← Chapters

သားရဲကောင်နှင့် တိုက်ပွဲ

Vol. 58 Ch. 808

သားရဲကောင်နှင့် တိုက်ပွဲ

Vol. 58 Ch. 808

"ပိုက်ဆံရှာရတာ လွယ်လိုက်တာကွာ"

ပွဲကြည့်စင်ထက်ရှိ ခြင်္သေ့ကြီးက တစ်ချက်ပြုံး၍ လျှာသပ်လိုက်သည်။ ယဲ့ချန်၏ပေါက်ကြေးက သုံးဆတစ်ဆဖြစ်သောကြောင့် မနောငွေသုံးသန်းက ကိုးသန်းအထိ ခဏအတွင်း တိုးလာခဲ့သည်။ လူနည်းစုမှအပ အခြားလူများက ရှောင်ရွယ်ဘက်တွင် လောင်းခဲ့သောကြောင့် ဆဲသံဆိုသံများ ညံညံစီနေသည်။ ယဲ့ချန်အနိုင်ရမည်ဟု ထင်မထားသော ဖန်းရန်သည်လည်း မနောငွေသုံးဆ အနိုင်ရလိုက်သောကြောင့် အမြတ်ထွက်သွားသဖြင့် စိတ်လှုပ်ရှားနေခဲ့သည်။ သူက ရှောင်ရွယ်ကို အလွယ်တကူအနိုင်ရလိုက်သော ယဲ့ချန်အပေါ် ပို၍နားလည်လာခဲ့ပြီး ခွန်အားသက်သက်ကပင် အဆင့်တစ်ဆယ် နတ်အစေခံများကြား၌ ထိပ်တန်းဖြစ်ကြောင်း လက်ခံလိုက်သည်။

"ဒီကလေးရဲ့အင်အားက မဆိုးဘူး။ နောက်တစ်ပွဲကျရင် သားရဲကောင်နဲ့ တည်ပေးလိုက်"

စင်မြင့်၏အလယ်တွင် ထိုင်နေသော လီယွမ်က တိုက်ပွဲကိုကြည့်နေရင်း တပည့်များကို ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

"ဒီကလေးကြောင့် ကျုပ်တို့က သန်းသုံးဆယ်ကျော် အနိုင်ရလိုက်ပါတယ် ဆရာ။ သူ့ကို နောက်ထပ်ပွဲနည်းနည်းလောက် စီစဥ်မပေးတော့ဘူးလား"

တပည့်တစ်ယောက်က အကြံပေးလိုက်သည်။

"သူက ခွန်အားအသုံးလွန်ပြီး လွယ်လွယ်လေး အနိုင်ယူပြလိုက်တယ်။ ငါတို့က သူ့အတွက် အခြားပြိုင်ဘက်စီစဥ်ပေးရင် လောင်းကစားသမားတွေက သူ့ဘက်က လောင်းကြမှာပေါ့။ ဒါကြောင့် သားရဲကောင်နဲ့ တွေ့ကိုတွေ့ပေးရမယ်"

