← Chapters

ညဘက်မျက်လုံးမှ ကြုံးဝါးသံ

Vol. 13 Ch. 183

ညဘက်မျက်လုံးမှ ကြုံးဝါးသံ

Vol. 13 Ch. 183

အခန်း (၁၈၃) ညာဘက်မျက်လုံးမှ ကြုံးဝါးသံ

မှိုင်းညို့သည့်ဓားအလင်းရောင်သည် မိစ္ဆာချီအမှောင်နယ်မြေနှင့် အပြည့်အဝ ပေါင်းစပ်နေသည့်အလားပင်။

ဓားအလင်းသည် အဆိပ်ပြင်းသည့်မြွေတစ်ကောင်အလား အသက်ဓာတ်စွမ်းအားများ ပိုင်ဆိုင်ထားပြီး ရန်ကျောက်ကဲ၏ ဦးခေါင်းအနောက်ဘက်သို့ အသံတိတ် ဝင်ရောက်လာသည်။

ရန်ကျောက်ကဲဘေးနားတွင်ရှိနေသည့် ဝိညာဉ်သားရဲကြီး ပန်ပန်သည် လူသားများနှင့်မတူဘဲ အန္တရယ်ကိုအာရုံခံနိုင်စွမ်း မြင့်မားသည်။ သို့တိုင် ရန်ကျောက်ကဲအနောက်သို့ ဝင်ရောက်လာသည့် ဓားအလင်းရောင်ကို အာရုံခံနိုင်ခြင်း မရှိခဲ့ပေ။

တစ်ချိန်တည်းမှာပင် တိုက်ပွဲနိုင်၍ရရှိထားသည့် ပျံသန်းမိုးကြိုးတစ်ဖက်သွားဓား ၊ ခရမ်းရွှေရောင်မိုးကြိုးဓား ၊ နေစင်ဓားဝှက်ဓားများကို မဆိုထားနှင့် ရန်ကျောက်ကဲတစ်ချိန်လုံးကိုင်ဆောင်ပြီး သူနှင့်စိတ်ချင်းဆက်နေသော ကျောက်စိမ်းနဂါးဓားသည်ပင် ထိုဓားဝိညာဉ်ကို အာရုံခံနိုင်ခဲ့ခြင်း မရှိပေ။

အသံတိတ်လျှို့ဝှက်စွာဝင်ရောက်လာသည့် ဓားဝိညာဉ်သည် တုနှိုင်းမရအောင် ကြောက်စရာကောင်းလှသည်။

သိုင်းပညာရှင်အဆင့်နှင့် သိုင်းဆရာသခင်အဆင့်ဆိုသည်က ကြီးမားသည့်ပင်လယ်ပမာ နှိုင်းမရအောင် အဆင့်ကွာခြားသည်။

အကယ်၍ ဤသိုင်းဆရာသခင်က သူ၏ ကြီးမားသောအဆင့်အတန်းကို လျစ်လျူရှုပြီး သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ခိုးကြောင်ခိုးဝှက်လုပ်ကြံသတ်ဖြတ်သည်ကို ကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲကို လျှော့မတွက်ကြောင်း ထင်ရှားသည်။ ရန်ကျောက်ကဲက ဤသို့မတိုက်ခိုက်လျှင် (၉၀)ရာနှုန်းလွတ်မြောက်သွားနိုင်ခြေ ရှိသည်။

ရန်ကျောက်ကဲ၏စွမ်းအားက သာမန် ရှန်ထျန်းအဆင့် သိုင်းပညာရှင်ထက် များစွာသာလွန်လေရာ ဆိုးရွားသည့်အန္တရယ်ကို ရုတ်တရက်ရင်ဆိုင်ရသည့်တိုင် ထိတ်လန့်သွားခြင်း မရှိပေ။

သို့သော် တစ်ဖက်လူ၏ဓားဝိညာဉ်က သူ့ကို ထိုးဖောက်ဝင်ရောက်လုနီးပါးဖြစ်နေပြီး ဦးခေါင်းအနောက်ဘက်တွင် အေးစိမ့်မှုနှင့်အတူ နာကျင်မှုအနည်းငယ်ကိုပါ ခံစားလိုက်ရသည်။

ရန်ကျောက်ကဲ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဘဝပြောင်းလာပြီးနောက် ပထမဆုံးအကြိမ် သေခြင်းနှင့်အနီးစပ်ဆုံး ရင်ဆိုင်ရခြင်းပင်။

