မနောငွေ
Vol. 58 Ch. 803
ထိပ်တန်းနယ်မြေသည် အခြားဒေသများနှင့်ကွာခြားပြီး ချီများ အလွန်ကြွယ်ဝကာ အနီးသို့ရောက်လေလေ ပို၍သက်တောင့်သက်သာ ခံစားရလေလေဖြစ်ကာ ကျင့်ကြံဆင့်ကို ပိုမိုမြန်ဆန်စေသည်။ ဗဟိုချက်ကြယ်သည် ကောင်းကင်မူလကြယ်ထက် ဆယ်ဆကျော်ကြီးမားပြီး ပိုင်နက်သားရဲများပင်လျှင် ၎င်းရှေ့၌ သေးငယ်နေရသည်။ ကြယ်ရံ၁၅လုံးသည် ၎င်းကို လှည့်ပတ်နေကြပြီး တစ်ခုချင်းစီတွင် လှပသော အလင်းစက်ကွင်းများ ပိုင်ဆိုင်ထားကာ ၎င်းတို့ကြားတွင် ကောင်းကင်လှေများစွာနှင့် ယာဥ်များစွာက ခေါက်တုံ့ခေါက်ပြန် သွားလာနေကြ၏။ ကြယ်များအကြားတွင် မည်သို့အသုံးပြုမှန်းမသိရသော သတ္တုအပိုင်းအစများ လွင့်မျောလည်ပတ်နေကာ ယဲ့ချန်၏အထင်အရ ခုခံရေးအတွက် အသုံးပြုပုံရသည်။ ဗဟိုကြယ်ကြီးတွင် မီတာသောင်းချီမြင့်မားသော ရွှေရောင်နန်းဆောင်ကြီးများက ကောင်းကင်သို့ တိုးထွက်နေသော ဓားကြီးများပမာ ခမ်းခမ်းနားနား တည်ရှိနေသည်။ ဤနေရာက ဒဏ္ဍာရီလာထိပ်တန်းနယ်မြေဖြစ်ပြီး ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၏ ဗဟိုချက်ဟု သတ်မှတ်နိုင်သည်။ ပိုင်နက်သားရဲသုံးကောင်သည် အဝေးတွင် ရပ်တန့်လိုက်ပြီး စကြဝဠာအတွင်း မျောလွင့်နေကာ တစ်ကောင်က အိပ်ချင်နေဟန်ဖြင့် ငိုက်မြည်းနေသည်။ သန်းချီသော ကောင်းကင်လှေတပ်ဖွဲ့ကြီးကမူ ထိပ်တန်းနယ်မြေအတွင်း ဆက်လက်ဝင်ရောက်သွားခဲ့သည်။
ယဲ့ချန်သည် သူ၏လှေကို ဖြည်းဖြည်းချင်း ချဥ်းကပ်လာပြီး ဝင်ခွင့်အတွက် လက်မှတ်လိုမလို မသိထားသော်လည်း ကြယ်ရံတစ်လုံးပေါ်တွင် အောင်အောင်မြင်မြင် ကျောက်ချရပ်နားလိုက်၏။ ဗဟိုကြယ်နှင့် ဆက်သွယ်ထားသည်မှာ လမ်းကြောင်းကြီးများဖြစ်ကာ ယာဥ်များ ဝင်ရောက်ခွင့်မရှိဘဲ အဆင့်အတန်းမြင့်သူများသာ သီးသန့်ဝင်ရောက်ခွင့်ရသည်။ ၎င်း၏ခမ်းနားမှုက သူထင်ထားသည်ထက် ကျော်လွန်နေကာ အရေအတွက်ကို မသိနိုင်သော ဤကြယ်အဖွဲ့အစည်းအတွင်းရှိ ကြယ်သခင်များနှင့် နတ်အစေခံများက ဤနေရာသို့ တဖွဲဖွဲ လာရောက်နေကြသည်။ ကုန်သွယ်ရေးလုပ်ငန်းပေါင်းစုံတည်ရှိနေပြီး မရဏကြယ်နက်ပေါ်ရှိ မှောင်ခိုစျေးက လုံးဝမယှဥ်နိုင်ပေ။ ထို့အပြင် ရောင်းဝယ်နေသော ရတနာများသည် အလွန်စျေးမြင့်ပြီး ကောင်းကင်လှေ၊ ကောင်းကင်နတ်လှေနှင့် တိမ်လှေများကဲ့သို့ အဆင့်မြင့်ယာဥ်ကြီးများနှင့် အဆင့်သုံး ထိပ်တန်းမျိုးနွယ်များဖြစ်ကြသော