← Chapters

မိုးပြာဝိညာဉ်ဂိုဏ်း

Vol. 38 Ch. 530

မိုးပြာဝိညာဉ်ဂိုဏ်း

Vol. 38 Ch. 530

ပင်လယ်ရနံ့ကို သယ်ဆောင်လာသော လေပြေလေညင်းကလွဲ၍ ထိုကျင့်ကြံသူအုပ်စု ခွန်အားဖြည့်တင်းနေသော နေရာသည် လုံးဝ တိတ်ဆိတ်လျက် ရှိသည်။ သူတို့အုပ်စုသည် စိတ်အေးလက်အေး ပိုရှိလာပြီး သူတို့၏ မျက်လုံးထဲ၌လည်း သတ္တိတို့ ပိုအရိပ်ထင်လာ၏။ အချိန်ကုန်တာ မြန်သည်။ နှစ်နာရီလောက် ကြာပြီးနောက် ထိုအုပ်စုသည် သူတို့ မှော်စွမ်းအားအများစုကို ပြန်ရလာခဲ့ပြီ ဖြစ်၏။ သူတို့၏ အသားအရေမှာလည်း ပုံမှန်နီးပါး ပြန်ဖြစ်လာခဲ့ချေပြီ။

သက်လတ်ပိုင်းလူသည် မျက်လုံးဖွင့်လာသည်။ အခြားလေး‌ယောက်၏ အခြေအနေကို စူးစမ်းကြည့်ပြီး သူက ချက်ခြင်း အမိန့်ပေးသည်။

“ငါတို့ သွားကြမယ်။ ငါတို့ ဒီမှာ ကြာကြာ နေလို့ မဖြစ်ဘူး။ ဟိုအရာတွေက တို့နောက်ကို မြန်မြန် လိုက်လံနေကြတယ်...”

ထိုသို့ ပြောပြီး သူက ထရပ်ကာ ဦးဆောင်၏။

ချီစုဆောင်းခြင်း ကျင့်ကြံသူများက အင်တင်တင် ဖြစ်နေသော်လည်း သူတို့က ကလန်ကဆန် မလုပ်ဝံ့ဘဲ ထရပ်ပြီး သူတို့၏ မှော်ပစ္စည်းများပေါ်သို့ အလျင်အမြန် တက်ကြသည်။ သို့သော် ထိုအခိုက်မှာ ကျယ်လောင်စွာ မြည်သံများကို ကျွန်း ပတ်ပတ်လည်၌ ရုတ်တရက် ကြားရ၏။ ၎င်းအသံများက မြူများအတွင်းမှ ထွက်ပေါ်လာကြသည့်အလား။

“မကောင်းတော့ဘူး...” သက်လတ်ပိုင်းလူက မျက်စိမျက်နှာပျက်လျက် အော်လိုက်၏။ အခြားလေးယောက်မှာလည်း ချက်ခြင်း ဖြူဖပ်ဖြူရော် ဖြစ်ကုန်သည်။ သူတို့အထက်ရှိ မြူများထဲမှ မီးခိုးရောင်ငှက်ကြီးဆယ့်နှစ်ကောင်အုပ် ထွက်ပေါ်လာသည်။ ထိုငှက်များမှာ သုံးမီတာလောက် အရှည်ရှိပြီး ၎င်းတို့၏ နှုတ်သီးများက ချွန်မြလျက် ထက်မြနေသည့် ခြေသည်းလက်သည်းများလည်း ပိုင်ဆိုင်၏။ ၎င်းတို့ထံမှ မိုးပြာအလင်း ခပ်သဲ့သဲ့ ထုတ်လွှတ်လျက် ရှိ၏။ ၎င်းငှက်များသည် ရုပ်စိုးစိုးနှင့် ကြမ်းကြုတ်ရက်စက်မည့်ဟန် ပေါ်၏။

