← Chapters

ဝင်ရောက်တိုက်ခိုက်ခြင်း

Vol. 58 Ch. 807

ဝင်ရောက်တိုက်ခိုက်ခြင်း

Vol. 58 Ch. 807

"ညီလေးချန်က တကယ်တိုက်ခိုက်ချင်တယ်ဆိုရင် လဝက်အတွင်း ထိပ်တန်းနယ်မြေရဲ့ အစစ်အမှန် သိုင်းပြိုင်ပွဲ ရှိတယ်။ တကယ်လို့ မင်းကိုသာ အထက်အကြီးအကဲတွေ မျက်စိကျသွားရင် ပြီးပြီ။ မင်းရဲ့ခွန်အားကို ယုံကြည်တယ်ဆိုရင် အခုချိန်မှာ စောင့်ပါဦး"

ဖန်းရန်က ပြောလိုက်ခြင်းဖြစ်သည်။

"သိုင်းပြိုင်ပွဲ ဟုတ်လား"

"ဟုတ်တယ်။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းရဲ့ ပါရမီရှင်အားလုံး ဝင်ရောက်တိုက်ခိုက်ကြမှာဖြစ်ပြီး မင်းကသာ ထူးချွန်ရင် အင်အားစုကြီးတွေ အာရုံစိုက်တာ ခံရလိမ့်မယ်။ ဒီပြိုင်ပွဲက လူငယ်မျိုးဆက်ရဲ့ ခွန်အားကို ပြသရတဲ့ ပွဲဖြစ်တယ်"

"ဒီလိုလား"

ယဲ့ချန်က ခေါင်းညိတ်လိုက်သော်လည်း များစွာစိတ်ဝင်စားပုံ မရချေ။

"သိုင်းပြိုင်ပွဲက အဆင့်အမျိုးမျိုး ခွဲခြားထားပြီး အာရုံအစိုက်ခံရဆုံးက အဆင့်တစ်ဆယ် နတ်အစေခံပြိုင်ပွဲနဲ့ အဆင့်နိမ့် ကြယ်သခင်ပြိုင်ပွဲ ဖြစ်တယ်။ မင်းက ထိပ်ဆုံးသုံးယောက်ထဲကို ဝင်နိုင်မယ်ဆိုရင် သွေးနတ်သစ်သီးနဲ့ ဆုလာဘ်တွေ ရလိမ့်မယ်။ သွေးနတ်သစ်သီးကို ဒီကြယ်အဖွဲ့အစည်းရဲ့ မဟာလျှို့ဝှက်နယ်မြေငါးခုထဲက တစ်ခုဖြစ်တဲ့ တော်ဝင်ဗိမာန်နယ်မြေမှာသာ တွေ့နိုင်တယ်။ ဒီအသီးက အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်ကို ရှင်းဟွမ်ရဲ့အကူအညီမပါဘဲ ကြယ်သခင်အဆင့်ရောက်အောင် လုပ်ပေးနိုင်တယ်။ ပုံမှန်ဆိုရင် ကြယ်သခင်ဖြစ်လာဖို့ ရှင်းဟွမ်ကူညီရမှာ ဖြစ်ပေမယ့် သွေးနတ်သစ်သီးက စိတ်ကူးမရလောက်အောင် အဖိုးတန်တယ်"

ဖန်းရန်က ဆုအကြောင်း ရှင်းပြလိုက်သောအခါ ယဲ့ချန်၏မျက်လုံးများ ဝင်းလက်တောက်ပလာသည်။ အကယ်၍ သူသာ ကြယ်သခင်အဆင့်တက်နိုင်လျှင် ခွန်အားက အဆင့်သစ်တစ်ခုသို့ ရောက်သွားနိုင်သောကြောင့် သွေးနတ်သစ်သီးက ဆွဲဆောင်အားပြင်းနေသည်။

"ညီလေးချန်က စိတ်ဝင်စားနေပြီ ထင်တယ်။ မင်းရဲ့ယုံကြည်မှုကို ဖျက်ဆီးတာတော့ မဟုတ်ပေမယ့် ပြိုင်ပွဲဝင်အားလုံးက အင်အားစုတိုင်းရဲ့ ပါရမီရှင်တွေ ဖြစ်တယ်။ ကြယ်အဖွဲ့အစည်းက ကျယ်ပြန့်ပြီး ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့သူ များစွာရှိလို့ သားရဲကောင်တောင် ယှဥ်နိုင်မှာ မဟုတ်ဘူး"

