← Chapters

ရတနာဆိုင်

Vol. 58 Ch. 806

ရတနာဆိုင်

Vol. 58 Ch. 806

"ကြည့်လိုက်၊ ဒါက သွေးပြည်ထောင်ရဲ့ သွေးဖားပေါက်တွေ ဖြစ်တယ်။ ဒီကောင်တွေက သက်တမ်းရှည်ပြီး အထီးတစ်ကောင်က ငွေငါးသိန်းတန်ကြေးရှိပြီး အမတစ်ကောင်ဝယ်ဖို့ တစ်သန်းနှစ်သိန်း ပေးရမယ်။ အထီးအမတစ်စုံကို စုစုပေါင်း နှစ်သန်း ကုန်ကျတယ်။ ငါ့မိတ်ဆွေတစ်ယောက်က သူတို့ကို ဝယ်ခဲ့ပြီး ဆယ်နှစ်ကြာတဲ့အထိ မွေးမြူထားပေမယ့် မျိုးပွားနိုင်တဲ့ အရွယ်ရောက်ဖို့ နောက်ထပ်ငါးနှစ်လောက် လိုသေးတယ်။ ဒီကောင်တွေကို မွေးရတာ အကျိုးအမြတ်ရှိပေမယ့် အားစိုက်ရတဲ့ အချိန်ကတော့ များလွန်းတယ်"

ဖန်းရန်က ဗီရိုတစ်ခုကို ညွှန်ပြ၍ ရှင်းပြလိုက်သည်။ သွေးဖားတစ်ကောင်က လက်သည်းခွံအရွယ်ဖြစ်ပြီး သွေးနီရောင် တောက်ပနေသည်မှလွဲလျှင် သာမန်ဖားတစ်ကောင်နှင့် အတူတူပင်ဖြစ်သည်။

"ဒါပေမယ့် နောက်ထပ်ငါးနှစ်ကြာလို့ သွေးဖားတွေ မျိုးပွားနိုင်ပြီဆိုရင် အကျိုးအမြတ်က ထိုက်တန်ပါတယ်။ ဒီကောင်တွေက တစ်ခါဥချရင် အရေအတွက်ရာချီပြီး ငါးနှစ်တစ်ကြိမ် မျိုးပွားနိုင်ကြတယ်"

ဖန်းရန်က သူ၏မိတ်ဆွေကို အားကျနေသော်လည်း သွေးဖားကို အမှန်တကယ် မွေးမြူရန်အတွက် စိတ်ဝင်စားခြင်းမရှိပေ။ ဆယ်နှစ်ကျော်အထိ အချိန်ပေးရမည်ဆိုလျှင် သူက ၎င်းတို့ကို မွေးမြူနေမည့်အစား အခြားအရင်းအမြစ်များကိုသာ အရောင်းအဝယ် လုပ်ပေလိမ့်မည်။ ဖန်းရန်၏စကားများမှတဆင့် ယဲ့ချန်သည် ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၏ အခြေအနေကို သဘောပေါက်စပြုလာသည်။ ကြယ်ပေါင်းရာချီဆယ်ချီကို အုပ်ချုပ်ရသော ကြယ်သခင်များက ပိုင်နက်ကြယ်များပေါ်တွင် စီးပွားရေးပေါင်းစုံ လုပ်ကိုင်ပြီး ထိပ်တန်းနယ်မြေက သူတို့၏စုရပ် ဖြစ်သည်။ သူက သွေးဖားကို စိတ်ဝင်စားသော်လည်း အချိန်က ကြာလွန်းနေသဖြင့် အကျိုးအမြတ်များသော်လည်း လက်ရှောင်လိုက်သည်။

"ညီလေးချန် အပေါ်ကို ထပ်တက်မလို့လား"

သူက လှေကားများထံ ဦးတည်လိုက်သောအခါ ဖန်းရန်က ချီတုံချတုံ ဖြစ်နေခဲ့သည်။

"ဘာပြဿနာရှိလို့လဲ"

