← Chapters

နောက်ကွယ်မှ လက်မည်းများ

Vol. 58 Ch. 809

နောက်ကွယ်မှ လက်မည်းများ

Vol. 58 Ch. 809

ယဲ့ချန်၏လက်သီးက လေထုကို ထိုးဖောက်သွားသောအခါ မီးပွားများ ထွက်ပေါ်လာကာ မြန်လွန်းသဖြင့် သားရဲကောင်၏အကြည့်များ တုန်ခါသွားသည်။ သူက ရှောင်ချင်သော်လည်း နောက်ကျသွားပြီး ရင်ဝကို ရထားကြီးတစ်စင်း ဝင်ဆောင့်သွားသည့်ပမာ ခံစားလိုက်ရ၏။ ပြိုင်ဘက်ကင်းလက်သီးချက်ကြောင့် ဘန်းခနဲ မြည်ဟီးသွားကာ အရိုးကျိုးသံများ တကျွတ်ကျွတ်ထွက်ပေါ်လာကာ အဆင့်တစ်ဆယ် နတ်အစေခံများကြားတွင် ကိုယ့်ကိုကိုယ် အစွမ်းအထက်ဆုံးထင်နေသော သားရဲကောင်က ပြန်လည်မတိုက်ခိုက်နိုင်သည်အထိ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့သည်။ သူ၏အိမ်ကို လီယွမ်နှင့် နောက်လိုက်များက ဖျက်ဆီးခဲ့ပြီး ကျွန်အဖြစ် ရောင်းချခံလိုက်ရသော မျိုးနွယ်ဝင်များအကြောင်း တွေးမိလိုက်ပြီး ဝမ်းနည်းသွားသော်လည်း ထူးထူးဆန်းဆန်း ပြုံးနေခဲ့သည်။ သူက အဝေးသို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပစ်ကျသွားသောကြောင့် ကွင်းတစ်ခုလုံး အော်ဟစ်သံများ ဆူညံကုန်သည်။

သားရဲကောင်၏ အရိုးများအားလုံး ကျိုးကြေနေပြီး တိုက်ခိုက်နိုင်စွမ်းမရှိတော့သော်လည်း လဲကျနေသည့်တိုင် ယဲ့ချန်ကို စူးရဲစွာ စိုက်ကြည့်နေသည်။ ထိုအကြည့်ကြောင့် သူက ပဟေဠိဖြစ်သွားပြီး တစ်ဖက်လူတွင် အဆင့်နှစ်မျိုးနွယ်၏ခွန်အားမျိုး ပိုင်ဆိုင်ထားသော်လည်း ထုတ်မသုံးခဲ့ပေ။ သို့သော် သူက ၎င်းစွမ်းအားကို ထုတ်သုံးခဲ့လျှင်လည်း ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို အနိုင်ရမည်မဟုတ်ပေ။

"ဒီပွဲက လုပ်ပွဲကြီး။ လီယွမ်ရဲ့ လက်ချက်များလား"

ယဲ့ချန်၏စိတ်အတွင်း အတွေးတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာကာ လီယွမ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ လောင်းကစားကိစ္စများနောက်ကွယ်၌ လက်မည်းများ အမြဲတမ်း ရှိနေတတ်သည် မဟုတ်ပါလော။

"စောက်ကောင်ကြောင့် ငါ့ငွေ အများကြီး ကုန်သွားပြီ"

"ဒီကောင်က လက်သီးတစ်ချက်တောင် မခံနိုင်ဘူးလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"သားရဲကောင်ကို သတ်ပစ်လိုက်စမ်း"

"ဒီကောင့်ကို မသတ်ရရင် ငါတို့ကျေနပ်မယ် မထင်နဲ့"

လောင်းကြေးရှုံးသွားသူများက ဒေါသတကြီးဖြင့် အော်ဟစ်ဆဲဆိုနေကြသည်။ သူတို့က သားရဲကောင်ကြောင့် ငွေအမြောက်အများ အနိုင်ရထားသည်ကို မေ့ထားပြီး ဆုံးရှုံးသွားသည်များကို မကျေမနပ် ဖြစ်နေကြသည်။

"မင်းက အဲ့ဒီစွမ်းအားကို ထုတ်သုံးရင်တောင် ရှုံးမှာပဲ"

