မဖိတ်ခေါ်ထားသော ဧည့်သည်များ
Vol. 38 Ch. 529
သုံးနှစ်လုံး ပိတ်ထားသော ဆေးလုံးသန့်စင်ခြင်း တံခါးသည် ယနေ့တွင် ပွင့်လာခဲ့ပေပြီ။ နောက်ဆုံး၌ ဟန်လိသည် ထိုအခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့ချေပြီ။ သူ၏ အဖိုးတန် သားရဲ အမြုတေအားလုံးမှာလည်း နတ်ဆိုးအမြုတေဆေးလုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ သုံးနှစ်၏ ပထမနှစ်နှစ်တွင် ဟန်လိသည် အဆင့်ငါးနတ်ဆိုး အမြုတေဆေးလုံးများကို သန့်စင်ခြင်းဖြင့်သာ အချိန်ကုန်ခဲ့သည်။
ထိုဆေးလုံးများက ခုလက်ရှိ သူ့ကျင့်ကြံမှုအပေါ် သိသိသာသာ သက်ရောက်မှု မရှိသော်လည်း အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများအတွက်မူ ၎င်းတို့ကို အသည်းအသန် လိုချင်မိမည်သာ။ ဆေးလုံးတစ်လုံးတစ်လေလောက် ရခဲ့လျှင်ပင် သူတို့သည် ဝမ်းသာပီတိ ဖြစ်ကုန်ကြည်လိမ့်မည်။
ထိုဆေးလုံးများကို သန့်စင်ပြီးနောက်မှာ ဟန်လိ၏ ဆေးလုံးသန့်စင်ခြင်းပညာရပ်များက အဆင့်တစ်ခု ပိုမြင့်သွားခဲ့ပြီ ဖြစ်၏။ တကယ်တော့ ပါရမီရှင် ဆေးလုံးသန့်စင်ခြင်း ပညာရှင်များပင် သူ ကဲ့သို့ သားရဲအမြုတေများစွာနှင့် လေ့ကျင့်ရသည့် အခွင့်အရေးမျိုး ရခဲ့လိမ့်မည် မဟုတ်ပေ။ သာမန်ဆေးလုံးသန့်စင်ခြင်း၌ ကျွမ်းကျင်သူများဆို သူတို့၏ တစ်ဘဝလုံး၌ လေ့ကျင့်ဖူးသည့် သားရဲအမြုတေ အရေအတွက်မှာ လေးဆယ်ဝန်းကျင်လောက်သာ ရှိရော့မည်။
ဆေးလုံးသန့်စင်ခြင်း နည်းလမ်းများမှာ ကွဲပြားမှု ရှိသည့်တိုင် ၎င်းတို့၌ တူညီသော အချက်များလည်း ရှိပေ၏။ ထိုအဖိုးတန် ဆေးလုံးများစွာကို သန့်စင်ပြီးနောက်မှာမူ ဟန်လိ၏ ဆေးလုံးသန့်စင်ခြင်းပညာရပ်သည် လူအများပြောသည့် ဆေးလုံးသန့်စင်ခြင်း ပညာရှင်ထက် မသိမသာ သာလွန်သော အဆင့်သို့ ရောက်ခဲ့ပြီ။ သို့ဖြစ်၍ သူ့အနေဖြင့် အဆင့်ခြောက်နှင့် အဆင့်ခုနစ် သားရဲ အမြုတေများကို ဆေးလုံးများအဖြစ် သန့်စင်သည့်အခါ အောင်မြင်မှု များစွာ ရလာခဲ့၏။ သည့်အတွက် ဟန်လိမှာ ကျေနပ်အားရ ဖြစ်ရသည်။
ဟန်လိက သူ၏ သားရဲအမြုတေအားလုံးကို သန့်စင်ပြီးနောက်မှာ အချိန်တစ်လလောက် အနားယူ၏။ ထိုတစ်လအတွင်း သူက သူ့အင်းဆက်အခန်းများထံ မကြာမကြာ သွားပြီး သူ၏ သုံးရောင်စုံ ရွှေဝါးမြိုခြင်း ပိုးတောင်မာများနှင့် ဆင့်ကဲမဖွံ့ဖြိုးသေးသော ရွှေဝါးမြိုခြင်းပိုးတောင်မာများကြား ကွာခြားချက်ကို လေ့လာစူးစမ်းသည်။
