← Chapters

ညှိနှိုင်းခြင်း

Vol. 38 Ch. 526

ညှိနှိုင်းခြင်း

Vol. 38 Ch. 526

ဟန်လိ၏ စကားကို ကြားသည့်အခါ၌ သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် အံ့အားတသင့် ကြည့်မိကုန်သည်။ သည်အင်းဆက်နတ်ဆိုး၏ ရည်ရွယ်ချက်မှာ သူ့ကို သူတို့က မည်သည့်အတွက်ကြောင့် ကြောက်နေရသနည်းဟု မေးမြန်းရန်တင်လား။ သူသည် သူတို့ကိုယ် မသတ်ခင် စနောက်ချင်တာလား။ ကြမ်းကြုတ်သည့်ဟန်နှင့် လူသည် ရန်လိုဟန်နှင့် တည့်ပြောလာသည်။

“တာအိုရောင်းရင်းဟာ ကျုပ်တို့ အသက်ကို လိုချင်တယ်ဆိုရင်လည်း လုပ်ပါ။ စကားပြောနေတော့ရော ဘာထူးသလဲ...”

“ထူးခြားလှပါလား။ ကျုပ်မေးခွန်းက ဘာများ မှားနေလို့လဲ...” ဟန်လိ၏ အမူအရာသည် ရုတ်တရက် တင်းမာအေးစက်လာသည်။

အသက်ရှင်သန်နိုင်ခြေ ရှိတော့မည့် အခွင့်အရေးတစ်ခုကို မြင်သည့်အခါ ကျင့်ကြံသူမင်သည် တောင်းပန်စကား ပြောလာသည်။

“ကျနော်တို့ ညီအစ်ကိုတွေဟာ စီနီယာ ဒီမှာ သားရဲတွေကို အမဲလိုက်နေတာ မသိခဲ့မိပါဘူး။ မဟုတ်ရင် ကျနော်တို့က စီနီယာအင်းဆက်နတ်ဆိုးကို ဘယ်နှောက်ယှက် ဝံ့ပါ့မလဲ။ ကျနော်တို့ဟာ ဒီကို မရည်ရွယ်ပဲ ရောက်လာမိတာပါ။ ဘယ်လို မကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး။ စီနီယာက ကျုပ်တို့ အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်မိပါတယ်...”

ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်နှာထက်၌ စိတ်ရှုပ်ထွေးဟန် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

“အင်းဆက်နတ်ဆိုးလား။ ဒါက ကျုပ်ကို ခေါ်လိုက်တဲ့ နာမည်လား...”

အဘိုးအိုသည် ထိုစကားကို ကြားသည့်အခါ သူ့အမူအရာ၌ အံ့အားတသင့် ဖြစ်ပြီး ခပ်တိုးတိုး မပြောမိဘဲ မနေနိုင် ဖြစ်သွားရသည်။

“စီနီယာက အင်းဆက်နတ်ဆိုး မဟုတ်ဘူးလား...”

“ရောင်းရင်းတို့သုံးယောက် နားလည်မှု လွဲနေပြီ ထင်တယ်...” ဟန်လိသည် တဟားဟား ရယ်မောလေ၏။ ခဏအကြာတွင် သူက လက်ဝေ့ရမ်းသည်။ မိုးပြာအလင်းတန်းသုံးခုသည် ထိုသူတို့၏ လည်တိုင်ထံသို့ ပျံသန်းသွားသည်။ ခပ်တိုးတိုး မြည်သံနှင့်အတူ သူတို့လည်ပင်းရှိ လည်ပတ်များသည် ပြန့်ကြဲကာ မရေမတွက်နိုင်သော ပိုးတောင်မာများအဖြစ် ပြန်ရောက်ရှိသည်။ ထို့နောက်တွင် ၎င်းပိုးတောင်မာများသည် ဟန်လိ၏ ခါးရှိ စိတ်ဝိညာဉ်သားရဲ သိုလှောင်အိတ်များထံ ပြန်ဝင်သည်။ ထိုသုံးယောက်သည် သေဘေးမှ လွတ်သွားပြီဖြစ်၍ ကျေနပ်ဝမ်းသွားသွားကြ၏။ သူတို့သည် စိတ်ရှုပ်ထွေးဟန် ဖြစ်နေသော်လည်း သူတို့သည် သူတို့က သည်လူငယ်အပေါ် လူမှားသွားခဲ့တာလားဟု ခံစားမိနေသည်။ ထိုလူငယ်ကသာ အင်းဆက်နတ်ဆိုး ဖြစ်နေခဲ့လျှင် သူတို့ကို ချမ်းသာပေးရန် အကြောင်း လုံးဝ ရှိမနေပေ။