တောင်ပံနက်ဝိညာဥ်မျိုးနွယ်၊ မီးတောက်နီဂျိုသားရဲမျိုးနွယ်စသည့် ကျင့်ကြံသူများလည်း ရှိသည်။ အဆင့်နှစ်မျိုးနွယ်ဝင်တချို့တလေကို တွေ့ရသော်လည်း သူတို့၏အဆင့်အတန်းက ရေလိပ်ပြာမျိုးနွယ်နှင့် ယှဥ်နိုင်ခြင်းမရှိပေ။ အဆင့်အတန်းအမျိုးမျိုးရှိသော ချပ်ဝတ်များ၊ လက်နက်များနှင့် အချိန်လေဟာနယ် ဒူးလေးများကဲ့သို့ မရဏအလင်းမျှော်စင်ပမာ အစွမ်းထက်သည့် လက်နက်များကိုလည်း ရောင်းချနေသည်။ တိုက်ခိုက်ရေးကွင်းပြင်၊ လောင်းကစားရုံ၊ ပြဇာတ်ရုံများလည်း ရှိနေသဖြင့် ထိပ်တန်းနယ်မြေက အရာရာအားလုံးနီးပါး ရှိနေသည်ဟု ဆိုနိုင်သည်။ ကျွန်စျေးကွက်ကလည်း အလွန်ဖြစ်ထွန်းနေပြီး နေ့စဥ်နေ့တိုင်း ထောင်ချီသော နတ်အစေခံကျွန်များကို ရောင်းဝယ်ဖောက်ကားနေသည်။ ကျယ်ဝန်းလှသော စကြဝဠာအတွင်း စစ်ပွဲများ နေ့တိုင်း ဖြစ်ပွားနေသောကြောင့် အိမ်ခြေရာကင်းမဲ့သွားသော ကျင့်ကြံသူများက ကျွန်အဖြစ် ဖမ်းဆီးခံခဲ့ရသည်။ ကြေးစားစစ်သည်များကိုလည်း ငှားရမ်းနိုင်ပြီး ပိုက်ဆံသာ လုံလောက်လျှင် ကြယ်သခင်များသာမက ပိုင်နက်သားရဲငယ်များကိုပင် ငှားရမ်းနိုင်သည်။ ၎င်း၏စွမ်းအားက အဆင့်မြင့်ကြယ်သခင် သို့မဟုတ် ကောင်းကင်ကြယ်သခင်တစ်ယောက်နှင့်ပင် ယှဥ်နိုင်သောကြောင့် ကုန်သည်သူဌေးများစွာက ဤနေရာသို့ လာရောက်ရောင်းဝယ်နေကြသည်။ ဤနေရာရှိ ငွေကြေးပမာဏက များပြားလွန်းသောကြောင့် သွေးပြည်ထောင်၏ မရဏကြယ်ရှိ စည်းစိမ်ကို အဆတစ်ရာပြောင်းလဲလိုက်လျှင်ပင် ယှဥ်နိုင်စရာ အကြောင်းမရှိပေ။
ဗဟိုကြယ်ကြီးပေါ်တွင် အချင်းမီတာရာချီရှိသော ကောင်းကင်ထောက်တိုင်ကြီး ခြောက်ခုရှိနေကာ ၎င်းတို့သည် ကောင်းကင်သို့ ဖြောင့်ဖြောင့်တန်းတန်း မြင့်မားနေသည်။ ၎င်းတို့၏ထိပ်ဖျားတွင် ဧရာမပုံရိပ်ကြီးခြောက်ခုရှိနေကာ စွမ်းအားရှင် ကြယ်သခင်ခြောက်ယောက်၏ အတွေးများမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုခြောက်ယောက်က ထိပ်တန်းနယ်မြေ၏ တည်ထောင်သူများဖြစ်ကာ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွင်း အဆင့်တစ်၊ သုံး၊ ငါး၊ ခြောက်၊ ကိုးနှင့် တစ်ဆယ်ဟူ၍ အသီးသီး ပိုင်ဆိုင်ထားကြသည်။