ယခင်က နေသူတော်စင်ဂိုဏ်းမှ ဖန်းပေါ်ထိုင် ၊ ဆည်းဆာအရှင် ၊ သို့မဟုတ် တစ္ဆေရဲဒင်းအဘိုးအိုနှင့် ဝိညာဉ်အလံငါးပါးဂိုဏ်းချုပ်တို့ကို ရန်ကျောက်ကဲ တွေ့ဆုံဖူးသည်။ ယခုရောက်လာသူက ထိုသူများလောက် အဆင့်မြင့်မားခြင်း မရှိပေ။

ထိုသူက အချိန်အတော်ကြာကတည်းက တိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားဟန်ရှိသည်။ သို့ပေသိ ရန်ကျောက်ကဲကလည်း မရေရာသည့်အနေအထားသို့ ကျရောက်သွားသော်လည်း အမှန်တကယ်ပင် တည်ငြိမ်သူ ဖြစ်၏။

ထိုအခိုက်အတန့်တွင် ရန်ကျောက်ကဲသည် သူ့ကိုယ်ပေါ် ကျရောက်လာသည့် သေမင်းအရိပ်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ဓားချက်က အလွန်လျှင်မြန်ခြင်းလည်းမရှိသလို စွမ်းအားမြင့်မားလှသည်လည်း မဟုတ်ပေ။ သို့သော် တကယ့်ကို လျှို့ဝှက်လွန်းလှသည်။

ရန်ကျောက်ကဲ သတိပြုမိသည့်အချိန်တွင် ဓားက သူ့ဦးခေါင်းကို ဖောက်ဝင်လုနီးပါး ဖြစ်နေပေပြီ။

သူက လျှင်မြန်သူတစ်ယောက်ဖြစ်သည့်တိုင် ဓားချက်ကိုရှောင်ရန် နောက်ကျသွားပြီ ဖြစ်သည်။

သူ့တွင် ခုခံရေးမှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာရှိသည့်တိုင် ယခုမှ ထိုသံချပ်ကာကို ထုတ်ဖော်အသက်သွင်းမည်ဆိုလျှင် အချိန်အနည်းငယ် နောက်ကျသွားပေလိမ့်မည်။

အချိန်အနည်းငယ်မျှနောက်ကျခြင်းက သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးသွားပေလိမ့်မည်။

မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာ ချက်ချင်းအသက်သွင်းလျှင်ပင် ထိုသူ၏ဓားချက်က သူ့ကို ထိမှန်သွားမည်ပဲ ဖြစ်သည်။

ဤမျှအရေးကြီးသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာအချိန်တွင် ရန်ကျောက်ကဲက ပြာယာခတ်မသွားခဲ့ပေ။

မလိုအပ်သည့် ပရမ်းပတာအတွေးများအားလုံး သူ့စိတ်ထဲမှ ဖယ်ထုတ်လိုက်ပြီး တစ်ခုတည်းတွင်သာ စိတ်အာရုံစူးစိုက်လိုက်သည်။

ထိုအခါ တစ်စုံတစ်ခုက ရုတ်ချည်းအသက်ဝင်လာသည်။

မိုးကြိုးဧကရာဇ်မျက်လုံး။

ဓားအလင်းရောင်က သူ့ခန္ဓာကိုယ်ကို ထိတွေ့လိုက်သည်နှင့် ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးက ပြင်းထန်စွာ စူးရှနာကျင်လာပြီး ခရမ်းစိမ်းရောင်လျှပ်စီးတစ်ခု လင်းလက်လာသည်။

သန့်စင်သည့်လျှပ်စီးချီစွမ်းအားများက ရန်ကျောက်ကဲခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။

မွေးညင်းပေါက်တိုင်း ၊ အရိုးတစ်ခုချင်းစီတိုင်း ။

သွေးကြောဆုံချက်တိုင်း ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်း။

ရုတ်ချည်းပင် ရန်ကျောက်ကဲက ပုံမှန်ထက် အဆပေါင်းများစွာလျှင်မြန်သည့် အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်သွားပြီး သူ့န္ဓာကိုယ်က လျှပ်စီးတစ်စင်းပမာ လက်ခနဲ ရွေ့လျားထွက်ခွာသွားသည်။

သူ လှည့်ကြည့်လိုက်တော့ သူ့အနောက်မှဝင်ရောက်လာသည့် ဓားချက်လွဲ‌ချော်သွားသည်ကို တွေ့ရသည်။

