မျက်ကန်းကြီး
Vol. 58 Ch. 812
"ကောင်းကင်သူတော်"
စကားဝိုင်းရှိ လူတိုင်း အံ့သြတကြီးဖြစ်သွားကာ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
"တကယ်ကြီးလား"
"သေချာတယ်"
သက်လတ်ပိုင်းလူက အသေအချာ အာမခံလိုက်သည်။
"ဘုရားရေ ကောင်းကင်သူတော်တစ်ယောက် တကယ်ရောက်လာမယ်လို့ မထင်ထားဘူး။ ဒါက တကယ့်ကို တုန်လှုပ်စရာသတင်းကြီးပဲ။ သူ မပေါ်လာတာ နှစ်ပေါင်းထောင်ချီနေပြီ။ ဒီတစ်ခေါက် ပြိုင်ပွဲက နှစ်တစ်ထောင်မှာ တစ်ခါပေါ်တဲ့ ရှားရှားပါးပါး အခွင့်အရေး ဖြစ်လာပြီ"
"သူကသာ ကြယ်သခင်တစ်ယောက်ကို ရွေးချယ်သွားမယ်ဆိုရင် ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွက် ဂုဏ်ယူစရာ ဖြစ်လာလိမ့်မယ်"
ထိုလူများက ကောင်းကင်သူတော်အကြောင်း စတင်ဆွေးနွေးလိုက်ကြသည်။ ၎င်းမျိုးနွယ်က ပိုင်နက်သားရဲများကဲ့သို့ အဆင့်နှစ်မျိုးနွယ်တစ်ခုဖြစ်ကာ ရှင်းဟွမ်များအပေါ် သစ္စာရှိပြီး ထိပ်တန်းအဆင့် ကြယ်သခင်ထက်ပင် ကျော်လွန်သော အစွမ်းထက်သူများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်သိန်းသောင်းချီအတွင်း ကောင်းကင်သူတော်က ကြယ်သခင်ငါးယောက်ရွေးချယ်၍ ထာဝရပြည်ထောင်၏အတွင်းပိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ မည်သူမှ သူတို့အကြောင်း အတိအကျ မကြားရတော့သော်လည်း သူတို့က အဆင့်နှစ်မျိုးနွယ်ဝင်များအဖြစ် ဆင့်ကဲတိုးတက်သွားကာ ကြယ်သခင်အဆင့်ကို ကျော်လွန်သွားကြောင်း ကောလဟာလများရှိသည်။ အတိတ်တွင် ထိုငါးယောက်အနက်မှ တစ်ယောက်က ထိပ်တန်းမဟာမိတ်၏ ဗဟိုကြယ်သို့ နတ်ရထားလုံးတစ်စင်းဖြင့် ရောက်လာပြီး ရက်အနည်းငယ် နေထိုင်သွားကြောင်း မြင်လိုက်ရသူများ ရှိသည်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းကြားတွင် ထိပ်တန်းမဟာမိတ်က အစွမ်းအထက်ဆုံး ဖြစ်နေရသည်မှာ ထိုအရှင်၏ ကာကွယ်ပေးမှုကြောင့် ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဒဏ္ဍာရီသက်သက်သာဖြစ်ပြီး အခြေအနေအမှန်ကို မည်သူမှမသိကြပေ။ ကောင်းကင်သူတော် ရောက်လာခြင်းက မဟာဖြစ်ရပ်ကြီးတစ်ခုဖြစ်ကာ ပါရမီရှင်တစ်ယောက်ယောက်သာ ရွေးချယ်ခံလိုက်ရလျှင် ရွေးချယ်ခံ၏ မွေးရပ်ကြယ်ကို အင်အားစုကြီးများက ကူညီစောင့်ရှောက်ပေးကြပေလိမ့်မည်။