ယဲ့ချန်သည် မြေပြင်၌ လဲကျနေသော သားရဲကောင်ဘေးနားမှ ဖြတ်လျှောက်သွားချိန်တွင် စကားတစ်ခွန်းသတိပေးကာ လှောင်အိမ်အပြင်သို့ တည်တည်ငြိမ်ငြိမ် ထွက်ခွာသွားခဲ့သည်။ သားရဲကောင်သည် တစ်ဖက်လူက သူ၏ခွန်အားကို တိတိကျကျသိနေသဖြင့် မင်သက်အံ့သြနေခဲ့သည်။

"မင်း ငါ့ကို မသတ်ဘူးဆိုရင် အနာဂတ်မှာ မင်းကို စိန်ခေါ်ချင်တယ်"

သူက ယဲ့ချန်၏နောက်ကျောကို ကြည့်နေရင်း လေးနက်စွာ ပြောလိုက်သည်။

"အချိန်နေရာ မရွေးဘူး"

ယဲ့ချန်က ပြန်ဖြေလိုက်ပြီး ပွဲကြည့်စင်မှ အော်ဟစ်သံများကို လျစ်လျူရှုကာ ထွက်ခွာသွားခဲ့သည်။ ထိုအချိန်၌ လီယွမ်က စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးနေပြီး တိုက်ပွဲက လျင်လျင်မြန်မြန် ပြီးဆုံးသွားမည်ဟု ထင်မထားခဲ့ပေ။ သားရဲကောင်က လက်သီးတစ်ချက်နှင့် ရှုံးနိမ့်သွားကာ ချန်ရဲဆိုသော လူငယ်သာ သူ့တပည့်ဖြစ်လျှင် အစွမ်းကုန် ပျိုး​ထောင်ပေးမိပေလိမ့်မည်။

"အခြေအနေ ဘယ်လိုလဲ။ ငါတို့အမြတ် ဘယ်လောက်ရလိုက်လဲ"

လီယွမ်က ရှီရီဆိုသော တပည့်တစ်ယောက်ထံ ငွေအမြတ်ပမာဏကို မေးမြန်းလိုက်သည်။ သားရဲကောင်၏ပြဿနာကို ဖြေရှင်းနိုင်ခဲ့သောကြောင့် သူက စိတ်ကောင်းဝင်နေပြီး ပြုံးနေသောကြောင့် ကြင်နာသည့် အဘိုးအိုတစ်ယောက်နှင့် ဆင်တူနေသည်။

"ဆရာ ကျုပ်တို့သန်းသုံးရာကျော် လျော်လိုက်ရပါတယ်"

ရှီရီက တုန်တုန်ရီရီနှင့် ကြောက်လန့်စွာ ဖြေလာခဲ့သည်။

"ဘာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းက သေချာမတွက်ချက်ထားဘူးလား"

လီယွမ်၏အပြုံးက အေးခဲသွားကာ မျက်နှာတစ်ခုလုံး မည်းနက်သွား၍ ကြောက်မက်ဖွယ် ခရမ်းရောင်ချီများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။

"ကျုပ်တို့ မမှားပါဘူး။ တစ်ယောက်ယောက်က ချန်ရဲဘက်ကနေ တစ်ချီတည်း အနိုင်ရမယ်လို့ ငွေကိုးသန်း လောင်းခဲ့တယ်"

ရှီရီက ဆရာဖြစ်သူ၏ အရှိန်အဝါကြောင့် ဒဏ်ရာမရစေရန် ကောင်းကင်ချီများဖြင့် ကာကွယ်ထားရင်း ပြန်ဖြေလိုက်သည်။

"တစ်ချီတည်း ဟုတ်လား။ ကိုးသန်းဆိုရင် သန်းတစ်ရာ့ရှစ်ဆယ်လျော်ရမယ်။ ဒါကတော့ ချန်ရဲဘက်က လူ ဖြစ်လိမ့်မယ်။ ဒီလိုဆိုရင်တောင် ငါတို့အတွက် အမြတ်အများကြီး ကျန်နေသင့်တယ်"

လီယွမ်က မျက်မှောင်ကြုတ်၍ သုံးသပ်ပြလိုက်သည်။ ဤတိုက်ပွဲအတွင်း သားရဲကောင်ဘက်မှ လောင်းကြေးထပ်သူ များပြားလွန်းနေပြီး မနောငွေသန်းသုံးရာပင် ကျော်လွန်နေခဲ့သည်။ ထို့ကြောင့် သန်းတစ်ရာ့ရှစ်ဆယ် လျော်လိုက်ရလျှင်ပင် သူ့အတွက် အမြတ်က သန်းရာချီ ကျန်ရစ်နေသင့်သည်။