သူသည် ဆေးလုံးများကို သန့်စင်နေစဉ် သူ၏ ရုပ်သေးများက ထိုပိုးတောင်မာအုပ်စုနှစ်စုကို သက်တံမြက်များ တစ်လှည့်စီ ကျွေးပေးနေခဲ့သည်။ သို့ပေမည့် အခု သူ မြင်ရသည့် ရလဒ်ကတော့ သူ့ကို စိတ်ပျက်သွားစေသည်။ သုံးရောင်စုံ ပိုးတောင်မာများက သက်တံမြက်များကို စိတ်လှုပ်တရှား စားသောက်ကြသော်ငြား ၎င်းတို့သည် အခြားထူးခြားသော သက်ရောက်မှုများကိုမူ ထပ်မံ မပြတော့ချေ။
စစချင်းတော့ ဟန်လိက ထိုသို့ဖြစ်ရခြင်းမှာ ပိုးတောင်မာ အရေအတွက်က များနေပြီး အချိန် တိုတောင်း၍ဟု ထင်ခဲ့သေးသည်။ သို့သော် အနက်ရောင်အကွက်များပါသည့် သုံးရောင်စုံ ရွှေဝါးမြိုခြင်းပိုးတောင်မာများကို သပ်သပ်ခွဲပြီး သက်တံမြက်များ ကျွေးကြည့်ပြီး ထပ်မံ စူးစမ်းလေ့လာကြည့်သော်လည်း ရလဒ်ကမူ နည်းနည်းလေးမျှ မပြောင်းလဲခဲ့ပေ။ ဤအဖြစ်က ဟန်လိကို အတော်လေး သုန်မှုန်သွားစေ၏။ သက်တံမြက်က ဆင့်ကဲတိုးတက်ပြီးသေသာ ရွှေဝါးမြိုခြင်းပိုးတောင်မာများ၌ မျိုးထပ်ပွားရန် အသုံးပြု၍ မရနိုင်တော့ဟုသာ သူ ကောက်ချက်ချရတော့သည်။
သူသည် ထိုသို့ဖြစ်ရခြင်း၏ နောက်ကွယ်ရှိ ခန့်မှန်းရခက်သော စည်းမျဉ်းများကို နားမလည်သော်လည်း အနက်ရောင်အကွက်များ ပါသည့် ပိုးတောင်မာများသည် ၎င်းတို့၏ လျင်မြန်စွာ မျိုးပွားနိုင်စွမ်း ဆုံးရှုံးသွားပြီး ဆက်၍လည်း ဖြည့်တင်း၍ မရနိုင်တော့တာ နားလည်၏။ သူ့အတွက် ထိုပိုးတောင်မာတစ်ကောင် ဆုံးရှုံးခြင်းသည် အစားပြန်မရနိုင်တော့ ဟူ၏။
အခု သူသည် အနက်ရောင်အကွက်အဖြစ် ဆင့်ကဲမဖွံ့ဖြိုးသေးသော ရွှေဝါးမြိုခြင်းပိုးတောင်မာ အများစုကိုသာ သက်တံမြက်များ ထပ်ကျွေးတော့သည်။
၎င်းတို့အား သက်တံမြက်များ ကျွေးမွေးပြီးသည့်နောက်မှာ ထိုပိုးတောင်မာများသည် ရုန့်ရင်းကြမ်းတမ်းကာ ဂနာမငြိမ် ဖြစ်လာပြီး မကြာခင် မျိုးပွားတော့မည့်အလားပင်။ သည့်နောက်မှာ ဟန်လိသည် သူ့စိတ်ကိုယ် ကြည်လင်သန့်စင်စေပြီး တံခါးပိတ်ကျင့်ကြံရန် ဝင်ရောက်သည်။