ဖန်းရန်က သက်ပြင်းချလိုက်သည်။

"အစ်ကိုဖန်း စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်က ဝင်ပြိုင်မပြိုင်ဆိုတာက မသေချာသေးပါဘူး"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်ပြီး တိုက်ပွဲကွင်းအတွင်း ပြန်လည်ဝင်ရောက်လိုက်သည်။ သူတို့က ရတနာဆိုင်သို့ရောက်နေစဥ် သားရဲကောင်က နောက်တစ်ပွဲအနိုင်ရထားပြီး ၂၈ပွဲဆက်တိုက် အနိုင်ရထားသောကြောင့် စိန်ခေါ်သူများ မရှိတော့ပေ။ သူက လှောင်အိမ်အတွင်း ထိုင်နေရင်း လူအုပ်ကိုဝေ့ကြည့်နေကာ စိန်ခေါ်သူများကို စောင့်ဆိုင်းနေသည်။ သတ်ဖြတ်ခြင်းက သူ့အတွက် လုပ်ရိုးလုပ်စဥ်တစ်ခုပမာ သာမန်ဖြစ်ပြီး အလောင်းများစွာက သွေးသံရဲရဲရှိနေသည်။ ကျင့်ကြံသူအများစုက တစ်ပွဲပြီးလျှင် နာရီဝက် အနားယူတတ်ကြသော်လည်း သူက ဆက်တိုက်တိုက်ခိုက်ချင်နေခဲ့သည်။ အခြားလှောင်အိမ်များအတွင်း တိုက်ခိုက်နေသူများကလည်း ပွဲများစွာ ဆက်တိုက်အနိုင်ရမှသာ သူ့ကို စိန်ခေါ်ခွင့်ရှိနေသည်။

"ငါ့ကို စာရင်းပေးဖို့ ကူညီပေးပါဦး။ သွေးပူလေ့ကျင့်ခန်း နည်းနည်းဆင်းလိုက်ဦးမယ်"

ယဲ့ချန်သည် သားရဲကောင်ကို စိန်ခေါ်ရန်အတွက် ပွဲအရေအတွက်တစ်ခု အနိုင်ရရန် လိုအပ်သောကြောင့် ဖန်းရန်ကို အကူအညီတောင်းလိုက်သည်။ တိုက်ပွဲကွင်းအတွင်း သေဆုံးနိုင်ချေက မြင့်မားသောကြောင့် သူ အမှန်တကယ် တိုက်ခိုက်မည်ဟု ဆိုလာသောအခါ ဖန်းရန်က မယုံနိုင်ဖြစ်နေခဲ့သည်။ တိုက်ခိုက်သူတစ်ယောက်က လောင်းကြေးထပ်ခွင့်မရှိသောကြောင့် သူက ခြင်္သေ့ကြီးကို ဆင့်ခေါ်၍ မနောငွေငါးသန်း ထုတ်ပေးလိုက်သည်။ ခြင်္သေ့ကြီးသည် ယဲ့ချန်၏ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာအပေါ် ယုံကြည်ပြီး အဆင့်တူနတ်အစေခံများက ယှဥ်နိုင်မည်မဟုတ်ကြောင်း သိထားသည်။ အလကားငွေဝင်မည်ဖြစ်ရာ သူက လူလတ်ပိုင်းယောက်ျားတစ်ယောက် အသွင်ပြောင်း၍ လောင်းကြေးထပ်ရန် ထွက်ခွာသွားခဲ့သည်။

"ညီလေးချန် မင်းတိုက်ခိုက်မယ်ဆိုရင် ရှောင်ရွယ်ဆိုတဲ့ကောင်ကို ရွေးလိုက်။ သူက သုံးပွဲဆက်တိုက်တော့ အနိုင်ရထားတယ်"

ဖန်းရန်က အကြံပေးလိုက်ခြင်းဖြစ်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုဖန်း။ သိပ်မကြာခင် ငါ ပြန်လာမယ်"

