တိုက်ပွဲစင်မြင့်
Vol. 58 Ch. 804
"အနာဂတ်မှာ ငါတို့မိတ်တွေ ပြန်ဆုံကြတာပေါ့"
ဖန်းရန်က ရယ်မော၍ ပြောလိုက်သည်။
"ဒါပေါ့ကွာ"
ယဲ့ချန်က ခေါင်းညိတ်၍ တစ်ဖက်လူ၏အဝတ်အစားကို အကဲခတ်လိုက်သောအခါ လက်၌ လက်စွပ်သုံးကွင်း ဝတ်ဆင်ထားသည်ကို မြင်လိုက်ရ၏။ ၎င်းတို့က မိုးကြိုးလက်စွပ်နှင့် မယှဥ်နိုင်သော်လည်း စျေးကြီးသော အမျိုးအစားဖြစ်ကာ လည်ပင်း၌လည်း ကြယ်အဆီအနှစ်များနှင့် သွန်းလုပ်ထားသော ရတနာလည်ဆွဲတစ်ခု ရှိနေသည်။ သူ၏ဝတ်စားဆင်ယင်ပုံက အနည်းငယ်လွန်ကဲသော်လည်း လူမုန်းတီးခံရလောက်အောင် မဟုတ်သောကြောင့် ယဲ့ချန်က စကားစမြည်ပြောရင်း အကဲခတ်နေသည်။ ခဏအကြာတွင် အရပ်ရှည်ရှည်လူတစ်ယောက်က သီးသန့်ခန်းအတွင်း ဝင်ရောက်လာပြီး ဤခန်းမ၏ ကြီးကြပ်သူ ဖြစ်သည်။
"သခင်လေးဖန်း ဒါက မင်း လဲလှယ်ချင်တဲ့ မနောငွေ ငါးသိန်းသုံးသောင်းခြောက်ထောင့်ခုနစ်ရာပါ"
ထိုလူက သိုလှောင်အိတ်တစ်လုံးကို ကမ်းပေးလာသောအခါ ဖန်းရန်က တစ်ချက်သာကြည့်၍ သိုလှောင်လက်စွပ်အတွင်း ထည့်လိုက်သည်။
"ဒီကသခင်လေးကိုရော ဘယ်လိုခေါ်ရမလဲ"
ကြီးကြပ်သူက ယဲ့ချန်ဘက်လှည့်ကာ ယဥ်ယဥ်ကျေးကျေး မေးလိုက်ခြင်းဖြစ်သည်။
"ချန်ရဲ"
"သခင်လေးချန်ကရော ဘယ်လောက်လဲလှယ်ချင်တာပါလဲ"
ယဲ့ချန်က ကြယ်ရတနာများ၊ မိစ္ဆာရွှေများနှင့် ရတနာပေါင်းစုံပါဝင်သော သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူ၍ ပစ်ပေးလိုက်သည်။
"ဒါတွေအကုန်လုံးကို လဲပေးရမှာလား"
ကြီးကြပ်သူက အိတ်အတွင်း ကြည့်လိုက်သောအခါ တအံ့တသြဖြစ်သွားခဲ့သည်။
"ကျုပ်တို့က စျေးမှန်ကို အသေအချာ တွက်ချက်ပေးပါမယ်။ တကယ်လို့ ကျုပ်တို့ပေးတဲ့စျေးက မမှန်ဘူးဆိုရင် ဒါမှမဟုတ် တခြားနေရာတွေက စျေးပိုပေးတယ်ဆိုရင် ကြိုက်တဲ့အချိန် ပြန်လာခဲ့ပါ"
ယဲ့ချန်က ခေါင်းညိတ်ပြလာသောအခါ သူက လေးလေးနက်နက် အာမခံလိုက်သည်။
"ကျေးဇူးပါပဲ"
ယဲ့ချန်က ဤသို့ပြောလိုက်သောအခါ ကြီးကြပ်သူက သိုလှောင်အိတ်အတွင်းမှ ရတနာများကို ရေတွက်ရန် ထွက်ခွာသွားခဲ့သည်။
"ငါက သူတို့ဆီမှာ ငွေလဲလာတာ ကြာနေပြီ။ သူတို့ပေးတဲ့ စျေးက မှန်ကန်ပါတယ်။ ကြည့်ရတာ မင်းက ဒီနေရာကို အခုမှ ပထမဆုံးရောက်ဖူးတာ ထင်တယ်။ မင်းမှာ အချိန်ရှိရင် ငါနဲ့အတူ နေရာကောင်းလေးတွေကို သွားကြမလား။ မင်းပျော်ရမယ်လို့ အာမခံတယ်ကွာ"