ယဲ့ချန်၏လှေသည် ကြယ်ရံတစ်လုံးပေါ်ရှိ အခြားကောင်းကင်လှေများ ရပ်နားထားသော ဆိပ်ကမ်းတစ်ခုတွင် ကမ်းကပ်လိုက်၏။ ခြင်္သေ့ကြီးက ခရမ်းရောင်အလင်းတစ်ချက် အသွင်ပြောင်းကာ ယဲ့ချန်၏နောက်ကျော၌ ဆေးမင်အဖြစ် ဝင်ရောက်သွားခဲ့သည်။ သူက လှေအပြင်သို့ ထွက်လိုက်သောအခါ တဒုန်းဒုန်းမြည်သံနှင့်အတူ မြေပြင်က တုန်ခါသွားသဖြင့် သတိထားလိုက်ချိန်တွင် မီတာနှစ်ဆယ်ကျော်မြင့်သည့် လူသန်ကြီးတစ်ယောက် လာနေသည်ကို မြင်လိုက်ရသည်။ ထိုလူ၏ဦးခေါင်းက စတုရန်းပုံဖြစ်ကာ နားရွက်ကြီးများကို ပိုင်ဆိုင်ထားပြီး အပေါ်ပိုင်းဗလာတွင် ကြွက်သားများ ဖုထစ်ဖောင်းကြွနေသည်။
"ကောင်းကင်နတ်လှေအတွက် ကမ်းကပ်ခက တစ်လကို မနောငွေတစ်ပြား ကျတယ်။ တစ်လထက်နည်းမယ်ဆိုရင်လည်း တစ်လစာ ပေးရမယ်"
လူသန်ကြီးက လှေကို တစ်ချက်ကြည့်၍ အသံသြသြနှင့် ပြောလိုက်ခြင်းဖြစ်သည်။
"မနေငွေ ဟုတ်လား"
ယဲ့ချန်က နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"မင်းက မသိဘူးလား။ မင်းမှာ မနောငွေမရှိရင် လဲလှယ်ဖို့အတွက် ခေါ်သွားပေးမယ်။ မိစ္ဆာရွှေနဲ့ ကြယ်သလင်းကျောက်တွေကို အသုံးပြုပြီး လဲလို့ရတယ်"
လူသန်ကြီးက ရှင်းပြလိုက်သည်။
"ကျေးဇူးပြုပြီး"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်ပြီး မနောငွေဆိုသည်မှာ ထိပ်တန်းနယ်မြေ၏ ငွေကြေးစနစ်ဖြစ်ကြောင်း ခန့်မှန်းလိုက်သည်။
"လိုက်လာခဲ့ပါ။ ကြယ်သလင်းကျောက်တစ်တန်က မနောငွေဆယ်ပြား တန်တယ်"
ယဲ့ချန်က ငွေလဲရန် သဘောတူသောအခါ လူသန်ကြီးက ဝမ်းသာသွားပုံရပြီး ဖိတ်ခေါ်လိုက်သည်။ ထို့နောက် သူတို့က ငွေကြေးလဲလှယ်သည့်နေရာဖြစ်သော ခန်းမကျယ်ကြီးတစ်ခုထံ ရောက်လာကြသည်။ ခန်းမအတွင်းရှိနေသူတိုင်းက အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း အသွင်အပြင်များ ကွဲပြားနေသောကြောင့် ကြယ်ဒေသအသီးသီးမှ လာရောက်ခြင်းဖြစ်နိုင်သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ မနောငွေဆိုသည်မှာ လက်သည်းခွံအရွယ်ရှိ အဝါရောင်သလင်းကျောက်ပြားတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် ၎င်းထံမှ စွမ်းအင်ချီများ ထွက်ပေါ်မနေသောကြောင့် အသုံးမဝင်ကြောင်း သိသာနေရာ သူက ထိပ်တန်းနယ်မြေ၏ သဘောသဘာဝကို ချက်ချင်းသဘောပေါက်လိုက်၏။
"မနောငွေကို ထိပ်တန်းနယ်မြေရဲ့ ဘုရင်ခြောက်ပါးက ဗဟိုကြယ်ပေါ်မှာ ရှာတွေ့ပြီး ဘယ်သူမှသွန်းလုပ်လို့မရအောင် စည်းခတ်ထားတယ်။ ထိပ်တန်းနယ်မြေကို ဝင်ရောက်လာသူတိုင်း ရောင်းဝယ်ဖို့အတွက် ဒီအရာကို အသုံးပြုရမယ်"
