← Chapters

ကောင်းကင်သူတော်မျိုးနွယ်

Vol. 58 Ch. 811

ကောင်းကင်သူတော်မျိုးနွယ်

Vol. 58 Ch. 811

"ဒါကို ဘယ်လိုသုံးရမလဲ"

ယဲ့ချန်သည် နာမည်ကတ်ကို တစ်ချက်ကြည့်လိုက်သောအခါ မည်သည့်စာလုံးမှ ရေးထွင်းမထားသော နက်မှောင်သည့် လက်သည်းခွံအရွယ် သတ္တုပြားဖြစ်ကြောင်း သိလိုက်ရသည်။

"သွေးတစ်စက် ချလိုက်"

မီတောက်၏စကားကြောင့် သူက တွန့်ဆုတ်သွားသော်လည်း တစ်ဖက်လူက အလယ်အဆင့် ကြယ်သခင်ဖြစ်ပြီး သူက နတ်အစေခံတစ်ယောက်သာ ဖြစ်သောကြောင့် ဒုက္ခပေးလိုလျှင် ဤမျှရှည်ဝေးနေစရာမလိုဟု သုံးသပ်လိုက်သည်။ သူက လက်ချောင်းကိုဖောက်၍ သွေးတစ်စက်ချလိုက်သောအခါ နာမည်ကတ်က လှစ်ခနဲမြည်၍ လက်ချောင်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

"ဒါဆိုရင် ငါတို့က မင်းရဲ့တည်နေရာကို တွက်ချက်နိုင်ပြီ။ ပြဿနာတစ်ခုခုတက်ပြီး အကူအညီလိုရင် မင်းရဲ့ဝိညာဥ်အသိစိတ်နဲ့ ဒါကို တိုက်ခိုက်လိုက်။ ငါတို့ဂိုဏ်းသားတိုင်းက မင်းကို လာကူပေးနိုင်လိမ့်မယ်။ ဂိုဏ်းကနေ ကြိုဆိုပါတယ်"

မီတောက်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။

"ငါတို့က လီယွမ်နဲ့ ပြဿနာတက်နေတယ်ဆိုရင် ငါက သူလျှိုလုပ်ပေးရမလား"

ယဲ့ချန်က တစ်ချက်စဥ်စား၍ မေးလိုက်သည်။ သူက လီယွမ်၏နောက်လိုက်အဖြစ် ဟန်ဆောင်ကာ ရသမျှသတင်း နှိုက်ထုတ်ရန် စဥ်းစားနေခဲ့သည်။

"လီယွမ်က မြေခွေးအိုကြီးတစ်ကောင်ပဲ။ မင်းနောက်ကို သူ လွှတ်လိုက်တဲ့လူတွေကို ငါ့လူတွေက ဟန့်တားလိုက်တဲ့အတွက် တစ်ခုခုမှားနေပြီဆိုတာ သိနေလောက်ပြီ။ မင်းက သူ့လက်အောက်ကို ဝင်လိုက်ရင်တောင် မင်းကို မယုံကြည်တဲ့အပြင် သံသယဝင်လာရင် အန္တရာယ်တောင် ရှိနိုင်တယ်"

မီတောက်က ခေါင်းယမ်းလိုက်ပြီး ယဲ့ချန် မတွေးမိသည့်ဘက်မှ သုံးသပ်ပြလိုက်သည်။

"မင်း ထွက်သွားတဲ့အချိန်ကျရင် ဖုံးကွယ်ပေးဖို့ လူတွေ စီစဥ်ပေးထားတယ်။ သိုင်းပြိုင်ပွဲကျရင် ပြန်ဆုံကြတာပေါ့"

"ကောင်းပြီ"