ထိုငှက်များက ပေါ်လာပြီးနောက်မှာ ကျွန်းပေါ်သို့ ချက်ခြင်း မသက်ဆင်းလာကြပေ။ ထိုအစား ၎င်းတို့က ကျွန်းကို ပတ်၍ ပျံသန်းပြီး အုပ်စုခွဲကာ ကျင့်ကြံသူအုပ်စု လွတ်မြောက်နိုင်မည့် လမ်းကြောင်းများကို ပိတ်ဆို့သည်။

သက်လတ်ပိုင်းကျင့်ကြံသူသည် ထိုမြင်ကွင်းကို မြင်သည့်အခါ စိတ်နှလုံး ချောက်ချားသွားသည်။

“ပြေး..တောထဲ မြန်မြန် ဝင်ပြေးပြီး လွတ်နိုင်မဲ့ အခွင့်အရေး ရတဲ့အထိ စောင့်ကြ...”

ငှက်သားရဲများကို ရင်ဆိုင်ဖူးသည့်ပုံ ရသော သက်လတ်ပိုင်းလူသည် အခြားသူများကို တောထဲသို့ မြန်မြန် ဝင်ပြေးရန် အလျင်စလို အမိန့်ပေး၏။ ကျန်လေး‌ယောက်မျာ သတိလက်လွတ်ဖြစ်သည့်အထိ ကြောက်နေသည် ဖြစ်ရာ သူတို့သည် သူ့အမိန့်အတိုင်း မေးခွန်းပြန်ထုတ်မနေဘဲ မြန်မြန်ပြေးကြတော့သည်။

ကြောက်ဇောအဟုန်ကြောင့် သူတို့၏ အမြန်နှုန်းက အဆင့်သစ်တစ်ခုထိပါ ရောက်သွား၏။ လျှပ်တပြတ်အတွင်း သူတို့သည် တောအုပ်ထဲ ရောက်ကုန်၏။ သို့ရာတွင် တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုသည် ရုတ်တရက် ပေါ်လာ၏။

သူတို့အုပ်စု တောအုပ်နှင့်အထက် ဆယ်မီတာအကွာသို့ ရောက်လာရုံ ရှိသေး သူတို့၏ မျက်စိရှေ့၌ အစိမ်းရောင်အလင်း ရုတ်ချည်း တောက်ပသွားခြင်းနှင့်အတူ တောအုပ်မှာ သဲလွန်စမရှိ ပျောက်ကွယ်သွားတာကို အံ့အားတသင့် တွေ့ရလေ၏။ ထိုတောအုပ်နေရာ၌ တုန်လှုပ်ဖွယ်ကောင်းလောင်အောင် သိပ်သည်းလှသည့် စိတ်ဝိညာဉ်ချီများ ထုတ်လွှတ်နေသော တောင်တန်းအစိမ်းသက်သက်တစ်ခုက အစားထိုးနေသည်။

“ဒါက ပုံရိပ်ယောင်အစီအရင်တစ်ခုပဲ...” အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်က အလန့်တကြား ထအော်၏။

“ဒီမှာ တာအိုရောင်းရင်း တစ်ယောက်ယောက်များ ရှိနေတာလား...” ဗလတောင့်တောင့်နှင့်လူငယ်က ကျေနပ်အံ့အားသင့်ဟန်ဖြင့် ထိုသို့ ဆိုသည်။

အတော်လေး အံ့အားသင့်သွားပြီး သက်လတ်ပိုင်းလူက ခပ်တိုးတိုး ပြော၏။

“ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကျုပ်တို့အတွက် အသက်ရှင်နိုင်မဲ့ အခွင့်အရေးပဲ။ ဒီအစီအရင်ကို အသုံးပြုပြီး စွန်ငှက်သားရဲတွေရန်ကနေ ကာကွယ်နိုင်ဖို့ မျှော်လင့်ရမှာပဲ...”