ယဲ့ချန်သည် ထိပ်တန်းနယ်မြေသို့ ပထမဆုံးအကြိမ်ရောက်ဖူးသည်မှာ သိသာနေသောကြောင့် လူသန်ကြီးက ရှင်းပြလိုက်သည်။ သူ၏စကားကြောင့် ယဲ့ချန်က မျက်ခုံးပင့်လိုက်ပြီး တစ်ဖက်လူ၏အကြံကို ရိပ်စားမိလိုက်သည်။ ထိပ်တန်းနယ်မြေက အပြင်လောကမှ ကြွယ်ဝမှုများကို အပိုင်သိမ်းရန်အတွက် အသုံးမဝင်သော ငွေကြေးစနစ်တစ်ခုကို အသက်သွင်းခဲ့သည်။ မနောငွေကိုလိုချင်လျှင် ကျင့်ကြံသူများက ကြယ်သလင်းကျောက်များကို အသုံးပြုရမည်ဖြစ်သော်လည်း အခြားနေရာများ၌ ၎င်းက အသုံးမဝင်ပေ။ ကံကောင်းသည်မှာ ယဲ့ချန်သည် လက်ရှိ၌ ပြည်ထောင်နှစ်ခုကြားမှ ကုန်သွယ်ရေးလမ်းကြောင်းကို ပိုင်ဆိုင်ထားသဖြင့် ငွေကြေးအတွက် စိုးရိမ်စရာ မလိုအပ်ပေ။
"မင်းက မနောငွေပမာဏ ဘယ်လောက်များများ လဲလှယ်ချင်ပါသလဲ"
မျက်စိသုံးလုံးမျိုးနွယ်ဝင် ဝန်ထမ်းတစ်ယောက် ရောက်ရှိလာကာ စုံစမ်းလိုက်ခြင်းဖြစ်သည်။ သူ၏အသွင်အပြင်က သာမန်လူတစ်ယောက်နှင့် ဆင်တူသော်လည်း နဖူးအလည်တည့်တည့်၌ မျက်လုံးတစ်လုံး အပိုပါနေသည်။
"နှစ်သန်း အရင်ဆုံး ယူမယ်"
ယဲ့ချန်က ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။ ထိပ်တန်းနယ်မြေအတွင်း သူက ဂုဏ်သတင်းတစ်ခုတည်ဆောက်ရန် ကြံစည်ထားသောကြောင့် ငွေကြေးများကို တွန့်တိုနေ၍ မဖြစ်ချေ။
"ဘယ်လောက်"
ဝန်ထမ်းဖြစ်သူက နားကြားမှားသွားဟန်ဖြင့် မယုံနိုင်ဟန်နှင့် ပြန်မေးလိုက်ပြီး နဖူးရှိ မျက်လုံးပင် ပြူးကျယ်လာသည်။ ကျင့်ကြံသူများက ထိပ်တန်းနယ်မြေတွင် မနောငွေထောင်ဂဏန်းခန့် လဲလှယ်ခြင်းက ပုံမှန်သာဖြစ်သော်လည်း ယဲ့ချန်က နှစ်သန်းဟု ပြောလိုက်သောအခါ ထူးဆန်းနေသည်။
"နှစ်သန်း"
"ကျေးဇူးပြုပြီး အထူးသီးသန့်အခန်းထဲကို လိုက်လာပေးပါ"
ထိုဝန်ထမ်းက အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်နေဟန်ဖြင့် ချက်ချင်းရိုသေလေးစားသွားကာ ယဲ့ချန်ကို သီးသန့်အခန်းတစ်ခုထံ ဖိတ်ခေါ်လိုက်သည်။ ယဲ့ချန်ကို ခေါ်ဆောင်လာသည့် လူသန်ကြီးမှာလည်း ငေးမောကြည့်ရှုနေရင်း ၁ရာခိုင်နှုန်းကို ကော်မရှင်ရမည်ဖြစ်သောကြောင့် သူ၏ငါးနှစ်စာဝင်ငွေ မနောငွေနှစ်ထောင်နှင့် ညီမျှနေသည်။ ဆိပ်ကမ်းတွင် ယာဥ်များကို စောင့်ရှောက်ခအဖြစ်ရသည်မှာ တစ်လလျှင် မနောငွေတစ်ပြားသာဖြစ်ပြီး ကော်မရှင်များပေါင်းလိုက်လျှင်ပင် တစ်နှစ်ကို ရာဂဏန်းသာ ဝင်ငွေရှိသော်လည်း သူ၏အလုပ်နေရာကို လုယူချင်သူများစွာ ရှိနေသည်။