"နောက်တစ်ထပ်ရဲ့ ရတနာတွေက ပိုပြီးစျေးကြီးတယ်။ ငါတို့က ဘာသွားလုပ်ကြမှာလဲ။ အစွမ်းထက်အင်အားစုတွေသာ အလယ်ထပ်ရဲ့ ရတနာတွေကို ဝယ်နိုင်စွမ်းရှိကြတယ်။ အမြင့်ဆုံးအထပ်ကတော့ စွမ်းအားရှင်တွေသာ ဝင်ရောက်နိုင်ပြီး ငွေကြေးနဲ့ ဝယ်ခွင့်မရှိဘဲ ရတနာချင်း လဲလှယ်ရတယ်"

ဖန်းရန်က ခါးသက်သက်ပြုံး၍ ရှင်းပြလိုက်သည်။

"တစ်ချက်လောက် သွားကြည့်တာက ပြဿနာမရှိပါဘူး"

ယဲ့ချန်က ဦးဆောင်တက်သွားသောကြောင့် ဖန်းရန်က ရွေးချယ်စရာမရှိဘဲ လိုက်ပါလာခဲ့သည်။ အလယ်ထပ်၏ အပြင်အဆင်က ပို၍စနစ်ကျပြီး အလယ်မှလမ်းက ပို၍ကျယ်ဝန်းကာ ဗီရိုများရှေ့တွင် ထိုင်ခုံများ ခင်းကျင်းထားကာ လူအချို့က ရတနာများကို စစ်ဆေးကြည့်ရှုနေကြသည်။ ထိုကျင့်ကြံသူများက အဆင့်အတန်းမြင့်မြင့် ဝတ်စားထားသောကြောင့် အစွမ်းထက်သူများဖြစ်​ကြောင်း သိနိုင်သည်။ တစ်စုံတစ်ယောက် တက်လာကြောင်း သိသောအခါ သူတို့က လှည့်ကြည့်လာသော်လည်း ယဲ့ချန်နှင့် ဖန်းရန်၏ အသွင်အပြင်​ကြောင့် စိတ်ပျက်စွာဖြင့် အကြည့်လွှဲသွားကြသည်။ ထိုအကြည့်များကြောင့် ဖန်းရန်က ဦးခေါင်းပင် ကျိန်းစပ်သွားသည်။ သူက ဖခင်နှင့်အတူ ထိပ်တန်းမဟာမိတ်၏ ဧည့်ခံပွဲများကို တက်ရောက်ခဲ့သောကြောင့် ထိုလူများကို အဝေးမှ မြင်ဖူးထားခဲ့သည်။ ထို့ကြောင့် သူက အနာဂတ်တွင် ထိုလူများကို ရန်မစမိစေရန်အတွက် ရုပ်သွင်များကို အသေအချာ မှတ်သားခဲ့ရသည်။ သူ၏ဖခင်ပင် ထိပ်တန်းနယ်မြေ၏ ကြီးကြပ်သူတစ်ယောက်သာဖြစ်ပြီး ထိုကျင့်ကြံသူများနှင့် အဆင့်မတူသောကြောင့် သူ၏ယုံကြည်မှုများ ပျောက်ကွယ်သွားရသည်။ ယဲ့ချန်ကမူ ထိုလူများကို လျစ်လျူရှုထားပြီး နောက်ဖေးခြံဝန်း၌ လမ်းလျှောက်ထွက်လာသကဲ့သို့ အေးအေးဆေးဆေး ရှိနေခဲ့သည်။ အလယ်ထပ်ရှိ ရတနာတိုင်း၏စျေးနှုန်းက အနည်းဆုံး မနောငွေဆယ်သန်း ဖြစ်သောကြောင့် ဖန်းရန်က မလာလိုခြင်း ဖြစ်ပေလိမ့်မည်။ ဖန်းရန်၏ပိုင်နက်အတွင်းရှိ စည်းစိမ်များ ပေါင်းလိုက်လျှင်ပင် ငွေသန်းရာဂဏန်း မရှိနိုင်သောကြောင့် ဝယ်နိုင်စွမ်း မရှိပေ။