သို့ရာတွင် ဟန်လိသည် အံ့မခန်းစွမ်းရည်ကို ပြသခဲ့သူ ဖြစ်၍ သူတို့သည် အလျင်စလို မလှုပ်ရှားဝံ့ဘဲ သူ့ကို တလေးတစားသာ ပြောဆိုကြသည်။

အဘိုးအိုသည် ပြုံး၍ ပြောလာသည်။

“ဟားဟား...ဒါက နားလည်မှု လွဲသွားခဲ့တာပဲ။ အင်းဆက်နတ်ဆိုးဆို ကျုပ်တို့ကို ဘယ်လိုလုပ် အလွယ်တကူ လွှတ်ပေးပါ့မလဲ။ ကျုပ်အနေနဲ့ တာအိုရောင်းရင်းရဲ့ အမည်ကို သိခွင့် ရှိနိုင်မလား...”

ထိုအဘိုးအိုသည် သူ့ရှေ့မှ လူငယ်သည် အင်းဆက်နတ်ဆိုး မဟုတ်သော်လည်း သူ၏ စွမ်းရည်များဖြင့်ဆို သူတို့၏ အသက်ကို လွယ်လင့်တကူ နှုတ်ယူနိုင်ကြောင်း သဘောပေါက်ပေသည်။ သို့ဖြစ်၍ သူသည် ထိုလူငယ်ကို နည်းနည်းလေးမျှ စိတ်ကသိကအောက် ဖြစ်သွားရန် မလုပ်ဝံ့ပေ။

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ တစ်စုံတစ်ခုကို တွေးမိသည်။ ခဏအကြာ သူက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်သည်။

ဟန်လိသည် ကောင်းကင်ထက်သို့ စိုက်ကြည့်လျက် ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလိုက်သည်

“အို...ခင်ဗျားတို့ သုံးယောက်မှာ အဖော်အပေါင်းတွေ ပါလာတဲ့ပုံပဲ။ သူတို့လည်း ရောက်လာကြပြီကို...”

အဘိုးအိုသည် ခေါင်းလှည့်ကာ အရပ်မျက်နှာတစ်ခုထံသို့ လှမ်းကြည့်သည်။ သို့သော် သူသည် မည်သည်ကိုမျှ မမြင်မိပေ။ သူ့မျက်နှာထက်၌ စိတ်ရှုပ်ထွေးဟန် အရိပ်အယောင်တစ်ခု ပေါ်လာ၏။

အဘိုးအိုသည် ရိုးရိုးသားသား ပြောလာ၏။

“ကျုပ်တို့ ညီအစ်ကိုတွေက တပည့်အချို့ကို ခေါ်လာခဲ့ပါတယ်။ သူတို့ ခုချိန်လောက်ဆို ‌ရောက်လာလောက်ပြီလို့ ထင်ပါတယ်...”

သူ ထိုသို့ ပြော၍ ပြီးသည်နှင့် အလင်းတန်းများသည် ရုတ်တရက် မိုးကုပ်စက်ဝန်းမှာ ပေါ်လာသည်။ သူတို့သည် ထိုသုံးယောက် ချန်ထားခဲ့သော အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများ ဖြစ်ကြ၏။

အဘိုးအိုသည် ဤသည်ကို မြင်သည့်အခါ သူ့အမူအရာမှာ ပြောင်းလဲသွား၏။ သည်လူငယ်မှာ သူ့ထက် စိတ်ဝိညာဉ်အာရုံအရာ၌ များစွာ သာလွန်နေသည်။ ဟန်လိအပေါ် သူ၏ ကြောက်ရွှံ့မှုမှာ မသိလိုက်ပါဘဲ ပိုတိုးလာသည်။ ဟန်လိသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူသုံးယောက်ကို မျက်လုံးမှေးကျဉ်း၍ ကြည့်ပြီး ပြောလိုက်သည်။

