← Chapters

သိမ်းသွင်းခြင်း

Vol. 58 Ch. 810

သိမ်းသွင်းခြင်း

Vol. 58 Ch. 810

"ဆရာ သွားကြစို့"

ယဲ့ချန်က ခြင်္သေ့ကြီးထံ အသံဖြင့် ဆက်သွယ်လိုက်သည်။

"အစ်ကိုဖန်း ကျုပ်မှာ အရေးပေါ်ကိစ္စလေးရှိလို့ ခွင့်ပြုပါဦး။ ထိပ်တန်းနယ်မြေကို နောက်တစ်ခါရောက်ရင် ဆက်သွယ်လိုက်ပါ့မယ်"

ယဲ့ချန်အတွက် ဖန်းရန်ထံမှ ထိပ်တန်းနယ်မြေအကြောင်း သတင်းကြီးကြီးမားမား မရခဲ့သည့်အပြင် တစ်ဖက်လူ၏ ကိုယ်ကျင့်တရားကြောင့် မိတ်ဆွေကောင်းတစ်ယောက်ဟု သတ်မှတ်မထားခဲ့ပေ။

"ငါ သိပြီ။ အနာဂတ်မှာ မင်းရောက်ဖြစ်မယ်ဆိုရင် ကျွမ်ကြယ်ပေါ်က ကုလန်ခြံဝန်းမှာ ငါ့ကို လာရှာဖို့ မမေ့နဲ့"

ဖန်းရန်က အလောတကြီး မှာကြားလိုက်သည်။

"ကောင်းပြီ။ နောက်တစ်ကြိမ် ပြန်ဆုံမှာပါ"

ထိုအချိန်၌ ယဲ့ချန်က ခေါင်းညိတ်၍ တိုက်ခိုက်ရေးကွင်းအတွင်းမှ ထွက်ခွာသွားပြီဖြစ်သည်။ သူ့နောက်မှ လူနှစ်ယောက် ကပ်ပါလာသောကြောင့် ခြင်္သေ့ကြီးကို မျက်ရိပ်ပြ၍ လမ်းကွေ့တစ်ခုသို့ ချိုးဝင်လိုက်သည်။

"ဒီကနှစ်ယောက် မေးစရာရှိလို့ပါ"

သို့သော် ကျင့်ကြံသူသုံးယောက် ထွက်ပေါ်လာပြီး နောက်ယောင်ခံလိုက်သူများကို ရုတ်တရက် ဟန့်တားလိုက်ကြသည်။

"ဘေးဖယ်စမ်း"

သူတို့က အော်ဟစ်ငေါက်ငမ်းလိုက်သည်။

"မင်းတို့က ယဥ်ယဥ်ကျေးကျေး မပြောနိုင်ဘူးလား"

"တိုက်ခိုက်ချင်နေတာလား"

ဤသို့ဖြင့် နောက်ယောင်ခံလိုက်လာသူများကို ဟန့်တားသူများက တိုက်ခိုက်လိုက်သောကြောင့် ယဲ့ချန်တို့က အေးအေးဆေးဆေး ထွက်ခွာလာနိုင်ခဲ့သည်။ လူရှင်းသော တစ်နေရာအရောက်တွင် သူက နေရောင်အောင်မှသူခိုးကျင့်စဥ်ဖြင့် ရုပ်သွင်ကို နောက်တစ်ကြိမ် ပြောင်းလဲလိုက်သည်။

"ထူးဆန်းတယ်။ တစ်ယောက်ယောက်က ငါတို့ကို ကူညီပေးနေတယ်။ ဖြစ်နိုင်တာက သားရဲကောင်ရဲ့နောက်ကွယ်က လူ ဖြစ်နေမလား။ ဒီလူ့မှာ အစွမ်းအစတော့ ရှိပုံရတယ်"

ယဲ့ချန်က စိတ်ရှုပ်ထွေးစွာဖြင့် အတွေးနက်​နေရင်း မူလအစီအစဥ်အတိုင်း ခြင်္သေ့ကြီးနှင့်အတူ ရတနာဆိုင်၏အလယ်ထပ်သို့ တိုက်ရိုက်ဦးတည်လာခဲ့သည်။

"ဧည့်သည် နောက်တစ်ကြိမ် ရောက်လာပြန်ပြီလား။ ဘာများအလိုရှိပါသလဲ"

