← Chapters

ဖန်းရန်၏ စီးပွားရေး

Vol. 58 Ch. 805

ဖန်းရန်၏ စီးပွားရေး

Vol. 58 Ch. 805

"ညီလေးချန် မင်းကလည်း အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်မလား။ ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်နဲ့ဆိုရင် သားရဲကောင်ဆီက လက်သီးချက်နည်းနည်းထက် ပိုပြီးခံနိုင်မယ် မထင်ဘူး"

ဖန်းရန်က စနောက်လိုက်ခြင်းဖြစ်သည်။

"ဒါနဲ့ ငါက သူ့ကိုနိုင်ရင် ဘယ်လောက်ရမှာလဲ"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး ကွင်းပြင်ထဲမှ တိုက်ခိုက်နေသူများကို ကြည့်ကာ ပြန်မေးလိုက်သည်။

"သူ့ကိုနိုင်ရင် ရမယ့်ဆုက မနောငွေနှစ်သန်းကျော်နေပြီ။ ငါက စနေတာနော်။ မင်းအတွက် ဒီငွေလောက်နဲ့ အသက်နဲ့ရင်းစရာ မလိုပါဘူးကွာ။ အခုအချိန်အထိ သူ့ကို စိန်ခေါ်သူမှန်သမျှ အသက်ရှက်လျက် ပြန်မထွက်လာနိုင်သေးဘူး"

ဖန်းရန်က တအံ့တသြဖြစ်သွားကာ အဖြေပြန်ပေးလိုက်သည်။

"ပေါက်ကြေးကရော"

ယဲ့ချန်က ခပ်တည်တည်နှင့် ဆက်မေးလိုက်၏။

"တစ်ဆနဲ့ အဆနှစ်ဆယ်။ ညီလေးချန် မင်းက ဘာလို့မလောင်းတာလဲ"

ပေါက်ကြေးသည် သားရဲကောင်ရှုံးနိမ့်သွားလျှင် မနောငွေတစ်ပြားလောင်းသူက အပြားနှစ်ဆယ် အနိုင်ရပေလိမ့်မည်။ ထိုအချိန်တွင် လှောင်အိမ်အတွင်း အဆင့်တစ်ဆယ် နတ်အစေခံများကြား၌ အစွမ်းထက်သော နတ်အစေခံတစ်ယောက်က ဝင်ရောက်သွားသည်။ သူကလည်း ၁၂ပွဲဆက်တိုက် အနိုင်ရထားသောကြောင့် သားရဲကောင်ကိုစိန်ခေါ်ရန် အရည်အချင်းရှိသဖြင့် အားပေးသံများ ဟိန်းထွက်လာသည်။

"လောင်းကြေးထပ်ကြဟေ့"

"ငါက သားရဲကောင်ကို မနောငွေသုံးရာ လောင်းတယ်"

"သားရဲကောင်ဘက်က ငါးရာ ရှိတယ်ဟေ့"

"သားရဲကောင်နိုင်မှာ သေချာတယ်။ ငွေသုံးထောင် လောင်းတယ်"

လောင်းကြေးထပ်သူများက သားရဲကောင်ဘက်တွင် ပြတ်သားစွာ လောင်းလိုက်ကြသည်။

"ငါနဲ့အတူ သားရဲကောင်ဘက်က လောင်းရင် သေချာပေါက်မြတ်မယ်လို့ အာမခံတယ်"

သားရဲကောင်ဘက်တွင် မနောငွေတစ်သိန်း လောင်းလိုက်သော ဖန်းရန်က စိတ်လှုပ်ရှားစွာ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

"လောင်းကစားလောကမှာ သေချာပေါက် အနိုင်ရမယ်လို့ အာမမခံသင့်ဘူး"