လီယွမ်က မျက်မှောင်ကြုတ်၍ သုံးသပ်ပြလိုက်သည်။ ဤတိုက်ခိုက်ရေးကွင်းရှိ ပွဲစဥ်များစွာကို သူက ကြိုးကိုင်နေခြင်းဖြစ်ပြီး သူ၏နောက်လိုက်များက ကြယ်အဖွဲ့အစည်းတစ်ခွင်မှ ကျင့်ကြံသူများ ရှာဖွေထားခြင်းဖြစ်သည်။ သူက လောင်းကစားပွဲများကို နောက်လိုက်များနှင့် လက်လွှဲထားခဲ့သော်လည်း သားရဲကောင် ထွက်ပေါ်လာခြင်းကြောင့် ငွေများစွာ အရှုံးပေါ်နေသောအခါ ကိုယ်တိုင်ဝင်ပါလာခြင်းဖြစ်သည်။ အကယ်၍ သားရဲကောင်က တိုက်ခိုက်ရေးကွင်းအတွင်းမှ ထွက်သွားလျှင် သူက လုပ်ကြံခိုင်းမည်ဖြစ်သော်လည်း တစ်ဖက်လူက လှောင်အိမ်အတွင်း လဝက်ကြာသည်အထိ နေခဲ့သောကြောင့် လူမြင်ကွင်းဖြစ်နေရာ အကျပ်ရိုက်နေခဲ့သည်။ သားရဲကောင်ထက်သန်မာသော အဆင့်တူကျင့်ကြံသူကို ရှာဖွေရန် ခက်ခဲသည့်အပြင် သူ၏နောက်လိုက်များပင် အသတ်ခံနေရသောကြောင့် ဒေါသထွက်နေခဲ့သည်။ သားရဲကောင်၏ လောင်းကြေးများကလည်း ဆက်တိုက်များပြားလာနေပြီး ဆက်လက်အနိုင်ရနေလျှင် လျော်ကြေးများစွာ ပေးအပ်ရပေလိမ့်မည်။ ယဲ့ချန်က သားရဲကောင်ကို အနိုင်ယူနိုင်စွမ်းရှိသည်ဟု သူက ထင်သောကြောင့် မသေချာသော်လည်း ပွဲစီစဥ်ပေးလိုက်သည်။

"နောက်ထပ်တစ်ပွဲမှာ ချန်ရဲနဲ့ သားရဲကောင် တိုက်ခိုက်ကြမယ်"

အသံတစ်ခုက တိုက်ခိုက်ရေးကွင်းအတွင်း ထွက်ပေါ်လာသောအခါ ယဲ့ချန်ကိုယ်တိုင် အံ့သြသွားသော်လည်း အနည်းငယ်စဥ်းစားပြီးနောက် အခြေအနေကို သဘောပေါက်သွားခဲ့သည်။ လီယွမ်သည် သားရဲကောင်ကြောင့် ဆက်တိုက်အရှုံးပေါ်နေသဖြင့် သူ့ကို အားကိုးကာ ကံစမ်းလိုက်ခြင်း ဖြစ်နိုင်သည်။

လှောင်အိမ်အတွင်း တစ်ယောက်ယောက်ဝင်လာသဖြင့် သားရဲကောင်က မျက်လုံးများဖွင့်၍ သွေးဆာရက်စက်စွာ စိုက်ကြည့်နေပြီး တိုက်ပွဲမစသေးသဖြင့် တည်ငြိမ်နေခဲ့သည်။ ယဲ့ချန်က သူနှင့် မျက်နှာချင်းဆိုင်တွင် နေရာယူထားလိုက်ပြီး လှောင်အိမ်အတွင်းမှ အလောင်းပုံကြီးကြောင့် စိတ်ညစ်ညူးသွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"နောက်ဆုံးတော့ သားရဲကောင်ကို စိန်ခေါ်သူ ရှိလာပြီဟေ့"

"သားရဲကောင်က ငွေသုံးထောင်"

"သားရဲကောင်ဘက်က တစ်သောင်းလောင်းတယ်"

လောင်းကစားသမားများက ရုတ်ရုတ်သဲသဲဖြစ်သွားကာ အရူးအမူးလောင်းကြေးထပ်နေကြပြီး သားရဲကောင်ဘက်မှနေခဲ့ကြသဖြင့် လောင်းကြေးစုစုပေါင်းက သန်းရာချီအထိ ရှိလာခဲ့သည်။ အချို့ဆိုလျှင် သားရဲကောင်က ယဲ့ချန်ကို တစ်ချီအတွင်း သတ်ပစ်မည်ဟု လောင်းနေကြသည်။ သူက ရှောင်ရွယ်ကို အနိုင်ယူပြထားသော်လည်း သူတို့၏အမြင်၌ သားရဲကောင်က ပြိုင်ဘက်ကင်းဖြစ်သည်။