ဆေးလုံးများစွာ၏ အကူအညီရယူရန် ပြင်ဆင်ထားပြီးပြီး ဖြစ်၍ ဟန်လိသည် မိုးပြာအနှစ်သာရဓားပညာရပ်၏ အဆင့်ရှစ်သို့ အရင် ကျင့်ကြံပြီး သည့်နောက်မှာ အမြုတေဖွဲ့စည်းခြင်း အလယ်အဆင့်သို့ တက်လှမ်းရန် ကြံစည်ထားသည်။
ချိပ်ပိတ်ထားသော အခန်းထဲရှိ မြက်ဖျာတစ်ချပ်ပေါ်မှာ ထိုင်လျက် ဟန်လိသည် သူ၏ သိုလှောင်အိတ်ထဲမှ ဆေးပုလင်းတစ်လုံးကို ထုတ်ပြီး သူ့လက်ထဲသို့ အနီရောင်တောက်တောက် ဆေးတစ်လုံးကို သွန်ချသည်။ ၎င်းကို မြိုချပြီးနောက် သူက ဆေးစွမ်းအား၏ အပူဓာတ်သည် သူ့အစာအိမ်မှ ထုတ်လွှတ်လာတာ စခံစားရသည်။
ယင်းနောက်မှာ သူက မျက်လုံး ဖြည်းဖြည်းချင်း မှိတ်လျက် ဓားပညာရပ်၏ အဆင့်ရှစ်မန္တာန်ကို တိုးတိုးဖွဖွ ရေရွတ်သည်။ သူသည် အချိန်ကို လစ်လျူရှုထားလျက် သည်လှိုဏ်ဂူတွင်း၌ ကျင့်ကြံခြင်းတွင် နစ်မြှုပ်ထားတော့သည်။
ဆေးလုံးများစွာကို ဆက်တိုက် သုံးစွဲပြီး ဆေးစွမ်းအားကို စိတ်ဝိညာဉ်စွမ်းအားအဖြစ်သို့ ပြောင်းလဲစေခြင်းသည် အလွန်အန္တရာယ်များ၏။ ကံကောင်းသည်မှာ ဟန်လိသည် သူ၏ ကျင့်ကြံမှု တိုးတက်ဖို့ကိုသာ စိတ်နှစ်စူးစိုက်ထား၍ ကျရှုံးခြင်းမရှိဘဲ သည်းခံတောင့်ခံနိုင်သည်။ သို့ပင်ငြားလည်း သူ၏ ခိုင်မာသော စိတ်ပိုင်းဖြတ်မှုဖြင့်ပင် သူသည် မူးဝေမှုကို စခံစားရသည်သာ။
မျက်စိတစ်မှိတ်အတွင်း ဆယ့်ခြောက်နှစ်တာ ကုန်လွန်သွားခဲ့လေပြီ။ ဟန်လိသည် တဖြည်းဖြည်းချင်း အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်သို့ တက်လှမ်း၍ ချဉ်းကပ်လာသလို မိုးပြာအနှစ်သာရဓားပညာရပ်၏ အဆင့်ရှစ်ကိုလည်း ရောက်ရှိခဲ့လေပြီ။
စိတ်လှုပ်ရှားနေသော်ငြား ဟန်လိသည် တံခါးပိတ်ကျင့်ကြံခြင်းမှ မထွက်ခွာသေးပေ။ သူ့၌ ဆေးလုံးများစွာ ကျန်နေဆဲပင်။ သူသည် ၎င်းတို့ ကုန်သည့်အထိ သုံးစွဲချင်မှာ သဘာဝပင်။ အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်သို့ ဝင်ရောက်ပြီးသည်နှင့် ဟန်လိသည် သူ့စိတ်နှလုံးကိုယ်သူ တည်ငြိမ်စေပြီး မိုးပြာဓားပညာရပ်၏ အဆင့်ကိုးကို ကျင့်ကြံရန် အာရုံစိုက်သည်။