“ကျုပ်က လူများတာ မကြိုက်ဘူး။ ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ တပည့်တွေအတွက် အစီအစဉ် ချပေးလိုက်။ ကျုပ် ဒီကျွန်းရဲ့ အခြားဘက်မှာ ခင်ဗျားတို့သုံးယောက်ကို စောင့်နေမယ်။ ကျုပ်မှာ ခင်ဗျားတို့ကို မေးချင်တဲ့ မေးခွန်းအချို့ ရှိတယ်။ ခင်ဗျားတို့ နှုတ်မဆက်ဘဲ ထွက်မသွားဖို့တော့ ကျုပ် မျှော်လင့်တယ်...”

ထို့နောက်တွင် ဟန်လိသည် သူတို့ကို ပြုံး၍ ကြည့်ပြီး သူတို့အောက်ဘက်မှ ကျွန်း၏ အခြားအစွန်းဖက် အတော်ဝေးဝေးထံ ပျံသန်းသွားသည်။

ထိုသုံးယောက်သည် စိတ်သက်သာရာရပြီး သက်ပြင်းချမိကုန်သည်။ သူတို့သည် ထိုလူငယ်မှာ အင်းဆက်နတ်ဆိုး ဟုတ်၊မဟုတ် မသိသော်ငြား ခုလက်ရှိ၌ သူ့တွင် သူတို့ကို သတ်ရန် စိတ်ကူး မရှိသည့်ပုံပင်။ အချိန်တစ်ခုထိတော့ သူတို့၏အသက်များသည် ဘေးကင်းနိုင်မည် ဖြစ်သည်။

ဤသို့ဖြင့် အဘိုးအိုသည် အလေးအနက် စကားအချို့ ပြောသည်။ ကျင့်ကြံသူမင်က ခေါင်းညိတ်ပြီး ကောင်းကင်ထက်သို့ လှမ်းကြည့်သည်။ သူတို့ တပည့်အုပ်စု ရောက်လာကြသည့်နောက်မှာ သူက အေးစက်စွာဖြင့် စကားအနည်းငယ်ပြောသည်။ သူတို့တပည့်များက ကျွန်း၏ အခြားဘက်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်ကြသည်။ ထိုစဉ်တွင် ကျင့်ကြံသူမင်က အဘိုးအိုဘက်ခြမ်းသို့ ပူပန်တကြီး ပြန်လာ၏။ ကျင့်ကြံသူမင် ရောက်လာပြီးနောက်မှာ ကြမ်းကြုတ်သည့်ဟန်နှင့်သူက ချီတုံချတုံဖြင့် အသံပို့လွှတ်လာ၏။

“အစ်ကိုချိုး...ကျုပ်တို့ သွားရမလား...”

အဘိုးအိုချိုးက အလေးအနက် သတိပေး၏။

“ရောင်းရင်းရွှမ်...ခင်ဗျား မိုက်မိုက်မဲမဲ လျှောက်မစဉ်းစားနဲ့။ သူ ဘယ်လောက်ထိ အစွမ်းထက်လဲ ခင်ဗျား ခုလေးမှ မျက်မြင်တွေ့ခဲ့ပြီးပြီး မလား။ ကျုပ်တို့ သူ့လက်ကနေ လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မယ်လို့ ခင်‌ဗျားက တကယ်ကြီး ယုံကြည်နေလား။ သူ ဘာပဲမေးမေး ရိုးရိုးသားသား ဖြေတာကသာ အကောင်းဆုံးပဲ။ သူ့ကို စဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်လိုမျိုး သဘောထားပြီး ပြုမူဆက်ဆံပါ။ သူ့စွမ်းရည်နဲ့ဆို သူဟာ ကျုပ်တို့ကို သတ်ဖို့အတွက်တောင် အထင်အမြင်သေးစရာလို့ ခံစားနေရတာမျိုး ဖြစ်နိုင်တာပဲ...”

အစ်ကိုမင်က ခေါင်းညိတ်ကာ ပြောသည်။

“အစ်ကိုချိုး...ပြောတာ အဓိပ္ပာယ် ရှိတယ်။ အဲ့လူဟာ သွေးဆာနေတဲ့ မိစ္ဆာတစ်ကောင်တော့ မဟုတ်နိုင်ဘူး။ အလျင်စလို ဘာမှ မလုပ်တာ ပိုကောင်းတယ်...”