ယဲ့ချန်က ခေါင်းတစ်ချက်ယမ်း၍ ပွဲကြည့်စင် ရှေ့ဆုံးတန်း၏အလယ်သို့ အကြည့်တစ်ချက် ရောက်သွားခဲ့သည်။ ထိုနေရာ၌ အနက်ရောင်ဝတ် ကြယ်သခင်များစုဝေးနေကြပြီး ခရမ်းရောင်ချီများ ရစ်သိုင်းနေသည့် အဘိုးအိုတစ်ယောက်လည်း ရှိနေသည်။ ထိုအဘိုးအိုက ပိန်ပိန်ပါးပါးဖြစ်ပြီး ဆံပင်ဖြူများ ပိုင်ဆိုင်ထားကာ မျက်လုံးများတွင် အလင်းရောင်များ ထွက်ပေါ်နေသည်။

"အလယ်မှာရှိနေတဲ့ အဘိုးကြီးက ကျွမ်ကြယ်ပေါ်မှာ အစွမ်းအထက်ဆုံး ကြယ်သခင် လီယွမ် ဖြစ်တယ်"

ယဲ့ချန်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သော ဖန်းရန်က မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။ လီယွမ်ကိုယ်တိုင် ရောက်ရှိနေသောကြောင့် ဤတိုက်ပွဲကွင်း၏ပြိုင်ပွဲက အာရုံများစွာကို ဆွဲဆောင်ထားနိုင်ပုံရသည်။ လောင်းကစားတွင် ဒိုင်လုပ်သူရှိပြီး ထိန်းချုပ်မှု များစွာရှိသော​ကြောင့် ရလဒ်ကို ခန့်မှန်းရန် မဖြစ်နိုင်ချေ။ ယဲ့ချန်က လောင်းကစားလုပ်ရန် စိတ်မပါသောကြောင့် စောင့်ကြည့်နေသော်လည်း ဖန်းရန်က ငွေတစ်သိန်း လောင်းကြေးထပ်လိုက်သည်။

"ဆရာ ဒီတိုက်ပွဲကနေ ကျုပ်တို့ ငွေသန်းငါးဆယ်ကျော် အနိုင်ရထားပြီးပြီ"

တပည့်တစ်ယောက်က လီယွမ်အနားသို့ ကပ်လာပြီး တီးတိုးပြောလိုက်ခြင်းဖြစ်သည်။

"မင်းနဲ့ မီတောက် ဆွေးနွေးတာ ဘယ်လိုအခြေအနေလဲ"

လီယွမ်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။

"ဒီကောင်က သားရဲကောင်ကို အရှုံးပေးစေချင်ရင် သူ့ကို သန်းသုံးဆယ်ပေးရမယ်လို့ ပြောနေတယ်။ မဟုတ်ရင် ဆက်ပြီး တိုက်ခိုက်ခိုင်းမယ်တဲ့။ သူ့မှာ နောက်ခံတစ်ခုခု ရှိနေတဲ့အတွက် ကျုပ်တို့ကို မျက်စိထဲ ထည့်မထားဘူး"

နောက်ထပ်တပည့်တစ်ယောက်က လေးလေးစားစား အသိပေးလိုက်ကာ အလယ်အဆင့်ကြယ်သခင်တစ်ယောက် ဖြစ်နေခဲ့သည်။

"သားရဲကောင်ကို အနိုင်ယူနိုင်တဲ့ အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်ကိုတောင် မရှာနိုင်ဘူးလား"

လီယွမ်၏ မျက်လုံးများတွင် ဒေါသစိတ်များ ထင်ဟပ်နေသည်။

"ဆရာ ဒီကောင်က သေချာပြင်ဆင်ထားတယ်။ သူက သားရဲကောင်လိုမျိုး အစွမ်းထက်တဲ့ နတ်အစေခံတစ်ယောက်ကို ဘယ်လိုရှာထားလဲ မသိဘူး။ သူ့ခွန်အားက အဆင့်နိမ့်ကြယ်သခင်အောက် မလျော့တဲ့အတွက် ကျုပ်တို့လူငါးယောက်လောက် အသတ်ခံထားရတယ်"

ထိုတပည့်က နဖူးမှ ချွေးများကို သုတ်လိုက်ပြီး စိတ်ပျက်လက်ပျက် ဖြေလိုက်သည်။

"အမှိုက်ကောင်တွေ"