"ကောင်းကင်သူတော်က ဘယ်လိုဖြစ်တည်မှုမျိုးလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ စဥ်းစားနေပြီး ထာဝရပြည်ထောင်အကြောင်း ပိုသိလာရသောအခါ ရှင်းဟွမ်မျိုးနွယ်အပေါ် သစ္စာရှိသူများအကြောင်း တွေ့ရှိလာရ၏။ လူသားများကဲ့သို့ အဆင့်သုံးမျိုးနွယ်များအပြင် ပိုင်နက်သားရဲများနှင့် ကောင်းကင်သူတော်များကဲ့သို့ အဆင့်နှစ်မျိုးနွယ်များအပြင် ရှင်းဟွမ်မျိုးနွယ်အပေါ် သစ္စာရှိသော မျိုးနွယ်များစွာ ရှိလာနိုင်သည်။ အဆင့်သုံးမျိုးနွယ်ဝင်တစ်ယောက်က ရှင်းဟွမ်၏ ခွင့်ပြုချက်သာရလျှင် အဆင့်နှစ်မျိုးနွယ်အဖြစ် ဆင့်ကဲတိုးတက်သွားနိုင်သည်။ ကောင်းကင်မူလကြယ်နှင့် ရင်ယွမ်ကြယ်၏ ရှင်းဟွမ်များက အဆင့်နိမ့် ရှင်းဟွမ်များ ဖြစ်နိုင်သော်လည်း အစွမ်းထက် ရှင်းဟွမ်များစွာလည်း ရှိနိုင်သည်။ သို့မှသာ သူတို့က အဆင့်သုံးမျိုးနွယ်ဝင်ကို အဆင့်နှစ်မျိုးနွယ်ဝင်အဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိပေလိမ့်မည်။ ကောင်းကင်မူလကြယ် ရှင်းဟွမ်မှတဆင့် ကျိယွမ်ကြယ်၏ ရှင်းဟွမ်သည် ထာဝရပြည်ထောင်အနက်ပိုင်းမှ ရောက်လာခြင်းဖြစ်သည်ဟု ကြားဖူးထားသည့်အပြင် သူမ၏မျိုးဆက်သွေးကလည်း ထူးခြားပုံပေါ်သည်။ ထို့ကြောင့် သူမက ထာဝရပြည်ထောင်အကြောင်း သတင်းများစွာ သိထားနိုင်ပြီး သူသာ အခွင့်အရေးရှိလျှင် ကျိယွမ်ကြယ်သို့ ပြန်သွားကာ အခြေအနေကို စုံစမ်းရပေလိမ့်မည်။
"ငါ့ကြယ်ပေါ်မှာ သက်ရှိပေါင်း ဘီလီယံဆယ်ချီ ရှိပေမယ့် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ခုနစ်ဆယ်ကျော်တာက သုံးယောက်တည်းရှိတာ နှမြောစရာပဲ။ ငါက အဆင့်အမြင့်ဆုံးတစ်ယောက်ဖြစ်ပေမယ့် အများစုက တစ်ဆယ်နဲ့ နှစ်ဆယ်ကြားမှာ ရှိပြီး ပေါင်းစပ်နှုန်းတစ်သာရှိတဲ့ လူတောင် ရှိနေသေးတယ်။ နှစ်ပေါင်းသောင်းချီအတွင်း ငါတို့က သိုင်းပြိုင်ပွဲမှာ ဘာမှထူးထူးခြားခြား မလုပ်ပြနိုင်ခဲ့ဘူး"
အလင်းကြယ်ဆိုသော နေရာမှ နတ်အစေခံတစ်ယောက်က စိတ်ပျက်လက်ပျက် ရေရွတ်နေခြင်းဖြစ်သည်။ သို့သော် ထိပ်တန်းနယ်မြေမှ တစ်ယောက်ယောက်သာ ရှင်းဟွမ်ကို ကျိန်ဆဲခြင်းအကြောင်း သိသွားလျှင် အကျိုးဆက်က ပြင်းထန်လွန်းသောကြောင့် သူက အပြစ်မဆိုဝံ့ပေ။ ထိုလူ၏အနီးတွင် ရှိနေသော ယဲ့ချန်သည် ပေါင်းစပ်နှုန်းတစ်ပိုင်ရှင်အကြောင်း ကြားလိုက်ရသဖြင့် ပဟေဠိ ဖြစ်သွားခဲ့သည်။ အလင်းကြယ်၌ သက်ရှိအရေအတွက် ဆယ်ဘီလီယံကျော်ရှိသော်လည်း သုညပိုင်ရှင် တစ်ယောက်တလေပင် ရှိမနေခဲ့ပေ။
