မထူးခြားသည့် တောင်းပန်မှု
Vol. 38 Ch. 531
သက်လတ်ပိုင်းလူသည် သက်ပြင်းရှည်ချကာ ခပ်တိုးတိုး ပြောလာ၏။
“စီနီယာဟာ သားရဲစီးကြောင်းအကြောင်း မသိဘူးထင်တယ်။ ကြည့်ရတာ စီနီယာက နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေတော့ ပြင်ပလောကရဲ့ ကိစ္စရပ်တွေကို သတင်းမရလိုက်ပုံ ရတယ်…”
“မင်း လေသံအရဆို အခြေအနေတွေက အတော်ဆိုးဝါးတယ်ပုံပဲ…”
ထိုအသံပိုင်ရှင်၏ စကားသံမှာ အတော်လေး အေးစက်သော်လည်း သူ၏ စကားထဲ၌ စိတ်ဝင်စားဟန် အရိပ်အယောင် ပါနေသည်။ သက်လတ်ပိုင်းလူမှာ ဆွံ့အသွားရသည်။ ပြင်ပလောကရှိ အခြေအနေများသည် ဆိုးဝါးလှသည်ဟု ဖော်ပြ၍ပင် မရနိုင်ချေ။ သည်လူကား နှစ်ပေါင်းမည်မျှကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့ရသနည်း။ သူသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်က ဖြစ်ပွားခဲ့သည့် ကပ်ဘေးအဖြစ်အပျက်ကိုပင် မသိနေလေပေ။
သို့ပေမည့် ဤသည်က သက်လတ်ပိုင်းလူကို အတော်လေး စိတ်သက်သာရာ ရသွားစေ၏။ ထိုကဲ့သို့ အဆင့်အတန်းရှိသူသည် သူတို့ကို ဘာာအကြောင်းမှ မရှိလေဘဲ အဆင့်နှိမ့်ချ၍ တိုက်ခိုက်လာနိုင်ချေ နည်းသည်ဟု သူ ခံစားမိသောကြောင့်ပင်။ ထိုအတွေးဖြင့် သက်လတ်ပိုင်းလူက လေးစားသည့်ဟန်အမူအရာ ထုတ်ဖော်ပြပြီး ပြန်ဖြေသည်။
“စီနီယာ…သားရဲစီးကြောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်က ဖြစ်ပျက်ခဲ့တာပါ။ အဲ့အချိန်တုန်းက ဂျူနီယာဟာ ချီစုဆောင်းခြင်းကျင့်ကြံသူပဲ ဖြစ်ခဲ့ပါသေးတယ်။ ကျနော်ကိုယ်တိုင် ဒီအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရပေမဲ့ ကျနော်တို့ဂိုဏ်းရဲ့ စီနီယာတွေကတော့ ဒီအကြောင်းကို အခါခါ ပြောခဲ့တာ ကြားခဲ့ဖူးပါတယ်။ နက်ရှိုင်းပင်လယ်ထဲက မရေမတွက်နိုင်တဲ့ သားရဲတွေဟာ ကျောက်တုံးနက်မြို့ကို ဝန်းရံပြီး အတောမသပ်နိုင်အောင် ထိုးနှက်ခဲ့ကြတယ်တဲ့။ ဒီကျွန်းကို မဟာအစီအရင်တွေနဲ့ ဝိုင်းရံပြီး စဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်တွေ ဦးဆောင်မှုနဲ့ ကျင့်ကြံသူ အများအပြားဟာ ကာကွယ်ခုခံကြပေမဲ့လို့ နတ်ဆိုးသားရဲတွေဟာ ရက်အနည်းငယ်အတွင်းမှာပဲ ကျူးကျော်လာနိုင်ခဲ့ကြတယ်။ ဒီလို ဗြောင်းဆန်နေတဲ့ အခြေအနေကနေ လွတ်မြောက်လာနိုင်တဲ့ ကျင့်ကြံသူ အနည်းငယ်ကလွဲလို့ ကျန်တဲ့သူအားလုံးဟာ အသတ်ခံခဲ့ရတယ်…”