ယဲ့ချန်သည် မီတောက်နောက်ကွယ်မှလူကို အလွန်စိတ်ဝင်စားနေခဲ့ပြီး မည်သို့သော လူစားမျိုးဖြစ်ကြောင်း သိချင်နေခဲ့သည်။ လဝက်အတွင်း ကျင်းပမည့် သိုင်းပြိုင်ပွဲတွင် ထိုလူနှင့် တွေ့နိုင်မတွေ့နိုင် စဥ်စားနေခဲ့သည်။ ထိပ်တန်းနယ်မြေရှိ အင်အားစုများကြားတွင် ဆက်ဆံရေးကရှုပ်ထွေးပြီး အမှန်တကယ်ပြိုင်ပွဲဝင်လျှင် သေချာပေါက် သတိထားရပေလိမ့်မည်။ သူက ရတနာဆိုင်မှ တိတ်တဆိတ်ထွက်ခွာသွားစဥ် လီယွမ်က တိုက်ပွဲကွင်းအတွင်း ဒေါသူပုန်ထ၍ ပစ္စည်းများကို ပစ်ပေါက်နေခဲ့သည်။

"မင်းတို့က ဘာတွေလုပ်နေကြတာလဲ။ နတ်အစေခံတစ်ယောက်ကိုတောင် ကြယ်သခင်တွေက နောက်ယောင်ခံ မလိုက်နိုင်ဘူးလား"

သူ၏ပတ်ဝန်းကျင်မှ ခရမ်းရောင်ချီများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထူထပ်သိပ်သည်းနေသည်။

"ကျေးဇူးပြုပြီး စိတ်လျှော့ပါ ဆရာ။ ကျုပ်တို့က အဆင့်နိမ့်ကြယ်သခင်တွေ လွှတ်လိုက်ပေမယ့် တစ်ဖက်လူက ပြင်ဆင်ထားပြီး အလယ်အဆင့်ကြယ်သခင်တွေ လွှတ်လိုက်တဲ့အတွက် မယှဥ်နိုင်ခဲ့ပါဘူး"

ရှီရီက ခေါင်းငုံ့နေရာမှ အလျင်အမြန် ရှင်းပြလိုက်သည်။ ကြယ်သခင်များကြားတွင် ပို၍အဆင့်မြင့်သူက အချိန်လေဟာနယ်ရုန်းများကို အသုံးပြု၍ တစ်ဖက်လူ၏ ဝိညာဥ်အသိစိတ်ကို ဟန့်တားနိုင်သည်။ ဤရက်များအတွင်း အမှောင်ထဲမှ လက်သည်တစ်ယောက်က လီယွမ်ကို ဆန့်ကျင်နေပြီး တစ်ဖက်လူက အင်အားမနည်းပါးသည့်အပြင် ယဲ့ချန်ကိုပင် ဆက်သွယ်နိုင်ခဲ့သည်။ သူက အရှက်ခွဲခံနေရသည့်တိုင်အောင် မည်သူမည်ဝါလုပ်နေကြောင်း မသိသဖြင့် ယမ်းပုံမီးကျ ဒေါသထွက်နေခဲ့သည်။

"အခုကစပြီး ချန်ရဲကို တိုက်ခိုက်ခွင့် မပေးနဲ့"

သူက နှာခေါင်းရှုံ့၍ အမိန့်ပေးလိုက်သည်။ မူလတွင် သူက တိုက်ခိုက်ရေးကွင်း၌ လုပ်ပွဲများ ဖန်တီးရန် စစ်သည်တော်များ လေ့ကျင့်ပေးထားခဲ့သော်လည်း အများစုကို သားရဲကောင်က သတ်ဖြတ်သွားခဲ့သည်။ အကယ်၍ တစ်ဖက်လူက ချန်ရဲကို သားရဲကောင်ကဲ့သို့ အသုံးပြုလာလျှင် သူ၏ တိုက်ခိုက်ရေးကွင်းက အရှုံးပေါ်သွားပေလိမ့်မည်။

"ဟုတ်ကဲ့"

သူ၏တပည့်များက အပြစ်တင်မခံရတော့သဖြင့် စိတ်အေးသွားကာ သက်ပြင်းကိုယ်စီချလိုက်မိသည်။

"ချန်ရဲကို နောက်တစ်ကြိမ်တွေ့ရင် သတ်ပစ်လိုက်"

လီယွမ်၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေသည်။

"မစိုးရိမ်ပါနဲ့ ဆရာ။ ဒီကောင် ထပ်ပြီးပေါ်လာရဲရင် ပြန်လမ်းမရှိစေရဘူး"