ယဲ့ချန်က ခေါင်းညိတ်၍ တစ်ချက်ပြုံးလိုက်သည်။

"ညီလေးချန် မင်းကို ငါ ထောက်ပံ့ပေးမယ်။ မင်းဘက်ကနေ မနောငွေငါးသောင်း လောင်းထားတယ်။ လုပ်ထား"

ဖန်းရန်က ယဲ့ချန်၏ခွန်အားကို မသိသောကြောင့် များစွာယုံကြည်မှုမရှိသော်လည်း သားရဲကောင်ကို လောင်းကြေးထပ်ခြင်းမှ ငွေများစွာ အနိုင်ရထားသဖြင့် ငွေငါးသောင်းက မပြောပလောက်ပေ။

ယဲ့ချန်သည် လှောင်အိမ်တစ်ခုအတွင်း ဝင်ရောက်သွားပြီး သားရဲကောင်၏ တိုက်ပွဲမရှိသောကြောင့် ပရိသတ်များ၏အာရုံက အခြားလှောင်အိမ်များထံ ကျရောက်နေသည်။

"ရှောင်ရွယ်အတွက် ပြိုင်ဘက်တစ်ယောက် ရောက်လာပြီ"

"သူက ဒီကောင်လေးကို သေချာပေါက် သတ်ပစ်လိမ့်မယ်"

"ရှောင်ရွယ် ဒီကောင့်ကို အပိုင်းပိုင်းအစစ လုပ်ပစ်လိုက်"

သိန်းချီသော လူများ၏အကြည့်သည် ယဲ့ချန်ထံ ကျရောက်လာပြီး သားရဲကောင်ကို စိန်ခေါ်နိုင်သူများအတွင်း တစ်ယောက်အပါအဝင်ဖြစ်သော ရှောင်ရွယ်ကို အားပေးလိုက်ကြသည်။ ယဲ့ချန်ကမူ တိုက်ခိုက်ရေးကွင်းအတွင်း လူသစ်တစ်ယောက်ဖြစ်သောကြောင့် နှစ်စဥ်နှစ်တိုင်း ငွေရှာရန် ရောက်လာသော လူသစ်များအတိုင်း အဆုံးသတ်သွားမည်ဟု ထင်မြင်နေကြသည်။

"လူငယ်လေး တိုက်ခိုက်ရေးကွင်းမှာ ငွေရှာမယ့်အစား အိမ်ပြန်ပြီး နောက်ထပ်နှစ်နည်းနည်းလောက် နို့သောက်နေလိုက်ဦး"

"ရှောင်ရွယ်က မင်းကို လက်ချောင်းတစ်ချောင်းတည်းနဲ့ သေအောင် သတ်ပစ်နိုင်တယ်"

နောက်ဆုံးတန်း၌ ထိုင်နေကြသော နတ်အစေခံများက အော်ဟစ်လှောင်ပြောင်နေကြသည်။ သူတို့က ထိပ်တန်းနယ်မြေသို့ ရောက်လာသော နယ်လှည့်ခရီးသွားများဖြစ်ကာ ခြေသလုံးအိမ်တိုင်များနှင့် မခြားပေ။ အင်အားစုများမှ နတ်အစေခံများနှင့် ကြယ်သခင်များကမူ တိတ်ဆိတ်နေသော်လည်း ယဲ့ချန်အနိုင်ရမည်ဟု မည်သူမှ မထင်ထားကြပေ။ သူက အရာရာကို လျစ်လျူရှုထားပြီး သံလူရုပ်ကြီးတစ်ခုနှင့် ဆင်တူသော ပြိုင်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်၌ ကြွက်သားများ ဖုထစ်နေကာ တစ်ကိုယ်လုံးမှ အစွမ်းထက်အရှိန်အဝါများ ထွက်ပေါ်နေသည်။

"ဟား ဟား နောက်တစ်ယောက်သေဖို့ ရောက်လာပြန်ပြီ။ ငါက မင်းရဲ့ခန္ဓာကိုယ်ကို ဆွဲဖြဲပြီး အသားကို စားပစ်မယ်"

ရှောင်ရွယ်က အထင်သေးဟန်ဖြင့် လျှာသပ်လိုက်ပြီး ယဲ့ချန်ကို ကြောက်မက်ဖွယ် စိုက်ကြည့်နေသည်။ သူ့အတွက် ယဲ့ချန်က ခြိမ်းခြောက်နိုင်စွမ်းမရှိသော လူသစ်တစ်ယောက်ပမာ ဖြစ်သည်။