ယဲ့ချန်သည် လက်ရှိငွေကြေးအင်အားအရ ရတနာတစ်ခုနှစ်ခု ဝယ်ယူနိုင်သောကြောင့် သင့်တော်သည်များကို ရှာဖွေပြီး လက်အောက်ခံများနှင့် ကောင်းကင်မူလကြယ်သို့ ပြန်ပို့ရန် စဥ်းစားထားသည်။ အချိန်ခဏအကြာတွင် သူက ရေအပြည့်ဖြည့်ထားပြီး ငါးများ ကူးခတ်နေသော ဗီရိုတစ်လုံးရှေ့တွင် ရပ်တန့်လိုက်သည်။ ငါးတစ်ကောင်ချင်းစီက ပဲစေ့အရွယ်အစားသာရှိပြီး အဖြူရောင်တောက်ပနေကာ ကျောက်စိမ်းရုပ်များပမာ ထင်မှတ်ရ၏။

"ကောင်းကင်ငါး အဆုံးမဲ့ကြယ်ပင်လယ်ရဲ့ မျိုးစိတ်တစ်ခုဖြစ်ပြီး ရေရှိသရွေ့ အသက်ရှင်နိုင်တယ်။ နှစ်စဥ်ဥချပြီး အရေအတွက်သောင်းချီဖြစ်ပေမယ့် အကောင်ရေတစ်သိန်းမှာမှ အမတစ်ကောင်သာ ရှိနိုင်တယ်။ အစားအသောက်က ကြယ်ရတနာတွေဖြစ်ပြီး အရွယ်ရောက်လာဖို့အတွက် ၂နှစ် ကြာတယ်။ အရွယ်ရောက်ငါးထီးတစ်ကောင်က မနောငွေရာချီတန်ပြီး မျိုးရိုးအဆင့်ပိုမြင့်ရင် ထောင်ချီစျေးပေါက်တယ်။ အမတစ်ကောင်ရဲ့တန်ဖိုးက မနောငွေသန်းနှစ်ဆယ်ကျော်ပြီး ငွေပြန်ဖော်နိုင်ဖို့အတွက် သုံးနှစ် အချိန်ယူရမယ်။ ငါးအထီးတွေကို နတ်အစေခံတွေနဲ့ စစ်ဧကရာဇ်တွေအတွက် ကျင့်ကြံရေးအရင်းအမြစ်အဖြစ် အသုံးချနိုင်တယ်"

ယဲ့ချန်သည် ကောင်းကင်ငါး၏ အချက်အလက်များကို ဖတ်ရှုလိုက်ပြီး ရင်ယွမ်ကြယ်၌ မွေးမြူရန် သင့်တော်ကြောင်း ဆုံးဖြတ်လိုက်သည်။ သူ၏ငွေများဖြင့် ငါးအထီးများဝယ်ရန် လုံလောက်သော်လည်း အမတစ်ကောင်ဝယ်ရန်အတွက် ယူဆောင်လာသမျှ ကြယ်ရတနာများကို ရောင်းချရပေလိမ့်မည်။ ကောင်းကင်ငါးအပြင် ကြယ်သစ်ပင်ဆိုသော အရာကိုလည်း သူက စိတ်ဝင်စားနေပြီး ၎င်းကို စိုက်ပျိုးထားလျှင် စကြဝဠာအတွင်းမှ အချိန်လေဟာနယ်စွမ်းအင်များကို စုပ်ယူပေးနိုင်စွမ်းရှိသည်။ အရေအတွက်များလေလေ အာနိသင် ပိုရှိလေလေဖြစ်သော်လည်း တစ်ပင်၏တန်ဖိုးက မနောငွေသန်းငါးဆယ် ဖြစ်သည်။ ထို့အပြင် ၎င်းတို့က မျိုးပွားနိုင်စွမ်းမရှိဘဲ အရွယ်ရောက်လာလျှင် မီတာသောင်းချီအထိ မြင့်တက်လာနိုင်သည်။ ကြယ်သစ်ပင်က စျေးကြီးလွန်းသောကြောင့် သူက လက်ရှိအခြေအနေအရ ဝယ်နိုင်စွမ်းမရှိသဖြင့် ကောင်းကင်ငါးကိုသာ ဦးစားပေးလိုက်သည်။ ထိုရတနာနှစ်ခုအပြင် အလယ်ထပ်၌ ဆေးပင်နှင့် သားရဲများစွာရှိနေပြီး စကြဝဠာ၏ နေရာအသီးသီးမှ စုဆောင်းထားခြင်းဖြစ်သည်။ ရတနာများကို ရှာဖွေစုဆောင်းရာ၌ အလွန်အန္တရာယ်များသောကြောင့် စျေးကြီးပြီး ကြယ်သခင်တိုင်းပင် ဝယ်ယူနိုင်ရန် ငွေကြေး မလုံလောက်ပေ။