သို့သော် ထိုအခိုက်၌ ယဲ့ချန်က နောက်ထပ်ရုပ်ဖျက်ကာ ခြင်္သေ့ကြီးနှင့် ပြန်လည်တွေ့ဆုံ၍ အန္တရာယ်ကို ရှောင်ရှားရန် ကျွမ်ကြယ်မှ ထွက်ခွာသွားပြီဖြစ်သည်။ သူက ချောင်ကျသော တစ်နေရာ၌ ကောင်းကင်နတ်လှေတစ်စီးထုတ်ယူကာ နောက်ထပ်ကြယ်ရံတစ်လုံးထံ ဦးတည်ပျံသန်းနေသည်။ ထို့နောက် သူက ထိပ်တန်းနယ်မြေနှင့် ရင်းနှီးလာစေရန် သတင်းစုဆောင်းခဲ့ပြီး ခြင်္သေ့ကြီးနှင့် တိုက်ခိုက်ရေး လေ့ကျင့်ခဲ့သည်။ ထိပ်တန်းနယ်မြေတွင် ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၌ အစွမ်းအထက်ဆုံးစာရင်းမှ သခင်ခြောက်ယောက်ကို ပိုင်ဆိုင်ထားပြီး ကြယ်ရံ၁၅လုံးတွင် ထိပ်တန်းအဆင့် ကြယ်သခင်များက အုပ်ချုပ်ရေးမှူးများပမာ ရှိကြသည်။ သူတို့က ခေါင်းဆောင်များကို မယှဥ်နိုင်သော်လည်း စွမ်းအားအရာ၌ ဒုတိယဖြစ်သည်။ ဤအဖွဲ့က အပေါ်ယံတွင် အေးချမ်းသည်ဟု ထင်ရသော်လည်း ဂိုဏ်းဂဏများကွဲပြားနေပြီး ရာထူးနှင့် အာဏာအတွက် အတွင်းကြိတ်ယှဥ်ပြိုင်ရင်း ပါရမီရှင်များကို နေရာတိုင်းမှ လိုက်လံရှာဖွေနေကြသည်။

အချိန်က တရွေ့ရွေ့ကုန်ဆုံးရင်း သိုင်းပြိုင်ပွဲကျင်းပမည့် နေ့ရက်သို့ ဖြည်းဖြည်းချင်း နီးကပ်လာသည်။ နေရာပေါင်းစုံမှ ယာဥ်မျိုးစုံက ရောက်ရှိလာကြသောကြောင့် ထိပ်တန်းနယ်မြေရှိ ကျင့်ကြံသူအရေအတွက်က သာမန်ထက် အဆပေါင်းများစွာ ပိုတိုးလာ၍ သက်ဝင်လှုပ်ရှားနေသည်။ သူတို့အားလုံးက ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၏ နေရာတိုင်းမှ ရောက်လာခြင်းဖြစ်ကာ နှစ်စဥ်ကျင်းပသော သိုင်းပညာဖလှယ်ပွဲသို့ တက်ရောက်လာခဲ့ကြသည်။ ဤပြိုင်ပွဲတွင် အစွမ်းပြနိုင်သူများကို အင်အားစုကြီးများက သိမ်းသွင်းပြီး အနာဂတ်၌ ပြုစုပျိုးထောင်ပေးခြင်းခံရ​ပေလိမ့်မည်။

ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည် ပိုင်မုန်ကြယ်ထက်တွင် ခြေဦးတည့်ရာ လျှောက်သွားရင်း စျေးတစ်ခုသို့ ရောက်လာခဲ့သည်။ ထိုနေရာ၌ ကုန်သည်များစွာ စုဝေးနေပြီး ရတနာပေါင်းစုံ ရောင်းချနေသော်လည်း သတ္တုတွင်းထွက်များကို အထူးပြုရောင်းဝယ် ဖောက်ကားနေကြသည်။ သတ္တုတုံးများကို အမည်တပ်မထားဘဲ ဝယ်ယူသူက အမြင်နှင့် ဆုံးဖြတ်ရမည်ဖြစ်ကာ အဖိုးထိုက်တန်သော သတ္တုရိုင်းများကို ငွေအနည်းငယ်ဖြင့် ရနိုင်သကဲ့သို့ ကံဆိုးလျှင် သာမန်ကျောက်တုံးတစ်တုံးအတွက် မနောငွေများစွာ ပေးချေရနိုင်သည်။ ဤအရာများက စျေးထဲတွင် နေ့တိုင်းဖြစ်ပျက်နေပြီး မျက်စိအမြင်နှင့် ကံအပေါ် မူတည်၍ စမ်းသပ်နေသူများစွာ ရှိနေခဲ့သည်။ လူပေါင်းစုံ ဝင်ထွက်သွားလာနေသောကြောင့် သတင်းစုံသည့် နေရာဖြစ်လာပြီး သိုင်းပြိုင်ပွဲအကြောင်း ဆွေးနွေးနေသည့် လူတစ်စုအနားတွင် ယဲ့ချန်က သတ္တုရိုင်း ဝယ်ချင်ယောင်ဆောင်၍ နားစွင့်နေခဲ့သည်။