ယဲ့ချန်သည် ကျယ်ဝန်းသော သီးသန့်ခန်းအတွင်း ဝင်ရောက်လိုက်သောအခါ အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။
"ကျေးဇူးပြုပြီး ခဏစောင့်ပေးပါဦး။ ကျုပ်ရဲ့ အထက်လူကြီးကို သွားခေါ်ပေးပါမယ်"
မျက်လုံးသုံးလုံးမျိုးနွယ်ဝင်က ရိုရိုသေသေ ဦးညွှတ်၍ ထွက်ခွာသွားခဲ့သည်။
"ငါက ဖန်းရန်ပါ။ သက်ရှိကြယ်၃၁လုံးကို အုပ်ချုပ်ပြီး ကြယ်သခင်သုံးဆယ်ကို ကြီးကြပ်ရတဲ့ သခင်တစ်ယောက်ပါ"
ထိုအချိန်တွင် အခန်းအတွင်းသို့ ကြိုရောက်နေသော လူငယ်က ယဲ့ချန်ကို တစ်ချက်ပြုံး၍ မိတ်ဆက်လာခဲ့သည်။ သူက နတ်အစေခံတစ်ယောက်ဖြစ်သော ယဲ့ချန်သည် အနည်းဆုံး မနောငွေငါးသောင်းလဲလှယ်မှသာ ဝင်ရောက်ခွင့်ရှိသော သီးသန့်ခန်းအတွင်း ရောက်လာနိုင်ခြင်းကို အံ့သြစပ်စုချင်နေခဲ့သည်။
"ငါက ချန်ရဲပါ"
တစ်ဖက်လူက ဖော်ဖော်ရွေရွေ မိတ်ဆက်လာသောကြောင့် ရိုင်းပျရန် မသင့်တော်သဖြင့် ယဲ့ချန်က ပြန်လည်မိတ်ဆက်လိုက်သည်။
"ညီအစ်ကို မင်းက ကြယ်သခင်တစ်ယောက် မဟုတ်ဘူးလား"
ဖန်းရန်က တစ်ချက်ပြုံးလိုက်သည်။ သခင်အများစုမှာ ကြယ်သခင်အဆင့်ကျင့်ကြံသူများဖြစ်ကြသော်လည်း ထိပ်တန်းနယ်မြေအတွင်း အထူးနောက်ခံကို ပိုင်ဆိုင်ထားကြသည့် နတ်အစေခံအဆင့် သခင်လေးများလည်း ရှိတတ်သည်။ သူက တစ်ချက်ကြည့်ရုံဖြင့် ယဲ့ချန်သည် အဆင့်တစ်ဆယ်နတ်အစေခံဖြစ်ကြောင်း ပြောနိုင်သော်လည်း သာမန်ကျင့်ကြံသူများထက် ပို၍အစွမ်းထက်နေသဖြင့် အင်အားစုတစ်ခုမှ ပျိုးထောင်ပေးထားသော ပါရမီရှင်ဟု သတ်မှတ်လိုက်သည်။
"ကျုပ်က ကုန်သည်တစ်ယောက်ပါ"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။
"ဟား ဟား ဒီနေရာအထိ ရောက်လာမှတော့ မင်းရဲ့ကုန်သည်လုပ်ငန်းက ပေါ့သေးသေး မဟုတ်လောက်ဘူး။ ငါက စီးပွားရေးသမားတွေကို သဘောကျပြီး ငါ့နယ်မြေက မင်းကို အချိန်မရွေး ကြိုဆိုပါတယ်။ ဒါက ငါ့နယ်မြေရဲ့ ကြယ်မြေပုံဖြစ်ပြီး အနာဂတ်မှာ အလည်လာခဲ့ပါဦး။ ငါ့အဖေက ထိပ်တန်းနယ်မြေရဲ့ ကြီးကြပ်သူတစ်ယောက်ဖြစ်ပြီး ကြယ်ပြာရဲ့ ကြယ်သခင်ဖြစ်တယ်"
ဖန်းရန်က ကျေနပ်သဘောကျစွာ ရယ်မောလိုက်ပြီး မြေပုံတစ်ချပ်ကို ထုတ်ယူ၍ ယဲ့ချန်ထံ ကမ်းပေးလိုက်သည်။ သူ၏စကားကြောင့် ယဲ့ချန်က စိတ်လှုပ်ရှားသွားကာ တစ်ဖက်လူတွင် ထိပ်တန်းနယ်မြေ၌ နောက်ခံကောင်းကောင်း ပိုင်ဆိုင်ထားကြောင်း သိလိုက်ရသည်။ ဤမျှအသက်ငယ်ငယ်နှင့် ကြယ်ပေါင်းသုံးဆယ်ကျော်ကို အုပ်ချုပ်နိုင်သည်က အဆန်းမဟုတ်တော့ပေ။