ကြမ်းကြုတ်သည့်သူသည် ထိုစကားများကို သိပ်သဘောကျပုံ မရသော်ငြား သူ့အနေဖြင့် ပြန်စဉ်းစားသွားသည်။ ခဏအကြာတွင် သူတို့သုံးယောက် ကျွန်း၏ အခြားအစွန်းဖက်ထံ နာနာခံခံဖြင့် ပျံသန်းလာကြတော့သည်။ ဟန်လိသည် သန္တာကျောက် အပြားတစ်ခုပေါ်၌ ခြေချိတ်ကာ ထိုင်၍ သူတို့ကို တည်ငြိမ်စွာ စောင့်နေလေသည်။

ဟန်လိသည် တည်ငြိမ်သော ဟန်ပန်ဖြင့် သူတို့ကို လက်လှမ်းပြပြီး ပြောလိုက်သည်။

“ရောင်းရင်းတို့...ကျုပ်တို့ ထိုင်ပြီး အေး‌ဆေး ပြောကြရင် မကောင်းဘူးလား။ အံ့ဖွယ်နက်ရှိုင်းကျွန်း အနီးဝန်းကျင်မှာ မကြာသေးခင်က ဘာတွေ ဖြစ်ပျက်ခဲ့လဲ ကျုပ်ကို ပြောပြပါ။ ပြီးခဲ့တဲ့ ရက်အချို့က ကျုပ် အဝေးဘက် ပင်လယ်ပြင်ထံကနေ ပြန်လာတဲ့လမ်းမှာ ကျင့်ကြံသူ တော်တော်များများကို တွေ့ခဲ့ရတယ်။ ကျုပ် မှတ်မိသလောက်ဆို ကျင့်ကြံသူတွေဟာ အဲ့ပင်လယ်ပြင်တွေဆီ ခရီးနှင်ခဲတယ်လေ။ ဘာကြောင့် ကျင့်ကြံသူတွေဟာ နက်ရှိုင်းပင်လယ်ဝန်းကျင်မှာပဲ အမဲ မလိုက်ကြတော့တာလဲ။ ပြီးတော့ ‘ အင်းဆက်နတ်ဆိုး’ ဆိုတဲ့သူရဲ့ အကြောင်းလည်း ကျုပ်ကို သေချာ ရှင်းပြပေးပါ...”

ထိုသုံးယောက်သည် ဟန်လိ၏ တည်ငြိမ်သောအမူဟန်ပန်ကို မြင်သည့်အခါ ပို၍ မသက်မသာ ခံစားမိရတော့သည်။ သူတို့က တလေးတစားဖြင့် သဘောတူပြီး အနီးအနားမှာ ဂရုတစိုက် ထိုင်ကြသည်။

အဘိုးအိုသည် ခါးသီးစွာ ပြုံး၍ ဖြည်းဖြည်းချင်း ပြောသည်။ “အံ့ဖွယ်နက်ရှိုင်းကျွန်းကို ကျုပ်တို့ ရောက်ခဲ့တာ နှစ်နှစ်လောက် ရှိခဲ့ပါပြီ။ အဲ့အချိန်မှာတည်းက အံ့ဖွယ်နက်ရှိုင်းကျွန်းဟာ တားမြစ်ဧရိယာတစ်ခု ဖြစ်နေခဲ့ပါပြီ။ လူတစ်ယောက်ဟာ နက်ရှိုင်းပင်လယ်ပြင်ထဲမှာ သားရဲတွေကို အမဲ ထပ်လိုက်လို့ မရနိုင်တော့ဘူး။ တကယ်တော့ အဲ့အကြောင်းကို ဘယ်အချိန်ပဲ ဆွေးနွေးဆွေးနွေး...လူတိုင်းဟာ ကြောက်စိတ် ခံစားမိကုန်ကြတာပါပဲ...”

အမူအရာ ပြောင်းလဲသွားခြင်း မရှိလေဘဲ ဟန်လိသည် ခပ်တိုးတိုး ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ရှင်းပြပေးပါ တာအိုရောင်းရင်း...”