အဆင့်ကိုးသည် ပြီးခဲ့သော အဆင့်များထက် အများကြီး ပိုခက်ခဲလှသည်။ နွေဦးမှသည်ဆောင်း၊ ဆောင်းမှသည် နွေဦးသို့ အလီလီ ပြောင်းလဲလျက် တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်လာခဲ့သော်ငြား တံခါးပိတ် ကျင့်ကြံနေသော အခန်းကမူ ပိတ်ထားလျက် ရှိနေဆဲသာ။ လှိုဏ်ဂူတခွင်ကိုလည်း ဖုန်များက သိပ်သိပ်သည်းသည်း ဖုံးနေလေပြီ။ ၎င်းလှိုဏ်ဂူမှာ ရှေးဟောင်းအုတ်ဂူတစ်ခု ဖြစ်နေသည့်အလား။
အနီးဝန်းကျင်ပင်လယ်ပြင်၏ အေးချမ်းသာယာသော မနက်ခင်းတစ်ခု၌ ပင်လယ်ငှက်တစ်ကောင်သည် ဝဲပျံနေရင်း ရံဖန်ရံခါ အော်မြည်သံ ပြုလျက် ရှိသည်။ ထိုမြင်ကွင်းကား လှပသည်။ သို့သော် ခဏအကြာတွင် အလင်းတန်းတစ်ခုသည် မိုးကုပ်စက်ဝန်းထံမှ ရုတ်တရက် ပေါ်လာသည်။ မိုးပြာနှင့် အနီရောင်အလင်းတန်းများသည် ပင်လယ်မြူထံ ဦးတည်၍ ကသောင်းကနင်း ပျံသန်းလာကြသည်။ သည့်နောက်မှာ ထိုအလင်းအတွင်းမှ လူရိပ်များ ပေါ်လာသည်။ သူတို့သည် အမျိုးသမီးသုံးယောက်နှင့် အမျိုးသားသုံးယောက်အုပ်စုတို့ပင်။ အခြေခံတည်ဆောက်ခြင်း အစောပိုင်း ကျင့်ကြံသူတစ်ယောက်ဖြစ်သူ သက်လတ်ပိုင်းလူတစ်ယောက်ကလွဲ၍ ကျန်သူအားလုံးမှာ ချီစုဆောင်းခြင်းအဆင့်၌သာ ရှိကြသည်။ သူတို့အားလုံးသည် အသက်အားဖြင့် ဆယ့်ခုနစ်နှစ်မှ နှစ်ဆယ်လေး ဝန်းကျင်လောက်သာ ရှိရော့မည်။ သူတို့က နောက်သို့ လှည့်ကြည့်လှည့်ကြည့်ဖြင့် အသည်းအသန် ပျံသန်းနေကြခြင်းပင်။ သူတို့နောက်မှ တစ်ယောက်ယောက် လိုက်လာသည့်အလား။
သူတို့ထဲမှ အမျိုးသမီးငယ်တစ်ယောက်က အံတင်းတင်းကြိတ်လျက် ပြောသည်။
“ဦးလေးစွန်း…။ ပင်လယ်မြူထဲမှာ ခဏလောက် နားကြရအောင်လား။ မဟုတ်ရင် သူတို့ ကျမတို့ကို မီလာရင် ကျမတို့ တောင့်ခံနိုင်တော့မှာ မဟုတ်လောက်ဘူး…”
ထိုအမျိုးသမီးငယ်သည် မျက်နှာဝိုင်းဝိုင်း၊မျက်လုံးမျက်ဆံ ကြီးကြီး ဖြစ်၏။ သူမသည် အတော်အတန် ချစ်ဖွယ်ကောင်းသော်လည်း ခုချိန်တွင်မူ တစ်ကိုယ်လုံး ချွေးပြန်လျက် သူမ၏ အသားအရေမှာလည်း ဖြူစုပ်လျက် ရှိသည်။ သူမ၏ မှော်စွမ်းအားများက ကုန်ခမ်းလျက် မောပန်းနေသည့်အလား။
“ဒါက…” သက်လတ်ပိုင်းလူသည် ခဏ ရပ်ပြီး အခြား ချီစုဆောင်းခြင်းကျင့်ကြံသူ သုံးယောက်ကို ကြည့်သည်။ သူတို့က ထိုမိန်းကလေးထက်စာလျှင် အခြေအနေ အနည်းငယ် ပိုကောင်းသည့်ပုံ ပေါ်သော်လည်း ကြာကြာတောင့်ခံနိုင်တော့မည့်ဟန် မရပေ။
သူတို့နောက်ဘက်သို့ အလျင်စလို လှမ်းကြည့်ကြည့်ပြီးနောက်မှာ ထိုသက်လတ်ပိုင်းလူက အင်တင်တင်နှင့် သဘောတူလိုက်သည်။