"နန်းတော်သုံးခု၊ အိမ်တော်နှစ်ခုနဲ့ ဓားစံအိမ်ကလူတွေ အကုန်ရောက်နေကြပြီ။ သူတို့တွေ ဗဟိုကြယ်ထဲ ဝင်သွားတာကို မြင်လိုက်တဲ့သူတွေ ရှိတယ်"

"ဒီတစ်ခေါက် စီးပွားရေး ပိုကောင်းလာမယ်ထင်တယ်။ အရင်နှစ်တွေက ဒီအချိန်ရောက်ရင် အမြတ်ပမာဏက လေးငါးဆမက တိုးလာတတ်တယ်"

ဆိုင်ရှင်များက အပြုံးကိုယ်စီဖြင့် ပြောဆိုနေကြသည်။

"ဒီလိုလား။ ဒီအချိန်မှာဆိုရင် မနောငွေသောင်းချီလောက်တော့ ရောင်းရမယ် ထင်ပါတယ်။ အဓိကအင်အားစုက လူတွေအများကြီးကို ဒီနေ့တင် တွေ့လာခဲ့တယ်"

နောက်ထပ်ဆိုင်ရှင်တစ်ယောက်က ကျေနပ်စွာ ပြောလိုက်သည်။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၌ မီးတောက်နီနန်းတော်၊ ကျောက်စိမ်းလေဟာနယ်နန်းတော်၊ ရေကျောက်စိမ်းနန်းတော်၊ မှော်နတ်သမီးစံအိမ်၊ ပုံရိပ်ယောင်စံအိမ်ဟူ၍ ဂိုဏ်းကြီးများ ကွဲပြားနေကာ ဓားစံအိမ်သည် ထိပ်တန်းမဟာမိတ်ပြီးလျှင် အစွမ်းအထက်ဆုံးဖြစ်သည်။ ဤအင်အားစုများကို ထာဝရပြည်ထောင်၏ အဆင့်မြင့်အကြီးအကဲများက တည်ထောင်ထားခြင်းဖြစ်ကာ တစ်ဖွဲ့ချင်းစီ၌ အဓိက တိုက်ခိုက်ရေးအင်အားဖြစ်သည့် ပိုင်နက်သားရဲများ ပိုင်ဆိုင်ထားကြသည်။

"ဒီနှစ်ရော ဘယ်လိုပါရမီရှင်တွေ ထွက်ပေါ်လာလောက်လဲ။ သိုင်းပြိုင်ပွဲရဲ့ တာဝန်ရှိသူတွေက ဒီနှစ်ပြိုင်ပွဲအတွက် ကျင့်ကြံသူနှစ်သန်းကျော် ရောက်နေကြောင်း သတင်းထုတ်ပြန်ခဲ့တယ်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ရွေးချယ်ခံရရင် ဘယ်သူဖြစ်ဖြစ် သေချာပေါက် အောင်မြင်သွားလိမ့်မယ်"

"ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းက ကျယ်ဝန်းပြီး ကြယ်အရေအတွက်နဲ့ ကြယ်သခင်အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကို ဘယ်သူမှ မသိကြဘူး။ ဒါကြောင့် ကြယ်သခင်အရေအတွက်က များပြားလွန်းပြီး နတ်အစေခံအရေအတွက်ဆိုရင် ရေတွက်လို့တောင် မရနိုင်ဘူး။ အဆုံးအစမဲ့ ဒီကြယ်အဖွဲ့အစည်းမှာ ပါရမီရှင်တွေက ကောင်းကင်ထဲက ကြယ်တွေလို မရေမတွက်နိုင်အောင် ပေါများတယ်"