ဖန်းရန်၏စကားကို ကြားသောအခါ မည်သည့်နေရာသို့ ဦးတည်ရမည်ကို စဥ်းစားမရသော ယဲ့ချန်အတွက် အဆင်ပြေသွားခဲ့သည်။ ထိပ်တန်းနယ်မြေက သခင်ခြောက်ယောက်၏ အုပ်ချုပ်မှုအောက်တွင် ရှိသောကြောင့် သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းကို ကန့်သတ်ထားသော နေရာများလည်း ရှိနိုင်သည်။
"ကောင်းပြီ"
ယဲ့ချန်က သဘောတူလိုက်သောအခါ ဖန်းရန်က သဘောကျစွာဖြင့် ရယ်မောနေခဲ့သည်။ အချိန်တစ်ခုအကြာတွင် ကြီးကြပ်သူက အလျင်အမြန်ရောက်လာပြီး နဖူးမှ ချွေးများ စီးကျနေသည်။ ယဲ့ချန်ပေးလိုက်သော သိုလှောင်အိတ်အတွင်း၌ များပြားလှသော ရတနာများရှိနေကာ နောက်ခံကောင်းကောင်းရှိကြောင်း သေချာစေခဲ့သည်။
"သခင်လေးချန် စုစုပေါင်း မနောငွေ ၅၉၂၇၀၀၀ပါ"
သူက ရိုရိုသေသေနှင့် မနောငွေများကို ကမ်းပေးလာသည်။ ဤမျှများပြားမည်ဟု ယဲ့ချန်က ထင်မထားဘဲ သူက နှစ်သန်းသာ ခန့်မှန်းခဲ့သော်လည်း ခြောက်သန်းနီးပါး ရရှိလိုက်သည်။ သူက လက်ရှိတွင် ချမ်းသာနေပြီဖြစ်သောကြောင့် အချို့အရာများကို တွန့်တိုနေစရာ မလိုအပ်ပေ။ ဖန်းရန်သည်လည်း အံ့သြနေပြီး သူကိုယ်တိုင် မနောငွေခြောက်သန်း ထုတ်သုံးနိုင်သော်လည်း ဤမျှမလွယ်ကူပေ။ ယဲ့ချန်က မနောငွေခြောက်သန်းကို ပေါ့ပေါ့ပါးပါး သဘောထားနေခြင်းက ထိတ်လန့်တုန်လှုပ်စရာပင်ဖြစ်သည်။ သို့သော် သူ၏ဖခင်က ထိပ်တန်းနယ်မြေတွင် အရေးပါသူတစ်ယောက်ဖြစ်သောကြောင့် ကြွယ်ဝမှုများကို မြင်ဖူးထားကာ အချိန်ကြာကြာ တုန်လှုပ်မနေခဲ့ပေ။
"သွားကြစို့ ငါက မင်းကို စားဖို့ သောက်ဖို့နဲ့ ပျော်ပါးဖို့ ခေါ်သွားပေးမယ်"
ထို့နောက် ဖန်းရန်၏စကား ထွက်ပေါ်လာသောအခါ ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။
"စားတာ သောက်တာနဲ့ ပျော်ပါးတာက ဘဝရဲ့အနှစ်သာရ ဖြစ်တယ်"
သူ၏စိတ်အတွင်း ခြင်္သေ့ကြီး၏ ကြွေးကြော်သံကလည်း ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ဆွံ့အသွားရသည်။ ဖန်းရန်၏ဦးဆောင်မှုဖြင့် ယဲ့ချန်သည် သတ္တုခင်းလမ်းများထက်မှ လျှောက်လှမ်းလာခဲ့သည်။ လမ်းဘေးဝဲယာရှိ ပလက်ဖောင်းပေါ်တွင် အချိန်လေဟာနယ် ဒူးလေးကြီးများ တပ်ဆင်ထားပြီး အေးစက်စက်မြှားခေါင်းများက သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်နေသည်။ ထိပ်တန်းနယ်မြေသည် စည်းစမ်းဥစ္စာများ ပေါင်းဆုံရာဖြစ်သောကြောင့် လုံခြုံရေးကလည်း အလွန်တင်းကျပ်သည်။ မိနစ်အနည်းငယ်အကြာတွင် သူတို့၏မြင်ကွင်းအတွင်း စက်ဝိုင်းသဏ္ဍာန် အဆောက်အအုံတစ်ခု ပေါ်လာသည်။