"ဒီကောင်က တစ်ပွဲတည်းနိုင်ရုံနဲ့ သားရဲကောင်ကို စိန်ခေါ်ရဲတယ်လား"

"ဒီကောင့်ကို သားရဲကောင်က တစ်ချီတည်းနဲ့ သတ်ပစ်မယ်လို့ လောင်းကြေးထပ်ထားတယ်"

"ဆရာ လူအများကြီးက ဒီကောင်လေး တစ်ချီတည်းနဲ့ ရှုံးမယ်လို့ လောင်းထားကြတယ်။ ဒီကောင်သာ တကယ်ရှုံးသွားရင် ကျုပ်တို့က သန်းနှစ်ရာကျော် လျော်ရလိမ့်မယ်။ တကယ်လို့ သူသာ သုံးချီအထိ တောင့်ခံနိုင်ရင် သန်းတစ်ရာကျော်စားရမှာ သေချာတယ်"

တပည့်တစ်ယောက်က နဖူးမှ ချွေးများကိုသုတ်ရင်း အပြေးလာရောက် သတင်းပို့ခဲ့သည်။ အတိတ်တွင် တိုက်ပွဲတိုင်းကို ထိန်းချုပ်နိုင်ခဲ့သော လီယွမ်က မျက်မှောင်ကြုတ်နေပြီး သာမန်လူများက မစော်ကားရဲသဖြင့် အတိတ်၌ စိတ်ကြိုက်ခြယ်လှယ်နိုင်ခဲ့သည်။ သို့သော် သားရဲကောင်က သူ့လက်တွင်းမှ လွတ်မြောက်နေပြီး အစွမ်းထက်အင်အားစုတစ်ရပ်က သူ့ကို ဆန့်ကျင်ရန်အတွက် စီစဥ်လာခြင်းဖြစ်နေခဲ့သည်။ ယဲ့ချန်က လက်သီးတစ်ချက်တည်းဖြင့် ရှောင်ရွယ်ကို အနိုင်ရခဲ့သောကြောင့် သူက ပွဲစီစဥ်ပေးလိုက်ခြင်းဖြစ်သော်လည်း သေချာပေါက် အနိုင်ရမည်ဟု မပြောနိုင်ချေ။

ဖန်းရန်သည် လောင်းကြေးထပ်ရန်အတွက် ချီတုံချတုံဖြစ်နေပြီး ယဲ့ချန်ဘက်မှ လောင်းလိုသော်လည်း သားရဲကောင်ကို အနိုင်ရမည်ဟု မယုံပေ။

"ညီလေးချန် ငါ မင်းကို မယုံတာတော့ မဟုတ်ပါဘူး။ သားရဲကောင်က သန်မာလွန်းတယ်။ မင်းက ယှဥ်နိုင်မှာ မဟုတ်ဘူး။ မင်းသေဆုံးသွားရင် ငါက စက္ကူတွေမီးရှို့ပြီး ပူဇော်ပေးပါမယ်"

သူ၏အမြင်၌ ယဲ့ချန်အနိုင်ရရန် မဖြစ်နိုင်သောကြောင့် သက်ပြင်းတစ်ချက်ချကာ ရေရွတ်နေခဲ့သည်။ သားရဲကောင်က ၂၈ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး အဆင့်တစ်ဆယ် နတ်အစေခံအများစုပင် တစ်ချက်တည်း အသတ်ခံထားရပြီးဖြစ်သည်။

"သားရဲကောင် တစ်ချီတည်းနဲ့ အနိုင်ရတဲ့ဘက်က လောင်းမယ်။ မနောငွေ ငါးသိန်း"

သူက လောင်းကစားဒိုင်ထံ လျင်မြန်စွာ လောင်းကြေးထပ်လိုက်ပြီး မသိချင်ယောင်ဆောင်ကာ ပွဲကြည့်စင်ထံ ပြန်လာခဲ့သည်။