"ဒီကနောင်ကြီး မင်းရဲ့ အလင်းကြယ်ပေါ်မှာ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညရှိတဲ့သူများ မရှိဘူးလား"
ယဲ့ချန်က ရှေ့သို့ တိုးလိုက်ပြီး ထိုနတ်အစေခံကို ပြုံးပြကာ မေးလိုက်သည်။
"ညီလေး မင်းက နောက်နေတာ ဖြစ်ရမယ်။ သုညရှိတယ်ဆိုတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါက ကြယ်တွေအများကြီး ရောက်ဖူးပြီး အရေအတွက်ရာချီပေမယ့် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညဆိုတာကို မကြားဖူးဘူး"
သူက ထိုမေးခွန်းကြောင့် မင်သက်သွားသော်လည်း တစ်ချက်ရယ်မော၍ ခေါင်းယမ်းလိုက်သည်။
"ဟုတ်တယ်။ ဒီလိုလူမျိုး ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး"
နောက်ထပ်နတ်အစေခံတစ်ယောက်ကလည်း ဝင်ရောက်ထောက်ခံလိုက်၏။ သူတို့၏စကားကြောင့် ယဲ့ချန်၏စိတ်ထဲတွင် သံသယများ ဝင်ရောက်လာကာ အခြားကြယ်များပေါ်တွင် သုညပိုင်ရှင်တစ်ယောက်တော့ အနည်းဆုံး ရှိနိုင်သည်ဟု ထင်ထားခဲ့သော်လည်း အလွန်ရှားပါးနေခဲ့သည်။ ဖြစ်နိုင်သည်မှာ သုညပိုင်ရှင်များက ကောင်းကင်မူလကြယ်၌သာ ထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်။ ဤနတ်အစေခံနှစ်ယောက်က ကုန်သည်များဖြစ်သောကြောင့် ကြယ်ပေါင်းစုံသို့ ရောက်ဖူးပြီး သူတို့၏စကားများက မှန်ကန်နိုင်သော်လည်း ကောင်းကင်မူလကြယ်၌ သုညပိုင်ရှင်များစွာ ရှိနေသော အကြောင်းအရင်းက ထူးဆန်းနေသည်။ ယဲ့ချန်၊ ရောင်ယွမ်နှင့် သမိုင်းကြောင်းအတွင်းမှ ကျင့်ကြံသူသုံးယောက် စုပေါင်းလိုက်လျှင် ငါးယောက်အထိ ရှိသောကြောင့် တစ်ခုခု ထူးခြားနေနိုင်သည်။
"ရောင်ယွမ်အပြင် နောက်ထပ်သုံးယောက်ကရော အသက်ရှင်ရက်ရှိနေသေးလား"
ယဲ့ချန်၏စိတ်ထဲတွင် သုညပိုင်ရှင်ငါးယောက်လုံး ဆက်နွယ်နေကြောင်း အတွေးတစ်ခု ဖြစ်ပေါ်လာသည်။
"ငါက ဓားပျံကို ရပြီးတဲ့နောက်မှာ ကောင်းကင်မူလကြယ်ပေါ်မှာ ဘာကြောင့် ပြန်လည်မွေးဖွားလာရတာလဲ။ ရှင်းဟွမ်ကရော ငါ့ကို ကာကွယ်ဖို့အတွက် ဘာကြောင့် ကိုယ့်ကိုကိုယ် ဖောက်ခွဲချင်ရတာလဲ။ သူမရဲ့အဆင့်အတန်းအရ ဒီလိုလုပ်ဖို့ မလိုအပ်ဘူး။ တကယ်ဆိုရင် သူမရဲ့အစွမ်းနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်ထားရင် ယွမ်တက ဘာမှလုပ်ရဲမှာ မဟုတ်ဘူး။ တစ်ခုခု ဖုံးကွယ်ထားတာ ရှိရမယ်"