သက်လတ်ပိုင်းလူသည် အားငယ်သည့်ဟန်ဖြင့် ဆက်ပြောသည်။
“အဲ့လိုမျိုးထိ ဖြစ်ခဲ့တာလား…။ အဲ့နောက်ကော ဘာဆက်ဖြစ်လဲ။ နတ်ဆိုးသားရဲတွေဟာ နက်ရှိုင်းပင်လယ်ထဲ ပြန်သွားကြလား…”
ထိုအသံပိုင်ရှင်သည် တုန်လှုပ်သွားဟန် တူသည်။ ပြီးမှ သူ့အသံက ပြန်တည်ငြိမ်၏။
“သားရဲတွေက အဲ့လိုတိုက်ခိုက်ပြီးတဲ့နောက် နက်ရှိုင်းပင်လယ်ထဲ ပြန်သွားခဲ့ရင်တော့ ပိုကောင်းခဲ့မှာပေါ့။ ဒါပေမဲ့လို့ ကျောက်တုံးနက်မြို့ကို ဖျက်စီးပြီးတဲ့နောက် ဒီကောင်တွေဟာ အဆင့်မြင့်နတ်ဆိုးသားရဲအချို့ ပါဝင်တဲ့ အုပ်စုတွေအဖြစ် ခွဲပြီး လူသားတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ ရပ်ဝန်းတွေကို စဖျက်စီးကြတော့တာပဲ။ ဒါပေမဲ့လို့ သားရဲစီးကြောင်း သတင်းကို ကြိုသိတဲ့အတွက် အများစုကတော့ လက်ဦးမှု ရယူပြီး ထွက်ပြေးနိုင်ခဲ့၊ ပုန်းအောင်း နိုင်ခဲ့ပါတယ်။ ခုထိ ကျင့်ကြံသူတွေနဲ့ သေမျိုးလူသားတွေဟာ တိုက်ခိုက်ခံနေရတုန်းပဲ…။ ဒီနတ်ဆိုးသားရဲတွေဟာ နက်ရှိုင်းပင်လယ်ထဲ ပြန်သွားခဲ့ပေမဲ့ ပုန်းကွယ်နေကြတဲ့ လူသာားတွေကို ရှာဖွေနေတဲ့ အဆင့်မြင့် သားရဲ အချို့တော့ ရှိနေဆဲပါ။ အချိန်တိုအတွင်း ပြင်ပပင်လယ်ပြင်မှာ ရှိတဲ့ သေမျိုးတွေဟာ မျိုးတုန်းလုနီးနီး ဖြစ်ခဲ့ရပါတယ်။ ကျင့်ကြံသူအများစုလည်း သေကုန်ခဲ့တယ်။ ကံကောင်းတာကတော့ အံ့ဖွယ်နက်ရှိုင်းကျွန်းရဲ့ အဝေးပင်လယ်ပြင်က ကျွန်းအချို့ပေါ်မှာတော့ ကျင့်ကြံသူတွေဟာ အထိုင်ချပြီး ပုန်းနေနိုင်သေးတာပဲ။ ခုလက်ရှိ အံ့ဖွယ်နက်ရှိုင်းကျွန်းကတော့ အဆင့်မြင့်သားရဲတွေရဲ့ နေရာ ဖြစ်သွားပြီ။ ဒီသားရဲတွေက ကျင့်ကြံသူတွေကို တွေ့တာနဲ့ အသေသတ်ဖို့ တိုက်ခိုက်ကြပါတယ်…”
သက်လတ်ပိုင်းလူ၏ အမူအရာ၌ ဝမ်းနည်းဟန် ဖြစ်ပေါ်လာသည်။ သည့်နောက်မှာမူ အသံပိုင်ရှင်လည်း အချိန်အတော်ကြာသည့်အထိ တိတ်ဆိတ်သွားတော့သည်။ သူက သည်သတင်းကို ချိန်ဆစဉ်းစားရန် အချိန်တစ်ခု လိုသည့်အလား။
ထို့နောက်တွင် အေးစက်စက် ရယ်မောသံ ထွက်ပေါ်လာပြီး သူက ဖြည်းဖြည်းချင်း ပြောသည်။
“ဟားဟား…အတော်လေး ရယ်စရာ ကောင်းတာပဲ။ ကျုပ်တို့ဟာ နတ်ဆိုးသားရဲတွေကို တိုက်ခိုက်အမဲလိုက်တဲ့ အနေထားကနေ ခုတော့ သားကောင်တွေ ပြန်ဖြစ်သွားပြီ…”
သူ့စကားလုံးများထဲ၌ လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု ပါနေသည်။ သူ့စကားကြောင့် ကျင့်ကြံသူအုပ်စုမှာ မင်သက်ကုန်သည်။
