင်းဆက်နတ်ဆိုးကို ရှာပုံတော် ဖွင့်ခဲ့တယ်။ ဒါပေမဲ့လို့ အကြိမ်တိုင်းမှာ သူ မအောင်မြင်ခဲ့ဘူး။ သူ့အနေနဲ့ အင်းဆက်နတ်ဆိုးကို ရှာတွေ့နိုင်ခဲ့ရင်တောင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ လူအများက ထင်ခဲ့ကြတယ်။ တကယ်တော့ အင်းဆက်နတ်ဆိုး ပြသခဲ့တဲ့ ခွန်အားဟာ စဦးစိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းခါစသူတစ်ယောက်ရဲ့ ခွန်အားလိုမျိုး ဖြစ်နေခဲ့တာကို။ ဒါ့ကြောင့် အံ့ဖွယ်နက်ရှိုင်းကျွန်းရဲ့ အခြားအင်အားစုတွေဟာ သူ့ကို စည်းရုံးချင်နေကြတယ်…”
ခဏလောက် တိတ်ဆိတ်သွားပြီးနောက်မှာ အဘိုးအိုသည် ခေါင်းရမ်းကာ ပြောလာသည်။
“စဦးစိတ်ဝိညာဉ်အဆင့်လား။ အဲ့လောက်တော့ မဟုတ်ဘူး။ အင်းဆက်နတ်ဆိုးရဲ့ ကျင့်ကြံမှုဟာ ဘာမှ ထူးခြားမနေဘူးလို့ ကျုပ် ကြားဖူးတယ်။ သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းမှုဟာ သူ ပိုင်ဆိုင်ထားတဲ့ ထူးခြားတဲ့ အင်းဆက်တွေကြောင့်ပဲတဲ့။ အဲ့နေ့တုန်းက တိုက်ပွဲမှာလည်း သူက ဘာမှော်ရတနာကိုမှ မထုတ်ဖော်ခဲ့ဘဲ အင်းဆက်တွေကိုပဲ စေလွှတ်ခဲ့ပြီး အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ အများအပြားကို ဝါးမြိုစေခဲ့တာ။ ဒါ့ကြောင့် သူဟာ အင်းဆက်နတ်ဆိုးဆိုပြီး အမည် တွင်လာခဲ့တာ ဖြစ်တယ်…”
ကျင့်ကြံသူမင်သည် ငြင်းဆန်သည်။
“ဒါပေမဲ့လည်း…အစ်ကိုချိုးလည်း သူ့အနေနဲ့ အင်းဆက်တွေ အသုံးမပြုဘဲ လင်းလက်မှန်သားရဲကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းလိုကတာကို မြင်ခဲ့ရတာပဲလေ။ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတွေတောင် ဒီလို လုပ်နိုင်ဖို့ သိပ်လွယ်လှမှာ မဟုတ်ဘူး…။ သူဟာ ရုပ်ဖျက်ဟန်ဆောင်ထားတဲ့ စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ပဲ ဖြစ်ရမယ်…”
အဘိုးအိုသည် လက်သင့်မခံဟန်ဖြင့် ဆက်ပြောရန် စဉ်းစားနေစဉ် ကြမ်းကြုတ်သည့်ဟန်နှင့်သူက ဘေးမှ ကြားဖြတ်ကာ ဝင်ပြောလာသည်။
“ရောင်းရင်းတို့….သူဟာ စဦးစိတ်ဝိညာဉ်အဆင့် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျုပ်တို့အတွက်တော့ ဘာမှ ထူးခြားမနေဘူး။ သူက ကျုပ်တို့ကို အလွယ်လေး သတ်နိုင်တာကတော့ သေချာတယ်။ သူနဲ့တွေတဲ့ ကျင့်ကြံသူတိုင်းဟာ သူ့ရဲ့ အင်းဆက်တွေ ဝါးမြိုတာကို ခံခဲ့ရတယ်လို့ ဆိုတယ်။ သူ့ရဲ့ ဒီအမည်ဆိုးနဲ့ ကျော်ကြားမှုဟာ ကြောက်ဖို့ကောင်းတယ်။ သူ့လက်ချက်ကြောင့် သေသွားခဲ့ရတဲ့ ကျင့်ကြံသူ အရေအတွက်ဟာ တစ်ရာထက် နည်းမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဒီနတ်ဆိုးဟာ ကြောက်လန့်စရာကောင်းလှတဲ့ ခေါင်းစီးအဖြစ် လူပြောသူပြော များခဲ့ကြတယ်…”