"ဒါက တိုက်ခိုက်ရေးကွင်းဖြစ်ပြီး လောင်းကစားလည်း လုပ်နိုင်တယ်။ ဒီကွင်းကို ကျွမ်ကြယ်သခင်လီယွမ် ပိုင်ဆိုင်တယ်။ ထိပ်တန်းနယ်မြေမှာ အရံကြယ်၁၅လုံးရှိပြီး ငါတို့ရောက်နေတာက ကျွမ်ကြယ်ဖြစ်ပြီး သူက ထိပ်တန်းအဆင့်ဖြစ်တယ်။ သူ့မှာ တပည့်ရာချီရှိပြီး အားလုံးက ကြယ်သခင်တွေဖြစ်တဲ့အပြင် ဒီကြယ်ရဲ့ အချမ်းသာဆုံးလည်း ဖြစ်တယ်"
ဖန်းရန်က ရှင်းပြလိုက်ခြင်းဖြစ်သည်။ သူ၏စကားကြောင့် ကောင်းကင်မူလကြယ်တွင် လီယွမ်၏တပည့်ကို သတ်ခဲ့သော ယဲ့ချန်က ရင်တစ်ချက်ထိတ်သွားသည်။ သို့သော် ထိပ်တန်းကြယ်သခင်တစ်ယောက်ဖြစ်သော လီယွမ်တွင် တပည့်ရာချီရှိပြီး တစ်ယောက်ချင်းစီက ကြယ်သခင်များဖြစ်သောကြောင့် အဆင့်နိမ့်ကြယ်သခင်ဖြစ်သည့် ရောင်လီ သေသွားသည့်တိုင်အောင် သတိထားမိမည်မဟုတ်ပေ။ သို့သော် လိုရမယ်ရအနေဖြင့် ကြိုတင်ကာကွယ်ရန် အရေးကြီးပြီး သို့မှသာ လီယွမ် ပြဿနာလာရှာလျှင် လုံခြုံမည်ဖြစ်သည်။
"ပုံမှန်ဆိုရင် နတ်အစေခံတွေပဲ တိုက်ခိုက်ကြတယ်။ ကြယ်သခင်တွေက ကွင်းထဲမှာဝင်ပြီး မတိုက်ခိုက်ပေမယ့် သူတို့နောက်လိုက်တွေကို ခေါ်လာတတ်တယ် တစ်ကြိမ်အနိုင်ရရင် မနောငွေ ထောင်ချီသောင်းချီ အနိုင်ရပြီး တိုက်ပွဲဆယ်ပွဲကျော် ဆက်တိုက်အနိုင်ရမယ်ဆိုရင် ဆုကြေးက နှစ်ဆ ဖြစ်သွားလိမ့်မယ်"
ဖန်းရန်က တိုက်ပွဲကွင်းအကြောင်း ပြောနေချိန်တွင် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူက အလယ်အဆင့် ကြယ်သခင်တစ်ယောက်ဖြစ်သောကြောင့် ဝင်ရောက်တိုက်ခိုက်ခွင့် မရှိသော်လည်း လောင်းကစားလုပ်ခွင့်ရှိပေသည်။ သူက လုံလုံလောက်လောက် စိတ်ဓာတ်တည်ငြိမ်ခြင်းမရှိသည်ကို ယဲ့ချန်က သတိထားမိလိုက်သည်။ ထို့ကြောင့် ဖန်းရန်က ဤအဆင့်အထိ ရောက်ရှိလာခြင်းမှာ ဖခင်၏ အကူအညီကြောင့် ဖြစ်ပုံရသည်။ ကြယ်သခင်များသည် သာမန်ကျင့်ကြံသူများနှင့် ကွာခြားပြီး ကြယ်ဝိညာဥ်နှင့် ပေါင်းစပ်ပြီးလျှင် ကြိုးကြိုးစားစား ကျင့်ကြံစရာမလိုအပ်ဘဲ လျင်လျင်မြန်မြန် တိုးတက်လာပေလိမ့်မည်။
"ဒါဆိုရင် မင်းရော ပွဲမကြည့်ချင်ဘူးလား"
ဖန်းရန်က မေးလိုက်သည်။
"ဒါဆိုလည်း တစ်ချက်လောက် သွားကြည့်တာပေါ့"