ထို့နောက်တွင်မူ အသံပိုင်ရှင်သည် မေးခွန်းများ ဆက်တိုက် မေးလာသည်။
“အံ့ဖွယ်နက်ရှိုင်းကျွန်းကို စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ အများအပြား စောင့်ကြပ်နေကြတာ မဟုတ်ဘူးလား။ သူတို့လည်း သားရဲစီးကြောင်းကို မသုတ်သင်နိုင်ကြဘူးလား။ ပြီးတော့ အံ့ဖွယ်နက်ရှိုင်းကျွန်းအပေါ် ဒီလောက် ကြီးမားတဲ့ ဘေးဒုက္ခ ကျရောက်တာကို အတွင်းပင်လယ်ပြင်က ဘာကြောင့် မတုန့်ပြန်လဲ။ အင်အားတွေ မလွှတ်ပေခဲ့တာလဲ။ ဒါမှမဟုတ် အတွင်းပင်လယ်ပြင်ရဲ့ အင်အားစုတွေက အံ့ဖွယ်နက်ရှိုင်းကျွန်းကို လုံးဝ လက်လွှတ်လိုက်ပြီလား…”
သူ့မေးခွန်းများက ထက်ရှနေသဖြင့် သက်လတ်ပိုင်းကျင့်ကြံသူသည် ထိုမေးခွန်းများထဲမှ အချို့အဝက်ကိုသာ ဖြေနိုင်တော့ပေမည်။
သေချာ စဉ်းစားပြီးနောက် သူက ဂရုတစိုက် ဖြေသည်။
“သားရဲစီးကြောင်း ဖြစ်ခဲ့တဲ့ နှစ်တုန်းက အဲ့တိုက်ခိုက်မှုမှာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ယောက် သေဆုံးခဲ့ပြီး အများစုကလည်း အသည်းအသန် ထွက်ပြေးခဲ့ကြရတယ်လို့ ကျနော် ကြားဖူးတယ်။ ဒီစီနီယာတွေရဲ့ သတင်းအစအနကို ဘာမှ မကြားရတော့ပေမဲ့ သူတို့ဟာ ကြီးမားတဲ့တစ်စုံတစ်ရာကို ကြံစည်နေကြတယ်လို့တော့ ပြောကြပါတယ်။ သူတို့ဟာ အံ့ဖွယ်နက်ရှိုင်းကျွန်းကို ပြန်တိုက်ခိုက် သိမ်းပိုက်ဖို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လို့ ဂျူနီယာဟာ တိကျတဲ့ အသေးစိတ်တွေကိုတော့ မသိနေပါဘူး။ အတွင်းပင်လယ်ပြင်ကတော့ သူတို့နဲ့ ဆက်သွယ်လို့ရတဲ့ အရာအားလုံးဟာ သားရဲစီးကြောင်း စတဲ့နေမှာတင် ဆုံးရှုံးသွားတော့တာပါပဲ။ တစ်ဖက်မှာ ဘာတွေ ဖြစ်ပျက်နေလဲ ဘယ်သူမှ မသိကြပါဘူး။ အကူအင်အားစုတွေ မပြောနဲ့ဦး တစ်ယောက်တစ်လေတောင် လာကူတာ မမြင်ရပါဘူး။ စီနီယာ ပြောခဲ့သလိုပဲ အတွင်းကြယ်ပင်လယ်ပြင်ဟာ အံ့ဖွယ်နက်ရှိုင်းကျွန်းကို လက်လွှတ်ခဲ့လောက်တာ ဖြစ်ဖို့များပါတယ်…”
ထိုသို့ ပြောပြီးနောက်မှာ သူ့အမူအရာမှာ သုန်မှုန်သွားသည်။ သားရဲစီးကြောင်းကြား ကံကောင်း၍ ရှင်သန်ခဲ့သူများသည် အတွင်းကြယ်ပင်လယ်ပြင်ထံ မကျေမချမ်း ဖြစ်နေခဲ့ကြသည်။
အသံပိုင်ရှင်သည် ခဏ တိတ်ဆိတ်သွား၏။ သည့်နောက်မှာ သူက မေးလာသည်။