“ကောင်းပြီ…ကျုပ်တို့ မြူထဲ ဝင်ပြီး မှော်စွမ်းအား ပြန်ဖြည့်တင်းကြတာပေါ့။ ပြီးရင်တော့ ချက်ခြင်း ပြန်ထွက်ခွာမယ်။ ကျုပ်တို့ဟာ သူတို့နဲ့ အကွာအဝေးတစ်ခုလောက် ခြားနေတယ် ဆိုပေမဲ့ သူတို့သဟာ ကျုပ်တို့နောက်ကို လိုက်လာနိုင်စွမ်း ရှိတုန်းပဲ။ ဒါ့ကြောင့် ဂရုစိုက်တာ အကောင်းဆုံးပဲ။ သူတို့ကသာ ကျုပ်တို့ကို မီသွားခဲ့ရင် အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူး…”
ထိုစကားကိုကြားမှ လူငယ်လေးတိုင်းသည် စိတ်သက်သာရာရဟန် ဖြစ်ပေါ်၏။ သူတို့၏ ကျင့်ကြံခြင်းမှာ အမှန်တကယ် နိမ့်ပါးလှ၏။ သူတို့က ပျံသန်းနိုင်ရန် အစွမ်းကုန် အားကုန် သုံးနေရသည်။ သူတို့သည် ရပ်နားခြင်းက အလွန်အန္တရာယ်များမှန်း သိပေမည့် အခြား လုပ်နိုင်စွမ်းလည်း ရှိမနေပေ။
ဤသို့ဖြင့် ထိုအုပ်စုသည် ပင်လယ်မြူထဲ ပျံသန်းဝင်လာသည်။
ထိုအုပ်စုက မြူထဲသို့ ဝင်လာပြီး သိပ်မကြာခင်မှာပင် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ယောက်က မျှော်လင့်ချက် ရောင်ခြည်သမ်းကာ ပြောလာသည်။
ဒီနေရာရဲ့ ပင်လယ်မြူဟာ သိပ်သည်းလွန်းတာပဲ။ “ကျနော်တို့ ဒီမှာ စောင့်နေပြီး သူတို့ လိုက်လံတာကနေ ပုန်းကွယ်ချင် ပုန်းကွယ်နိုင်တာပဲ…”
“အဲ့လို စဉ်းတောင် မစဉ်းစားနဲ့။ ငါတို့က သူတို့ကို ဘယ်လို မျက်ခြေဖျက်ရမလဲ မသိပေမဲ့ ဒီလောက်မြူထုနဲ့တော့ သူတို့လက်ထဲကနေ ငါတို့ကိုယ်ငါတို့ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။ လူတိုင်းပဲ ခပ်နိမ့်နိမ့်က ပျံသန်းပြီး တို့ နားနိုင်မဲ့ ကျောက်ဆောင်တွေများ ရှိမလား ကြည့်ကြည့်ကြပါ…”
သက်လတ်ပိုင်းလူက သူ၏ စကားကို တည့်ငြင်းဆန်သည့်အခါ လူငယ်သည် ရှက်သွားပြီး ခေါင်းငုံ့သည်။ အခြားသူများက အခြေခံတည်ဆောက်ခြင်းအဆင့် ထိုသူ၏ နောက်မှ နီးနီးကပ်ကပ် လိုက်ပါလာကြသည်။ သူတို့သည် နောက်မှာ မကျန်နေဝံ့ပေ။
ခဏအကြာတွင် အဝါရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ယောက်သည် ရုတ်တရက် အံ့အားတသင့် အော်ပြောသည်။
“အယ်…ဒီမှာ ကျွန်းတစ်ကျွန်း ရှိနေတာပဲ…”