လီယွမ်၏မျက်နှာက ဒေါသတကြီးဖြစ်သွားပြီး ခရမ်းရောင်ချီများက ပို၍သိပ်သည်းလာသည်။ ထို့ကြောင့် သူ၏တပည့်များက တိတ်ဆိတ်သွားပြီး စကားတစ်ခွန်းမှ ထပ်မဟရဲတော့ပေ။ လက်ရှိတွင် သူတို့၏ဆရာဖြစ်သူက အလွန်အမင်းဒေါသထွက်နေသဖြင့် ဆက်လက်စကားများနေလျှင် အပြင်းအထန် အပြစ်ပေးခံရပေလိမ့်မည်။

"ညီလေးချန် မင်း လောင်းကြေးမထပ်ဘူးလား။ ငါ့စကားနားထောင်ရင် မင်း မမှားစေရဘူး"

ဖန်းရန်က ယဲ့ချန်၏ပခုံးကို ပုတ်ကာ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

"ငါ မလောင်းချင်ဘူး"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်၏။ ထိုအချိန်၌ အခြားကျင့်ကြံသူများသည်လည်း သားရဲကောင်အပေါ် လောင်းကြေးထပ်နေကြသဖြင့် ဒိုင်ဖြစ်သူက တစ်ခုခုမလုပ်လျှင် ငွေကြေးအမြောက်အများ ဆုံးရှူံးရပေလိမ့်မည်။ ဆယ်မိနစ်အကြာတွင် လောင်းကြေးထပ်ချိန် ပြည့်သွားသဖြင့် တိုက်ပွဲစတင်သောအခါ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ သားရဲကောင်၏ဟိန်းသံဖြစ်ပြီး သူက ကြောက်မက်ဖွယ်ကောင်းအောင် စတင်တိုက်ခိုက်လိုက်သဖြင့် ကြွက်သားကြီးများက ပို၍ဖောင်းကြွလာသည်။ သူ၏အသွင်က သားရဲတစ်ကောင်ပမာ ထိတ်လန့်စရာ ဖြစ်နေသောကြောင့် ပြိုင်ဘက်က တန့်သွားရသည်။

"ဘန်း ဘန်း ဘန်း"

လှောင်အိမ်အတွင်းမှ တိုက်ပွဲက လက်ဗလာသက်သက်ဖြစ်သောကြောင့် သားရဲများပမာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေကြသည်။ အကယ်၍ ဤပြိုင်ဘက်နှစ်ယောက်သာ စစ်ပွဲအတွင်း ပါဝင်မည်ဆိုလျှင် ကောင်းကင်နတ်ဆိုးများစွာကို သုတ်သင်နိုင်မည်ဖြစ်သော်လည်း လက်ရှိတွင် အကျိုးမဲ့ သူသေကိုယ်သေ တိုက်ခိုက်နေကြရသည်။ ယဲ့ချန်က သက်ပြင်းချ၍ ဤသို့တွေးတောနေစဥ် သားရဲကောင်က ပြိုင်ဘက်၏လည်မျိုကို ဖမ်းဆွဲလိုက်ပြီး သွေးဆာရက်စက်စွာဖြင့် ခေါင်းကို ကိုယ်မှ ဆွဲဖြုတ်လိုက်သည်။ သွေးများ ဗြန်းခနဲထွက်ပေါ်လာကာ ရက်စက်လှသော မြင်ကွင်း ဖြစ်တည်လာချိန်တွင် သားရဲကောင်က မျောက်ဝံကြီးပမာ ရင်ဘတ်ကို လက်ဖြင့်ထုနှက်၍ ကြုံးဝါးနေပြီး အားပေးသံများလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ ပြိုင်ဘက်ကို သားရဲကောင်က အနိုင်ယူလိုက်သောကြောင့် ကွင်းတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားကာ လောင်းကြေးအနိုင်ရသူများစွာ ရှိနေခဲ့သည်။

"ဟား ဟား ငါပြောတာ မှန်တယ်မလား။ မင်းလည်း ဒီကောင့်ဘက်က လောင်းရင် သေချာပေါက်အနိုင်ရမှာ"