"ဘယ်သူက ဒီဆိုင်ကို ဖွင့်ထားတာလဲ"

ယဲ့ချန်၏စိတ်ထဲတွင် ဤမျှတန်ဖိုးကြီးသော ရတနာများ၏ ပိုင်ရှင်အကြောင်း သိချင်လာသောကြောင့် ဖန်းရန်ကို မေးလိုက်သည်။

"မသိဘူး။ ဆိုင်ရှင်က ဆန်းကျယ်လွန်းပြီး တစ်ခါမှ လူမြင်ကွင်းကို ထွက်မလာဖူးတဲ့အတွက် ဘယ်သူမှ သူ့အကြောင်း မသိဘူး။ လီယွမ်တောင် သူ့ကို ရန်မစရဲဘူးလို့ ပြောကြတယ်"

ဖန်းရန်သည်လည်း ဆိုင်ရှင်အကြောင်း သိလိုသော်လည်း သူ၏အဆင့်အတန်းဖြင့် စုံစမ်းလျှင် သေလမ်းရှာသည်နှင့် မခြားပေ။ ယဲ့ချန်က ခေါင်းညိတ်လိုက်ပြီး ဤဆိုင်မျိုးကို ဖွင့်လှစ်ရန်အတွက် လီယွမ်အောက် နိမ့်ကျသူ မဖြစ်နိုင်ကြောင်း သုံးသပ်လိုက်၏။ ထို့အပြင် ဖန်းရန်၏စကားအရ နောက်ဆုံးအထပ်သို့ စွမ်းအားရှင်များသာ ဝင်ရောက်ခွင့်ရသောကြောင့် ဆိုင်ရှင်၏မိတ်ဆွေများသာ ဖြစ်နိုင်သည်။ သူက လက်မောင်းကာအတွင်း မှတ်တမ်းတင်ထားသော ရတနာအချို့ကိုလည်း တွေ့နေရသောကြောင့် အံ့သြနေခဲ့သည်။ ကောင်းကင်မီး လက်မောင်းကာသည် နန်းကုန်းဇီ၏ရတနာ ဖြစ်သောကြောင့် သူ၏သရုပ်မှန်က ပိုမိုဆန်းကျယ်လာခဲ့သည်။

ယဲ့ချန်သည် အတွေးနက်နေရင်း သလင်းကျောက်ဗီရိုများအတွင်း လှည့်ပတ်ကြည့်ရှုနေသည်။

"ဒီကဧည့်သည် ဘယ်လိုရတနာမျိုးကို စိတ်တိုင်းကျပါသလဲ"

ထိုအချိန်၌ စကားသံတစ်ခု ကြည်လင်စွာ ထွက်ပေါ်လာကာ အစိမ်းရောင်ဝတ် လူငယ်တစ်ယောက် ဖြစ်နေခဲ့သည်။ သူ၏မျက်လုံးများက တောက်ပကြည်လင်နေပြီး အစေခံအဝတ်အစားကိုသာ ဝတ်ဆင်ထားသော်လည်း အင်မတန်ချောမော၍ အသားအရေက မိန်းမများထက် ပိုပြီးချောမွေ့နေသည်။ သူ၏မျက်နှာနှင့် အပြုအမူများက ကျက်သရေရှိနေပြီး ယောက်ျားတစ်ယောက်ဖြစ်သော်လည်း မိန်းမဆန်ဆန် ချောမောနေသည်။ သို့သော် သာမန်လူနှင့်မခြားသော ဤလူငယ်ထံမှ အစွမ်းထက်အရှိန်အဝါကို ယဲ့ချန်က အာရုံခံမိသောကြောင့် ကျင့်ကြံဆင့်မနိမ့်ကြောင်း သိလိုက်ရသည်။

"ကျုပ်က မဝယ်သေးပါဘူး။ ကြည့်နေရုံသက်သက်ပါ"