သို့တိုင် ရန်ကျောက်ကဲ ဆံပင်အချို့ လေထဲလွင့်သွားပြီး ဦးခေါင်းအနောက်ဘက်မှ စူးရှသည့်ခံစားချက်နှင့်အတူ သွေးအနည်းငယ်စိမ့်ထွက်လာသည်။

သူ လွတ်သွားသည်နှင့် ထိုသိုင်းဆရာသခင်က ရန်ကျောက်ကဲနောက်သို့ တပ်ကြပ်မကွာလိုက်လာရင်း လက်ထဲမှဓားဖြင့် နောက်တစ်ကြိမ်ထိုးစိုက်ချကာ တိုက်ခိုက်လိုက်သည်။

ရန်ကျောက်ကဲက တိတ်တဆိတ်ဝင်ရောက်လာသည့် အန္တရယ်များလွန်းသောဓားချက်ကို ရှောင်တိမ်းခဲ့ပြီးနောက် သူ့အခြေအနေကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်ပြီ ဖြစ်သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများ ရေခဲပမာ အေးစက်သွားပြီး ပင်လယ်ငြိမ်သက်လက်သီးသိုင်းကို ထုတ်ဖော်လိုက်သည်။

ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တစ်ခုလုံးက ပင်လယ်ရေအောက်တွင် ပုန်းကွယ်နေသည့် ဝိညာဉ်လိပ်တစ်ကောင်အလား ဖြစ်ပြီး နက်နဲသောတွင်းကြီးတစ်ခုထဲတွင် သဲလွန်စမကျန် ဖုံးကွယ်ထားသည့်ပမာ ဖြစ်သည်။

ရန်ကျောက်ကဲ သူ့အရှေ့မှ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည့်အတွက် သိုင်းဆရာသခင်၏ ဝိညာဉ်အာရုံခံနိုင်စွမ်း အနည်းငယ်လှိုင်းထသွားသည်။

သူက အာရုံစူးစိုက်ပြီး ရန်ကျောက်ကဲ၏တည်နေရာကို ဘောင်ခတ်ကာ နောက်တစ်ကြိမ် ဓားဖြင့်ထိုးစိုက်ချလိုက်ပြန်သည်။

သို့သော် မြင့်မားသည့်တောင်တန်းများနှင့်ဆင်တူသည့် အနီရောင်နှင့်အဝါရောင် အလင်းတန်း (၂)ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲခန္ဓာကိုယ်ထက် သံချပ်ကာတစ်ခုပေါ်လာသည်။ ထိုသံချပ်ကာက ရန်သူ၏တိုက်ခိုက်မှုကို ပိတ်ဆို့ထားလိုက်၏။

သူ၏ဓားချက်တိုင်းက ရန်ကျောက်ကဲကို မထိခိုက်နိုင်သည့်အခါ နောက်ဆုံးတော့ သိုင်းဆရာသခင် စိတ်ပင်ပန်းလာသည်။

မြားတစ်စင်းအလားပျံသန်းလာသည့် ထိုသိုင်းဆရာသခင်၏ဓားချက်က ရန်ကျောက်ကဲ၏ လက်ရှိတွင် မြင့်မားတောင်တန်း မှော်ဝင်သံချပ်ကာကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ပေ။

ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးမှ လျှပ်စီးတစ်ချက် လက်ခနဲတောက်ပသွားပြီး မြေပြင်ထက်သို့ ခုန်ဆင်းလာကာ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး ရန်သူ၏ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

စောစောက ရေခဲကဲ့သို့အေးစက်နေသည့် သူ၏ကြယ်တာရာချီစွမ်းအားများသည် ချက်ချင်းပင် မီးတောက်တစ်ခုအလား ပူလောင်လာပြီး လူတစ်ယောက်၏စိတ်ဝိညာဉ်ကို ထိတ်လန့်တုန်လှုပ်စေသော ကြောက်မက်ဖွယ် စွမ်းအားများဖြင့်ပေါက်ကွဲကာ မီးကဲ့သို့ လောင်ကျွမ်းသွားသည်။

ရန်ကျောက်ကဲက သူခန့်မှန်းထားသည်ထက်‌ ကျော်လွန်ကြောင်း သိရှိသွားပြီးနောက် သိုင်းဆရာသခင်က လက်ဝါးရိုက်ချက်ကို ရှောင်တိမ်းလိုက်သည်။