"နောက်ထပ်တစ်ယောက်က တိုက်ပွဲမစခင်လေးမှာ ချန်ရဲနိုင်မယ့်ဘက်ကနေ အချီအကန့်အသတ်မရှိ လောင်းသွားခဲ့တယ်။ လောင်းကြေးက သန်းနှစ်ရာ့သုံးဆယ်ဖြစ်ပြီး ပေါက်ကြေးက သုံးဆတစ်ဆဖြစ်တဲ့အတွက် သန်းခြောက်ရာကျော် လျော်လိုက်ရတဲ့အတွက် သန်းသုံးရာကျော် အရှုံးပေါ်သွားတယ်"

ရှီရီ၏စကားကြောင့် လီယွမ်မှာ ယမ်းပုံမီးကျဒေါသထွက်နေခဲ့ပြီး မျက်နှာတစ်ခုလုံး မည်းနက်နေသည်။ ယဲ့ချန်ကိုယ်တိုင် လောင်းထားသော ငွေကိုးသန်းက မပြောပလောက်သည့်အပြင် သူက တပည့်အဖြစ် လိုချင်နေသောကြောင့် စိတ်ထဲမထားပေ။ ယဲ့ချန်သာ သူ့တပည့်ဖြစ်လာလျှင် ကြယ်သခင်အဆင့်မရောက်မချင်း ထိုငွေပမာဏကို ပြန်လည်ရှာဖွေနိုင်သည်။ သို့သော် သန်းနှစ်ရာကျော်လောင်းကြေးက လှည့်ကွက်တစ်ခုဖြစ်ပြီး သားရဲကောင်က တမင်သက်သက် အရှုံးခံလိုက်ခြင်းဖြစ်ကာ လက်မည်းကြီးတစ်ခုက ထိန်းချုပ်ခဲ့သည်။ သားရဲကောင်က ပွဲများစွာ ဆက်တိုက်အနိုင်ရပြီးနောက် ရုတ်တရက် အရှုံးပေးလိုက်ခြင်းက လှည့်ကွက်တစ်ခုဖြစ်နေပြီး ပထမဆုံးအကြိမ် အကွက်ချခြင်းခံလိုက်ရသည့် လီယွမ်က မကျေနပ်နိုင်ပေ။

"ပိုက်ဆံကို ဘယ်သူ လာထုတ်သွားတာလဲ"

လီယွမ်၏မျက်လုံးများက လူသတ်လိုစိတ်ကြောင့် မီးဝင်းဝင်းတောက်နေပြီး တစ်ဖက်လူကိုသာ ရှာတွေ့လျှင် အပိုင်းပိုင်း ဆွဲဖြဲပစ်ပေလိမ့်မည်။

"ပိုက်ဆံလာယူတဲ့သူက ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားပါတယ်။ သားရဲကောင်ကလည်း အခြေအနေကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားပါတယ်"

"အမှိုက်ကောင်"

လီယွမ်က တပည့်ဖြစ်သူကို ငေါက်ငမ်းလိုက်ပြီး အကွက်ချခံလိုက်ရသော်လည်း လက်သည်ကိုပင် ရှာမတွေ့ခဲ့ပေ။ ဤကား သေချာပေါက် အရှက်ခွဲခံရခြင်းဖြစ်ကာ သူ့ကိုပင် လှည့်စားရဲသူက ပေါ့ပေါ့သေးသေး မဖြစ်နိုင်ပေ။

ထိုအချိန်၌ အဝေးရှိ ဆိပ်ကမ်းတစ်ခုတွင် ကောင်းကင်နတ်လှေတစ်စီး ရပ်နားထားပြီး သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က တိရိစ္ဆာန်သားရေခင်းထားသော ခုံတစ်ခုပေါ်တွင် သက်တောင့်သက်သာ အနားယူနေသည်။ သူက ခမ်းနားသော ရုပ်ရည်မျိုးပိုင်ဆိုင်ထားကာ ခေါင်းဆောင်တစ်ယောက်၏အဟန့်မျိုး ထွက်ပေါ်နေသည်။ သူ၏ရှေ့တွင် ကျင့်ကြံသူတစ်ဒါဇင်ကျော် မတ်တပ်ရပ်နေပြီး ယဲ့ချန်လက်ချက်ဖြင့် လဲကျခဲ့သော သားရဲကောင်လည်း ပါဝင်နေသည်။

"မီကွမ် ဒီတစ်ခေါက် မင်းလုပ်တာ ကောင်းတယ်"