ကျင့်ကြံသူမင်သည် ထိုစကားကို ကြားသည့်အခါ ပို၍ မျက်နှာပျက်သွားသည်။ သူ့အကြည့်က အပြာရောင်ဝတ်စုံနှင့် လူငယ်ထံ ကျရောက်သွားပြီး သူက လေပူများ မှုတ်ထုတ်ကာ ပြောလာသည်။
“ဒီအင်းဆက်နတ်ဆိုးဟာ အမှန်တကယ် ရက်စက်ပြီး သွေးဆာတယ်။ ဒါက သံသယ ရှိဖို့ မလိုဘူး။ ဒါ့ကြောင့် သူ့လက်ချက်နဲ့ အသက်ခံရပြီး ရတနာတွေ လုယူခံခဲ့ရတဲ့ ကျင့်ကြံသူ အရေအတွက်လည်း မနည်းလှဘူး။ ကျုပ်တို့က သူ့တံခါးကိုမှ လာခေါက်မိရတယ်လို့…”
သူ့အသံတွင် နောင်တရဟန်တို့ ပြည့်နေသည်။
ထိုအဘိုးအိုသည် သည်စကားကို ကြားသည့်အခါ သူလည်း မျက်နှာပျက်သွားသည်။ သို့သော် သူက စကားထပ်မဆိုတော့ပေ။ သူသည် အင်းဆက်နတ်ဆိုး၏ ဂုဏ်သတင်းကျော်ဇော်မှုအပေါ် ကြီးစွာ ကြောက်နေမိသည်ပင်။
ခဏအကြာတွင် သူတို့သုံးယောက်သည် အသံပို့လွှတ်ခြင်းကို ရပ်ကာ လူငယ်၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ သူတို့သည် ထိုလူငယ်ကို တတ်နိုင်သမျှ အမြန်ထွက်သွားစေချင်နေသည်။
သည်အခိုက်တွင် လူငယ်သည် လင်းလက်မှန်သားရဲ၏ စိတ်ဝိညာဉ်ကို မဟူရာခွက်ထဲမှ ပြန်ထုတ်ယူ၍ ပြီးသွားခဲ့လေပြီ။ ထို့နောက်တွင် သူသည် နတ်ဆိုးသားရဲ၏အလောင်းကို မွှေနှောက်ကာ အဖြူရောင်နတ်ဆိုးအမြုတေကို ရယူသည်။ ထိုစဉ် လူငယ်သည် ရုတ်တရက် ခေါင်းမော့ကာ ဘေးပတ်လည်သို့ ကြည့်သည်။
ထိုသုံးယောက်သည် ဤသည်ကို မြင်သည့်အခါ သူတို့၏ အသက်ရှုသံများကို ထိန်းချုပ်ထားကြသည်။ သို့ရာတွင် အခြေအနေကမူ သူတို့ ဖြစ်ချင်သည်နှင့် ဆန့်ကျင်ဘက်ပင်။
လူငယ်၏အကြည့်သည် သူတို့ရှိနေသော နေရာထံ ရုတ်တရက် ရောက်လာသည်။ သူ့မျက်နှာထက်၌ လှောင်ပြုံးတစ်ခုနှင့်အတူ သူက အေးစက်စွာ ပြောလိုက်သည်။
“ရောင်းရင်းတို့သုံးယောက်က ကျုပ်ကို စောင့်ကြည့်နေတာ အချိန်တစ်ခု ကြာနေပြီပဲ။ ခင်ဗျားတို့ ကြည့်နေရတာ လုံလောက်ရောပေါ့။ ခင်ဗျားတို့ ကိုယ်ထင်ပြပေးနိုင်မလား…”
ထိုစကားကို ကြားသည့်အခါ သူတို့သုံးယောက်သည် ကျောရိုးထဲ၌ စိမ့်ခနဲ့ ဖြစ်သွားကြသည်။
“ပြေး…” သုံးယောက်ထဲမှ မည်သူက စအော်လိုက်သည် မသိရလေဘဲ သူတို့သည် အလင်းတန်းများအဖြစ် ပြောင်းကာ လူခွဲ၍ အကြောက်အကန် ပြေးကြတော့သည်။
အပြာရောင်ဝတ်စုံနှင့်လူငယ်သည် မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ငါ ပြောလို့ ခုထိ မပြီးသေးဘူး။ မင်းတို့က ဘာကြောင့်များ ဒီလို အကြောက်အလန့် ပြေးရတာလဲ။ ငါက သူတို့ကို ဝါးစားမှာကိုများ ကြောက်နေကြတာလား…”
သူ့မျက်နှာထက်၌ စိတ်ရှုပ်ထွေးဟန်တစ်ခု ပေါ်လာသည်။