"ညီလေးချန် အစွမ်းကုန်ကြိုးစားဟေ့။ ငါက မင်းကို အားပေးနေတယ်"

သူက မသိချင်ယောင်ဆောင်၍ လှောင်အိမ်အတွင်းရှိ ယဲ့ချန်ထံ လက်ဝှေ့ယမ်းပြကာ အော်ဟစ်လိုက်သည်။

"မြန်မြန်လုပ်"

ခြင်္သေ့ကြီးကလည်း လောင်းကစားဒိုင်ထံ ရောက်နေပြီး တန်းစီနေကြသူများက လောကြီးနေကာ လောင်းကြေးထပ်ရန် မစောင့်နိုင်ကြတော့ပေ။

"ချန်ရဲ တစ်ချီတည်း နိုင်မယ်။ ငွေကိုးသန်း"

​သူက လောင်းကြေးထပ်လိုက်သောအခါ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများက အရူးတစ်ယောက်ပမာ လှည့်ကြည့်လာကြသည်။

"မင်း သေချာလား"

ဒိုင်ဖြစ်သူက အံ့သြတကြီး မော့ကြည့်လာကာ ပြန်မေးလိုက်သည်။

"သေချာတယ်။ ချန်ရဲ တစ်ချီတည်းနဲ့ အနိုင်ရမယ့်ဘက်ကနေ ကိုးသန်းလောင်းမယ်"

ခြင်္သေ့ကြီးက လေသံတင်းတင်းနှင့် ပြောလိုက်၏။

"ဒီကောင်က ရူးနေတာ ဖြစ်ရမယ်"

"ချန်ရဲက ဘယ်လိုလုပ် တစ်ချီတည်းနဲ့နိုင်မှာလဲ"

လူအုပ်ထံမှ ကဲ့ရဲ့သံများ ထွက်ပေါ်လာပြီး ပေါက်ကြေးကို စပ်စုနေကြသည်။ ယဲ့ချန်၏ပေါက်ကြေးက တစ်ချီတည်းဖြင့်နိုင်လျှင် အဆနှစ်ဆယ်အနိုင်ရမည်ဖြစ်ကာ ငွေကိုးသန်းဆိုလျှင် သန်းတစ်ရာ့ရှစ်ဆယ် အနိုင်ရပေလိမ့်မည်။ ဖြစ်နိုင်ချေက အလွန်နည်းပါးသော်လည်း အနိုင်ရမည့်အဆက မက်လောက်စရာဖြစ်နေသည်။ ထိုအချိန်၌ ခြင်္သေ့ကြီးက စဥ်းစားရခက်နေသော လောင်းကစားသမားများကို လျစ်လျူရှုကာ ထွက်ခွာသွားခဲ့သည်။ လူအနည်းငယ်က သူ၏လေးနက်သော မျက်နှာထားကို ပြန်လည်စဥ်းစားမိလိုက်ကြပြီး ယဲ့ချန် အနိုင်ရမည့်ဘက်မှ ပမာဏနည်းနည်းကို မျက်စိမှိတ်လောင်းလိုက်ကြသည်။ တစ်ဖက်လူကသာ ယုံကြည်ချက်မရှိလျှင် မနောငွေကိုးသန်းကို အလဟဿဖြုန်းတီးစရာ အကြောင်းမရှိချေ။ လောင်းကြေးဒိုင်၌ မနောငွေ စုစုပေါင်း သန်းနှစ်ရာကျော်ရှိလာပြီး ယဲ့ချန်ဘက်မှ လောင်းကြေးများတွင် ခြင်္သေ့ကြီး၏ပမာဏက အများဆုံးဖြစ်သည်။ ယဲ့ချန်၏ခွန်အားက ကောင်းမွန်သည်ဟု သတ်မှတ်နိုင်သော်လည်း ကျင့်ကြံသူအများစုက သားရဲကောင်ဘက်မှသာ သုံးချီအတွင်း အနိုင်ရမည်ဟု လောင်းကြေးထပ်ခဲ့ကြသည်။