ဖန်းရန်က အလွန်ပျော်ရွှင်စွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်ရေရွတ်နေသည်။ ဤတိုက်ပွဲအပြီး၌ သားရဲကောင်ကို စိန်ခေါ်ဝံ့သူ ထွက်ပေါ်မလာသောကြောင့် သူသည် လှောင်အိမ်အတွင်း တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။ အခြားလှောင်အိမ်ကိုးခု၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဆက်တိုက်အနိုင်ရသူများသာ သားရဲကောင်ကို စိန်ခေါ်ခွင့်ရမည်ဖြစ်သည်။

"နောက်ထပ်ဘယ်လိုနေရာတွေ ရှိသေးလဲ"

ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။

"တိုက်ပွဲကွင်းပတ်ဝန်းကျင်မှာ အခြားနေရာတွေရှိပေမယ့် စိတ်ဝင်စားစရာ မကောင်းဘူး။ မျိုးစေ့တွေနဲ့ သားရဲပေါက်တွေ ရောင်းချတဲ့ ဆိုင်တစ်ဆိုင် ရှိတယ်။ ငါက သူတို့နဲ့ စီးပွားရေးလုပ်ကိုင်ပေမယ့် ပျင်းစရာကောင်းလွန်းလို့ နောက်လိုက်တွေနဲ့ လွှဲထားတယ်။ ဆောင်ကြာမြိုင်တွေလည်း ရှိပေမယ့် အဆင့်နိမ့်လွန်းတယ်။ ညီလေးချန် စိတ်ဝင်စားမယ်ဆိုရင်တော့ ခေါ်သွားပေးပါမယ်"

ဖန်းရန်သည် လောင်းကြေးများ ဆက်တိုက်အနိုင်ရနေသောကြောင့် ဤနေရာမှ မခွာချင်သော်လည်း ယဲ့ချန်က စိတ်ဝင်စားပုံမရသောကြောင့် အခြားနေရာများအကြောင်း မိတ်ဆက်ပေးခဲ့သည်။ ဆောင်ကြာမြိုင်ဟူသော စကားလုံး​အရောက်တွင် သူ၏မျက်နှာက ပြုံးရိပ်သန်းနေသဖြင့် ရောက်ဖူးကြောင်း သိသာသည်။

"ဘယ်လိုသက်ရှိမျိုးတွေကို ရောင်းချတာလဲ"

ယဲ့ချန်က ထိုဆိုင်အကြောင်း စိတ်ဝင်တစား မေးလိုက်သည်။

"ဥပမာကွာ စားလိုက်ရင် ကျင့်ကြံဆင့်ကို မြင့်တက်စေနိုင်တဲ့ သက်ရှိတွေ ရောင်းတယ်။ သူတို့မှာ ဆေးပင်မျိုးစေ့နဲ့ အကောင်ပေါက်တွေရှိပြီး ကြယ်သခင်တွေက ဝယ်ယူလေ့ရှိကြတယ်"

"အစ်ကိုဖန်း ငါက ကုန်သည်တစ်ယောက်ဆိုတာ မမေ့နဲ့လေ။ ပြန်ရောင်းချလို့ရတာမှန်သမျှ ငါလည်း စိတ်ဝင်စားတယ်"

"ညီလေးချန် မင်းက တကယ့်ကို စီးပွားရေးသမားတစ်ယောက်ပါလား။ ဘယ်နေရာရောက်ရောက် ငွေရှာဖို့ မမေ့ဘူး။ ကောင်းပြီ ငါ မင်းကို ခေါ်သွားပေးမယ်"

ဖန်းရန်က ခါးသက်သက်ပြုံး၍ ခေါင်းညိတ်လိုက်၏။ ကုန်သည်က ယဲ့ချန်၏ဆင်ခြေသာဖြစ်ပြီး အစစ်အမှန်ရည်ရွယ်ချက်က ကောင်းကင်မူလကြယ်နှင့် ကျိယွမ်ကြယ်အတွက် ထိုသက်ရှိများကို ဝယ်လိုခြင်းဖြစ်သည်။ အဆင့်မြင့်ဆေးပင်များနှင့် သားရဲများကို ပြုစုပျိုးထောင်ရာ၌ အကျိုးများစွာရှိပြီး ပြန်လည်ရောင်းချနိုင်သကဲ့သို့ ကျင့်ကြံဆင့် မြင့်တက်ရန်အတွက် အသုံးချနိုင်သည်။ သို့သော် သူက အဆင့်နိမ့်များကို စိတ်မဝင်စားဘဲ အဆင့်မြင့်သက်ရှိများကိုသာ လိုအပ်ပေသည်။