သို့သော် ခဏအကြာတွင် လူငယ်သည် မျက်နှာသုန်မှုန်သွားပြီး သူ့လက်နှစ်ဖက်ကို ဝေ့ရမ်း၍ သူ၏ စိတ်ဝိညာဉ်သားရဲအိတ်သုံးခုကို လေထဲသို့ ပစ်လွှတ်သည်။ ကောင်းကင်ထက်တွင် သုံးရောင်စုံပိုးတောင်မာများနှင့် ပြည့်နှက်သွားတော့သည်။ ထိုလူငယ်သည် အဝေးပင်လယ်များထံမှ ခုမှ ပြန်လာနေသော ဟန်လိပင်။
ထိုအဘိုးအိုသည် ခေါင်းလှည့်ကာ နောက်သို့ ခိုးကြည့်ချိန်တွင် သူ မြင်ရသော မြင်ကွင်းကြောင့် အလိုလို အရှိန်ပိုတင်ကာ ထွက်ပြေးမိသည်။ ထိုအခိုက်တွင် ဟန်လိထံမှ တိုးတိုးဖွဖွအသံများ ထွက်ပေါ်လာသည်။
သုံးရောင်စုံပိုးတောင်မာများသည် ထိုစကားများကို ကြားသည့်အခါ ကောင်းကင်ထက်၌ စုဝေး၍ လှံရှည်သုံးလက်အဖြစ်သို့ ပေါင်းစည်းကြသည်။ ထို့နောက်တွင် စူးရှကျယ်လောင်သော လေချွန်သံနှင့်အတူ ထိုလှံများသည် ဝေဝါးသွားပြီး ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် နေရာခွဲ၍ ထိုးထွက်သွားကြသည်။
ချက်ခြင်းပင် ထိုလှံများသည် ကောင်းကင်ကို ထိုးခွင်းလာပြီး မိုးကုပ်စက်ဝန်း၌ ပျောက်ကွယ်ကာ ထွက်ပြေးသွားသော ကျင့်ကြံသူသုံးယောက်ထံ ချဉ်းကပ်ကျရောက်လာတော့သည်။ ဟန်လိသည် သူတို့နောက်သို့ လိုက်ရန် စိတ်ကူး ရှိမနေဘဲ နေရာတွင်သာ ရပ်နေသည်။ ထိုအစား သူသည် လင်းလက်မှန်သားရဲကို မိုးပြာအလင်းတစ်ခုဖြင့် အေးအေးဆေးဆေး အရေခွံ စဆုတ်သည်။
လင်းလက်မှန်သားရဲ၏ အရေပြားသည် ချပ်ဝတ်အဖြစ် သန့်စင်ဖို့အတွက် ထိပ်တန်းကုန်ကြမ်းအမယ်တစ်ခု ဖြစ်လေ၏။ သူသည် ၎င်းကို လက်လွှတ်မပေးမှာ သဘာဝပင်။ ထို့နောက်တွင် ဟန်လိသည် ၎င်းသားရဲ၏ ကျန်သည့်အစိတ်အပိုင်းများကို မီးတိုက်၍ ပြာချပစ်ပြီး သက်တံမြက်နှင့် သည်သန္တာကျွန်းပေါ်တွင် နေရာချထားခဲ့သော သူ့အစီအရင်မန္တာန်ကို ပြန်ရုတ်သိမ်းသည်။
သူသည် ထိုသို့ ပြုလုပ်ပြီးသည်နှင့် အလင်းတန်းသုံးခုသည် မိုးကုပ်စက်ဝန်း၌ ပေါ်လာပြီး ဟန်လိ ရှိနေသော အရပ်ထံ ပျံသန်းဝင်လာသည်။ ၎င်းတို့သည် သူ့နားသို့ ရောက်လာသည့်အခါ အစောပိုင်းတုန်းက ထွက်ပြေးသွားခဲ့သော ကျင့်ကြံသူသုံးယောက်ကို သူ သေချာမြင်ရလေသည်။ ထိုကျင့်ကြံသူသုံးယောက်လုံး၏ လည်ပင်းများ၌ သုံးရောင်စုံကွင်းတစ်ခု ပတ်နေလျက် ရှိ၏။ သူတို့၏ ဖြူရော်နေသော မျက်နှာများထက်၌လည်း စိတ်ဓာတ်ကျနေဟန်များ အထင်းသား ပေါ်နေသည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် စိတ်ထဲကနေ ကြိတ်၍ ပြုံးမိသည်။ ထိုသုံးယောက်သည် ဟန်လိ ရှေ့သို့ ရောက်လာပြီးနောက်မျာ သူက ပြုံး၍ တရင်းတနှီးလေသံဖြင့် မေးလိုက်သည်။
“ရောင်းရင်းတို့ သုံးယောက်ကို ကျုပ် မေးလို့ ရနိုင်မလား။ ရောင်းရင်းတို့က ကျုပ်ဆီကနေ ဘာကြောင့်များ အကြောက်အကန် ထွက်ပြေးခဲ့ကြတာလဲ။ ခင်ဗျားတို့ သုံးယောက်က ကျုပ်ကို သိလို့လား..."