ထိုသို့ ပြောကြဆိုကြပြီး သူတို့အုပ်စုသည် ပုံရိပ်ယောင်အတွင်းပတ်ပတ်လည်ကို ဝေ့ခတ် မကြည့်ရှုဘဲ မနေနိုင် ဖြစ်ကြရ၏။ ထိုအခိုက်တွင် ကြမ်းကြုတ်သည့်ငှက်များသည် သူတို့ကို ရုတ်တရက် မတွေ့မမြင်တော့သည် ဖြစ်၍ ဂနာမငြိမ် ဖြစ်ကုန်သည်။ ငှက်များသည် အော်ဟစ်နေကြပြီး သည့်နောက်မှာတော့ အောက်ဘက်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာကြ၏။

သက်လတ်ပိုင်းလူသည် မျက်နှာပျက်သွားပြီး ပြောလာသည်။ “မကောင်းတော့ဘူး။ ဒီစွန်ငှက်သားရဲတွေအပေါ် ပုံရိပ်ယောင်သက်ရောက်မှုဟာ သိပ်ကြာကြာခံမှာ မဟုတ်ဘူး။ တောင်ပေါ် မြန်မြန်တက်ကြ။ အဲ့မှာ အစီအရင်မန္တာန်အော်ရာတစ်ခု ရှိနေတယ်...”

ကျန်သည့် ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်ပြီးနောက်မှာ သက်လတ်ပိုင်းလူနောက်သို့ စိုးရိမ်ပူပန်တကြီး အမူအရာများဖြင့် လိုက်လံလာသည်။ သူတို့က မဝေးမလှမ်းလှသော အကွာအဝေးတစ်ခုထံ ပျံသန်းလာကြပြီး နောက်မှာ အဖြူရောင်အလင်းအလွှာတစ်ခုသည် ၎င်းဘာသာ ပေါ်လာပြီး သူတို့၏လမ်းကို ပိတ်ပင်တားဆီးသည်။

သက်လတ်ပိုင်းလူက ထိုသည်ကို မြင်သည့်အခါ ကြိတ်ပျော်သွားသည်။ သူက ချက်ခြင်း လက်ဝေ့ရမ်းပြီး အသံပို့လွှတ်ခြင်းအဆောင်တစ်ခုကို ဆင့်ခေါ်သည်။ ၎င်းအထဲသို့ စကားအချို့ ပို့လွှတ်ပြီး သူက အဆောင်ကို ပစ်မြှောက်သည်။ ထိုအဆောင်သည် မီးအလင်းတန်းအဖြစ်သို့ ပြောင်း၍ မျက်စိတစ်မှိတ်အတွင်း အလင်းအရံအတားထဲသို့ ပျောက်ကွယ်သွားချေသည်။ အခြားသူများက ထိုမြင်ကွင်းကို ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်နေကြပြီး သူ့ကို အနှောက်အယှက် မဖြစ်စေဝံ့ကြပေ။

ခဏကြာပြီးနောက်မှာမူ ငှက်သားရဲများက ပုံရိပ်ယောင်အစီအရင်ထဲ ပျံသန်းလာ၏။ ၎င်းတို့က ကျင့်ကြံသူအုပ်စုကို ခပ်မြန်မြန် ရှာတွေ့သွားပြီး အရူးအမူး ပျံသန်းပြေးဝင်လာသည်။

သက်လတ်ပိုင်းလူသည် မျက်နှာအပျက်ပျက်ဖြင့် သူတို့နောက်မှာ အလင်းအရံအတားကို တစ်ချက်လှမ်းကြည့်သည်။ သူက အံတင်းတင်းကြိတ်လျက် ချီစုဆောင်းခြင်း ကျင့်ကြံသူများကို ခပ်တိုးတိုး အမိန့်များပေးသည်။ ချီစုဆောင်းခြင်း ကျင့်ကြံသူများမှာလည်း မျက်စိမျက်နှာ ပျက်ယွင်းနေလေပြီ။ သို့ပေမည့် သူတို့သည် သားရဲငှက်များ၏ တိုက်ခိုက်မှုကို ခုခံရန် သူတို့၏ မှော်လက်နက်များကို အသင့်ပြင်ထားကြဆဲပင်။