သူက ရန်ကျောက်ကဲကို မတိုက်ခိုက်ခင်ကတည်းက တတ်နိုင်သမျှ အကဲဖြတ်ထားပြီးဖြစ်သော်လည်း ရန်ကျောက်ကဲကို လျှော့တွက်နေမိဆဲဖြစ်သည်ဟု ထင်မထားခဲ့မိပေ။

ရန်ကျောက်ကဲ၏ အမြန်နှုန်းနှင့် ပေါက်ကွဲမှုစွမ်းအားက မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီး သူ၏ဓားချက်ကိုဖြတ်ကျော်ကာ သူ့အနားသို့ ရောက်လာသည်။

မည်သို့ပင်ဖြစ်စေ သူက သိုင်းဆရာသခင်တစ်ယောက်ဖြစ်လေရာ တစ်ချက်မတုံ့ဆိုင်းဘဲ ရန်ကျောက်ကဲ၏ခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဖိအားအပြည့်ဖြင့် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော လက်ဝါးရိုက်ချက် ဖြစ်သည်။ ထိုလက်ဝါးရိုက်ချက်က ပတ်ဝန်းကျင်မှမိစ္ဆာချီများ၏ ဆုံချက်ဖြစ်သွားပြီး စွမ်းအားများ ပိုမိုကြီးမားလာကာ နတ်ဆိုးဘုရင်တစ်ပါး ဤလောကသို့ ဆင်းသက်လာသည့်ပမာ ခံစားရသည်။

စွမ်းအားကပြင်းထန်လွန်းလေရာ ရန်ကျောက်ကဲမှာ သူ၏သိုင်စွမ်းများအားလုံး ခဏတာမျှ ချုပ်နှောင်ခံလိုက်ရသည်။

သို့သော် ရန်ကျောက်ကဲ၏ အေးစက်သည့်မျက်ဝန်းများထဲတွင် ခရမ်းစိမ်းရောင်လျှပ်စီးကြောင်း လင်းလက်သွားသည်ကို တွေ့မြင်ရသည့်အခါ ရန်သူ ရုတ်တရက် သတိဝင်သွားသည်။

ထိုလျှပ်စီးကြောင်းက ပိုမိုစူးရှလာသည်ကို သတိပြုလိုက်မိပြီး သိုင်းဆရာသခင် ခဏမျှ တုံ့ဆိုင်းသွားသည်။

ယခုလို ပြင်းထန်သည့်တိုက်ပွဲမျိုးတွင် ထိုသို့တစ်ချက်တုံ့ဆိုင်းသွားခြင်းက အသက်သေစေသည်အထိ ဖြစ်နိုင်လေရာ တတ်နိုင်သမျှ ရှောင်ရှားသင့်သည်။ အထူးသဖြင့် ရန်ကျောက်ကဲကဲ့သို့ သာမန်သိုင်းပညာရှင်အဆင့် မဟုတ်သူမျိုးနှင့်တိုက်ခိုက်ရာတွင် ဖြစ်သည်။

ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထိုသိုင်းဆရာသခင်က ရန်ကျောက်ကဲနှင့် ဆက်လက်မတိုက်ခိုက်တော့ဘဲ နောက်ဆုတ်သွားသည်။

သူ နောက်ဆုတ်လိုက်သည်နှင့် ရန်ကျောက်ကဲက ရှေ့တက်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ထိုလက်ဝါးရိုက်ချက်က စောစောကထက် ပိုမိုပြင်းထန်၏။

သူ၏လက်ဝါးရိုက်ချက်က ရန်သူ၏ပခုံးကို ထိမှန်သွားပြီး တုရှိတလက်ဝါးသိုင်းမှ ခရမ်းနီရောင်ကြယ်တာရာချီစွမ်းအားများ ထွက်ပေါ်လာကာ ထိုသိုင်းဆရာသခင်၏ အဝတ်အစားများကို မီးလောင်ကျွမ်းသွားစေသည်။

သိုင်းဆရာသခင်က အသံတစ်စက်မထွက် ၊ မီးလောင်ကျွမ်းသည်ကိုလည်း မငြိမ်းသတ်ဘဲ အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ နောက်သို့တစ်ချက်ပင် လှည့်ကြည့်ခြင်း မရှိပေ။

ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးမှ လျှပ်စီးရောင် တဖျတ်ဖျတ်လက်နေပြီး တိတ်ဆိတ်စွာကျန်ရစ်ခဲ့သည်။ သူက ဝိညာဉ်အာရုံခံမှုကို အထွတ်ထိပ်အဆင့်မြှင့်တင်ပြီး ရန်သူများနောက်တစ်ကြမ် လာရောက်တိုက်ခိုက်ဦးမည်လားဟု ပတ်ဝန်းကျင်ကို သတိထားအကဲခတ်လိုက်သည်။

သူတို့ (၂)ယောက် ထိပ်တိုက်တွေ့သည်က လျှပ်တပြက် တစ်ခဏသာဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ပွဲက သေခြင်းရှင်ခြင်း ကျော့ကွင်းပမာ ဖြစ်သည်။

ထိုသိုင်းဆရာသခင် ဆုတ်ခွာသွားမှ ပန်ပန်က ရန်ကျောက်ကဲအနားရောက်လာပြီး ထိုသူထွက်ခွာသွားရာအရပ်သို့ကြည့်ရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ရန်ကျောက်ကဲက ပန်ပန်ကို တားဆီးလိုက်ပြီး တစ်ဖက်လူ အမှန်တကယ် ထွက်ခွာသွားခြင်း ရှိ မရှိ အတည်ပြုရန် တစ်ခဏမျှ မတ်တတ်ရပ်ကာ စောင့်ကြည့်နေသည်။

“အဲဒီလူက ဘယ်သူများလဲ”

ရန်ကျောက်ကဲ ထိုသူ၏အသွင်အပြင်ကို အာရုံခံကြည့်လိုက်သည်။

ထိုသူက အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အဝတ်အစားများကလည်း အနက်ရောင် ဖြစ်သည်။

ခေါင်းစွပ်အနက်မျက်နှာဖုံးကိုလည်း တပ်ဆင်ထားလေရာ ထိုသူမည်သူဖြစ်ကြောင်း ခန့်မှန်း မရနိုင်ပေ။

မျက်နှာဖုံးထက်ရှိ မျက်လုံးပေါက်နှစ်ခုမှ နက်ရှိုင်းသည့်အဝါရောင်မျက်ဝန်းများကို တွေ့မြင်ရခြင်းအားဖြင့် နတ်ဆိုးလက်ထဲကျရောက်သွားသည့် ကျင့်ကြံသူတစ်ယောက်၏လက္ခဏာကို ပြသနေသည်။ တစ်ချိန်တည်းမှာပင် သူ့အနောက်ဘက်တွင် တောက်ပနေသည့် ကြောက်မက်ဖွယ်ရာ သွေးနီရောင်အလင်းတန်းများကိုလည်း တွေ့ရသည်။

“သူ ဘယ်သူလဲဆိုတာကို ဖုံးကွယ်ထားချင်တာလား ၊ ဒါဆို ငါနဲ့သိတဲ့သူတစ်ယောက်ယောက်လား”

ရန်ကျောက်ကဲက မျက်မှောင်ကြုတ်လိုက်သည်။

“ဒါပေမဲ့ အဲဒါ အဓိပ္ပါယ်မရှိဘူး ၊ သူ့စိတ်ကို မိစ္ဆာချီတွေက ဖုံးလွှမ်းနေပေမယ့် အပြင်ဘက်က မိစ္ဆာချီတွေနဲ့ မပေါင်းစပ်သေးဘူးလား ၊ ဒါဆို အမှောင်ဘက်ခြမ်းကို ဘယ်လိုလုပ် အပြည့်အဝ ကျရောက်သွားရတာလဲ”

“ဘာပဲဖြစ်ဖြစ် အမှောင်ဘက်ခြမ်းကို ကျရောက်သွားပြီဆိုတာနဲ့ နောက်ပြန်ဆုတ်လို့ မရနိုင်တော့ဘူး ၊ သူ့စိတ်ထဲက မိစ္ဆာချီနဲ့ အပြင်ဘက်က မိစ္ဆာချီတွေ ပေါင်းစည်းသွားရင် လုံးဝအမှောင်ဘက်ကို ကျရောက်သွားလိမ့်မယ် ၊ ဒါဆိုရင် သူ့ကိုယ်သူ ဖုံးကွယ်ထားချင်လည်း မရတော့ဘူး ၊ သူ ဘယ်သူလဲဆိုတာ ပေါ်လာမှာပဲ ၊ ဒါဖြင့် ငါ့ကို ဘာလို့ ဖုံးကွယ်ထားရသေးတာလဲ”

All Chapters