"မင်းတို့နှစ်ယောက် အဆင့်သင့်ဖြစ်ပြီလား"

ထိုအချိန်၌ ဆွဲဆောင်အားပြင်းသော မိန်းမတစ်ယောက်က လှောင်အိမ်အနားသို့ ရောက်လာပြီး ချိုသာကြည်လင်စွာ မေးလိုက်သည်။

"ငါက ဒီလူသစ်လေးနဲ့ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်စရာ လိုအပ်လို့လား"

ရှောင်ရွယ်က သူမ၏ခန္ဓာကိုယ်ကို တဏှာမျက်လုံးဖြင့် သိမ်းကျုံးကြည့်လိုက်ရင်း ရယ်မောနေသည်။

"စိတ်ပျက်စရာကောင်းလိုက်တာ။ ဒီကမောင်လေးက အရမ်းချောတယ်ဆိုတော့ မထိခိုက်မိအောင် သတိထားနော်"

သူမက ရှောင်ရွယ်ကို လျစ်လျူရှုလိုက်ပြီး ယဲ့ချန်ထံ ကြာကြည့်တစ်ချက် ပစ်လိုက်သည်။

"စလို့ရပြီ"

ယဲ့ချန်က ခံစားချက်မဲ့စွာ ပြန်ဖြေလိုက်သည်။

"စတင်မယ်"

သူမက နှုတ်ခမ်းဆူ၍ ခါးကိုတွန့်လိမ်၍ လှည့်ထွက်သွားကာ ပွဲကြည့်စင်ဘက်သို့ ကတ်ပြားတစ်ခုထောင်ပြပြီး ကြေညာလိုက်သည်။

"ဒီကောင့်ကို သတ်ပစ်စမ်း"

"ရှောင်ရွယ် ရှောင်ရွယ်"

ကွင်းတစ်ခုလုံး အားပေးသံများနှင့် ဆူညံသွားသည်။ လောင်းကြေးက သုံးဆတစ်ဆဖြစ်သော်လည်း အများစုက ရှောင်ရွယ်ဘက်မှ လောင်းကြေးထပ်ခဲ့ကြသည်။ အားပေးသံများကြောင့် ရှောင်ရွယ်က စိတ်ဓာတ်တက်ကြွလာကာ လက်သီးများကို အသင့်ပြင်၍ ယဲ့ချန်ကို စိုက်ကြည့်နေသည်။ သူက အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်ဖြစ်သော်လည်း အဆင့်တူများထက် သန်မာပြီး သူ၏လက်ထဲတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ သေဆုံးပြီးဖြစ်ကာ တိုက်ခိုက်ရေးကွင်းမှ ပြိုင်ဘက်သုံးယောက်ကိုပင် သတ်ဖြတ်ထားခဲ့သည်။ ယဲ့ချန်ကမူ အေးဆေးတည်ငြိမ်စွာဖြင့် သူ့ထက် ခေါင်းနှစ်လုံးမြင့်သော ပြိုင်ဘက်ကို ပြန်ကြည့်နေခဲ့သည်။

"စောက်ရူး"

လူအုပ်အကြားတွင်ရှိနေသော ခြင်္သေ့ကြီးက ပျင်းရိစွာ ရေရွတ်လိုက်ခြင်းဖြစ်သည်။ ရှောင်ရွယ်က မောက်မာဟန်ပြနေသော်လည်း သူက ယဲ့ချန်အနိုင်ရမည့်ဘက်မှ မနောငွေသုံးသန်း လောင်းကြေးထပ်ထားသည်။ ဖန်းရန်ကမူ ခါးသက်သက်ပြုံးနေပြီး သူ၏ငွေငါးသောင်းက အလဟဿကုန်ဆုံးသွားမည်ဟု ထင်မြင်နေခဲ့သည်။

"ဝေါင်း"