သို့သော် စွန်ငှက်သားရဲများသည် သူတို့အုပ်စုနား ရောက်ချလာတော့မည့် အခါတွင် မထင်မှတ်သည့် တစ်ခုခု ဖြစ်လာသည်။ အရောင်မျိုးစုံအလင်းတန်း ရာချီသည် အဖြူရောင်အလင်းအရံအတားမှ ရုတ်တရက် ထိုးထွက်လာ၏။ အလင်းတန်းတစ်ခုစီကား အံ့မခန်း ထက်ရှလျက် ရှိ၏။ ချက်ခြင်းပင် သက်ဆင်းလာသော စွန်ငှက်သားရဲများ၏ ကိုယ်ပေါ်များတွင် အပေါက်များ ဖြစ်ကုန်ပြီး သူတို့၏ အသွေးအသားများ ပျက်စီးသွားသံများကိုပါ ကြားရချေသည်။

ငှက်သားရဲများသည် အသက်ထွက်သွားပြီး အသံပင် မထွက်နိုင်ဘဲ အောက်သို့ ပြုတ်ကျကုန်သည်။

“ဒါက...”

ထိုအခြေအနေကြောင့် အနှီကျင့်ကြံသူအုပ်စုသည် အူမြူးသွားပြီး အလင်းအရံအတားထံ လှည့်မကြည့်မိဘဲ မနေနိုင် ဖြစ်ကုန်သည်။

သူတို့သည် အလင်းအရံအတားတစ်ဖက်၌ လူဝံကြီးဆယ်ကောင်ကျော်ကို မြင်ရသည့်အခါတွင်မူ အတော်ကြာသည့်အထိ တုန်လှုပ်ရပြန်သည်။ စစချင်း သူတို့သည် ထိုလူဝံကြီးများကို နတ်ဆိုးသားရဲများနှင့် မှားကာ အလန့်တကြား ဖြစ်သွားသေးသည်။ သို့သော် ခဏအကြာတွင် သူတို့က ထိုလူဝံများနှင့် ပတ်သက်ပြီး တစ်ခုခု ထူးခြားနေတာကို တွေ့သည်။ သည့်နောက်မှာ သူတို့သည် ၎င်းတို့မှာ ရုပ်သေးများသာ ဖြစ်မှန်း သိသွားကြသည်။ ရုပ်သေးများက လက်များ ပင့်မြှောက်ထားကြ၏။ အစောတုန်းက အလင်းတန်းများသည် သူတို့လက်များထံမှ ထွက်လာခဲ့တာ ဖြစ်ရမည်။

သည်အခါကျမျှ ထိုအုပ်စုသည် လုံးဝ စိတ်အေးနိုင်တော့သည်။

ခဏအကြာတွင် လူဝံကြီးများသည် သူတို့၏လက်များကို ဖြည်းဖြည်းချင်း ပြန်ချ၏။ အဖြူရောင်လင်းလက်ခြင်းနှင့်အတူ သူတို့သည်လည်း မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

အံအားသင့်မှုကြောင့် ထိုအုပ်စု၏ အမူအရာများသည် ဆက်တိုက် ပြောင်းလဲနေစဉ် အဖြူရောင်အရံအတားသည် သုံးလေးကြိမ်လောက် လင်းလက်သွားပြီး သုံးမီတာမျှဗြက်ရှိသည့် လမ်းကြောင်းတစ်ခု ပွင့်ဟသွား၏။

ထိုအုပ်စုက ဤသည်ကို မြင်သည့်အခါ တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကြသည်။

အမျိုးသားတစ်ယောက်၏ အသံသည် ဖြေးဖြေးမှန်မှန် ထွက်ပေါ်လာသည်။

“ခုလက်ရှိ ကျုပ်က တံခါးပိတ်ကျင့်ကြံနေတာ။ ဒါ့ကြောင့် မင်းတို့ကို တွေ့ဖို့ အဆင်မပြေဘူး။ မင်းတို့တွေ အရံအတားထဲမှာ ခဏနားပြီးရင် ထွက်သွားကြတော့...”