"ညီလေးချန်က စိတ်ဝင်စားနေမှတော့ သွားကြတာပေါ့"

ဖန်းရန်က ခါးသက်သက်ပြုံးလိုက်ပြီး တိုက်ပွဲကွင်းမှ တွန့်ဆုတ်တွန့်ဆုတ်နှင့် ဦးဆောင်ထွက်ခွာလာခဲ့သည်။ သူ၏ဦးဆောင်မှုဖြင့် ယဲ့ချန်က လိုက်ပါလာခဲ့သောအခါ လမ်းပေါ်၌ ဆောင်ကြာမြိုင်တစ်ခုကို တွေ့လိုက်ရသည်။ ဆွဲဆောင်အားပြင်းသော မိန်းမလှလေးများက လျှပ်ပေါ်လော်လီသည့် အဝတ်အစားကိုယ်စီဖြင့် ဧည့်သည်များကို ခေါ်ဆောင်နေကြသည်။ ဖန်းရန်ပင် ဤအဆင့်ဆောင်ကြာမြိုင်မျိုးကို စိတ်မဝင်စားသောကြောင့် သူတို့က ကျော်ဖြတ်လာခဲ့ပြီး လမ်းချိုးအကွေ့အနည်းငယ်ကို ဖြတ်သန်း၍ ခန်းမကျယ်တစ်ခုထံ ရောက်လာကြသည်။ ထိုနေရာ၏အလယ်၌ လမ်းကျဥ်းလေးတစ်ခုရှိနေပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် ဖောက်ထွင်းမြင်ရသော ဗီရိုများရှိနေကာ ဆေးပင်မျိုးစုံနှင့် သားရဲပေါင်းစုံ သိမ်းဆည်းထားသည်။ ဗီရိုတစ်ခုချင်းစီတွင် သင့်တော်သော ပတ်ဝန်းကျင်၊ မွေးမြူစိုက်ပျိုးရမည့် နည်းလမ်း၊ စုဆောင်းရန် နည်းလမ်း၊ သားဖောက်ရန် နည်းလမ်း စသည့် အသေးစိတ်အချက်အလက်များ မှတ်သားထားသော ကတ်တစ်ခုစီ ချိတ်ဆွဲထားသည်။

"ဒီဆိုင်မှာ အောက်ဆုံး၊ အလယ်နဲ့ အထက်ဆိုပြီး အဆင့်သုံးဆင့် ခွဲခြားထားတယ်။ အဆင့်ပိုမြင့်လေလေ စျေးကြီးလေလေဖြစ်ပြီး ပစ္စည်းတိုင်းကို စကြဝဠာတိုင်းက စုဆောင်းထားတာဖြစ်တယ်။ အချို့ဆိုရင် မျိုးပွားဖို့ ခက်ခဲပြီး နေရာတိုင်းမှာ ရှာမတွေ့နိုင်တဲ့အတွက် စျေးအလွန်ကြီးတယ်။ ငါ့လူတွေတောင် မနောငွေနှစ်သန်း အသုံးချပြီး အပင်ပေါက်တစ်ပင်ပဲ ရခဲ့တယ်။ ဒါပေမယ့် ခုနစ်ကြာမှ ငါ့အရင်းတွေအားလုံးကို ပြန်ရလိမ့်မယ်။ ဒီနေရာက အောက်ဆုံးအထပ်ဖြစ်ပေမယ့် ပစ္စည်းတွေက မျိုးပွားနိုင်စွမ်းရှိပြီး စကြဝဠာထဲကနေ စုစည်းထားတာဖြစ်လို့ စျေးတော့ မနိမ့်ဘူး။ အများစုက ရှားပါးတဲ့အတွက် စျေးကြီးတာ ပုံမှန်ပါပဲ"

ဖန်းရန်က ဆိုင်အကြောင်း အသေးစိတ် ရှင်းပြလိုက်လေသည်။

All Chapters