ရှောင်လင်းက ယဲ့ချန်ကို မြင်သောအခါ တစ်ချက်ပြုံး၍ ပြောလိုက်သည်။ ယဲ့ချန်သည် ပတ်ဝန်းကျင်၌ သူတစ်ယောက်တည်းရှိနေသဖြင့် တစ်ဖက်လူက နေရောင်အောက်မှကျင့်စဥ်ဖြင့် ရုပ်ဖျက်ထားသည်ကို ဖောက်ထွင်းမြင်နိုင်ကြောင်း သိလိုက်ရ၏။ ဤသို့သော အစွမ်းထက်သူတစ်ယောက်က ဆိုင်၌ ဝန်ထမ်းတစ်ယောက်အဖြစ် လုပ်ကိုင်နေခဲ့သည်။

"ဟုတ်ပါတယ်။ မင်းက အရင်က အခြားတစ်ယောက်နဲ့ လာဖူးတယ်မလား။ မစိုးရိမ်ပါနဲ့ ငါတို့ဆိုင်က ဧည့်သည်တွေရဲ့လျှို့ဝှ​က်ချက်ကို ထိန်းသိမ်းပေးပါတယ်"

ရှောင်လင်းက တစ်ချက်ပြုံးလိုက်သည်။ တစ်ဖက်လူက ရတနာဆိုင်ကဲ့သို့ အဖိုးတန်နေရာမျိုး၌ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့်အပြင် ကျင့်ကြံဆင့်ကိုလည်း ထွင်းဖောက်မမြင်နိုင်သောအခါ လုံခြုံရေးအတွက် ဖြစ်ရမည်ဟု ယဲ့ချန်က တွေးမိလိုက်သည်။

"ကောင်းကင်ငါး၊ ရှင်းဟွမ်သစ်ပင်၊ ခရမ်းပြာပန်း၊ မရဏမြက်နဲ့ အမှောင်သစ်သီးတွေ လိုချင်တယ်"

ယဲ့ချန်က လက်ထဲတွင် မနောငွေများစွာရှိနေသောကြောင့် ကောင်းကင်မူလကြယ်သို့ ရတနာများ ပို့ဆောင်ရန်အတွက် ချက်ချင်းလုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။

"အများကြီးပါလား။ ချက်ချင်းစီစဥ်ပေးပါမယ်။ ကျေးဇူးပြုပြီး ခဏစောင့်ပါဦး။ အလယ်ထပ်က ရတနာတွေက ဒီကြယ်အဖွဲ့အစည်းမှာ ရှားပါပြီး အခြားနေရာမှာ ထပ်မတွေ့နိုင်ဘူး။ ငါတို့က ဧည့်သည်တစ်ယောက်ကို ရောင်းချထားတဲ့ ရတနာကို နောက်ထပ်တစ်ယောက်ဆီ လုံးဝမရောင်းဘူး"

ရှောင်လင်းသည် ယဲ့ချန်က ဤမျှချမ်းသာသည်ဟု ထင်မထားသောကြောင့် ချောမောသော မျက်နှာက မင်သက်သွားသော်လည်း လေးလေးနက်နက် အာမခံလိုက်သည်။ ဤအချက်က အဓိပ္ပါယ်ရှိပြီး စျေးကြီးမြင့်နေရခြင်းက မထူးဆန်းတော့ပေ။ ရတနာများက ရှားပါးလေလေ ပို၍အဖိုးတန်လေလေဖြစ်ပြီး ဥပမာအားဖြင့် ကောင်းကင်ငါးများကို လူတိုင်း မွေးမြူနေမည်ဆိုလျှင် ၎င်းက အဖိုးတန်တော့မည် မဟုတ်ပေ။

"ကျုပ် နောက်လိုက်တွေကို စီစဥ်ခိုင်းထားတယ်။ ရတနာတွေကိုထုပ်ပိုးပြီး မကြာခင် ရောက်လာပါလိမ့်မယ်။ မင်းတို့ပို့ဆောင်ပေးစေချင်တဲ့ နေရာကိုလည်း ပို့ပေးတဲ့ ဝန်ဆောင်မှု ရှိပါတယ်"

ရှောင်လင်းက ကမ်းလှမ်းချက်တစ်ခု ပေးလိုက်သည်။

"မလိုအပ်ဘူး"

ကောင်းကင်မူလကြယ်၏ တည်နေရာကို လျှို့ဝှက်ထားရန် လိုအပ်သောကြောင့် ယဲ့ချန်က ငြင်းဆန်လိုက်သည်။