“အဲ့လို အန္တရာယ်ရှိတဲ့ကြားကနေ မင်းတို့ ဂျူနီယာတွေဟာ ဒီလောက် အန္တရာယ်များထဲ ပင်လယ်ပြင်ကို ဘာကြောင့် ထွက်လာဝံ့တာလဲ။ မင်းတို့က သေတွင်းတူးနေကြတာလား…”
သက်လတ်ပိုင်းကျင့်ကြံသူသည် မသက်မသာဟန်ပန် ဖြစ်ပေါ်သွားသည်။ သို့သော် သူသည် ထိုသို့ မဖြေခင် အဝါရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အမူအရာသည် ဂနာမငြိမ် ဖြစ်လာပြီး ရုတ်တရက် သူမက ရှေ့သို့ တိုးလာသည်။
“စီနီယာ...ကျမအဖေဟာ မကိုက်ညီမသင့်တော်တဲ့ ကျင့်ကြံခြင်းပညာရပ်တစ်ခုကို ကျင့်ကြံခဲ့ပြီး သူ့အစစ်အမှန်အနှစ်သာရဟာ တန်ပြန်ဒဏ် ခံခဲ့ရပါတယ်။ သူ့သွေးကြောတွေဟာလည်း ပျက်စီးသွားပြီး သူ့ကို အိပ်ယာထဲ လဲသွားစေပါတယ်။ စီနီယာရဲ့ ကြီးမားတဲ့ စွမ်းအားနဲ့ဆို အဖေ့ကို ကယ်တင်ပေးဖို့ နည်းလမ်း ရှိမှာပါ။ စီနီယာကသာ ကျမအဖေကို ကယ်တင်ပေးနိုင်ရင် ဒီဂျူနီယာဟာ ပြန်ပေးဆပ်ပေးပါ့မယ်...”
အမျိုးသမီးငယ်သည် မျက်ရည်စများနှင့် တိုးလျှိုးတောင်းပန် စကားပြောလာသည်။ သူမ၏ပုံစံအသွင်မှာ သနားစရာပါ ကောင်းနေ၏။
အခြားသူများသည် ထိုစကားကို ကြားသည့်အခါ အကြီးအကျယ် တုန်လှုပ်ကုန်ပြီး တစ်ယောက်နှင့်တစ်ယောက် အကြောင်သား မကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ သို့သော် သက်လတ်ပိုင်းလူသည် ထိုစကားကို ကြားသည့်အခါ၌ သူ့စိတ်နှလုံး တုန်ရင်သွားပြီး သူက မိန်းကလေးငယ်ကို ချက်ခြင်း မာန်မဲလိုက်သည်။
“ရှင်းအာ...နင် ဘာအဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ။ စီနီယာအစ်ကိုက အိပ်ယာထဲ လဲနေတာ နှစ်ပေါင်း မနည်းတော့ဘူး။ သာမန်နည်းလမ်းတွေနဲ့ သူ့ကို ကုသနိုင်တော့မှာ မဟုတ်ဘူး။ ငါတို့က သူ့နာကျင်မှု သက်သာအောင်လို့ ဆေးဝါးသွားရှာဖို့ ခရီးထွက်လာခဲ့ကြတာ။ ဒါပေမဲ့ ဒီစီနီယာဟာ နင့်အဖေကို ဘယ်လို ကုပေးနိုင်မလဲ...”
သက်လတ်ပိုင်းလူသည် လောလောနှင့် ပြောလိုက်သော်လည်း သူ စကားပြောနေစဉ် သူ့အမူအရာမှာ တမျိုး ဖြစ်နေသည်။
အသံပိုင်ရှင်သည် အေးစက်စက် ရယ်မောလျက် ပျင်းရိပျင်းတွဲဟန်ဖြင့် ပြောသည်။
“သူ့အစစ်အမှန်အနှစ်သာရဟာ တန်ပြန်ဒဏ် ခံရပြီး သူ့သွေးကြောတွေကလည်း ကမောက်ကမ ဖြစ်နေတာမလား။ သူဟာ သူ့ကိုယ်သူ လိုအပ်တာထက် ပိုတွန်းအား ပေးခဲ့ပုံ ရတယ်။ ဒါတွေဟာ သူ့ကျင့်ကြံမှုဟာ မလုံလောက်ပဲ ပိုမြင့်တဲ့ ကျင့်ကြံခြင်းပညာရပ်ကို အတင်းအကြပ် ကျင့်ကြံခဲ့တဲ့ လက္ခဏာပဲ...”