တိုက်ခိုက်ရေးကွင်း၌ သိုင်းဆယ်ကွက်က တစ်ချီဖြစ်ပြီး သုံးချီဆိုလျှင် အကွက်သုံးဆယ်ဖြစ်ကာ ဤတိုက်ပွဲက သမိုင်းကြောင်း၌ လောင်းကြေးအများဆုံးပွဲ ဖြစ်ခဲ့သည်။

"သားရဲကောင် ဒီကောင့်ကို ဆွဲဖြဲလိုက်စမ်း"

"သတ်ပစ်စမ်း"

"သားရဲကောင်ကွ တိုက်ခိုက်ပစ်လိုက်"

လူတိုင်းက လှောင်အိမ်ကို အာရုံစိုက်ကြနေပြီး အော်ဟစ်အားပေးသံများက မိုးလုံးညံမတတ် ထွက်ပေါ်လာကာ ပတ်ဝန်းကျင်အပူချိန်ပင် မြင့်တက်လာသယောင် ထင်မှတ်ရသည်။ လှောင်အိမ်အတွင်း၌ သားရဲကောင်က ယဲ့ချန်ကို လူသတ်လိုစိတ်ဖြင့် စိုက်ကြည့်နေကာ လှောင်အိမ်တစ်ခုလုံးကို ချိတ်ပိတ်ထားသောကြောင့် လက်ဗလာနှင့် တိုက်ခိုက်ရ​ပေလိမ့်မည်။ သွေးနံ့က ထိုနေရာ၌ ပြင်းထန်စွာရှိနေသော်လည်း အစီအရင်တစ်ခုဖြင့် ကာရံထားသောကြောင့် ချီများဖြစ်စေ၊ သွေးနံ့ဖြစ်စေ အပြင်သို့ မထွက်နိုင်ခဲ့ပေ။ ထိုအချိန်၌ သားရဲကောင်သည် တစ်ခုခုကို အာရုံခံမိဟန်ဖြင့် လက်ဝါးကို ဖြန့်ကြည့်လိုက်သောအခါ ဆန်စေ့အရွယ်အရာတစ်ခုကို မြင်လိုက်ရသည်။ ၎င်းက တဆတ်ဆတ်တုန်ခါနေစဥ် သူက ထူးထူးဆန်းဆန်း ပြုံးလိုက်ပြီး ကျေနပ်သယောင်ဖြစ်နေခဲ့သည်။ ထိုအမူအရာကြောင့် ယဲ့ချန်က ထူးဆန်းသွားပြီး တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

"တိုက်ပွဲစမယ်"

လှောင်အိမ်ရှေ့မှောက်တွင် မိန်းမလှတစ်ယောက်ရောက်လာပြီး ကတ်ပြားတစ်ခု ထောင်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် သားရဲကောင်က မတ်တပ်ထရပ်လာကာ လူသတ်လိုစိတ်ကို ထုတ်ဖော်လိုက်သည်။ သားရဲကောင်၏အရှိန်အဝါအရ အဆင့်နှစ်မျိုးနွယ်၏ ခွန်အားမျိုးကို အာရုံခံမိသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရှိန်အဝါက သားရဲကောင်၌ ကပ်တွယ်နေပုံရသောကြောင့် အဆင့်တူများကို အလွယ်တကူအနိုင်ရခဲ့ခြင်းက မထူးဆန်းတော့ပေ။

"အဆင့်နှစ်ရုပ်ခန္ဓာနဲ့ ငါ့ရုပ်ခန္ဓာ ဘယ်အရာက ပိုသန်မာတယ်ဆိုတာကို ကြည့်ရအောင်"