ရှောင်ရွယ်က သားရဲတစ်ကောင်ပမာဟိန်း၍ ယဲ့ချန်ထံ ခုန်အုပ်ကာ ဧရာမလက်သီးကြီးဖြင့် ထိုးနှက်လိုက်သည်။ ယဲ့ချန်က ကြယ်ကိုးလုံးကို အသက်သွင်းလိုက်ပြီး တည်ငြိမ်စွာဖြင့် လက်သီးချင်း ယှဥ်ထိုးလိုက်သည်။

"ဒီကောင်က ရှောင်ရွယ်နဲ့ လက်သီးချင်း ယှဥ်ထိုးချင်နေတာလား၊ သေတော့မှာပဲ"

"ဒီကောင့်လက်တော့ သုံးစားမရလောက်အောင် ပျက်စီးပြီ"

ရှောင်ရွယ်ဘက်မှ လောင်းထားသူများက အနိုင်ရပြီဟု အပိုင်တွက်ထားကြသည်။

"ဘုန်း"

လက်သီးချင်း ရင်ဆိုင်မိသွားသောအခါ ပြင်းထန်သော အင်အားတစ်ရပ် ထွက်ပေါ်လာသဖြင့် ဆံပင်များ တဖြတ်ဖြတ် လွင့်ကုန်သည်။ ယဲ့ချန်က နေရာ၌ ခံစားချက်မဲ့သော မျက်နှာဖြင့် ရပ်နေသော်လည်း ရှောင်ရွယ်၏မျက်လုံးများက အရောင်မဲ့သွားကာ လက်တစ်ဖက်လုံးရှိ ကြွက်သားများ အပိုင်းပိုင်းပြတ်ထွက်သွား၍ သွေးများ ဗြန်းခနဲ ပန်းထွက်လာသည်။ လက်သီးချက်က ဤမျှနှင့်ရပ်တန့်မသွားဘဲ တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာသောကြောင့် အရိုးများ တဖြောင်းဖြောင်းကျိုးထွက်သွားကာ နောက်ဆုံး၌ ကြိုးပြတ်စွန်ပမာ လွင့်ထွက်သွားသည်။ သူ၏ခန္ဓာကိုယ်ကြီးက လှောင်အိမ်နံရံကို ဝင်ဆောင့်သွားပြီး သွေးများအန်ချကာ ချက်ချင်းသတိလစ်သွားခဲ့သည်။ လက်သီးတစ်ချက်တည်းဖြင့် ယဲ့ချန်က အနိုင်ရသွားသောအခါ တိုက်ပွဲကွင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ပြင်းထန်ကြမ်းတမ်းသော ရှောင်ရွယ်က လက်သီးတစ်ချက်တည်းဖြင့် သတိလစ်သွားမည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ သူက အဆင့်တစ်ဆယ် နတ်အစေခံများအတွင်း ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် လွယ်လွယ်ကူကူ ရှုံးနိမ့်သွားမည်ဟု သူတို့က မထင်မှတ်ထားကြပေ။ ယဲ့ချန်ကဲ့သို့ လူငယ်လေးတစ်ယောက်က ဤမျှကြမ်းတမ်းပြင်းထန်သော အင်အားကို ထုတ်ဖော်နိုင်မည်ဟု သူတို့က မမျှော်လင့်ခဲ့ကြပေ။

"ငါ့ပိုက်ဆံတွေ ကုန်ပါပြီ အမှိုက်ကောင်"

"ဒီကောင်က အားနည်းလှချည်လား။ အရင်နိုင်ပွဲတွေက လုပ်ပွဲတွေများလား"

လောင်းကြေးထပ်ထားသူများက ငွေများစွာ ဆုံးရှုံးသွားသောကြောင့် မင်သက်​နေရာမှ မကျေမနပ် အော်ဟစ်လာကြသော်လည်း ရှောင်ရွယ်၏ သေခြင်းရှင်ခြင်းကို လုံးဝဂရုမစိုက်ကြပေ။ ယဲ့ချန်သည် လက်သီးချက်ကို ပြင်းထန်စွာ ထုတ်ဖော်ထားသော်လည်း အင်အားကို ထိန်းချုပ်၍ တစ်ဖက်လူကို အသက်ရှင်ခွင့်ပေးခဲ့သည်။ ရှောင်ရွယ်၏ခွန်အားဖြင့်ဆိုလျှင် သေချာပေါက် ပြန်လည်ကောင်းမွန်လာနိုင်လေသည်။

All Chapters