ဤကျွမ်းကျင်သူသည် လူကိုယ်တိုင်ကိုယ်ကျ မမြင်ရလေဘဲ ရောဂါ၏ ဇစ်မြစ်ကို ပြောနိုင်နေပေသည်။ ဤသည်က သက်လတ်ပိုင်းလူ၏ မျက်နှာထက်၌ ပျော်ရွှင်ဟန် ဖြစ်ပေါ်သွားစေသည်။
“စီနီယာဟာ တကယ် ဗဟုသုတ ကြွယ်တာပဲ။ ကျနော့် စီနီယာအစ်ကိုဟာ ကျင့်ကြံခြင်းမှာ စိတ်မရှည် ဖြစ်ခဲ့တဲ့အတွက် ကံဆိုးသွားခဲ့တာပါ။ စီနီယာက သူ့ကို ကယ်တင်ပေးနိုင်မဲ့ နည်းလမ်းတစ်ခုများ သိပါသလားဗျ....”
သက်လတ်ပိုင်းလူက သူ့ကို ချီးကျူးပြိးနောက်မှာ သည်ကိစ္စကို ဆက်မေးသည်။ သူသည် သူ၏ စီနီယာအစ်ကိုဖြစ်သူနှင့် ဆက်ဆံရေးကောင်းပုံ ရသည်။
“ဒီရောဂါဟာ အများကြီး ကုသဖို့ မလိုဘူး။ ဒါပေမဲ့ ကျုပ်က မင်းတို့ကို ဘာကြောင့် ပြောပြရမှာလဲ။ ဘာအကျိုးအမြတ်မှ မရဘဲ ကျုပ်က အကူအညီပေးမယ်လို့ မင်း ထင်လား...”
အသံပိုင်ရှင်သည် သက်လတ်ပိုင်းလူ၏ အတွေးများကို သိပြီး သူ့ကို လှောင်လေ၏။
သက်လတ်ပိုင်းလူမှာ ခဏတန့်သွားသည်။ သည့်နောက်မှာ သူ့အသားအရေသည် အနီနှင့်အဖြူ တစ်လှည့်စီ အတက်အကျ ဖြစ်သွား၏။ သူသည် ပါးစပ်လှုပ်နေသော်ငြားလည်း ဘာမှ ဆက်မပြောနိုင် ဖြစ်ရသည်။
အဝါရောင်ဝတ်စုံနှင့် မိန်းမပျိုကမူ ထိုစကားများကြောင့် မျှော်လင့်ချက် သမ်းလာ၏။ နှလုံး ဒိတ်ဒိတ် ခုန်နေသည့်ကြားမှ သူမက အံတင်းတင်းကြိတ်ကာ အလင်းအရံအတားအရှေ့သို့ ဒူးထောက်ချသည်။
ခဏကြာပြီးနောက်မှာ သည်သနားစရာကောင်းလှသော မိန်းမပျိုသည် ပြတ်သားစွာ ပြောလာသည်။
“ဂျူနီယာကုန်စွန်းရှင်းဟာ စီနီယာအနေနဲ့ ကျမအဖေကိုသာ ကုသပေးနိုင်မယ်ဆို ဒီအမျိုးသမီးငယ်ဟာ ရှင့်ရဲ့ သစ္စာရှိ အစေခံတစ်ယောက်လည်း လုပ်ပေးနိုင်ပါတယ်။ အသက်လည်း ပေးဝံ့ပါတယ်။ စီနီယာက စိတ်မချဘူးဆို ကျမအဖေကို မကယ်ခင် ကျမက အတားအဆီးထဲ ဝင်ချင်စိတ် ရှိပါတယ်...”
ထိုသို့ ပြောပြီး အမျိုးသမီးငယ်သည် အလင်းအရံအတားကို မျက်နှာချင်းဆိုင်ပြီး မြေပြင်ထက်သို့ သုံးကြိမ်တိုင် ဦးညွှတ်လေ၏။ သူမ၏ မျက်နှာထက်တွင်လည်း ပြတ်သားသည့်ဟန်က အထင်းသားပင်။
သူမသည် ငယ်ရွယ်လွန်းသေးသော်လည်း ခေါင်းမာပြီး စိတ်ဓာတ်ခိုင်မာသူပင်။
ဒေါသလည်းထွက်၊ အံ့အားလည်း သင့်သွားခြင်းနှင့်အတူ သက်လတ်ပိုင်းလူက ဝင်ဆူသည်။
“မိုက်မဲလိုက်တဲ့ ကောင်မလေး။ နင့်ကိုယ်နင် ဘယ်လိုမျိုး ကတိတွေ ပေးနေတာကော သိရဲ့လား။ စီနီယာဟာ ကြီးမြတ်တဲ့အဆင့်အတန်းရှိတဲ့သူ။ နင်လို မိန်းကလေးကို ဘာလို့ မျက်နှာသာ ပေးရမှာလဲ...”