ယဲ့ချန်က အတွေးနက်နေစဥ် ခပ်အက်အက် စကားသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
"မင်းတို့ မသိတာနဲ့ မရှိဘူးလို့ မပြောနဲ့"
အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ အလွန်အမင်းရုပ်ဆိုးသော သက်လတ်ပိုင်းလူတစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏ခေါင်းကို ဆံပင်များမကျန်အောင် ရိတ်ထားပြီး ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် မျက်နှာပင် မကျန်အောင် ဆေးမင်များထိုးထားခဲ့သဖြင့် ထူးဆန်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ သူ့ကို ပထမဆုံးမြင်ရသူတိုင်း များပြားလှသော ဆေးမင်များကြောင့် ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။ သူ၏ခန္ဓာကိုယ်က အလယ်အလတ်ဖြစ်ပြီး စုတ်ပြဲနေသော အဝတ်အစားများ ဝတ်ဆင်ထားကာ မျက်ဆံနေရာ၌ အဖြူသက်သက်ဖြစ်နေကာ မျက်ကန်းတစ်ယောက် ဖြစ်နေခဲ့သည်။ သို့သော် ယဲ့ချန်က သူ၏မျက်လုံးများထံမှ သိမ်းငှက်တစ်ကောင်၏ အကြည့်မျိုးကဲ့သို့ စူးရှထက်မြက်သည့် အကြည့်မျိုးကို ခံစားလိုက်ရသည်။
"ခင်ဗျားက သုညပိုင်ရှင် တစ်ယောက်ယောက်ကိုများ မြင်ဖူးလို့လား"
နတ်အစေခံတစ်ယောက်က စကားပြောလာသူမှာ မျက်ကန်းတစ်ယောက် ဖြစ်နေသဖြင့် စိတ်ပျက်စွာ ရေရွတ်လိုက်သည်။
"သူက မျက်လုံးကန်းနေတယ်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညရှိတဲ့ လူတစ်ယောက်ယောက် ရှိရင်တောင် မြင်နိုင်မှာ မဟုတ်ဘူး"
အလင်းကြယ်မှ နတ်အစေခံက နှာခေါင်းရှုံ့၍ ကဲ့ရဲ့လိုက်သည်။ သို့သော် သူ၏စကားကြောင့် မျက်ကန်းကြီးသည် ဒေါသထွက်သွားကာ မျက်နှာထားက တင်းမာလာပြီး ထိုလူနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ ထိုလူက အားခနဲ အော်ဟစ်၍ အလွန်အမင်းနာကျင်သွား၍ အကြောင်းအရင်းမသိရဘဲ ညာလက်တစ်ခုလုံး မီးလောင်ကျွမ်းသွားကာ အဖြူရောင်မီးခိုးများပင် ထွက်ပေါ်လာသည်။ သူက နာကျင်မှုကြောင့် ကြောက်လန့်သွားကာ နောက်ဆုတ်လိုက်သောအခါတွင်မှ သက်သာသွားသဖြင့် မျက်ကန်းကြီးကို မလှောင်ပြောင်ရဲတော့ပေ။ မျက်ကန်းကြီးက မျက်လုံးမမြင်ရသော်လည်း အလွန်အစွမ်းထက်သူဖြစ်ကြောင်း သေချာနေသဖြင့် အခြားကျင့်ကြံသူများလည်း အလန့်တကြား နောက်ဆုတ်သွားသည်။ သူက လက်တစ်ချောင်းပင် မလှုပ်လိုက်သော်လည်း အလင်းကြယ်မှ နတ်အစေခံက ဒဏ်ရာရသွားသဖြင့် ကြယ်သခင်တစ်ယောက် ဖြစ်နေနိုင်ရာ မစော်ကားရဲတော့ပေ။