ထိုမိန်းမပျို အော်မပြောလျှင်လည်း သူတို့သည် မြူများကြား နက်နက် တိုးဝင်လာပြီးနောက်မှာ ကျွန်းကို ကောင်းစွာ မြင်ကြသည်သာ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အံ့အားတသင့် မကြည့်မိဘဲ မနေနိုင် ဖြစ်ကုန်သည်။
သာမန်ရုပ်သွင်နှင့် အပြာရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသမီးငယ်တစ်ယောက်က ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလာသည်။
“ဒီမှာများ နတ်ဆိုးသားရဲ တစ်ကောင်ကောင် ရှိနေနိုင်လောက်လား”
သက်လတ်ပိုင်းလူသည် တွေဝေသွားသေးသည်။ သို့သော် ခဏအကြာတွင် သူက ပြတ်ပြတ်သားသား ပြောလာသည်။
“ကံတော့ မဆိုးလောက်တော့ပါဘူး။ အဲ့လိုမျိုး ကံဆိုးခဲ့ရင်တောင် ငါတို့ ဘာမှ မတတ်နိုင်ဘူး။ ဒါ့ကြောင့် အချည်းနှီး အပိုတွေ စဉ်းစားမနေတော့နဲ့။ မြန်မြန်…အဲ့ကျွန်းကို သွားပြီး မင်းတို့ရဲ့ မှော်စွမ်းအားကို ပြန်ဖြည့်တင်းကြ…”
အခြားသူများသည် ထိုစကားကို ကြားသည့်အခါ ဘာမျှ ထပ်မပြောတော့ပေ။ သူတို့သည် ကျွန်းထံသို့ နိမ့်၍ ပျံသန်းလာကြသည်။ သက်လတ်ပိုင်းလူက ကျွန်းပေါ်သို့ ခြေချပြီးနောက်မှာ သူ့စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်၏။ သည့်နောက် သူက ကျေနပ်ပျော်ရွှင်သွားပြီး လက်ညွှိုးထိုး၍ ပြောသည်။
“ဟိုနားမှာ သွားထိုင်ကြမယ်။ အဲ့မှာ စိတ်ဝိညာဉ်ချီ အတော်လေး ကြွယ်ဝတယ်…”
သူ ညွှန်ပြသော နေရာသည် ကျွန်း၏ တစ်ခုတည်းသော တောင်ရှိနေသည့် နေရာပင်။ သူတို့အုပ်စုက သည်စကားကို ကြားသည့်အခါ စိတ်အားတက်ကြွလာ၏။
ယင်းနောက်မှာမူ သက်လတ်ပိုင်းလူက ဦးဆောင်သွား၏။ အခြားသူများက သူ့နောက်မှ လိုက်လာသည်။ သူတို့က မှော်စွမ်းအား လုံလောက်စွာ ပြန်ဖြည့်တင်းနိုင်ခဲ့လျှင် လာမည့် ဘေးဒုက္ခမှ လွတ်မြောက်နိုင်စွမ်း ရှိချင်ရှိလာနိုင်၏။ သူတို့သည် ဤသို့ အခွင့်အရေးကို လက်မလွှတ်မှာ သဘာဝပင်။
တအောင့်ကြာပြီးနောက်မှာ ထိုအုပ်စုသည် တောင်တန်းနား ရောက်လာပြီး တောင်ငယ်တစ်ခုပေါ်မှာ ထိုင်ကြ၏။ သူတို့အားလုံး၏ လက်ထဲ၌ စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးစီ ကိုင်ထားလျက် ဖြည်းဖြည်းချင်း စကျင့်ကြံကာ အနီးဝန်းကျင်မှ သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူကြကုန်၏။