ထိုလူက သားရဲကောင်ကို ချီးကျူး၍ တစ်ချက်ပြုံးပြလိုက်သည်။ မီကွမ်က သူ၏အမည်အရင်းဖြစ်ကာ သားရဲကောင်က တိုက်ခိုက်ရေးကွင်းအတွက် အမည်ဝှက်ဖြစ်သည်။

"ကျုပ်က ဆရာရဲ့အစီအစဥ်ကို ပျက်စီးစေတဲ့အတွက် အရှက်ရမိပါတယ်။ ကံကောင်းတာက ဆရာဟာ နောက်ဆုံးအချိန်မှာ ချန်ရဲဘက်က လောင်းကြေးထပ်လိုက်တယ်"

မီကွမ်က ခေါင်းငုံ့ထားရင်း ရိုရိုသေသေ ပြန်ပြောလိုက်သည်။

"ပြဿနာ မရှိပါဘူး။ ချန်ရဲရဲ့ခွန်အားက မင်းအောက် မနိမ့်ဘူး။ ဘယ်သူနိုင်မယ်ဆိုတာ ပြောရခက်တယ်"

သက်လတ်ပိုင်းလူက ခေါင်းယမ်းပြလိုက်သည်။ သူ၏အစီအစဥ်က မီကွမ်ကို ပွဲသုံးဆယ်ဆက်တိုက် အနိုင်ရအောင် တိုက်ခိုက်စေပြီးမှ အရှုံးပေးရန်ဖြစ်သည်။ ယဲ့ချန်ထွက်ပေါ်လာသဖြင့် သူ့အစီအစဥ် ပျက်စီးသွားသော်လည်း လောင်းကြေးထပ်ခဲ့သဖြင့် အမြတ်ထွက်လိုက်သည်။

"ကျုပ်က စွမ်းအားကို အသက်သွင်းလိုက်ရင် သူ့ကို နိုင်မယ်ထင်ပါတယ်"

မီကွမ်က စောဒကတက်လိုက်သည်။

"ချန်ရဲက အဆင့်တစ်ဆယ် နတ်အစေခံတွေကြားမှာ ပါရမီရှင်တစ်ယောက်ဖြစ်တယ်။ ငါ စစ်ဆေးရသလောက်ဆိုရင် သူက ထိပ်တန်းနယ်မြေကို ရောက်တာမကြာသေးတဲ့အတွက် လီယွမ်နဲ့ မသက်ဆိုင်ဘူး။ ဒီအဘိုးကြီးက ကျွမ်ကြယ်ကို ပျက်စီးအောင် လုပ်နေတယ်။ ဒီကလေးသာ သူ့လက်ထဲရောက်သွားရင် လောင်းကစားအတွက် အသုံးချခံရလိမ့်မယ်"

သက်လတ်ပိုင်းလူက သက်ပြင်းတစ်ချက်ချလိုက်ပြီး လီယွမ်၏အပြုအမူအပေါ် သဘောမကျကြောင်း သိသာနေသည်။

"ငါ ဗဟိုကြယ်ကို ပြန်တော့မယ်။ မီတောက် ဒီကိစ္စ မင်းကို လွှဲပေးထားခဲ့မယ်။ ချန်ရဲရဲ့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ရှစ်ဆယ်ကျော်မယ်ဆိုရင် ရှင်းဟွမ်ဘုရားကျောင်းကို ခေါ်သွားပေးလိုက်"

ထို့နောက် သူက ဆံပင်အပြာရောင်နှင့် လူငယ်တစ်ယောက်ဘက်လှည့်ကာ ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ"

မီတောက်က အလယ်အဆင့် ကြယ်သခင်တစ်ယောက်ဖြစ်သော်လည်း ထိုလူကို အလွန်အမင်း ရိုသေလေးစားနေခဲ့သည်။ ထို့နောက် သူက ဤကိစ္စကို စီစဥ်ရန်အတွက် ထွက်ခွာသွားပြီး ကောင်းကင်နတ်လှေကလည်း ဗဟိုကြယ်သို့ ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့သည်။

ခြင်္သေ့ကြီးသည် လောင်းကြေးအနိုင်ငွေကို ထုတ်ယူပြီးနောက် လူအုပ်ကြားတွင် ကိုယ်ယောင်ဖျောက်ကာ ယဲ့ချန်နှင့် ဆက်သွယ်ရန် စောင့်ဆိုင်းနေခဲ့သည်။ ယဲ့ချန်သည် တိုက်ပွဲကွင်းမှထုတ်ပေးသော ငွေတစ်သန်းကျော်ကို လက်ခံပြီး ဖန်းရန်နှင့် ပြန်လည်တွေ့ဆုံလိုက်သည်။