ယဲ့ချန်ကိုယ်တိုင်ပင် မျက်ကန်းကြီး မည်သို့တိုက်ခိုက်လိုက်ကြောင်း မသိရသောကြောင့် မရိုးရှင်းကြောင်း နားလည်သွားကာ ယဥ်ယဥ်ကျေးကျေး မေးလိုက်သည်။
"စီနီယာ သုညပိုင်ရှင် တစ်ယောက်ယောက်ကို မြင်ဖူးတယ်ဆိုရင် ဘယ်နေရာမှာလဲဆိုတာ သိပါရစေ"
"ငါက ခြေသလုံးအိမ်တိုင်တစ်ယောက်ဖြစ်လို့ စီနီယာလို့ မခံယူဝံ့ပါဘူး။ ပြီးတော့ ငါက မမြင်ရတဲ့အတွက် သုညပိုင်ရှင်ကိုလည်း မမြင်ဖူးပါဘူး"
မျက်ကန်းကြီးက ယဲ့ချန်ဘက် လှည့်လာသောအခါ မျက်လုံးများ မရှိသော်လည်း ကြည့်နေသည်ဟု ယဲ့ချန်က ခံစားလိုက်ရသည်။
"ဟေး မျက်ကန်းကြီး ဒါဆိုရင် သုညပိုင်ရှင် ရှိတယ်ဆိုတာကို မင်း ဘယ်လိုသိထားတာလဲ"
ခြင်္သေ့ကြီးက ဝင်မေးလိုက်ခြင်းဖြစ်သည်။ တစ်ဖက်လူက နတ်အစေခံတစ်ယောက်ကို အမည်မသိနည်းလမ်းဖြင့် တိုက်ခိုက်ပြထားသော်လည်း သူက ကြောက်လန့်မနေခဲ့ပေ။ မျက်ကန်းကြီးက မရိုးရှင်းသောကြောင့် တစ်ဖက်လူကို ရန်မစရန်အတွက် ယဲ့ချန်က မျက်ရိပ်ပြကာ တားမြစ်လိုက်သည်။
"ငါ့မျက်လုံးတွေက မမြင်ရပေမယ့် နှလုံးသားက မြင်နိုင်ပါသေးတယ်။ ငါက သုညပိုင်ရှင်ကို မမြင်ဖူးပေမယ့် ကြားဖူးတယ်"
ခြင်္သေ့ကြီး၏ အခေါ်အဝေါ်က ပြင်းထန်သော်လည်း လှောင်ပြောင်လိုသော ရည်ရွယ်ချက် မရှိသောကြောင့် မျက်ကန်းကြီးက စိတ်ဆိုးမနေခဲ့ဘဲ တစ်ချက်ပြုံး၍ ဖြေလိုက်သည်။
"ဒါဆိုရင် ဘယ်သူများလဲ"
ယဲ့ချန်သည် ခြောက်ယောက်မြောက် သုညပိုင်ရှင်အကြောင်း အလွန်သိချင်နေခဲ့သည်။ သုညပိုင်ရှင်များမှာ စကြဝဠာအတွင်း ထူးခြားသော အုပ်စုတစ်ခု ဖြစ်နိုင်သည်။
"မဟာလမ်းစဥ်ရဲ့ တော်ဝင်သင်္ချိုင်းဆိုတာ ကြားဖူးလား"
မျက်ကန်းကြီး၏ မျက်နှာပေါ်ရှိ ဆေးမင်များက အနည်းငယ်ပြောင်းလဲသွားပြီး အလွန်အမင်း ထူးဆန်းနေသော်လည်း မည်သူမှ သတိမထားမိခဲ့ကြပေ။
"တော်ဝင်သင်္ချိုင်း"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ ထိုနေရာအကြောင်း သူက ဖန်းရန်ထံမှ ကြားဖူးထားသည်။ သိုင်းပြိုင်ပွဲ၏ အဆင့်တစ်ဆယ် နတ်အစေခံတိုက်ပွဲ၌ ထိပ်ဆုံးသုံးယောက်အတွင်းဝင်လျှင် ဆုအဖြစ်ပေးမည့် သွေးနတ်သစ်သီးမှာ ထိုနေရာ၌ ပေါက်ရောက်ခြင်းဖြစ်သည်။ ထိုနေရာက ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၏ လျှို့ဝှက်တားမြစ်နယ်မြေ ငါးခုတွင် တစ်ခုအပါအဝင် ဖြစ်လေသည်။