ယဲ့ချန်က သတိထားလိုက်ပြီး ဒန်တန်အတွင်းမှ ကြယ်ကိုးလုံးကိုလည်ပတ်ကာ အချိန်လေဟာနယ်ချီများကို အသက်သွင်ထားလိုက်သည်။ သူက အဆုံးမရှိခွန်အားများကို ထုတ်ဖော်ထားရင်း ပြိုင်ဘက်အား လက်တစ်ချောင်း ထောင်ပြလိုက်သည်။ သူ၏ခွန်အားကြောင့် သားရဲကောင်က လေးနက်နေသော်လည်း အမူအရာကြောင့် ဒေါသူပုန်ထသွားကာ အရှက်ခွဲခံလိုက်ရသဖြင့် ကောင်းကင်ချီများ တဟုန်းဟုန်း ထွက်ပေါ်လာသည်။

"ဒီကောင်က မောက်မာလှချည်လား ။သားရဲကောင်ကို တစ်ချီတည်း အနိုင်ယူမယ်လို့ လုပ်ပြနေတယ်"

"မောက်မာတယ်"

"ဒီလိုကောင်မျိုးက အပိုင်းပိုင်းဖြစ်သွားဖို့ တန်တယ်"

အားပေးသံများအောက်တွင် သားရဲကောင်က လက်သီးချက်ထုတ်ဖော်၍ ပြေးဝင်လာသည်။ ယဲ့ချန်က လက်ဖြင့် အသာအယာပုတ်ထုတ်လိုက်သော်လည်း ဘုန်းခနဲ မြည်ဟီးသွားခဲ့သည်။ အစွမ်းထက်ပြိုင်ဘက်နှစ်ယောက်၏ တိုက်ပွဲကြောင့် လှောင်အိမ်ကြီးက ယိမ်းခါနေသည်။ သားရဲကောင်၏လက်သီးချက်များကို ယဲ့ချန်က ရည်ရွယ်ချက်ရှိရှိ အထိုးခံနေသော်လည်း ခြစ်ရာပင်မထင်ချေ။ သားရဲကောင်သည် သူ၏ခွန်အားဖြင့် အဆင့်တူများကို ဇာတ်သိမ်းပေးနိုင်ခဲ့သော်လည်း လက်ရှိတွင် ပြိုင်ဘက်က ကြောက်ခမန်းလိလိ သန်မာနေသည်။ သူ၏ပြိုင်ဘက်ထံမှ အစွမ်းထက်ဖိအားတစ်ရပ်ကို ခံစားနေရပြီး ခွန်အားက အဆင့်နိမ့် ကြယ်သခင်တစ်ယောက်ပမာဖြစ်ကြောင်း နားလည်လိုက်သည်။ လက်သီးချက်များကို ခုခံပြီးနောက် ယဲ့ချန်သည် တစ်ဖက်လူ၏ခွန်အားက အဆင့်တူသာမန်ကျင့်ကြံသူများထက် သန်မာသော်လည်း ခြင်္သေ့ကြီးအောက် အားနည်းကြောင်း သိလာရကာ သူတို့၏ရုပ်ခန္ဓာအဆင့်ချင်းက အလွန်တရာကွာခြားနေသည်။ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာက သူထင်ထားသည့်အတိုင်း သာမန်ရုပ်ခန္ဓာများ ယှဥ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ သားရဲကောင်၏ လက်သီးချက်အရေအတွက်က ကိုးချက်အထိ ရောက်လာခဲ့သော်လည်း ယဲ့ချန်၏ရုပ်ခန္ဓာက အထိအခိုက် မရှိပေ။

"ပွဲသိမ်းချိန်တန်ပြီ"

ယဲ့ချန်က အေးစက်စက်ပြုံးလိုက်ပြီး တစ်ဖက်လူ၏ရင်ဝကို လက်သီးဖြင့် ထိုးချလိုက်လေသည်။

All Chapters