"မင်းရောင်းချင်တဲ့ ရတနာတွေရှိရင်လည်း ငါက သေချာပေါက် မင်း ကျေနပ်လောက်မယ့် စျေး ပေးဝယ်ပါမယ်။ ဥပမာ ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီးလိုမျိုးပေါ့"

ရှောင်လင်းက အဓိပ္ပါယ်ပါပါပြုံး၍ ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို ထပ်မံကမ်းလှမ်းလိုက်ပြန်သည်။ သူ၏စကားကြောင့် ယဲ့ချန်က ရင်ထိတ်သွားပြီး သတိကြီးကြီးထားလိုက်ကာ တစ်ဖက်လူက သူတို့နှစ်ယောက်တွင် ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာ ပိုင်ဆိုင်ထားကြောင်း မည်သို့သိသွားသည်ကို မတွေးတတ်ခဲ့ပေ။ ကြယ်သခင်ထိပ်ဆုံးအဆင့်ဖြစ်သော လီယွမ်ပင်လျှင် သူ၏လျှို့ဝှက်ချက်အကြောင်း မသိနိုင်ခဲ့ပေ။ ခြင်္သေ့ကြီးသည်လည်း ထိတ်လန့်သွားပြီး အမွေးများထောင်ထသွားကာ တစ်ကိုယ်လုံး ကြက်သီးများထလာ၍ ရှောင်လင်းကို စိုးရိမ်နေခဲ့သည်။

"ဒီလောက်စိုးရိမ်စရာ မလိုအပ်ပါဘူး။ ငါက ကုန်သည်တစ်ယောက်ဖြစ်ပြီး သူခိုးဓားပြလုပ်ဖို့ ဝါသနာမပါဘူး။ မင်းသာ ရောင်းချင်ရင် ဘာမဆို လက်ခံတယ်။ မင်းမရောင်းချင်ဘူးဆိုရင်လည်း ဖိအားမပေးပါဘူးကွာ။ မင်းတို့ရဲ့ လျှို့ဝှက်ချက်အကြောင်းကိုလည်း အပြင်လူတွေဆီ မပြောပါဘူး"

ယဲ့ချန်တို့၏အမူအရာကို အကဲခတ်နေသော ရှောင်လင်းက လေးနက်စွာ အာမခံလိုက်သည်။ ရှောင်လင်း၏ခွန်အားအရ ဤမျှရှင်းပြနေစရာ မလိုအပ်သောကြောင့် စကားများများစားစား ပြောနေခြင်းက ရိုးသားသည်ဟု ဆိုနိုင်သည်။

"လောလောဆယ်တော့ ငါ့မှာ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီး မရှိဘူး။ ရှိလာရင် ဆက်သွယ်လိုက်ပါမယ်"

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သော်လည်း ရှောင်လင်း၏ကျင့်ကြံဆင့်ကို မမြင်နိုင်သည့်အပြင် သာမန်လူတစ်ယောက်ဟုသာ ခံစားနေရသည်။ သို့သော် ရှောင်လင်းက သာမန်လူမဖြစ်နိုင်ကြောင်း သူ၏အသိစိတ်က သေချာပေါက် ပြောပြနေသည်။

"ဒီလူက မရိုးရှင်းဘူး။ သူ့ခန္ဓာကိုယ်ကလည်း အဆင့်သုံးမျိုးနွယ်အဆင့်မဟုတ်ဘဲ ငါတို့လိုမျိုး ဆေးပင်တစ်ခုခုနဲ့ ပြင်ဆင်ထားတာ ဖြစ်မယ်"

ခြင်္သေ့ကြီးက ယဲ့ချန်ကို သတိပေးလာသော်လည်း သူကိုယ်တိုင်ပင် တစ်ဖက်လူ၏ အသေးစိတ်အချက်အလက်များကို မမြင်ရပေ။

"ဒီနေရာမှာ ရတနာပေါင်းစုံရှိနေတော့ သူတို့ကိုယ်တိုင်ကလည်း အသုံးပြုထားမှာ သေချာတယ်"

ယဲ့ချန်ကလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ ခဏအကြာတွင် ရတနာများ ရောက်လာသောကြောင့် သူက ငွေချေပြီး ခြင်္သေ့ကြီးကို ဆိပ်ကမ်းရှိ ကောင်းကင်နတ်လှေထံ စေလွှတ်လိုက်သည်။ ၎င်းတို့ကို ကောင်းကင်မူလကြယ်သို့ နောက်လိုက်နှစ်ယောက်နှင့် ပို့ဆောင်ပေးရန် ဦးစားပေးဖြစ်ကာ ကောင်းကင်ငါးများကို လင်ယုအား ရင်ယွမ်ကြယ်၌ မွေးမြူခိုင်းရပေလိမ့်မည်။