"အစ်ကိုဖန်း ဘယ်လိုလဲ။ တော်တော်နိုင်လိုက်တယ်မလား ဟား ဟား"

သူက ဖန်းရန်၏ပခုံးကိုဖက်၍ ရယ်ရယ်မောမော မေးလိုက်သည်။

"နည်းနည်းတော့ နိုင်လိုက်ပါတယ်"

ဖန်းရန်က အရှက်ပြေရယ်မော၍ ဖြေလိုက်သည်။ သူက သေချင်စိတ်ပေါက်နေခဲ့ပြီး ယဲ့ချန်၏ခွန်အားကို အထင်သေးမိသည့်အတွက် ငွေများစွာဆုံးရှုံးသွားရခြင်းအပေါ် နောင်တရနေခဲ့သည်။ ယဲ့ချန်သည် ဖန်းရန်၏အခြေအနေကို ခန့်မှန်းမိသော်လည်း နောက်ထပ်မေးမြန်းမနေဘဲ ခြင်္သေ့ကြီးနှင့် ဆက်သွယ်လိုက်သည်။

"ယဲ့ချန် မင်းက ငါ့ကို စိတ်လှုပ်ရှားအောင် လုပ်နေတာလား။ ဒီကောင့်ကို မင်းက တစ်ချီတည်းနဲ့ အနိုင်ရမယ်လို့ ငါ လောင်းလိုက်ပေမယ့် မင်းက သိုင်းကိုးကွက်အထိ စောင့်နေသေးတယ်။ ငါတို့ပိုက်ဆံတွေရှုံးပြီလို့ ထင်နေတာကွ။ ကံကောင်းတယ်ဟေ့။ အခုတော့ သန်းတစ်ရာ့ရှစ်ဆယ်ကျော် ရလိုက်ပြီ။ ထိပ်တန်းနယ်မြေရဲ့ သူဌေးတချို့တောင် ဒီလောက်ငွေများများ ကိုင်ဖူးမယ် မထင်ဘူး"

ခြင်္သေ့ကြီးက ယဲ့ချန်ထံ ဝိညာဥ်နှင့်ဆက်သွယ်၍ အသိပေးလိုက်ခြင်းဖြစ်သည်။

"လီယွမ်လည်း အမြတ်ထွက်သွားတယ်မလား"

ယဲ့ချန်က ပွဲကြည့်စင်ဘက် တစ်ချက်လှမ်းကြည့်ကာ မေးလိုက်သည်။

"ဒီအဘိုးကြီးက အရှုံးပေါ်တာဟေ့။ တိုက်ပွဲမစခင်မှာ မင်းအနိုင်ရမယ့်ဘက်နေ လူတစ်ယောက်က သန်းနှစ်ရာကျော် လောင်းခဲ့တယ်။ ဒါကြောင့် လီယွမ်က သန်းသုံးရာကျော်လောက် အရှုံးပေါ်သွားတယ်"

ခြင်္သေ့ကြီးက လီယွမ်၏ကံဆိုးမှုကို ရယ်မောနေခဲ့သည်။

"သားရဲကောင်ရဲ့ အမူအရာက ထူးဆန်းနေခဲ့တယ်။ ဒီကောင်က သူ့ခွန်အားအပြည့်ကို မထုတ်ဖော်ခဲ့ဘူး။ ကြည့်ရတာ နောက်ကွယ်မှာ တစ်ယောက်ယောက်က ကြိုးကိုင်နေပြီ ထင်တယ်။ ဒါက လီယွမ်မဟုတ်ရင် ဘယ်သူများလဲ"

ယဲ့ချန်က အတွေးနက်သွားပြီး ပြဿနာဖြစ်လာနိုင်ကြောင်း သဘော​ပေါက်သွားခဲ့သည်။ လီယွမ်ထံမှ သူက တစ်ဖက်လှည့်ဖြင့် ငွေအနိုင်ရခဲ့သော်လည်း သန်းတစ်ရာကျော်သာဖြစ်၍ ပြဿနာမရှိပေ။ လက်ရှိတွင် လီယွမ်သည် သန်းသုံးရာကျော် အရှုံးပေါ်ခဲ့သဖြင့် နောက်ထပ်လက်သည်တစ်ယောက်ကို ရှာမတွေ့လျှင် သူ့ဘက် မြှားဦးလှည့်လာနိုင်သဖြင့် ထွက်ခွာသွားခြင်းက ကောင်းမွန်ပေလိမ့်မည်။

All Chapters