သူတို့အုပ်စုထဲမှ အခြားသူများသည်လည်း တုန်လှုပ်နေရာကနေ ပြန်အသိဝင်လာပြီး တစ်ယောက်ချင်းစီက စကားပြော၍ သူမကို ဖြောင်းဖျရန် ကြိုးစားကြသည်။
သို့ပေမည့် အဝါရောင်ဝတ်စုံနှင့် မိန်းမပျိုသည် သူတို့အားလုံးကို လစ်လျူရှုလျက် နေရာတွင်သာ ဆက်ပြီး ဒူးထောက်လျက် ရှိသည်။ သူမသည် သူ၏ တုန့်ပြန်မှုကို ရသည့်အထိ ဆက်၍ ဒူးထောက်နေရန် ဆုံးဖြတ်ထားသည့်အလား။
မိန်းမပျိုက တည်ငြိမ်စွာ ပြော၏။
“လူတိုင်းပဲ...ကျေးဇူးပြုပြီး ရပ်ပေးကြပါ။ ကျမရဲ ပါရမီဟာ မကောင်းလှပါဘူး။ အမေဖြစ်သူကလည်း ကျမကို ခက်ခက်ခဲခဲ မွေးခဲ့ရသလို အဖြေဟာလည်း ကျမရဲ့ အနှစ်သာရကို သန့်စင်နိုင်အောင် လုပ်ပေးဖို့အတွက်နဲ့ မိုးပြာဝိညာဉ်လေးနက်ပညာရပ်ရဲ့ အဆင့်ခြောက်ကို အတင်းအကြပ် ကျင့်ကြံခဲ့တာကြောင့် သူဟာ အိပ်ယာထဲ လဲပြီး ဝေဒနာ ခံစားနေရပါတယ်။ အခု ကျမအနေဲ့ သားသမီးဝတ္တရား ပြန်ဖြည့်ဆည်းပေးရမဲ့ အချိန်အခါပါ။ အဖေ့ကို ကုသပေးနိုင်မယ်ဆို ကျမဟာ စီနီယာထံ ကျမရဲ့ အသက်ကို လိုလိုလားလား အပ်နှင်းချင်ပါတယ်...”
“ကောင်မလေး။ နင်က င့ါကို ဖိအားပေးချင်နေတာလား။ ငါက နင့်အဖေကို မကုပေးဘူးဆို နင်က ဒီမှာ တစ်သက်လုံး ဒူးထောက်နေတော့မှာလား...”
ထိုအသံသည် နည်းနည်းလေးမျှ ကိုယ်ချင်းစာဟန် မပါဘဲ အေးစက်မှုသာ ပြည့်နေသည်။
“ဂျူနီယာ...မဝံ့ရဲပါဘူး။ ကုန်စွန်းရှင်းဟာ ကျမတို့အသက်တွေကို စီနီယာကယ်ပေးခဲ့တဲ့အပေါ်မှာတင် ကျေးဇူးတင်လို့ မဆုံး ဖြစ်နေခဲ့ပါပြီ။ ဒါပေမဲ့လည်း အဖေဟာ အိပ်ယာပေါ်မှာ လဲနေသလို သူ့ကို ကုပေးနိုင်မဲ့ တစ်စုံတစ်ယောက်ကို ကျမတို့ကို ရှာဖွေဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လို့ အဆင်မပြေခဲ့ပါဘူး။ စီနီယာ့ရဲ့ လေသံအရဆို အဖေ့ကို ကုသပေးဖို့ဟာ အပမ်းမကြီးဘူးလို့ ထင်ရပါတယ်။ စီနီယာအတွက် ပမွှားကိစ္စသာသာပဲ ဖြစ်မှာပါ။ ဂျူနီယာဟာ သားသမီးဝတ္တရား ကျေပွန်ဖို့ စီနီယာကို တောင်းပန်တိုးလျှိုးချင်စိတ်ပဲ ရှိတာပါ။ အခြား ဘာစိတ်ကူးမှ မရှိပါဘူး...”
သူမ စကားဆုံးခါနီးတွင် အသံပါ တိမ်ဝင်သွားလေ၏။ ထို့နောက်တွင် သူမသည် မြေပြင်ထက်သို့ ထပ်မံ၍ ဦးညွှတ်ပြန်သည်။
အလင်းအရံအတားသည် တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိ၏။