"မင်း လုပ်စရာရှိတာ လုပ်ပါ။ ငါက ဒီအတိုင်း ပတ်ကြည့်လိုက်ဦးမယ်"

ယဲ့ချန်က တစ်ခုခုကို စောင့်ဆိုင်းချင်နေသဖြင့် ရှောင်လင်းကို ပညာရှိနည်းဖြင့် နှင်ထုတ်လိုက်သည်။

"တစ်ခုခုလိုအပ်ရင် အချိန်မရွေး ခေါ်လိုက်ပါ"

ရှောင်လင်းက ရိုသေယဥ်ကျေးစွာပြော၍ ချက်ချင်းထွက်ခွာသွားပေးခဲ့သည်။ ထိုအချိန်၌ အလယ်ထပ်၏ဝင်ပေါက်မှတဆင့် လူငယ်တစ်​ယောက် ဝင်ရောက်လာပြီး ယဲ့ချန်ထံ ဦးတည်လာနေခဲ့သည်။ သူက တိုက်ပွဲကွင်းမှ ထွက်ခွာလာစဥ် တစ်ယောက်ယောက်မှ စောင့်သြည့်နေကြောင်း သတိထားမိခဲ့ပြီး ရုပ်ဖျက်သည်ကိုလည်း ဖော်ထုတ်ခံလိုက်ရ၏။ ထိုစောင့်ကြည့်နေသူက လီယွမ်၏နောက်လိုက်များကို ဖယ်ထုတ်ပေးခဲ့သောကြောင့် သူ့ကို လာတွေ့လိုခြင်း ဖြစ်သောကြောင့် ခြင်္သေ့ကြီးကို ထွက်ခွာသွားစေခဲ့သည်။ တစ်ဖက်လူက အလယ်အဆင့်ကြယ်သခင် ဖြစ်သောကြောင့် ခြေရာဖျောက်ရန် ခက်ခဲသဖြင့် ထိပ်တိုက်တွေ့ဆုံလိုက်ပြီး ဆွေးနွေးသည်က ပို၍လွယ်ကူပေသည်။ အနည်းဆုံးတော့ ဤလူငယ်က လီယွမ်၏လက်အောက်မှ ကြယ်သခင် မဖြစ်နိုင်ချေ။

"တွေ့ရတာ ဝမ်းသာပါတယ်။ ငါက မီမျိုးနွယ်က မီတောက်ပါ"

မီတောက်က ယဲ့ချန်ကို ယဥ်ကျေးစွာ မိတ်ဆက်လိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ဘာကိစ္စရှိလို့လဲ"

ယဲ့ချန်က အနည်းငယ်ထူးဆန်းနေသော်လည်း လိုရင်းကို တည့်တည့်မတ်မတ် မေးလိုက်သည်။

"ငါ့ဆရာက မင်းကို သိမ်းသွင်းချင်နေပြီး အရမ်းစိတ်ဝင်စားနေတယ်"

ယဲ့ချန်သည် နတ်အစေခံတစ်ယောက်သာ ဖြစ်သော်လည်း အလယ်အဆင့် ကြယ်သခင်တစ်ယောက်ရှေ့၌ တည်ငြိမ်လွန်းနေသောကြောင့် မီတောက်က ကျေနပ်စွာ ပြုံးလိုက်သည်။ ဤတည်ငြိမ်မှုမျိုးကို သာမန်လူများ လုပ်ယူ၍ မရနိုင်ချေ။

"မင်းရဲ့ဆရာအကြောင်း သိခွင့်ရှိလား"

ယဲ့ချန်၏စိတ်အတွင်း၌ အတွေးများစွာ ဖြစ်ပေါ်လာကာ မေးမြန်းလိုက်သည်။

"လောလောဆယ်တော့ ပြောလို့ မဖြစ်သေးဘူး"

မီတောက်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။

"မင်းဆရာက ဘယ်သူဆိုတာ မသိရင် ငါက ဘယ်လိုယုံကြည်ရမှာလဲ"