"စွမ်းအားရှင်တွေဆိုတာကလည်း အရင်တုန်းက ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ထိပ်တန်းအဆင့်ထဲကို ရောက်နိုင်ခဲ့ကြတယ်။ ပြိုင်ပွဲတိုင်းပါရမီရှင်တွေ ထွက်ပေါ်လာပြီး ဂိုဏ်းကြီးတွေရဲ့ ထောက်တိုင်တွေ ဖြစ်လာကြတယ်။ ဒါကြောင့် ပြောရရင် အဓိကအင်အားစုတိုင်း ဒီပြိုင်ပွဲကို လာကြည့်ကြလိမ့်မယ်"

"ဒါပေါ့ကွာ။ ဒီလိုမျိုးပြိုင်ပွဲမှာ လူမသိသူမသိ ရွက်ပုန်းသီး ပါရမီရှင်တွေလည်း ပေါ်လာတတ်တယ်။ သူတို့က အဆင့်မြင့်မြင့် ရောက်နိုင်ရင် ချက်ချင်းပျိုးထောင်ပေးခံရမှာဖြစ်လို့ ပြိုင်ပွဲကျင်းပတိုင်း လူငယ်မျိုးဆက်က ပါရမီရှင်တွေ လာရောက်ယှဥ်ပြိုင်တတ်ကြတယ်"

ထိုလူစုက သိုင်းပြိုင်ပွဲအကြောင်း အာပေါင်အာရင်းသန်သန် ဆွေးနွေးနေကြသည်။ ဤပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်သူတိုင်းကို ကောင်းကင်အဆင့် ကြယ်သခင်များက စစ်ဆေးကြမည်ဖြစ်ကာ အသက်တစ်ရာကျော်လျှင် အသက်ရုန်းတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။ လူတစ်ယောက်က ရုန်းငါးခုထက် ကျော်သွားလျှင် အသက်ငါးရာကျော်ပြီ ဖြစ်သောကြောင့် ဝင်ရောက်ယှဥ်ပြိုင်ခွင့် မရကြပေ။ ထို့ကြောင့် အသက်အကန့်အသတ်အတွင်းမှ ပါရမီရှင်များသာ ယှဥ်ပြိုင်ခွင့်ရကြပြီး အသက်ကျော်သွားလျှင် မည်မျှပါရမီရှိပါစေ၊ ဝင်ပြိုင်ခွင့် မရှိချေ။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက အစွမ်းထက်အင်အားစုကြီးများဖြစ်ကာ စွမ်းအားရှင်များအပြင် ထိပ်တန်းကြယ်သခင်များနှင့် ကောင်းကင်ကြယ်သခင်များကို ပိုင်ဆိုင်ထားကာ အုပ်ချုပ်ရသော နယ်မြေများကလည်း အလွန်ကြီးမားသည်။ ထိပ်တန်းမဟာမိတ်က အစွမ်းအထက်ဆုံးဖြစ်သော်လည်း ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ခုနစ်ပိုင်းခွဲကာ အုပ်စိုးနေသော အခြားဂိုဏ်းများကို အမိန့်ပေးခွင့် မရှိသောကြောင့် ပြိုင်ဆိုင်မှုက ပြင်းထန်လှသည်။

"ငါ့မှာ တုန်လှုပ်စရာ သတင်းတစ်ခု ရှိတယ်"

သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဘေးဘီကို တစ်ချက်အကဲခတ်ရင်း အပေါင်းအဖော်များကို တီးတိုးပြောလိုက်သည်။

"ဘာလဲကွ။ ပြောပါဦး"

"ကောင်းကင်သူတော်မျိုးနွယ်ဝင်တစ်ယောက်က ဒီတစ်ခေါက်ပြိုင်ပွဲကို လာကြည့်မယ်လို့ ကြားတယ်"

ထိုလူက တိုးတိုးတိတ်တိတ်နှင့် တစ်လုံးချင်း ဖြေလိုက်လေသည်။

All Chapters