ထိုစကားအရ အစီအရင်မန္တာန် ပိုင်ရှင်သည် သူတို့နှင့် တွေ့ဖို့ နည်းနည်းလေးမျှ စိတ်ကူး မရှိပုံ ရသည်။

“စီနီယာရဲ့ ကြင်နာမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမဲ့လို့ နတ်ဆိုးသားရဲတွေ သေသွားပြီဆိုတော့ ကျုပ်တို့ အပြင်ဘက်မှာ နားရင်လည်း အဆင်ပြေပါပြီ။ စီနီယာရဲ့ ကျင့်ကြံမှုအပေါ် ကျနော်တို့ နည်းနည်းလေးမျှ ထပ်မနှောက်ယှက်ဝံ့ပါဘူး...”

သက်လတ်ပိုင်းကျင့်ကြံသူသည် အသံပိုင်ရှင်၌ မကောင်းသည့် သဘောကို မခံစားမိသော်လည်း သူသည် သူစိမ်းတစ်ယောက်၏ အစီအရင်ထဲသို့ မဝင်ရဲပေ။ သို့ဖြစ်၍ သူက သတ္တိမွေးကာ ငြင်းလိုက်ခြင်း ဖြစ်သည်။

ဟားဟား...မင်းက အ‌တော်လေး သတိရှိတာပဲ။ ဒါပေမဲ့ အခုလိုဆိုမှတော့ မင်းတို့ရဲ့ အခြေအနေ ကျုပ်ကို ပြောပြရင်ကော။ မင်းတို့နောက်ကို ဘာလို့ အဆင့်နှစ်သားရဲတွေက လိုက်လံနေရတာလဲ...”

ထိုအသံပိုင်ရှင်သည် နည်းနည်းလေးမျှ အရေးမစိုက်ဟန်ဖြင့် ပြောလာသည်။

သက်လတ်ပိုင်းလူသည် နောက်ဆုံး၌ စိတ်အေးသွား၏။ သူက တလေးတစားလေသံဖြင့် ခပ်သွက်သွက် ပြန်ဖြေလာသည်။

“ကျနော်က မိုးပြာဝိညာဉ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ။ ကျနော်တို့ဟာ စိတ်ဝိညာဉ်ဆေးပင်အချို့ ခူးဆွတ်ဖို့ ထွက်လာခဲ့ကြတာပါ။ လမ်းမှာ နတ်ဆိုးသားရဲတွေက ကျနော်တို့ကို တွေ့သွားပြီး လိုက်လံလာခဲ့တာ ဖြစ်ပါတယ်။ စီနီယာသာ မကယ်တင်ပေးခဲ့ဘူးဆို ဒီဂျူနီယာတွေဟာ ကပ်ဘေးတစ်ခု ရင်ဆိုင်နေရလောက်ပါပြီ...”

ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ အသံပိုင်ရှင်သည် မထူးခြားနားစွာဖြင့် ပြောလာသည်။

“မင်းတို့ရဲ့ မိုးပြာဝိညာဉ်ဂိုဏ်းက မင်းတို့ ငါးယောက်ကိုပဲ လွှတ်လိုက်တာလား။ ဂိုဏ်းအကြီးအကဲတွေက ဘာကြောင့် မဦးဆောင်တာလဲ။ မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်လောက်နဲ့ ပင်လယ်ပြင်ထဲမှာ ဆေးပင်ရှာတာဟာ သေလမ်းတူသလိုပဲ ဆိုတာ မင်း မသိတာလား။ မင်းတို့ဂိုဏ်းမှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ တစ်ယောက်မျှ မရှိဘူးဆိုရင်တောင် အခြေခံတည်‌ဆောက်ခြင်းကျင့်ကြံသူ အုပ်စုတစ်စု ဆိုရင် အဆင့်နှစ်သားရဲတွေဟာ ချိန်းချောက်နိုင်လိမ့်မှာ မဟုတ်ဘူး...”