"ငါပြောနိုင်တာတစ်ခုကတော့ ဆရာဟာ ထိပ်တန်းနယ်မြေရဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ လီယွမ်ကလည်း မင်းကို စိတ်ဝင်စားနေတယ် ထင်တယ်။ ဒါပေမယ့် ဒီအဘိုးကြီးက မင်းကို ကြယ်သခင်အဆင့် မတက်နိုင်အောင် ဟန့်တားထားပြီး ငွေထုတ်စက်လိုမျိုး သဘောထားလိမ့်မယ်။ မင်းသာ ငါတို့ဂိုဏ်းကို ဝင်မယ်ဆိုရင် လီယွမ်လိုမျိုးဖြစ်မှာကို စိုးရိမ်နေစရာ မလိုအပ်ဘူး။ ငါ့ဆရာက အပြင်မှာ ရှာမရနိုင်တဲ့ အရင်းအမြစ်တွေနဲ့ ထောက်ပံ့ပေးပြီး မင်းကို ကြယ်သခင်အဆင့်ရောက်အောင် ပျိုးထောင်ပေးလိမ့်မယ်"

"ငါ အပြန်အလှန်အနေနဲ့ ဘာပြန်လုပ်ပေးရမှာလဲ"

ဤလောက၌ အလကားရသော နေ့လယ်စာမရှိသောကြောင့် ယဲ့ချန်က မေးခွန်းထုတ်လိုက်သည်။

"လောလောဆယ်တော့ ဘာအလုပ်မှ မရှိဘူး။ မင်းက အဆင့်နိမ့်ကြယ်သခင်ဖြစ်လာပြီး နယ်မြေတစ်ခုပိုင်ဆိုင်ရင် ငါတို့ဂိုဏ်းဝင်တစ်ယောက် ဖြစ်လာလိမ့်မယ်။ အချိန်ကျလာရင် မင်းကိုယ်ကျိုးအတွက်ဖြစ်ဖြစ် ဂိုဏ်းအကျိုးအတွက်ဖြစ်ဖြစ် ရွေးချယ်မှု လုပ်ပေါ့ကွာ။ ငါတို့က မင်းကို ချည်နှောင်မထားပါဘူး"

မီတောက်က တည်ငြိမ်စွာ ကတိပေးလိုက်သည်။ သူ၏ဆရာက ယုံကြည်မှုအလွန်ရှိနေပြီး နောက်လိုက်များ သစ္စာဖောက်မည်ကို စိုးရိမ်ပုံမရချေ။ ထို့ကြောင့် လီယွမ်အောက် နိမ့်ကျသူ လုံးဝမဖြစ်နိုင်ဘဲ ထိပ်တန်းအဆင့် ကြယ်သခင်တစ်ယောက်ဖြစ်ရန် သေချာနေသည်။

ယဲ့ချန်သည် ထိပ်တန်းနယ်မြေသို့ တစ်ကိုယ်တော်လာခဲ့သောကြောင့် နောက်ခံမရှိသည့်အတွက် ခြေကုပ်ရယူရန် ခက်ခဲနေသည်။ ကျန်တစ်ဖက်တွင် မီတောက်၏ဂိုဏ်းက ချည်နှောင်ထားမည်မဟုတ်ရာ ဆွဲဆောင်အား ပြင်းနေသည်။ သူက လီယွမ်၏တပည့်ကို သတ်ခဲ့ပြီး ငွေများစွာ အရှုံးပေါ်စေခဲ့သောကြောင့် ထိုအကြောင်းသာ သိသွားလျှင် သေချာပေါက် စာရင်းရှင်းခံရပေလိမ့်မည်။ မီတောက်၏ဆရာက လီယွမ်နှင့် ပြဿနာရှိသောကြောင့် သူက တစ်ဖက်လူ၏ ခွန်အားကို ငှားရမ်းသုံးစွဲနိုင်သည်။

"ငါက မင်းအဖွဲ့ထဲကို ဝင်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုဆက်သွယ်ရမလဲ"

ယဲ့ချန်က ဆုံးဖြတ်ချက်ချလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါက မင်းရဲ့နာမည်ကတ်ပြား။ ငါက မင်းရဲ့နာမည်ကို စာရင်းသွင်းထားလိုက်မယ်။ အနာဂတ်မှာ ငါတို့က မင်းကို ရှာဖွေဖို့ လွယ်ကူပါတယ်။ လဝက်အတွင်း ကျင်းပမယ့် သိုင်းပညာဖလှယ်ပွဲမှာ မင်းက ဝင်ပြိုင်မယ်ဆိုရင် ကံကောင်းလို့ကတော့ ဆရာကို တွေ့ရမှာပါ"

မီတောက်က ယဲ့ချန်၏ပွင့်လင်းမှုကို သဘောကျသောကြောင့် တဟားဟား ရယ်မောလိုက်လေသည်။

All Chapters