ဟန်လိက စိတ်ဝင်တစား နားထောင်နေတာ မြင်သည့်အခါ အဘိုးအိုသည် စိတ်‌သက်သာရာ ရမိသည်။ ထို့နောက်တွင် သူက ဖြစ်ပျက်ခဲ့သမျှ ကိစ္စအစုံကို ရိုးရိုးသားသား ပြောပြလေသည်။

“ဒီကိစ္စဟာ အတော်လေးကို ရှည်လျားလှတဲ့ ဇာတ်လမ်းတစ်ခုပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက နတ်ဆိုးသားရဲတွေဟာ ဒေါသပုန်ထပြီး စသောင်းကြမ်းခဲ့ကြတယ်...”

ဟန်လိသည် အဘိုးအို ပြောတာကို တိတ်တဆိတ် နားထောင်နေသည်။ ထို့နောက်တွင် သူသည် မျက်မှောင်ကြုတ်မိကာ တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်သည်။

“ခင်ဗျား ပြောတဲ့အတိုင်းဆို နက်ရှိုင်းပင်လယ်ထဲမှာ နတ်ဆိုးသားရဲတွေ သတ်ခဲ့တဲ့ အဆင့်မြင့် ကျင့်ကြံသူ အရေအတွက်က မနည်းလှဘူး။ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတွေတောင် ဒီနက်ရှိုင်းပင်လယ်ပြင်မှာ ဘာမျှ မတတ်နိုင်ခဲ့ဘူး။ ဒါ့ကြောင့် ပင်လယ်ပြင်ရဲ့ အခြားဒေသတွေမှာ ကျင့်ကြံသူ အများအပြား ရှိနေတာ အံ့ဩစရာ မရှိတော့ပါဘူး...”

ဟန်လိသည် သူ့မျက်နှာထက်၌ မည်သည့် ဟန်အမူအရာကိုမျှ မပြသသော်လည်း အဘိုးအို ပြောခဲ့သည့်စကားများက သူ့ကို အမှန်တကယ် တုန်လှုပ်စေခဲ့သည်။ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူများသည်ပင် ဝင်သွားပြီး နောက် ပြန်လာနိုင်စွမ်း မရှိကြပေ။ သူ ကြား သိသမျှသည် ဘေးကပ်ဆိုးတစ်ခုထံ ညွှန်းဆိုနေပုံ ရသည်။ ပြင်ပကြယ်ပင်လယ်များတွင်လည်း စစ်ပွဲကြီးတစ်ပွဲ ဖြစ်နေတာများ ဖြစ်နိုင်သည်လား။

သည့်နောက်မှာ ဟန်လိသည် စိတ်ဝင်စားသည့်လေသံဖြင့် မေးသည်။

“အင်းဆက်နတ်ဆိုးအကြောင်းကိုလည်း ကျုပ်ကို ပြောပြအုံး။ ခင်ဗျားတို့သုံးယောက်က ကျုပ်ကို မြင်တဲ့နောက် အင်းဆက်နတ်ဆိုးဆိုပြီး ထင်နေခဲ့တယ်။ အဲ့လူဟာ ကျုပ်နဲ့ အတော်လေး တူနေလို့လား...”

ထိုသုံးယောက်သည် ဤစကားကို ကြားသည့်အခါ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း မဖယ်လှယ်မိဘဲ မနေနိုင် ဖြစ်ကုန်သည်။

အဘိုးအိုက ချောင်းဟန့်ကာ ပြန်ဖြေသည်။

“ကျုပ် ပြောခဲ့သလိုပါပဲ။ စစချင်း ရောင်းရင်းကို မြင်လိုက်ရတုန်းက သတင်းတွေ ကြားနေရတဲ့ အင်းဆက်နတ်ဆိုးနဲ့ အတော်လေးကို တူနေခဲ့ပါတယ်။ သူဟာလည်း မိုးပြာဓားကို အသုံးပြုသလို ငယ်ရွယ်တဲ့ရုပ်သွင်လည်း ပိုင်ဆိုင်တယ်။ ပြီးတော့ အမြုတေဖွဲ့စည်းခြင်းအစောပိုင်း ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားတယ်တဲ့။ ဒါ့အပြင် သူဟာ အင်းဆက်ထောင်သောင်းချီကိုလည်း ထိန်းချုပ်နိုင်သေးတယ်...”