ယဲ့ချန်က ခေါင်းညိတ်လိုက်ပြီး သူတို့သည် ဧရာမတိုက်ခိုက်ရေးကွင်းကြီးအတွင်း ဝင်ရောက်လိုက်သောအခါ ကျင့်ကြံသူပေါင်းထောင်သောင်းချီက အော်ဟစ်အားပေး ကြုံးဝါးနေသည်ကို မြင်လိုက်ရ၏။ တစ်ယောက်ချင်းစီ၏ လက်ထဲတွင် လောင်းကစားလက်မှတ်များရှိနေပြီး အလွန်စိတ်လှုပ်ရှားနေပုံရသည်။
"သတ်ကြ"
"အမှိုက်ကောင်"
"လခွမ်း ဒီကောင့်ကို မလောင်းလိုက်သင့်ဘူး"
တိုက်ခိုက်ရေးကွင်းပြင်၏ ရှေ့ဆုံးအတန်းတွင် ကြယ်ဒေသအသီးသီးမှ ကြယ်သခင်များ နေရာယူထားပြီး အော်ဟစ်အားပေးနေကြသည်။ နောက်ပိုင်းအတန်းများတွင် သူတို့၏နောက်လိုက်များနှင့် စစ်ဧကရာဇ်အဆင့်များ ရှိပေသည်။ ကြယ်သခင်များက ချမ်းသာသောကြောင့် မနောငွေထောင်ချီအထိ လောင်းကြေးထပ်ကြပြီး တိုက်ခိုက်ရေးကွင်း၏ အောက်ဆုံးအဆင့်၌ တိုက်ပွဲကျင်းပသောကြောင့် လူတိုင်းက ရှင်းလင်းစွာ မြင်နိုင်သည်။ ထိုမြေကွက်လပ်တွင် အိမ်ကြီးတစ်လုံးပမာ ကြီးမားသော လှောင်အိမ်ကြီးဆယ်ခုရှိကာ ထိပ်တန်းအဆင့် ကြယ်သခင်များ၏ အစီအရင်ဖြင့် ပိတ်ဆို့ခံထားရသောကြောင့် အတွင်းဘက်မှ မည်မျှပြင်းပြင်းထန်ထန် တိုက်ခိုက်ပါစေ ချိုးဖျက်နိုင်မည် မဟုတ်ပေ။ လှောင်အိမ်တစ်ခုစီအတွင်း၌ နတ်အစေခံနှစ်ယောက်ရှိ၍ အချင်းချင်းပြင်းထန်စွာ တိုက်ခိုက်နေကြပြီး အသက်ကို ရင်းနေကြသဖြင့် တိုက်ပွဲတစ်ခု ပြီးဆုံးသွားတိုင်း အလောင်းတစ်ခု သယ်ထုတ်ခံသွားရစမြဲပင်။ ဤမြင်ကွင်းသည် ကမ္ဘာပေါ်ရှိ မြေအောက်အသေသတ်ပွဲများနှင့် ဆင်တူသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒီကွင်းက လီယွမ်ပိုင်ထားတဲ့ ကွင်းတွေထဲက တစ်ခုသာ ရှိသေးတယ်။ နတ်အစေခံအဆင့်တစ်ဆယ် ကျင့်ကြံသူတိုင်းက ဝင်ရောက်တိုက်ခိုက်နိုင်တယ်။ ဒီအဆင့် နတ်အစေခံတွေရဲ့တိုက်ပွဲက အဆင့်နိမ့်တွေထက် ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်"
ဖန်းရန်က ချီးကျူးလိုက်သည်။ ပြည်ထောင်တစ်ခု၏ကျဆုံးမှုက အတွင်းမှ လှိုက်စားခြင်းကြောင့်ဖြစ်ပြီး ဤနတ်အစေခံများမှာ ကောင်းကင်နတ်ဆိုးများကို တွန်းလှန်ရမည့်အစား အလဟဿ အသေခံနေရသည်။ သူတို့က အချင်းချင်းတိုက်ခိုက်နေသည်ကို အသားကျနေပုံရသောကြောင့် နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းကို ကောင်းကင်နတ်ဆိုးများ ကျူးကျော်နိုင်ခဲ့ခြင်းက အဆန်းမဟုတ်တော့ပေ။ ကောင်းကင်မူလကြယ်မှ ထွက်ခွာလာပြီးနောက် ယဲ့ချန်သည် စကြဝဠာက သူထင်ထားသည်ထက် ပို၍မှောင်မိုက်ရက်စက်ကာ အကျည်းတန်ကြောင်း နားလည်လာရသည်။ ဤကြယ်အဖွဲ့အစည်းကို ကာကွယ်ရန်အတွက် ထိပ်တန်းမဟာမိတ်က ယုံကြည်စိတ်ချရသော အင်အားစု မဖြစ်နိုင်ပေ။ ဤနည်းအတိုင်း ဆက်လက်ဖြစ်ပွားနေလျှင် ကောင်းကင်နတ်ဆိုးများလက်ချက်ဖြင့် ထိပ်တန်းမဟာမိတ်ပင် ပျက်စီးသွားနိုင်သောကြောင့် ကောင်းကင်မူလကြယ်ကို ကာကွယ်ရန်အတွက် ယဲ့ချန်က ကိုယ့်ကိုကိုယ် ကာကွယ်ရပေလိမ့်မည်။
"ဒီလိုဆိုမှတော့ ရေလိုက်ငါးလိုက် လှုပ်ရှားရမှာပေါ့"
သူက စိတ်အတွင်းမှ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ဒီကောင့်ကိုသတ်"
"မြန်မြန်သတ်စမ်း အရူး"
"ကောင်းတယ်ဟေ့"
ကြွေးကျော်အားပေးသံများနှင့် ကျိန်ဆဲသံများက ဆက်တိုက်ထွက်ပေါ်လာနေပြီး လှောင်အိမ်တစ်ခုအတွင်း၌ လူဝံကြီးတစ်ကောင်နှင့်ဆင်တူသော နတ်အစေခံက သူ၏ပြိုင်ဘက်ကို လှောင်အိမ်နံရံထံ ပစ်ပေါက်လိုက်သည်။ ဘုန်းခနဲမြည်သံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ထိုနတ်အစေခံ၏ အရိုးများအားလုံး ကျိုးကြေသွားကာ ခုခံနိုင်စွမ်းမရှိတော့ပေ။ သူက နာနာကျင်ကျင် အော်ဟစ်နေစဥ် လူဝံနတ်အစေခံက ခြေထောက်ကိုမြှောက်၍ ဦးခေါင်းကို နင်းချပစ်လိုက်သဖြင့် ဦးနှောက်နှင့် သွေးစများ ပြန့်ကြဲကုန်သည်။ နားကွဲမတတ်ကျယ်လောင်သော အော်ဟစ်အားပေးသံများက လှိုင်းလုံးကြီးများပမာ လိမ့်တက်လာသည်။
"မင်း မြင်လိုက်လား။ ဒီကောင့်ကို သားရဲကောင်လို့ခေါ်ပြီး အဆင့်တစ်ဆယ် နတ်အစေခံတွေကြားမှာ အစွမ်းအထက်ဆုံးဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ်ရက်အတွင်း သူက နှစ်ဆယ့်ခြောက်ပွဲတိတိ ဆက်တိုက်နိုင်တယ်။ ဒီကောင့်ကိုလောင်းရင်းနဲ့ မနောငွေခြောက်သောင်းလောက်အထိ ငါ နိုင်ထားပြီ။ နောက်တစ်ကြိမ် ထပ်လောင်းရင်လည်း နိုင်မှာ သေချာတယ်"
ဖန်းရန်၏မျက်လုံးများက အရောင်တောက်နေသည်။ ယဲ့ချန်က မျောက်ဝံနှင့်တူသော သားရဲကောင်ကို တစ်ချက်ကြည့်လိုက်ပြီး အစွမ်းထက်အရှိန်အဝါကို အာရုံခံမိလိုက်သည်။ တိုက်ပွဲကွင်းတစ်ခုလုံးတွင် ပျော်ရွှင်စွာ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာပြီး ဤလူဝံကောင်အပေါ် လောင်းကြေးထပ်ထားသူ အရေအတွက်က အလွန်များပြားလေသည်။