ယဲ့ချန်က တစ်ဖက်လူကို အကဲခတ်ရင်း ခေါင်းယမ်းပြလိုက်၏။ တစ်ဖက်လူက ဤနေရာ၌ ဝန်ထမ်းသာဖြစ်သော်လည်း နောက်ခံက သေးငယ်မည် မဟုတ်ပေ။

"ဒီလိုလား။ ဒါဆိုရင် တစ်ခုခုဝယ်ချင်တာရှိရင် ကျုပ်ကို အချိန်မရွေး ခေါ်နိုင်ပါတယ်။ ကျုပ်နာမည်က ရှောင်လင်းပါ။ ကျန်ဧည့်သည်တွေကို သွားပြီး ဧည့်ခံလိုက်ပါဦးမယ်"

ရှောင်လင်းက ခေါင်းညိတ်၍ တစ်ချက်ပြုံးကာ အခြားဧည့်သည်များထံ သွားရောက်နှုတ်ဆက်နေခဲ့သည်။

"သူက တကယ်ပဲ ဧည့်သည်တွေကို ဧည့်ခံဖို့ တာဝန်ယူထားရတဲ့ လူသက်သက်လား။ ဒါပေမယ့် သူ့ပုံစံက အစေခံတစ်ယောက်နဲ့ မတူဘူး။ စကြဝဠာထဲမှာ ထူးဆန်းတာတွေ ပြည့်နေပါလား"

အခြားဧည့်သည်များက ရှောင်လင်းကို ပြုံးပြ၍ ယဥ်ယဥ်ကျေးကျေး စကားပြောနေသည်ကို မြင်လိုက်ရသောအခါ ယဲ့ချန်က အတွေးနက်သွားသည်။ ထို့ကြောင့် ဤဆိုင်အတွင်း ဝန်ထမ်းလုပ်နေလျှင်ပင် အဆင့်အတန်းတစ်ခုရှိကြောင်း သိသာနေသည်။

"မင်းက ကောင်းကင်ငါး ဝယ်မလို့လား။ အမတစ်ကောင်ရဲ့ တန်ဖိုးက မနောငွေသန်းနှစ်ဆယ် ကျော်လောက်တယ်"

ယဲ့ချန်၏ စိတ်ဝင်စားမှုကြောင့် ဖန်းရန်က အံ့သြနေသည်။

"ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကောင်းကင်ငါးအတွက် ငါ့ငွေတွေကို သုံးရမယ့်အစား တိုက်ခိုက်ရေးကွင်းကို အသုံးချရမယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"ညီလေးချန် မင်း နောက်နေတာမလား"

ယဲ့ချန်ကဲ့သို့ ချမ်းသာသူတစ်ယောက်သည် တစ်ချက်လောက်ပေါ့သွားလျှင် အသက်ပေးရမည့် တိုက်ခိုက်ရေးကွင်းအတွင်း ဝင်ရောက်တိုက်ခိုက်မည်ကို ဖန်းရန်က မယုံနိုင်ဖြစ်နေသည်။

"တိုက်ခိုက်ရေးကွင်းကို ပြန်ကြစို့"

ယဲ့ချန်က ရှေ့ဆုံးမှ ဦးဆောင်ထွက်ခွာသွားခဲ့သည်။ မူလတွင် ဝယ်စရာမရှိသောကြောင့် သူက တိုက်ခိုက်ရန် မလိုအပ်သော်လည်း ရတနာဆိုင်သို့ ရောက်ပြီးနောက် အတွေးအမြင်များ ပြောင်းလဲသွားသည်။ ဤရတနာများကိုသာ ဝယ်ယူသွားနိုင်လျှင် ကောင်းကင်မူလကြယ်၏ အနာဂတ်အတွက် အလွန်အကျိုးရှိသောကြောင့်ဖြစ်သည်။

"သူက တကယ်ဝင်ချတော့မလို့လား"

ယဲ့ချန်က အတည်ပြောနေသဖြင့် ဖန်းရန်က စိတ်ရှုပ်သွားသော်လည်း တိုက်ခိုက်ရေးကွင်းသို့ လိုက်ပါလာခဲ့သည်။ လမ်းတလျှောက် ယဲ့ချန်သည် သူနှင့် စကားစမြည်ပြောရင်း ထိပ်တန်းမဟာမိတ်၏ အခြေအနေကို စုံစမ်းခဲ့လေသည်။

All Chapters