သူသည် ထိုသို့ ဆက်ပြောနေသော်လည်း သူ့အသံသည် အလိုလို တိုးသွားလေသည်။ အကြောင်းမှာ သူသည် မည်သို့ပင်ကြည့်ကြည့် သူ့ရှေ့ရှိ လူငယ်သည် သတင်းစကားများထဲမှ အင်းဆက်နတ်ဆိုးနှင့် အသေးစိတ်ကို တူနေသောကြောင့်ပင်။

ဟန်လိ၏ မျက်လုံးထဲ၌ အံ့အားသင့်ဟန် အရိပ်အယောင် ပေါ်သွားသော်လည်း သူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟား...ခင်ဗျား ပြောပုံအရ ကျုပ်နဲ့ အတော့်ကို တူနေတာပဲ။ ရောင်းရင်းအနေနဲ့ နည်းနည်း အသေးစိတ် ထပ်ပြောပေးပါလား။ အင်းဆက်နတ်ဆိုးက ဘာတွေများ လုပ်ဆောင်ခဲ့တာလဲ။ ကြည့်ရတာ သူက အတော်လေး နာမည်ကြီးနေတဲ့ပုံပဲ...”

ကျင့်ကြံသူမင်က သေချာ ဖြေ၏။

“အင်းဆက်နတ်ဆိုးနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကတော့ အများအပြားပါပဲ။ ဒါပေမဲ့ အဲ့အထဲမှာ အကျော်ကြားဆုံးကတော့ လွန်ခဲ့တဲ့ လေးနှစ်တုန်းက သူဟာ အင်းဆက်အုပ်ကို အသုံးပြုပြီး အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ ရှစ်ယောက်ကို သတ်ပစ်ခဲ့တာပါပဲ။ အဲ့ဒီနောက်မျာ သူဟာ နာမည်စကျော်ကြားလာခဲ့တာပါ...”

ဟန်လိသည် သူ့မျက်နှာထက်၌ မဖော်ပြသော်ငြား စိတ်ထဲတွင်မူ လှုပ်ခတ်သွားလေသည်။

“အဲ့တိုက်ပွဲ ပြီးတဲ့နောက်မှာ အင်းဆက်နတ်ဆိုးဟာ သဲလွန်စမရှိ ပျောက်သွားခဲ့တယ်။ တစ်နှစ်လောက်ကြာပြီးတဲ့နောက်မှာ အံ့ဖွယ်နက်ရှိုင်းကျွန်းနားမှာ ကျင့်ကြံသူတွေက သူတို့ရဲ့ ရတနာတွေကြောင့် အမဲလိုက်ခံရတယ်။ အသက်ရှင်လွတ်မြောက်လာတဲ့သူတွေ အပြောအရဆို ဒါတွေအားလုံးကို အင်းဆက်နတ်ဆိုး လုပ်တာတဲ့။ သူဟာ ကောင်းကင်ပြည့်နှက်သွားတဲ့အထိ အင်းဆက်တွေကို ထိန်းချုပ်ပြီး သူ့သားကောင်တွေကို ဝါးမြိုတာပဲ။ ဒါက လစဉ်တိုင်းလိုလို ဖြစ်နေခဲ့တာပါ။ ကောလဟာလတွေအရဆို သူ့လက်ထဲမှ သေဆုံးခဲ့ရတဲ့ ကျင့်ကြံသူ အရေအတွက်ဟာ တစ်ရာထက် မနည်းလှဘူး။ ဒါ့ကြောင့် အင်းဆက်နတ်ဆိုးဟာ ကြောက်မက်ဖွယ် လူတစ်ယောက်ဖြစ်လာပြီး သူ့အမည်ဟာလည်း ဟိုးလေးတကြော် ဖြစ်လာခဲ့တာပါ...”

ထိုသို့ ပြောပြီးနောက်မှာ ကျင့်ကြံသူမင်သည် စိတ်ပူပန်ဟန် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်ပြီး သူ့မျက်နှာထက်၌ စိတ်မသက်သာမှုက အထင်းသားပင်။

All Chapters