သည့်နောက်မှာ သက်လတ်ပိုင်းကျင့်ကြံသူက တုံ့ဆိုင်းဆိုင်း ဖြစ်သွား၏။ သူက ချီတုံချတုံ ဖြစ်နေသေးသည်။ ပြီးမှ သူက ခါးသီးစွာ ပြုံး၍ ပြောလာသည်။

“စီနီယာတွေလား။ ကျနော်တို့ မိုးပြာဝိညာဉ်ဂိုဏ်းဟာ ဂိုဏ်းငယ်လေးတစ်ခုသာသာပါ။ ကျနော်တို့မှာ အမြုတေဖွဲ့စည်းခြင်း အကြီးအကဲတစ်ယောက် ပိုင်ဆိုင်ခဲ့ဖူးပေမဲ့ သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက သားရဲစီးကြောင်းမှာ သေဆုံးသွားခဲ့ရတယ်။ အခု ကျနော်တို့ ဂိုဏ်းမှာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေပဲ ရှိပါတော့တယ်။ ဒါပေမဲ့ အရေအတွက်အားဖြင့်တော့ မများလှပါဘူး...”

သက်လတ်ပိုင်းလူသည် သူ၏ ပြန်ဖြေကြားမှုအပေါ် စဉ်းစားနေမိ၏။ သူက သူတို့ဂိုဏ်း၏ အခြေအနေနှင့် ပတ်သက်ပြီး ကြားသွားသည့်နောက်မှာ ထိုစီနီယာသည် မကောင်းသည့် အကြံများ ရှိနေမှာကိုလည်း စိုးရိမ်လျက် ရှိ၏။ သို့သော် သည့်ထက် ပိုတွေးကြည့်သည့်အခါတွင်မူ ထိုသူကသာ သူတို့ကို သတ်ချင်ခဲ့လျှင် သူ၏ ရုပ်သေးများသုံး၍ပင် အလွယ်တကူ သတ်နိုင်သည် မဟုတ်လား။

တကယ်တော့ သူ၏ ကျင့်ကြံမှုမှာ သူတို့ထက် အဆများစွာ သာလွန်လှသည်။ သူသာ ထိုစီနီယာကို သတင်းအချက်အလက်များ ဖုံးကွယ်ခဲ့လျှင်သာ သူ့အဖို့ အန္တရာယ်များနိုင်ပြီး သူတို့အားလုံး မရဏလမ်း မြန်းရနိုင်ခြေ ရှိနေ၏။ သို့ဖြစ်၍ သက်လတ်ပိုင်းလူက အရိုးသားဆုံး ပြန်ဖြေနေတာပင်။

“သားရဲစီးကြောင်းလား။ ဒါဖြစ်ခဲ့တုန်းက အချိန်ဘယ်လောက်ကြာခဲ့လဲ။ ဒီနတ်ဆိုးသားရဲတွေနဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်ခဲ့တာမျိုး ရှိလား...”

သူ၏အသံသည် သတိထားနေသည့်ဟန် ပါဝင်နေပုံ ရသည်။ သက်လတ်ပိုင်းလူသည် ထိုစကားကို ကြားသည့်အခါ ပို၍ တုန်လှုပ်သွားသည်။ သူတို့အုပ်စုမှ လူငယ်များသည်လည်း အံ့ဩဘနန်း ဖြစ်နေကြပုံ ပေါ်နေသည်။

All Chapters